‘မိုးသောက်ကြယ်’ဆိုတဲ့ ပုဂ္ဂလနာမ်ဟာ ‘မိုးလင်းခါနီး နေထွက်ချိန်တဝိုက်မှာ အရှေ့ဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ရတယ်။ တခါ ‘ညနေကြယ်’ ဆိုတာ ‘ညနေစောင်း နေဝင်ချိန်တဝိုက်မှာ အနောက်ဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ရတယ်။ ဟိုးအရင်က ညနေကြယ်နဲ့ မိုးသောက်ကြယ်က တခုနဲ့တခု မတူဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ကောင်းကင်က ဝထ္ထုပစ္စည်းတွေ လှည့်လည် သွားလာပုံနဲ့ ပတ်သက်ပြီး အသိသစ်တွေ တိုးလာတဲ့အခါ မိုးသောက်ကြယ်နဲ့ ညနေကြယ် နှစ်ခုဟာ အတူတူပဲ၊ သူတို့နှစ်ခုစလုံးဟာ သောကြာဂြိုလ်ကို ရည်ညွှန်းတာဆိုတာ သိလာကြတယ်။ အဲဒိတော့ မိုးသောက်ကြယ်၊ ညနေကြယ်၊ သောကြာဂြိုလ်၊ မိုးလင်းခါနီး နေထွက်ချိန် တဝိုက်မှာ အရှေ ့ဘက် ကောင်းကင်းယံမှာ တွေ့ရတဲ့ကြယ် စတဲ့ ဖော်ပြချက်တွေ အားလုံးဟာ အရာတခုတည်းကို ရည်ညွှန်းတာ။ ဒီတော့ တခုထဲကို ရည်ညွှန်းတာဆို သူတို့မှာ ဘာလို့ ဖော်ပြချက်တွေ အများကြီး ရှိနေရတာလဲ။ လောလောဆယ် ဒီမေးခွန်းကို မဖြေနိုင်သေးဘူး။ ဒီတော့ ဒီမေးခွန်းကို မေးခွန်း ၁ လို့ ခေါ်ထားလိုက်မယ်။
—————————————————————————————–
နောက်တခါ ညီမျှခြင်း equality ဆိုတာ ဘာကို ပြောတာလဲ။ အရာတခုနဲ့ တခု ဆက်သွယ်မှုကို ပြောတာလား။ ညီမျှခြင်းကနေ ဘယ်လို အသိတွေ ရနိုင်မလဲ။ ဒီမေးခွန်းကို ဖြေကြည့်ဖို့ အရင်ဆုံး ညီမျှခြင်းတချို့ ချရေးကြည့်ရအောင်။
က = က
က = ခ
ညနေကြယ် = မိုးသောက်ကြယ်
၂ + ၂ = ၂ x ၂
အထည်ချုပ် အလုပ်သမ တယောက် တရက် လုပ်အားခ = ကျပ် တထောင်
ဒါတွေ အားလုံးဟာ ညီမျှခြင်းတွေချည်းပဲ။ ခုပြောခဲ့တဲ့ ညီမျှခြင်းတွေကို နည်းနည်းလောက် အသေးစိတ် လေ့လာပြီး အတွေးဆန့်ကြည့်ရအောင်။ ပထမဆုံး က = က ဆိုတဲ့ ညီမျှခြင်းက ကကြီးဟာ ကကြီးနဲ့ ညီတယ်လို့ ပြောတယ်။ A thing is identical to itself. အရာ တခုဟာ အဲဒိအရာနဲ့ ထပ်တူ ထပ်မျှ တူတယ် ဆိုတဲ့အသိကို ဒီညီမျှခြင်းက ပေးတယ်။ ဒီအသိဟာ အတွေ့အကြုံ experience ပေါ် မမူတည်ဘူး။ အင်္ဂလိပ်လိုတော့ အဲ့သလို အသိကို a-priori knowledge လို့ပြောကြတယ်။ တဘက်မှာ မီးဟာ ပူတယ်ဆိုတဲ့ အသိက အတွေ့အကြုံအရသာ သိနိုင်တဲ့ အသိ။ သူ့ကိုတော့ အင်္ဂလိပ်လို