Filed under: Student's Life
ပါရဂူဘွဲ့ကျောင်းသားဘဝမှာ ဘယ်အချိန်ဟာ အခက်ဆုံးလဲလို့မေးရင် စာရေးရတဲ့အချိန်ဟာ အခက်ဆုံးပဲလို့ ဖြေရပါမယ်။ လိုအပ်တဲ့ methodology လို့ခေါ်တဲ့ ဘာသာရပ်ကို ချည်းကပ်ပုံ၊ မေးခွန်းထုတ်နည်း၊ အင်တာဗျူးလုပ်နည်း၊ ခိုင်မာတဲ့အထောက်အထားရွေးနည်းစတာတွေကို ဖတ်ရတာလဲ သိပ်မခက်လှဘူး။ ကိုယ့်ခေါင်းစဉ်အတွက် အချက်အလက်စုရတာ၊ ဖတ်ရတာလဲ မခက်လှပေဘူး။
ခက်တာက ကိုယ်စုထားတဲ့အချက်အလက်တွေကို ကိုယ်ပြောချင်တဲ့အကြောင်းအရာကို အားကောင်းစေဖို့၊ ခိုင်မာစေဖို့ ရွေးထုတ်တဲ့အခါ၊ ကိုယ်ပြောချင်တာကို လိုရင်းရောက်အောင် ရှင်းရှင်းလင်းလင်း တင်ပြရတဲ့အခါ သိပ်ခက်ပါတယ်။
ခက်တာက ကိုယ်ပြောတာဟာ ဟုတ်ရောဟုတ်ကဲ့လား။ valid ဖြစ်ရလား။ ကိုယ်ပေးတဲ့ evidence တွေဟာ ကိုယ်ပြောတာကိုရော ခိုင်မာစေရဲ့လား။ ဒါမှမဟုတ် ဆန့်ကျင်ဘက်များဖြစ်နေသလား ဆိုတဲ့ သံသယပေါင်းများစွာနဲ့ နပန်းလုပ်ရတာပါပဲ။
စာရေးတဲ့အခါ ငါရေးနေတာ ငါကလွဲလို့ ဘယ်သူမှ ဖတ်ချင်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမကြာခဏ ဝင်ပါတယ်။ တခြားလူတွေလဲ ဒီလိုပဲဖြစ်တတ်တယ်လို့ အချင်းချင်းစကားပြောကြတဲ့အခါ သိရပါတယ်။ ဒီသံသယကြီးကို အဖော်ပြုရင်း အခန်းတွေတခန်းပြီးတခန်းရေးရတာပါပဲ။
ပိုဆိုးတာက ငါလုပ်နေတဲ့ အကြောင်းအရာက ဘယ်လောက်များ အရေးပါလို့လဲ။ ငါစမိတာ မှားများမှားပြီလားဆိုတဲ့ အတွေးလဲ ဝင်တတ်ပါတယ်။ ဒီနေရာမှာ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုက အရေးကြီးပါတယ်။ ရင်းနှီးသူတွေ၊ ဆရာတွေရဲ့ အားပေးစကားအပြင်၊ တခြားကျောင်းသားတွေနဲ့ အပြင်သွား၊ စကားပြောစသဖြင့် လုပ်ပေးတာတွေဟာ သံသယဖြစ်မှုတွေ နည်းစေပါတယ်။ ဒီလိုသံသယတွေ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းတာတွေဟာ ပါရဂူကျောင်းသားဘဝရဲ့ ဖြစ်ရိုးဖြစ်စဉ်ဆိုတာသိရင် ခံရသက်သာပါတယ်။
တခါ ကိုယ်ရေးတာ ကောင်းမှကောင်းရဲ့လား။ အဓိပ္ပာယ်ရှိရဲ့လား။ ကြောင်းကျိုးဆက်စပ်မှုရှိရဲ့လားလို့သာ သံသယဝင်တာ။ ကိုယ်ရေးထားတာ၊ ကိုယ့်ရဲ့ argument တွေ သူများတွေ ခိုးသွားမလားဆိုတဲ့ အစိုးရိမ်ကြီးတဲ့စိတ်လဲ ဝင်တတ်ပါတယ်။ ဝင်အောင်လဲ ရှေ့ရှေ့ကလူတွေက ပြောခဲ့ကြတာကိုး။ ဆန်မနာမှာ ကိုယ့်စာတမ်းဖတ်ရင် သိပ်အရေးကြီးတဲ့ဟာတွေ မဖတ်နဲ့တို့။ စာတမ်းက ထုတ်ဝေဖို့ အဆင့်လောက်ရောက်နေမှ ကိုယ့်ရဲ့အချက်အလက်တွေ ထုတ်ပြဖို့ စသဖြင့် စသဖြင့် လက်ဆင့်ကမ်းသွားကြတာတွေပါ။
တခါ ကိုယ်ရေးထားတာတွေ ပျောက်သွားမလားဆိုတဲ့ ကြောက်စိတ်ကလဲ ဆိုးပါတယ်။ အကြမ်းရေးထားတာတွေကို အနည်းဆုံး၃နေရာလောက် ခွဲသိမ်းပါတယ်။ hard copy ကိုလဲ အမြဲ မိတ္တူကူးထားပါတယ်။ ဒီလိုလုပ်မိတာ အကျိုးရှိပါတယ်။
