Zizawa’s refuge


ဗမာကြောင်တွေ ပြန်လာပြီ။
14/11/2009, 15:52
Filed under: Humour

ဒီနေ့တိုင်းသတင်းစာမှာ ဗမာကြောင်တွေအကြောင်းပါတယ်လို့ ၀တုတ်က သူ့ရဲ့headquarters ကွန်ပျူတာရှေ့ကနေ သတင်းပို့ပါတယ်။

ရွှေရောင်မျက်လုံး၊ ပိုးသားလိုနူးညံ့တဲ့ ချောကလက်ရောင် ဒါမှမဟုတ် မိုးခိုးပြာရောင်အမွေးရှိတဲ့ ဗမာကြောင်တွေဗမာ့မြေပေါ်ကပျောက်သွားတာ နှစ်ပေါင်း၈၀လောက် ရှိနေပါပြီတဲ့။

ဟောင်ကောင်က ဦးဝမ်ဟာ အင်းလေးမှာ NLD အမတ်ဦးအုန်းမောင်နဲ့ စကားစမြည်ပြောရင်း ဗမာပြည်က ဗမာ့ကြောင်စစ်စစ်တွေ ပျောက်သွားတဲ့အကြောင်း ရောက်သွားပါသတဲ့။ နောက်ဆုံးကြောင်ကို အမေရိကန်သင်္ဘောသားတယောက်က ၁၉၃၀မှာ သူနဲ့ခေါ်သွားပါသတဲ့။

ဗမာကြောင်ဗမာ့မြေပြန်ရောက်ရေးအတွက် ဦးဝမ်နဲ့ဦးအုန်းမောင်တို့ လုံးပမ်းကြပါတော့တယ်။ နောက်ဆုံးပါသွားတဲ့ ကြောင်မလေးရဲ့မျိုးဆက်သစ်တွေက အမေရိကနဲ့အင်္ဂလန်မှာရှိပေမယ့် အင်္ဂလန်ကမျိုးက ပိုစစ်တယ်လို့ ဗမာကြောင်ရဲ့ fan တွေက ဆိုကြပါသတဲ့။

အင်္ဂလန်ကကြောင်တွေကို ၀ယ်ချင်လို့ကမ်းလှမ်းတဲ့အခါ သင်းပြီးသား၊ မျိုးဖြတ်ပြီးသားကြောင်တွေကို အင်္ဂလန်မှာနေတဲ့လူကိုပဲ ရောင်းမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ဦးဝမ်ကြီး လက်လျှော့ရမလို ဖြစ်သွားပါသတဲ့။

ကြံရာမရတဲ့အဆုံး ဦးဝမ်ဟာ လန်ဒန်က မိချောင်းတွေ ဆင်တွေ ခြင်္သေ့တွေ ရောင်းဖူးတဲ့ ဒိုင်ယာနာမင်းသမီးရဲ့ မတော်လိုက်ရတဲ့ ယောက္ခမပိုင် Harrods ကုန်တိုက်ကြီးမှာ စုံစမ်းတဲ့အခါ ဗမာကြောင်ပေါက်လေး၆ကောင် တပတ်အတွင်းရမယ်ဆိုတဲ့ သတင်းကောင်းရလာပါတယ်။

ဦးဝမ်ဟာ သူ့ရဲ့အင်္ဂလန်ကမိတ်ဆွေတွေကို ကြောင်၆ကောင်လုံး တကောင်ပေါင်၉၀၀နဲ့ ၀ယ်ခိုင်းပြီး ဟောင်ကောင်က သူ့အိမ်ကို ပို့ခိုင်းလိုက်ပါတယ်။ သြစတြေးလျက ၂ကောင်ထပ်ရလို့ ၈ကောင်ဖြစ်သွားပြီး သူတို့ရဲ့ဗမာကြောင်ဗမာပြည်ပြန်ပို့ရေး စီမံကိန်းကြီးဟာ ရုပ်လုံးတဖြည်းဖြည်းပေါ်လာပါတော့တယ်။