a-posteriori knowledge လို့ပြောကြတယ်။ ကန့် Emmanuel Kant ကတော့ အဲ့သလို အတွေ့အကြုံပေါ် မမူတည်တဲ့ အဆို proposition ကို analytic proposition လို့ခေါ်တယ်။ တဘက်မှာ က = ခ ဆိုတဲ့ ညီမျှခြင်းက အသိသစ်ကို ပေးတယ်။ ဥပမာ ညနေကြယ် = မိုးသောက်ကြယ် ဆိုတာ ညနေကြယ်နဲ့ မိုးသောက်ကြယ်နဲ့ အတူတူပဲ ဆိုတဲ့ အသိသစ်ကို ပေးတယ်။ မိုးသောက်ကြယ်နဲ့ ညနေကြယ် သပ်သပ်စီလို့ ထင်နေသူ အတွက်တော့ ဒီညီမျှခြင်းဟာ အသိသစ်ကို ပေးတာပေါ့။
နည်းနည်းထပ် အသေးစိတ်ကြည့်ရအောင်။ က = ခ ဆိုတဲ့ ညီမျှခြင်းမှာ ကကြီးနဲ့ ခခွေး တူညီတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကကြီးက က၊ ခခွေးက ခ။ ပုံသဏ္ဍာန်တူတာတော့ မဟုတ်ဖူး။ ဒါဖြင့် ဘာတူတာလဲ။ အမှုမဲ့ အမှတ်မဲ့ ကြည့်မယ်ဆိုရင်တော့ ဒီမေးခွန်းဟာ လျှောမွေးကို ဗာရာဏသီချဲ ့တဲ့ မေးခွန်းလို့ ထင်စရာပဲ။ ဒါပေမယ့် ဒီမေးခွန်းဟာ ဆယ့်ကိုးရာစုကုန်၊ နှစ်ဆယ်ရာစုဆန်းမှာ ဂဏန်းသင်္ချာသစ် new arithmetic နဲ့ analytic philosophy ဆိုပြီး စပေါ်လာရာမှာ အင်မတန် အခရာကျတဲ့ မေးခွန်းပဲ။ ဒီတော့ ခေတ်သစ်လောဂျစ်ရဲ ့ ဖခင်လို့ သတ်မှတ်ကြပြီးနဲ့ analytic philosophy ကို ဘာထရန်ရပ်ဆယ်၊ Wittgenstein တို့နဲ့အတူ ကူညီဖွားမြင်ပေးသူလို့ သတ်မှတ်ကြတဲ့ Gottlob Frege ဒီမေးခွန်းကို ဘယ်လို ချဉ်းကပ်ခဲ့သလဲဆိုတာ ကြည့်ရအောင်။
က = ခ ညီမျှခြင်းမှာ ကကြီးက ရည်ညွှန်းတဲ့အရာနဲ့ ခခွေးက ရည်ညွှန်းတဲ့အရာ တူတာလို့ Frege ကပြောတယ်။ အဲဒိ အရာကို ဂျာမန်လို Bedeutung အင်္ဂလိပ်လိုတော့ reference လို့ ဘာသာပြန်ကြတယ်။ ဗမာလို ရည်ညွှန်းခံလို့ ခဏ ဘာသာပြန်ထားကြည့်မယ်။ ဒီတော့ က = ခ ညီမျှခြင်းမှာ ကကြီးက ရည်ညွှန်းတဲ့ အရာနဲ့ ခခွေးက ရည်ညွှန်းတဲ့အရာဟာ တခုထဲပဲ ဆိုတာကို ပြောချင်တာလို့ Frege ကပြောတယ်။ ‘ကကြီး’ နဲ့ ‘ကကြီးက ရည်ညွှန်းထားတာ’ နှစ်ခုက မတူဘူး။ ပထမတခုကို သူက sign လို့ခေါ်ပြီး (ဗမာလို သင်္ကေတလို့ ဘာသာပြန်ထားမယ်) သင်္ကေတက ရည်ညွှန်းတဲ့ အရာကိုတော့ reference (Bedeutung) ရည်ညွှန်းခံလို့ ခေါ်တယ်။ ဒီနေရာမှာ သင်္ကေတဆိုတာ က၊ ခ စတဲ့ အက္ခရာတွေကိုတင် ပြောတာ မဟုတ်ဖူး။ စကားစုတွေကိုလည်း သင်္ကေတတွေ အဖြစ် Frege က သတ်မှတ်တယ်။ ဒီတော့ ညနေကြယ် ဆိုတာ သင်္ကေတ၊ ညနေကြယ်ရဲ့ ရည်ညွှန်းခံက သောကြာဂြိုလ်။
