လူမျိုးအတော်များများမှာ သူတို့ ကြည့်မရတဲ့ တခြားလူမျိုး တမျိုးကို လှောင်ပြောင်သရော်တဲ့ ဟာသတွေ၊ ဆိုရိုးတွေ ရှိကြမှာဘဲ။ ကုလားခပ်တဲ့ ပါနီ ကုလား ဖင်ဆေးတာနဲ့ ကုန်တာပဲတဲ့။ နောက်ဘာရှိအုံးမလဲ။ ဒါပေမယ့် လူမျိုး တမျိုးနဲ့တမျိုး အမုန်းတရားကို ဆွေစဉ်မျိုးဆက် ဂုဏ်လုပ်ပြီး သိမ်းဆည်းလာတဲ့ လူမျိုးတွေထဲမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ထက် သာတဲ့ လူမျိုးရှိမယ် မထင်ဘူး။
ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း အီးယူနဲ့ ခွာပြဲလာပြီးတဲ့နောက် ပြင်သစ် မီဒီယာတွေမှာတော့ ဘယ်လို ရေးသလဲ မသိဘူး။ ယူကေက မီဒီယာတွေမှာတော့ အီးယူနဲ့ ပတ်သက်သမျှကို တဆိတ် တအိတ်လုပ် ရေးတာတွေ နေ့တိုင်းလိုလိုပဲ။ ဟော သိပ်မကြာဘူး။ ပြင်သစ်က အစိုးရ အရာရှိမင်းများ ကိုယ်တိုင် ဝင်ပါလာတာ တွေ့ရတယ်။ စီပွားရေး အရကြည့်မယ်ဆို ခုချိန်မှာ အင်္ဂလိပ်ထက် ပြင်သစ် ဖြစ်ရတာ ပိုကောင်းတယ်ဆိုပြီး ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးက ပြောတယ်။ အင်္ဂလိပ်ဘက်က ဘယ်လို ပြန်ချေသလဲ ဆိုတာတော့ သတိ မပြုမိဘူး။
တကယ်တော့ ပြင်သစ်နဲ့ အင်္ဂလိပ်ဟာ တချိန်က ကမ္ဘာ့ရန်သူတွေ။ နှစ်တရာမက စစ်တိုက်ခဲ့ကြသူတွေ။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် ကျမှ အတူတူ လက်တွဲတိုက်တာ။ အဲ သူ့အရင် ခရိုင်းမီးယားစစ်ကို ထည့်မပြောဘူးဆိုရင်ပေါ့လေ။
အခု တဘက်နဲ့ တဘက် စစ်မတိုက်ကြတော့ပေမယ့် တဘက်က တဘက်ကို contempt လို့ ပြောမလား၊ မနာလိုမှု၊ သောက်မြင်ကပ်မှု၊ တဘက် ဒုက္ခရောက်ရင် နောက်တဘက်က ကြိတ်ပဲ ဖြစ်ဖြစ် ဗြောင်ဝမ်းသာ ပြတာပဲ ဖြစ်ဖြစ် အားရှိပါရှိ လုပ်တတ်ကြတာကလား။ အခု အီးယူထဲမှာ ငွေရေး ကြေးရေးကို အကြောင်းပြုပြီး နှစ်ဘက် အစာမကြေ ဖြစ်လာတဲ့ အခါကျတော့ ဒီဉာဉ်လေးတွေဟာ ဟာသတွေ၊ ဆိုရိုးတွေ အကူနဲ့ မျက်နှာပြင်ပေါ် တက်လာတယ်။
ဥပမာ ပုရိသ လိင်အင်္ဂါစွပ်ကို ပြင်သစ်တွေက capote anglaise လို့ ခေါ်တယ်။ အင်္ဂလိပ် အစွပ်လို့ ပြန်ရမလားမသိ။ စကားမစပ် အင်္ဂလိပ်တွေကတော့ Dutch cap ဒတ်ချအဖုံး အစွပ်လို့ ခေါ်တယ်။ တချိန်က ကာလသား ရောဂါ ဆစ်ဖလစ်ကို ပြင်သစ်တွေက la maladie anglaise အင်္ဂလိပ် ရောဂါလို့ ခေါ်တယ်။ ဒီရောဂါကိုပဲ အင်္ဂလိပ်က ခေါ်ပုံက French gout တဲ့။ စိတ်ဝင်စားဖို့ ကောင်းတာက