ပထမနှစ်မှာ ကိုယ့်ရဲ့ရုံးခန်းထဲမှာ သက္ကတဘာသာသင်တဲ့ ဆရာကြီးရယ် ဗီယက်နမ်ကဆရာတယောက်နဲ့ တွဲနေရပါတယ်။ တရက်ကိုယ့်ရဲ့ မှတ်စုလေးတွေကို ကျွတ်ကျွတ်အိတ်ထဲမှာထည့် စားပွဲဘေးမှာ ချထားမိပါတယ်။ ကံဆိုးတော့ စားပွဲက အမှိုက်ပုံးဘေးမှာ ဖြစ်နေပါတယ်။
အဲဒီနေ့မှာမှ သက္ကတဆရာကြီးက သူ့စာအုပ်အဟောင်းတွေကို လွှင့်ပစ်တယ်။ ဒီတော့အမှိုက်ပုံးနားမှာ အမှိုက်ဖြစ်မယ့်စာအုပ်တွေနဲ့ ပြည့်နေတယ်။ အမှိုက်သိမ်းတဲ့လူက စာအုပ်တွေရော ကိုယ့်မှတ်စုတွေရော သယ်သွားပါလေရော။
သိသိချင်း ကျောင်းကအမှိုက်ပုံးအကြီးကြီးထဲ သွားရှာပါသေးတယ်။ မတွေ့ပါဘူး။ ကံကောင်းတာက အားလုံးကို မိတ္တူကူးထားလိုက်မိပေလို့ပဲ။ အဲဒီနောက်ပိုင်းတော့ မပေါ့တော့ဘူး။
အခန်းတခုကို အကြမ်းတခါရေးပြီးသွားရင်တော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုလေး နည်းနည်းတိုးလာပါတယ်။ တတိယအကြိမ်လောက် ချောပြီးသွားရင် သူများကိုပေးဖတ်ရဲတဲ့အဆင့်ရောက်လာပါပြီ။ ငါးခါလောက်ချောပြီးသွားရင်တော့ စာတမ်းတခုလုံးပြန်မချောခင်အထိ ပစ်ထားလိုက်လို့ရပါပြီ။
စာတမ်းတခုလုံးပြီးသွားရင် အစအဆုံး ၃ခါလောက် ပြန်စစ်ရပါသေးတယ်။ အဲဒီအချိန်လောက်ရရင် ထူးဆန်းတာက ကိုယ့်စာကို ကိုယ်တော်တော်လေးမုန်းနေပါပြီ။ သိပ်မဖတ်ချင်တော့ပါဘူး။ အပြီးတင်လိုက်ဖို့။ viva ဖြေရဖို့ပဲ စိတ်စောနေတတ်ပါတယ်။
တခါ စာတမ်းတခုလုံးကိုမမြင်တော့ဘဲ အကြောင်းအရာတခုချင်းစီ ခွဲပြီးမြင်တတ်ပါတယ်။ အဲဒီအခါကျရင် အကြောင်းအရာတစ်ခုချင်းစီ အခန်းတစ်ခုချင်းစီ အဆက်အစပ်ပြတ်သွားတတ်ပါတယ်။
သစ်ပင်တပင်ချင်းစီပဲမြင်ပြီး သစ်တောတခုလုံးကို မမြင်ရတဲ့သဘောဖြစ်သွားတတ်ပါတယ်။ အဲဒီလိုအခါမျိုးကျရင် စာတမ်းကို ကိုယ်တိုင်လဲမဖတ်ဘဲ၊ ကိုယ့်ဆရာလဲ မဖတ်ဘဲ၊ တခါမှ မဖတ်ဖူးတဲ့ ကိုယ့်နယ်ပယ်ထဲက ယုံကြည်ရတဲ့ လူတယောက်ကို ပေးဖတ်ကြည့်ဖို့လိုပါတယ်။
5 Comments so far
Leave a comment
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
ညီမရေ..အတွေ့အကြုံလေးတွေ ရှဲပေးပါ။ ကျေးဇူးး)
Comment by K 09/11/2009 @ 02:29အင်း… ပေးဖတ်ချင်ရင် ပြောလေ…
Comment by ပန်ဒိုရာ 09/11/2009 @ 12:57ဘာအကြောင်းအရာလဲ ဆိုတာပါ စိတ်ဝင်စားမိတယ်။
Comment by Rita 09/11/2009 @ 13:11ကျေးဇူးပဲအမရေ
Comment by ko hein 09/11/2009 @ 15:33ဒါဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့၊ ဆက်လုပ်ဖြစ်ဖို့ တွန်းအား လိုတယ်ဆိုတာ သိပ်သိသာတာပေါ့။ ကိုဝတုတ်ကို ကျေးဇူးအထူး တင်လိုက်ပါ ညီမ။
Comment by မိုးချိုသင်း 09/11/2009 @ 16:42