အဲ သင်္ကေတ sign ရည်ညွှန်းခံ reference အပြင် နောက်တခုလည်း ရှိသေးတယ်လို့ Frege ကပြောတယ်။ အဲဒါကတော့ သင်္ကေတရဲ့ အဓိပ္ပါယ်ကို ဖော်ပြချက်လို့ Frege ကပြောတယ်။ ဂျာမန်လို Sinn အင်္ဂလိပ်လိုတော့ sense လို့ ဘာသာပြန်ပြီး ဗမာလိုတော့ အဓိပ္ပါယ်လို့ ဘာသာပြန်လျင် သင့်မယ် ထင်တယ်။ ဒီတော့ ‘မိုးသောက်ကြယ်’ ဆိုတဲ့ သင်္ကေတက ‘မနက်မိုးလင်းခါနီး အရှေ ့ဘက်ကောင်းကင်မှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ထွက်ပြီး ဒီသင်္ကေတရဲ့ရည်ညွှန်းခံကတော့ ‘သောကြာဂြိုလ်’။
ဒီတော့ က = ခ ဆိုတဲ့ ညီမျှခြင်းကနေ Frege က တဲခနိက ဝေါဟာရ သုံးခု ထုတ်ယူလိုက်တယ်။ ညီမျှခြင်းဆိုတာ သင်္ကေတနှစ်ခုရဲ့ ရည်ညွှန်းခံနှစ်ခု တူညီတာ၊ တခုထဲပဲ ဆိုတာကို ပြောချင်တာလို့ Frege က ဖွင့်ဆိုလိုက်တယ်။ ဒီလောက်ဆို မေးခွန်း ၁ ကို Frege ဘယ်လို ချဉ်းကပ်ခဲ့သလဲဆိုတာ သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ ‘မိုးသောက်ကြယ်’ ‘ညနေကြယ်’ ဆိုတဲ့ ပုဂ္ဂလနာမ်တွေဟာ သောကြာဂြိုလ်ကို ရည်ညွှန်းတဲ့ signs သင်္ကေတတွေ။ သူတို့ ရည်ညွှန်းတဲ့ ‘သောကြာဂြိုလ်’ က Bedeutung ရည်ညွှန်းခံ။ ‘မနက်မိုးလင်းခါနီး အရှေ့ဘက် ကောင်းကင်မှာ တွေ့ရသောကြယ်’ က မိုးသောက်ကြယ်ဆိုတဲ့ သင်္ကေတရဲ့အဓိပ္ပါယ် sense ကို ဖော်ပြချက်။
သင်္ကေတတွေရဲ့ရည်ညွှန်းခံတွေဟာ တိကျတဲ့ ဝထ္ထုတွေ definite object တွေ (အပေါ်က ဥပမာမှာ သောကြာဂြိုလ်ဟာ တိကျတဲ့ ဝထ္ထု) လို့ Frege က ပြောတယ်။ (အလျဉ်းသင့်လို့ ပြောချင်တာက Frege ရဲ့လောဂျစ်မှာ object အပြင်၊ concept နဲ့ relation ဆိုတာလည်း ရှိသေးတယ်။ ခုပြောချင်တာက ဝထ္ထု object ဟာ concept မဟုတ်သလို relation လည်း မဟုတ်ဖူး ဆိုတာပဲ။) တဘက်မှာ သင်္ကေတတွေကတော့ ပုဂ္ဂလနာမ်တွေ။ နောက်တခါ သင်္ကေတတခုရဲ့ အဓိပ္ပါယ်ကို အဲဒိ သင်္ကေတကို အသုံးပြုသူတွေ နားလည်နိုင်ပေမယ့် အဲဒိ သင်္ကေတမှာ ရည်ညွှန်းခံ Bedeutung ရှိမရှိ အာမမခံနိုင်ဘူး။