တဏှာရာဂ ထကြွ ကမြင်းကြောထပြီး ရလာတဲ့ ရောဂါဆိုရင် ကိုယ်သောက်မြင်ကပ်တဲ့ လူမျိုးနဲ့ ဆက်စပ်ပစ်လိုက်တဲ့ အကျင့်ဟာ လူမျိုး အတော်များများမှာ တွေ့ရတတ်တာပဲ ဖြစ်တယ်။ ဘာလို့ဆို ကာလသား ရောဂါကို ရုသျှတွေက польский болезни ပိုလန် ရောဂါတဲ့။ အလားတူပဲ။ အီတာလျံတွေက ဒီရောဂါကို စပိန်ရောဂါလို့ ခေါ်တယ်။
နောက်တခါ porn ကို အင်္ဂလိပ်က French postcards ပြင်သစ် ပို့စကဒ်တဲ့။ အပြန်အလှန်အားဖြင့် ပြင်သစ်မတွေက သူတို့ ရာသီလာတာကို ညွှန်းတဲ့အခါ les anglais ont debarques အင်္ဂလိပ်တွေ ရောက်ပြီလို့ ပြောကြတယ်။ နပိုလီယံ လက်ထက်က အင်္ဂလိပ် စစ်သားတွေက အနီရောင် ဝတ်စုံကြီးတွေ ဝတ်တယ်မလား။
နောက်တခါ အလုပ်မသွားချင်လို့ နေမကောင်းချင်ယောင် ဆောင်ပြီး ယူတဲ့ ခွင့်ကို အင်္ဂလိပ်က taking French leave လို့ သုံးတယ်။ အံအားသင့်စရာ ကောင်းတာက ပြင်သစ်မှာကျတော့ အဲဒိလိုမျိုး ခွင့်ယူပုံကို filer a l’anglaise တဲ့။
နောက်တခါ အစားအသောက်နဲ့ ပတ်သက်လာရင်လည်း တဘက်နဲ့ တဘက် အညှာပေးလေ့ မရှိပါဘူး။ အရင် ပြင်သစ် သမ္မတ ရှီဟတ်က ဒီလောက် အချက်အပြုတ်ညံ့တဲ့ လူမျိုးကို ယုံလို့ မရဘူးလို့ ကလိဘူးတယ်။ You can’t trust a people who cook as badly as that. အင်္ဂလိပ်ကတော့ ပြင်သစ်တွေကို လှုပ်တာ မှန်သမျှ အကုန်စားတယ် French eats anything that moves ဆိုပြီး ပြန်ခေျပတယ်။ အဲ ပြင်သစ်တွေကို ဖားပြုတ်တွေ frogs တွေလို့ ခေါ်တာကတော့ အတော်များများ သတိပြုမိကြမှာပဲ။ ပြင်သစ်တွေက ဖားသားလည်း စားတာကိုး။ ပြင်သစ်တွေကတော့ သူတို့ နိုင်ငံမှာ စွဲမက်စရာ မရှိဆုံးဟင်း ရေလုံပြုတ်ဟင်းကို legumes a l’anglaise အင်္ဂလိပ် သီးစုံဟင်းလို့ ခေါ်တယ်။ အသားတုံးတွေကို ကင်ပြီး အအေးခံထားတဲ့ အင်္ဂလိပ်လို cold meat လို့ ခေါ်တဲ့ အရာကို ပြင်သစ်က un assiette anglaise အင်္ဂလိပ်ဟင်းတဲ့။
နောက်တခါ အင်္ဂလိပ်တွေ ကစားတဲ့ ခရစ်ကက်က စည်းမျဉ်းစည်းကမ်းတွေက ရှုပ်တယ်မလား။ ဒီတော့ စည်းမျဉ်းစည်းကမ်းတွေကို အလွယ်လုပ်ပြီး ကစားတဲ့ ခရစ်က်ကို simplified cricket ကို French cricket တဲ့။ proper cricket မဟုတ်ဖူးလို့ ကလိတယ်။ ပြင်သစ်တွေက နည်းနည်း ရှုပ်လာရင် လိုက်မမှီတော့တာကို ရိထားတာ နေမှာပေါ့။ နောက်တခါ ကိုယ့်ဟာကိုယ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတဲ့ အဖြစ်ကို အင်္ဂလိပ်က having a French cut လို့ သုံးတယ်။
