ဒေါ်ကြည်ဦးဟာ ငယ်ငယ်ကတည်းက စာရေးဆရာဖြစ်ချင်ခဲ့သူပါ။ ကိုးနှစ်သာ ရှိသေးတဲ့ တတိယတန်း ကျောင်းသူ အရွယ်ကတည်းက ဒီဆူဇာဆေးတိုက်က ထုတ်တဲ့ သက်စောင့် မဂ္ဂဇင်းကို ၀တ္ထုတိုလေးပို့ဖူးပါတယ်။ စတုတ္ထတန်း ရောက်တော့ နေ့လယ်ထမင်းစားချိန်မှာ ကစားခွင့်မပေးဘဲ ခေါ်ပြီး နင်းနှိပ်ခိုင်းတဲ့ ဆရာကြီးကတော် အကြောင်း စနေနဂါးနီကို ပို့ဖူးပါတယ်။ နှစ်ပုဒ်လုံး မပါလာဘူးလို့ ဆရာမကြီးရေးတဲ့ လက်ရေးစာမူမှာ ဖတ်ဖူးပါတယ်။ ကလေး အရွယ်ကတည်းက မတရားတာကို ငုံ့မခံဘဲ အရေးတယူဆောင်ရွက်တတ်တဲ့ စိတ်ရှိတာကို ဒီအဖြစ်မှာ တွေ့နိုင်ပါတယ်။
၁၃နှစ်သမီးအရွယ်လောက်မှာ ဇာတိရွာတောင်စွန်းမှာ သခင်တရားတွေ ဟောနေပါပြီ။ အကို ဖြစ်သူက တို့ဗမာ အစည်းအရုံးဝင်ဖြစ်လေတော့ အကိုနဲ့အကို့ အပေါင်းအသင်းတွေဆီက သခင် တရားတွေ နာရင်းနဲ့ နိုင်ငံရေး သင်တန်း တက်ပြီးသား ဖြစ်သွားပါတယ်။ အဘွားက တရားတယ်၊ မတရားဘူး ဆိုတာကို အဲဒီအရွယ်မှာ ဘယ်လိုလုပ်သိသလဲလို့ ၂၀၀၇ခုနှစ်က တွေ့တုန်းက မေးကြည့်တဲ့အခါ တောင်စွန်းမှာ ချစ်တီးတွေပိုင်တဲ့ မြေတွေကို ဗမာတွေဟာ ငှားရမ်းပြီး အိမ်ကလေးတွေ ဆောက်ပြီး နေကြပါသတဲ့။ မြေငှားခတွေ တဖြည်းဖြည်း တက်လာလို့ နောက်ဆုံးဗမာတွေက မပေးနိုင်တော့တဲ့အဆုံး အိမ်တွေကိုဖျက်ပစ်ရ၊ ပြောင်းပစ်ရတာတွေကို မြင်တာက စတယ်လို့ပြောပါတယ်။
တခါကျောင်းမှာ မနက်ကျောင်းတက်ရင် God Save the King ကိုဗမာလို ဆိုရတာ အင်မတန် စက်ဆုပ်ပါသတဲ့။ အဘွားတို့မျိုးချစ်စိတ်ဓာတ်ကို တို့ဗမာ အစည်းအရုံးနဲ့ ဂျပန်ခေတ်ရောက်တော့ အာရှလူငယ်အဖွဲ့က လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ အခြေခံအင်အားအဖြစ်နဲ့ အသုံးချနိုင်ခဲ့ပါတယ်။
ဂျပန်တွေက ထိုင်းဗမာနယ်စပ်ကနေ ၀င်လာတော့ တောင်စွန်းဟာ စစ်တပ် လမ်းကြောင်းကျတယ်။ တပ်လာရင်ဘယ်လို ရင်ဆိုင်ရမလဲ။ စစ်ဦးဘီလူးဆိုပြီး ကြမ်းနိုင်တယ်။ အဲဒီအခါမှာ ဘာတွေလုပ်ထားရမယ် စသဖြင့် အာရှလူငယ် အဖွဲ့ ၀င်ဖြစ်တဲ့ အဘွားဟာ ရွာတွေကိုလျှောက်ပြီး ဟောပြောရပါတယ်။
မြေအောက်ဆန့်ကျင်ရေးအင်အားကောင်းလာပြီး အာရှမောင်တွေ အာရှမယ် တွေကို ဖမ်းတဲ့အခါ အဘွားနဲ့ အဖော်မိန်းကလေးတယောက် မြို့တက် နေရပါတယ်။ (မော်လမြိုင်လို့ထင်ပါတယ်)။ မြို့ရောက်တဲ့ညမှာပဲ ရုပ်ရှင်ထွက် ကြည့်ကြလို့ ဆူခံရတာကိုလဲ ရယ်ရယ်မောမော ပြန်ပြောပြပါသေးတယ်။ အာရှမယ်၊ ဒေါက်တာဘမော်မိန်းမ ဒေါ်ခင်မမမော် ဦးစီးတဲ့ ၀န်ထမ်းမယ် ဘ၀တွေနဲ့ ဂျပန်ခေတ်ကို ဖြတ်ခဲ့ပါတယ်။