ပြီးခဲ့တဲ့နှစ်က စီမံကိန်းရဲ့ပထမမျိုးဆက် ဗမာကြောင်စစ်စစ် ၇ကောင်ကို အင်းလေးကို ပို့လိုက်ပါသတဲ့။ ဦးအုန်းမောင်ဟိုတယ်က ၀န်ထမ်းတွေက သူတို့ကို ဗမာ့မြေပေါ်က တခြားမျိုးမစစ်ကြောင်တွေ လာမပိုးအောင် အိမ်နှစ်လုံးထဲ ထည့်ပြီးကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပါသတဲ့။

ဦးဝမ်က နာမည်ကြီးတဲ့ မင်းသားမင်းသမီးတွေ ဘုန်းကြီးတွေကို ကြောင်တွေ လက်ဆောင်ပေးပြီး ကြောင်တွေနာမည်ကြီးအောင် လုပ်ဖို့အစီအစဉ်ရှိပါသတဲ့။ ရီစရာလိုလိုနဲ့ သူကအထီးတကောင်ကို အန်တီစု၊ အမတကောင်ကို ဗိုလ်ချုပ်မှူးကြီးဆီ လက်ဆောင်ပေးပြီး အမျိုးသားရင်ကြားစေ့ရေးမှာ ပါချင်တယ်လို့လဲ ပြောပါသေးတယ်။

ဒီလူ့နှယ်။ တော်ကြာတကောင်၆၀၀ပေးဝယ်၊ ကမ္ဘာပတ်ပြီး ဗမာပြည်ပို့ခဲ့ရတဲ့ကြောင်တွေ အင်းလေးမှာ အကျယ်ချုပ်ကျစေဆို ဒုက္ခမများပေဘူးလား။

အစအဆုံးဖတ်ချင်ရင် http://www.timesonline.co.uk/tol/news/world/asia/article6916490.ece

cat_585x350_645163a

ဓာတ်ပုံကို http://www.timesonline.co.uk/tol/news/world/asia/article6916490.ece

ကယူပါတယ်။

စာကြွင်း-ဗမာကြောင်ဆိုတာနဲ့ ၀တုတ်က ဗမာတွေလိုပဲနော်။ မျက်နှာပြဲပြဲကြီးနဲ့တဲ့။

နောက်ဆက်တွဲ

မမ kom မေးတာ စိတ်ဝင်စားစရာ။ ဗမာပြည်ကကြောင်တွေက ဘာအနွယ်လဲဆိုတာ လေ့လာသူများ သိရင်ပြောပေးကြပါ။ တခါ သတင်းစာထဲမှာ comment ထားခဲ့သူတယောက်ကတော့ ဗမာကြောင်ဆိုတာကလဲ ဗမာကြောင်စစ်စစ်မဟုတ်ဘူးတဲ့။ Siamese ထိုင်းကြောင်နဲ့ အမေရိကန်ကြောင် စပ်ထားတာတဲ့။

ကိုယ်တွေ့ပြောရရင်တော့ မွေးကတည်းက အခုအထိ မပြတ်မွေးနေတဲ့ကြောင်တွေထဲမှာတဲ့ ဓာတ်ပုံထဲပါတဲ့ ဗမာကြောင်ဆိုတာ တခါမှမတွေ့ဖူးပါ။ အိမ်ဘေးက ကြောင်၁၃ကောင်မွေးတဲ့ အပျိုကြီးကြောင်အုပ်ထဲမှာလဲ ဗမာကြောင်နဲ့တူတာ မတွေ့ဖူးပါ။

တခါ၁၉၃၀က ပါသွားတာကလဲ နောက်ဆုံးကြောင်ဆိုတာ ဘာသက်သေတွေနဲ့ပြောနိုင်လဲမသိ။ ဗမာကြောင် အသိမ်းခံလိုက်ရတာ တိုင်းပြည်ထဲက လူတယောက်မှ မသိလိုက်ဆိုတာကလဲ မဖြစ်နိုင်ဘူးလို့ တွေးချင်စရာ။