နှစ်ဆယ် ရာစုထဲမှာ ဂျာမန်နဲ့ အင်္ဂလိပ် အကြီးအကျယ် စစ်တိုက်ခဲ့တာတောင်မှ တဘက်နဲ့ တဘက် ဒီလောက် မုန်းပုံ မရဘူး။ မုန်းတာထက် contempt ကြီးတာလို့ ပြောရင် ပိုမှန်မယ်။ အင်္ဂလိပ်က ဒတ်ချ တွေလည်း အညှာမပေးပါဘူး။ အရက်လေး နည်းနည်းဝင်လာပြီးမှ ပြတဲ့ သတ္တိမျိုးကို Dutch bravery တဲ့။ နောက်တခါ အင်္ဂလိပ် တယောက် စကားပြောရင်း ရိုင်းရိုင်းစိုင်းစိုင်းတွေ၊ အတိုင်းအထွာတွေ ပါသွားလို့ တောင်းပန်ရင် ဘယ်လို ပြောလဲဆိုတော့ pardon my French တဲ့။ ပြင်သစ်တွေကတော့ သူတို့ စကား မတတ်တခေါက် မပီကလာ ပီကလာ ပြောလာတဲ့ အင်္ဂလိပ်တွေကို les fuckoffs တဲ့။ ရေလက်ကြားကို ဖယ်ရီနဲ့ ကူးပြီး ပြင်သစ်ဘက်ကို အင်္ဂလန်က လူတွေ ဝိုင်လာဝယ်ရင် ဖတ်ကော့ဖတွေ လာပြီလို့ ပြောကြတယ်။ ဒါတင်မကဘူး။ ပြင်သစ်မှာ လူလည်ကျတာ၊ ဂတုံးပေါ် ထိပ်ကွက်တဲ့ ကြိယာကို anglaiser အင်္ဂလိပ်ကျင့် ကျင့်တယ်လို့ သုံးတယ်။ အင်္ဂလိပ်ကလည်း ယုံကြည်ကိုးစားလို့ မရတဲ့ လူမျိုးကို frenchfied တဲ့။ စကားမစပ် ရှိတ်စပီးယား ပြဇာတ်တွေမှာဆို လူလည်ကျတဲ့ ကလိန်ကကျစ် တွေကို monsieur လို့ပဲ သုံးတာများတယ်။
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား ပြင်သစ်မှာ ခဏသွားနေတုန်းက ပြင်သစ် စားသောက်ဆိုင် တဆိုင်မှာ ဝိတ်တာ လုပ်ရတယ်။ အစပိုင်းမှာ ဘလဲယားက သူ့ကို လာစားသူတွေက tips ပေးတဲ့အခါ သူ့ဟာသူ သိမ်းထားတတ်တယ်။ အဲ့ဒါကို ပြင်သစ် စားပွဲထိုးတယောက်က မြင်တော့ ဒီလို မလုပ်ရဘူးတဲ့။ ဟိုမှာ ဗူးလေးတွေ့လား၊ ကပ်စတိုမာ ပေးသမျှကို အဲဒိဗူးလေးထဲထည့်။ တပတ်ပြည့်တဲ့အခါ ဗူးထဲ ရှိသမျှကို တဆိုင်လုံး ခွဲယူရတယ်တဲ့။ ဒီတော့ ဘလဲယားက ဟုတ်ပြီပေါ့။ သူ့ပေးသမျှကို ဗူးထဲ သွားသွားထည့်တယ်။ နောက်ဆုံး တပတ်ပြည့်တဲ့ အခါကျမှ အဲဒိဗူးထဲ ပိုက်ဆံ ထည့်တာ သူတယောက်ပဲ ရှိတာကို သိရသတဲ့။ ဘလဲယားက အဲဒိ အဖြစ်အပျက်ကို ဘယ်လို ပြောလဲဆိုတော့ This is my first experience with French socialism တဲ့။
(အပေါ်မှာ ပြောခဲ့တာ အတော်များများကို ဒီရက်ပိုင်းမှာ ထုတ်တဲ့ Guardian နဲ့ Times သတင်းစာတွေက ရတယ်။ တိုနီဘလဲယား ပြောတာကတော့ သတင်းစာ တခုမှာ သူပြောတာကို ရေးထားတာကတဆင့် သိရတယ်။)
watote
Good research