ဂျပန်ခေတ်ပြီးတော့ အဘွားတို့ရန်ကုန်ပြောင်းလာပါတယ်။ နောက်တော့ ရန်ကုန်မှာ ဖရေဇာပေါ်မှာ အဘွားတို့ ညီအမတွေ ဆိုင်ထွက်ပါတယ်။ သိမ်ကြီးဈေးကနေ အ၀တ်စတို့ မျက်နှာချေတို့ ယူရောင်းပါတယ်။ မိန်းမသားတွေ ချည်းမို့ လာလာစတဲ့ လူတွေကို အဘွားက ကျွန်မတို့မှာ ကုလားတွေကြား ဆိုင်ထွက်ရတာ၊ လူမျိုးခြားက မစော်ကားရဘူး။ ရှင်တို့က စောင့်ရှောက်ရမယ့် အစား လာလာစကြတယ်လို့ ပြောပြီး ကိုယ့်ဘက်ပါအောင်၊ ကိုယ့်ကို စောင့်ရှောက်အောင် သိမ်းသွင်းတယ်လို့ ပြောပါတယ်။
ဈေးရောင်းရင်းတဘက်နဲ့ ရန်ကုန်ကနာမည်ကြီး မွန်းဓာတု အလွတ်သင် ကျောင်းမှာ ကျောင်းတက်ပါတယ်။ အဲဒီအချိန်မှာ စာတွေလည်း ရေးနေပုံ ရပါတယ်။ အပယ်မခံရတော့ဘဲ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ဖော်ပြခံ ရပုံရပါတယ်။
ဦးနုက လူထုပညာစာစောင်ထုတ်တော့ အယ်ဒီတာအလုပ် သွားလျှောက်တာ အရွေးခံရပါတယ်။ အဲဒီမှာပဲ နောက်အိမ်ထောင်ဘက် ဖြစ်လာမယ့် ကဗျာဆရာ၊ စာရေးဆရာ နန်းညွန့်ဆွေနဲ့ တွေ့ပါတယ်။ နောက်သားတွေချည်း မွေးပါတယ်။ ဇာဂနာခေါ်မောင်သူရက အဘွားသားပါ။
၁၉၉၀ရွေးကောက်ပွဲ ဘာဖြစ်လို့ ၀င်သလဲလို့ မေးကြည့်တော့ ဟိုပါတီကလဲ သူ့ပါတီက၀င်ပြိုင်ပါ။ ဒီပါတီကလဲ သူ့ပါတီက ၀င်ပြိုင်ပါ ပြောကြလွန်းလို့ ဘယ်သူ့မှ မျက်နှာမပူရအောင် ကိုယ့်ဘာသာကိုယ် တသီးပုဂ္ဂလအနေနဲ့ ၀င် ပြိုင်တာလို့ ပြောပါတယ်။
အဘွားနဲ့ စကားပြောရတုန်းက အဘွားတယောက်တည်း ၃နာရီလောက် တောက်လျှောက်ပြော သွားတာပါ။ သီချင်း တွေလဲ ဆိုပြပါတယ်။ ဘာသိချင် သေးလဲ မေးဦးဆိုပြီး မပြန်မချင်း ဆက်ပြောမယ့်ပုံပါ။ လူငယ်တွေ အပေါ်မှာ နားလည်ပြီး ကူညီတတ်တဲ့ အဘွားပါ။ အမြင်လည်းကျယ်ပါတယ်။ သူလုပ်ချင် တာတွေ၊ လူတွေရဲ့ အတွေးအခေါ်ရင့်သန်အောင် ကူညီချင်တာတွေ၊ စာတွေအများကြီး ရေးစရာရှိတာတွေကိုလည်း ပြောပြပါတယ်။ ဘောပင်ကို တနေ့ တချောင်းနီးပါး ကုန်အောင် စာရေးတဲ့အကြောင်းလည်း ပြောပါတယ်။
အဘွားဒေါ်ကြည်ဦးတယောက် ကောင်းရာသုဂတိလားပါစေ။ အဘွားထားရစ် ခဲ့တဲ့ အမွေဖြစ်တဲ့ မတရားတာကို ငုံ့မခံတတ်တဲ့စိတ်နဲ့ နိုင်ငံချစ်စိတ်က အဘွားရဲ့ မျိုးဆက်၊ အဘွားရဲ့စာပေ ကနေတဆင့် နောက်နှစ်ပေါင်းများစွာ ရှင်သန်နေ အုန်းမယ်လို့ ယုံကြည်ပါတယ်။
အဘွားငယ်ငယ်ကပုံ
အဘွားရဲ့လက်ရေးမူ


ဆရာမစကားပြေ ကောင်းသလို ဆရာမကြီးနဲ့တွေ့ဆုံခွင့်ရခဲ့တာလဲ ကံကောင်းတယ်။
ကျနော်လည်း ကြီးကြီးရဲ့ သားတပည့်ပါ။ အခုလို လူငယ်တွေပေါ် တန်ဖိုးထားလေးစားတတ်တဲ့ မျိုးချစ် စာေ၇းဆရာမကြီး တဦး ဆုံးရှုံးသွားရတာ တိုင်းပြည်အတွက် မျိုးဆက်သစ် လူငယ်တွေအတွက် အနှိုင်းမဲ့တဲ့ ဆုံးရှုံးခြင်းပါဘဲ
Pingback: ဇာဂနာ | Zizawa’s refuge