တခါဗမာကြောင်စစ်စစ်ပဲ တောက်လျောက်မျိုးပွားစေဖို့ဆိုတာ စနစ်တကျမွေးမှပဲရမှာ။ ဗမာပြည်မှာ အဲဒီလိုကြောင်သားဖောက်ကြတာလဲ မကြားဖူးပြန်။ အမှုကို စံရှားဒိန်းဒေါင်ကို လွှဲပေးလိုက်ပါကြောင်း။ လျှို့ဝှက်သည်းဖိုစိတ်ဝင်စားသူများ ဦးဝမ်နှင့် ထူးဆန်းသော ဗမာကြောင်အမှုဟု စာအုပ် ရေးသားထုတ်ဝေကြပါကုန်။


6 Comments so far
Leave a comment

အော် ချီးကျူးပါတယ်။
အဲဒီ ဦးလေးဆီကို fwd mail တစ်စောင်လောက် ပို့ပေးချင်လိုက်တာ။

Comment by Rita

Burmese cats စစ်စစ်ကို မမြင်ဖူးခဲ့တော့ ဒီရောက်မှ တွေ့တဲ့ Burmese cats ဆိုတာတွေကို အစစ်လည်း မဟုတ်ပဲနဲ့လို့တောင် ထင်လိုက်သေး။ အတုကို အစစ်ထင်၊ အစစ်ကို အတုထင်လို့၊ ဖြစ်ရပုံများ။ အင်း ကိုဝတုတ်တို့ ဇနီးမောင်နှံကို ကျေးဇူးတင်ပါတယ်။ နို့မို့ ဒီသတင်းကို လွတ်သွားတော့မလို့။

Comment by Nu Thwe

ဦးဝမ်ကိုရော ဦးအုံးမောင်ကိုရော အရမ်းကို လေးစားမိပါတယ်….
ဦးဝမ်ရဲ့ ကြောင်လက်ဆောင်ပေးမယ့် အစီအစဉ်လေးကိုလဲ သဘောကျမိတယ်…
ကျေးဇူးပါ ဇီဇဝါရေ…

Comment by နှင်းနဲ့မာယာ

တစ်ခါမှ မကြားဘူးဘူးအဲါဆိုရင် မြန်မာပြည်ထဲက ကြောင်တွေက ဘာတွေလဲ

Comment by kom

ဗမာကြောင်ဆိုတာ မျက်လုံးရွှေရောင်မှပေါ့ ဟုတ်လား။ ကြောင်တွေနဲ့ အတူအိပ်၊ အတူနေလာတာ မွေးကတည်းက..။ အဲဒီလို ခွဲပြီး မသိခဲ့ဖူးဘူး။ ဟုတ်ပါ့ညီမရေ..ပဒေါင်လူမျိုးတွေလို အင်းလေးမှာ အကျဉ်းကျစေလို့များ ထားရင် မျိုးဆက်ထိန်းသိမ်းတာ ဆိုတာ ..တွေးစရာ ဖြစ်လိမ့်မှာ။

အမအိမ်က ကြောင် ခလေး တွေကတော့ အဖေကို နိုင်၊ အမေကို အရေးမစိုက် သူတို့ကိုချစ်မှန်းသိတော့ အမျိုးမျိုး ခိုင်းနေတော့တာ။ ညလယ်ကြီး နှိုးပြီး အစာကျွေးခိုင်းလို ခိုင်း၊ တံခါး ဖွင့်ခိုင်းလိုခိုင်း၊ တံခါး မဖွင့်မချင်း ကော်ဇောကို ကုတ်ပြီး အမွှေးနှုတ်နေလို့ အရင်ဘ၀က မြက်နှုတ် ပေါင်းသင် တဲ့ gardener များ လုပ်ခဲ့သလား တွေးရသေးတယ်။

Comment by မိုးချိုသင်း

ကြောင်တွေကိုကြည့်ချင်ရင် Inle princess မှာရှိပါကြောင်း… ကြောင်တွေက ခြေတံရှည်အိမ်ပေါမှာ စံမြန်းနေလေ၇ဲ့.. ဘာပဲဖြစ်ဖြစ် ဗမာ့ကြောင်တွေမျိုးမတုံးတော့ဘူးပေါ့နော်…

Comment by kyelsin




Leave a comment
Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>