ဆိုပါစို့ ‘ကမ္ဘာက အဝေးဆုံးနေရာ’ ဆိုတဲ့ သင်္ကေတက အဓိပ္ပါယ်တခုကို ပြောတာ။ ကမ္ဘာက အဝေးဆုံးအမှတ်က နေရာကို ပြောတာလို့ နားလည်ကြမယ်။ ဒါပေမယ့် အဲဒိနေရာ တကယ် ရှိမရှိ အာမမခံနိုင်ဘူး။ အလားတူပဲ ‘ကမ္ဘာမှာ အညံ့ဆုံး အဖျင်းဆုံး အသုံးမကျဆုံး အတိုက်အခံ ခေါင်းဆောင်’ ဆိုတဲ့ သင်္ကေတက အဓိပ္ပါယ် တခုကို ဖော်ပြနေတယ်။ အညံ့ဆုံး၊ အဖျင်းဆုံး၊ အသုံးမကျဆုံး၊ အတိုက်အခံ၊ ခေါင်းဆောင်ဆိုတဲ့ ဝေါဟာရတွေနဲ့ စာဖွဲ့စည်းပုံ သဒ္ဒါကို သိလျင် ဒီသင်္ကေတရဲ့အဓိပ္ပါယ်ကို သိမှာဘဲ။ ဒါပေမယ့် ဒီသင်္ကေတက ရည်ညွှန်းသူကတော့ ရှိချင်လည်း ရှိမယ်၊ မရှိတာလည်း ဖြစ်နိုင်တယ်။ ပြောပြီးသလောက်ကို အကျဉ်းပြန်ချုပ်ရရင်
ပုဂ္ဂလနာမ်တခုဟာ (သင်္ကေတ၊ စကားလုံး၊ စာစု၊ ဖော်ပြချက် အစရှိသည်) သူ့ရဲ ့ အဓိပ္ပါယ် sense ကို ဖော်ပြတယ်၊ သူ့ရဲ့ရည်ညွှန်းခံ Bedeutung ကို ရည်ညွှန်းတယ်။ သင်္ကေတတခုကို အသုံးပြုခြင်းဖြင့် သူ့ရဲ့sense အဓိပ္ပါယ်ကို ဖော်ပြပြီး သူ့ရဲ ့Bedeutung ရည်ညွှန်းခံကို ရည်ညွှန်းတယ်။
so far so good. ဒီနေရာမှာ တချို့ ဦးနှောက်ပြေးတဲ့လူများက ဒီလို မေးလာနိုင်စရာ ရှိတယ်။ ဆိုပါစို့ ‘မဟာ ဇနက’ ဆိုတဲ့ သင်္ကေတကို ကြည့်လျင် အဲဒိ သင်္ကေတဟာ တိကျတဲ့ ဝထ္ထုတခုကို ရည်ညွှန်းတယ်လို့ ဘယ်လို အသေအချာ ပြောနိုင်မလဲလို့ မေးလာ နိုင်စရာရှိတယ်။ ဘာလို့ဆို ‘မဟာ ဇနက’ ဆိုတဲ့ သင်္ကေတက ရည်ညွှန်းတဲ့ ပင်လယ်ထဲ ခုနှစ်ရက်တိုင်တိ်ုင် မနားတမ်း ကူးခပ်နေတဲ့ ဘုရားအလောင်း ပုဂ္ဂိုလ်ထူး ဆိုပြီး နားလည်နေတဲ့ အရာဟာ အပြင်မှာ တကယ် ရှိမရှိ ဘယ်လိုလုပ် သိနိုင်မလဲ။ နောက်တခါ God ဘုရားသခင် ဆိုတဲ့ သင်္ကေတ ရှိတိုင်း သူ့ရဲ့ ရည်ညွှန်းခံတခု ရှိမရှိ အသေအချာ ဘယ်သိနိုင်မလဲ၊ ဒီတော့ အရာတိုင်းမှာ ရည်ညွှန်းခံ ရှိမရှိ ဘယ်လိုလုပ် သိနိုင်မလဲ။ ကျနော့ အထင်တော့ ဒီမေးခွန်းဟာ အရမ်းကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီမေးခွန်း အတွက် ကျနော့မှာ အဖြေမရှိဘူး။ ဆောရီးပဲ။
ခုတခါ ပြောခဲ့သလောက် Frege ရဲ့သင်္ကေတ၊ အဓိပ္ပါယ်၊ ရည်ညွှန်းခံ ခွဲခြားမှုကို သင်္ချာမှာ အသုံးချကြည့်ရအောင်။ တကယ်က Frege က အပေါ်က ခွဲခြားမှုကို သင်္ချာနဲ့ စတာ။ သင်္ချာညီမျှခြင်းတခုဖြစ်တဲ့ ၂ + ၂ = ၂ x ၂ ကိုကြည့်။ ‘၂ + ၂ ‘ဆိုတဲ့ sign သင်္ကေတဟာ ‘၂ နဲ့ ၂ ကို ပေါင်းထားခြင်း’လို့ sense အဓိပ္ပါယ် ထွက်ပြီး ‘၄’ ဟာ ဒီသင်္ကေတရဲ့ Bedeutung ရည်ညွှန်းခံဖြစ်တယ်။ အလားတူပဲ၊ ၂ x ၂ ဟာ ၂ နဲ့ ၂ ကို မြှောက်ထားခြင်းလို့ အဓိပ္ပါယ်ထွက်ပြီး ၄ ဟာ သူ့ရဲ ့ရည်ညွှန်းခံ ဖြစ်တယ်။ ဒီတော့ အပေါ်က သင်္ချာ ညီမျှခြင်းက သင်္ကေတ နှစ်ခု ညီတယ်ဆိုတာဟာ တကယ်က ဒီသင်္ကေတတွေရဲ့ရည်ညွှန်းခံ တူတာ၊ တခုထဲ ဖြစ်တာကို ပြောတာ။
ခုထိတော့ သင်္ကေတတွေ၊ စကားလုံးတွေရဲ ့အဓိပ္ပါယ်နဲ့ ရည်ညွှန်းခံ Bedeutung ကိုပဲ ပြောနေသေးတယ်။ တခါ ဝါကျတွေရဲ ့အဓိပ္ပါယ်နဲ့ ရည်ညွှန်းခံတွေ ဘယ်လို ဖြစ်မလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။ ကဲ ဝါကျတခု ချရေးကြည့်မယ်။
တိုက်စိုးဟာ ဗုဒ္ဓဘာသာ အကြောင်း စာအုပ်တွေ အများကြီး ရေးခဲ့တယ်။
ဒီဝါကျနဲ့
ဆရာ ဦးသန်းထွတ်ဟာ ဗုဒ္ဓဘာသာ အကြောင်း စာအုပ်တွေ အများကြီး ရေးခဲ့တယ်။
ဆိုတဲ့ ဝါကျနှစ်ခုမှာ တိုက်စိုးနဲ့ ဆရာ ဦးသန်းထွတ်ဟာ တယောက်ထဲ ဆိုတာကို မသိသူ အတွက်က ဝါကျ တခုဟာ မှန်ပြီး နောက်တခုက မှားတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒါကိုကြည့်လျင် ပထမဝါကျကို ဖတ်ပြီး ပေါ်လာတဲ့ အတွေးနဲ့ (စကားမစပ် အတွေး thought ဆိုတာ subjective performance of thinking လူပုဂ္ဂိုလ်တယောက်ရဲ့သူနဲ့သာ ဆိုင်တဲ့ စဉ်းစားမှု မဟုတ်ဖူး၊ objective content ကို ဆိုလိုတယ်လို့ Frege ကပြောတယ်။) ဒုတိယ ဝါကျကို ဖတ်ပြီး ပေါ်လာတဲ့ အတွေးနှစ်ခု မတူတာ တွေ့ရမယ်။ ဒီတော့ အတွေး thought ဆိုတာ ဝါကျရဲ့Bedeutung ရည်ညွှန်းခံကို ပြောတာ မဟုတ်ဘဲ sense အဓိပ္ပါယ်ကို ပြောတာလို့ ယူရလိမ့်မယ်။
ဒါဖြင့် ဝါကျရဲ့ရည်ညွှန်းခံ Bedeutung ဟာ ဘာလဲ။ နောက် ဝါကျတခု ထပ် ရေးကြည့်ရအောင်။
မဟာဇနကဟာ ခုနှစ်ရက်တိုင် သမုဒ္ဒရာထဲ ကူးခပ်ပြီးနောက် မဏိမေခလာ နတ်သမီးက သူ့ကို သမုဒ္ဒရာထဲကနေ ဆယ်ယူပွေ့ချီပြီး ကျောက်ဖျာပေါ် အသာ တင်ထားပေးခဲ့တယ်။
မြန်မာစာ ဖတ်တတ်သူ ဘယ်သူမဆို ဒီဝါကျရဲ ့အဓိပ္ပါယ်ကို နားမလည် မရှိဘူး။ ဒါပေမယ့် ဒီဝါကျဟာ မှန်လား၊ မှားလားကို သိနိုင်ဖို့ မဟာဇနက ဆိုတဲ့ သင်္ကေတရဲ့ရည်ညွှန်းခံ၊ မဏိမေခလာ နတ်သမီးဆိုတဲ့ သင်္ကေတရဲ ့ရည်ညွှန်းခံကို မစဉ်းစားလို့ မရတော့ဘူး။ တနည်းအားဖြင့် ဝါကျတခုရဲ့ truth-value ဟာ ဒီဝါကျရဲ့ ရည်ညွှန်းခံပေါ် မူတည်တယ်။
ဝါကျတခုရဲ ့အဓိပ္ပါယ်ကို နားလည်ချင် နားလည်မယ်။ တနည်း ဝါကျတခုဟာ အဓိပ္ပါယ် ရှိချင် ရှိမယ်၊ အဲ့သလို အဓိပ္ပါယ်ရှိမှုဟာ ဒီဝါကျကို နားလည်သူ ရေးသူရဲ ့အတွေးကို ဖော်ပြရာ ရောက်တယ်။ ဒါပေမယ့် အတွေးတခုထဲနဲ့တင် အမှန်၊ အမှားကို မသိနိုင်ဘူး။ ကျနော်တို့ဟာ ဝါကျတွေရေးတဲ့အခါ ဒီဝါကျတွေရဲ ့အဓိပ္ပါယ်ကို နားလည်ရုံ sense ကိုသိရုံ နဲ့ ဘဝင်မကျတတ်တာဟာ ဘာ့ကြောင့်လဲဆိုတော့ ဒီဝါကျရဲ ့truth-value ကို စိတ်ဝင်စားတဲ့ အတွက်ဖြစ်တယ်။ ဝါကျတခုရဲ ့အမှန်အမှားကို စိတ်မဝင်စားဘူးဆိုလျင် ‘မဟာဇနက’ ဆိုတဲ့ နံမယ်မှာ ရည်ညွှန်းခံ ရှိမရှိ ဘာမှ စိတ်ဝင်စားစရာ မလိုတော့ဘူး။ ကဗျာတွေ၊ အနုပညာတွေနဲ့ ဖီလော်ဆော်ဖီ ကွာတဲ့ အချက်တချက်က ဒီအချက်ပဲ။ မဟာဇနက ဝါကျကို နားထောင်ကောင်းရုံ ပုံပြင်သာသာ သဘောထားချင်လျင် သူ့အဓိပ္ပါယ်ကို ပေါ်အောင် ရေးတာနဲ့ ရည်ရွယ်ချက် ပြည့်မြောက်တယ်။ ဒါပေမယ့် ဝါကျတွေရဲ ့အမှန်၊ အမှားကို စိတ်ဝင်စားသူဟာ ဝါကျရဲ ့အဓိပ္ပါယ်နဲ့တင် ကျေနပ်လို့ မရဘူး။
ခုအပေါ်မှာ ရေးခဲ့သလောက်ဟာ သင်္ချာသစ်ရဲ ့ဖခင်ကြီး၊ analytic philosophy ကို စတည်ထောင်သူ တယောက်အဖြစ် တလေးတစား သတ်မှတ်ခံရတဲ့ ဂျာမန် သင်္ချာ ပညာရှင် Gottlob Frege ရဲ့အထင်ရှားဆုံး အက်ဆေး On Sense and Reference (ဂျာမန်လို Uber Sinn und Bedeutung) အက်ဆေးရဲ ့ပထမတဝက်ကို ဝေငှခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ တဝက်ကို တချိန်မှာ ဆက်တင်နိုင်မယ် မျှော်လင့်ပါတယ်။ အင်္ဂလိပ်လို ဖတ်နိုင်သူများက ဒီအက်ဆေးကို ရှာဖတ်နိုင်သလို Frege နဲ့ သင်္ချာသစ်၊ ဖီလော်ဆော်ဖီ အကြောင်း သိချင်သူတွေကတော့ ဒီလင့်မှာ http://plato.stanford.edu/entries/frege/ ဆက်ပြီးလေ့လာနိုင်ပါတယ်။
ဝတုတ်
ေဇာ္ဂ်ီ
မိုးေသာက္ျကယ္’ဆိုတဲ့ ပုဂၢလနာမ္ဟာ ‘မိုးလင္းခါနီး ေနထြက္ခ်ိန္တဝိုက္မွာ အေရွ့ဘက္ ေကာင္းကင္ယံမွာ ေတြ့ရတဲ့ျကယ္’ လို့ အဓိပၸါယ္ ရတယ္။ တခါ ‘ညေနျကယ္’ ဆိုတာ ‘ညေနေစာင္း ေနဝင္ခ်ိန္တဝိုက္မွာ အေနာက္ဘက္ ေကာင္းကင္ယံမွာ ေတြ့ရတဲ့ျကယ္’ လို့ အဓိပၸါယ္ ရတယ္။ ဟိုးအရင္က ညေနျကယ္နဲ့ မိုးေသာက္ျကယ္က တခုနဲ့တခု မတူဘူးလို့ ထင္ခဲ့ျကတယ္။ ဒါေပမယ့္ ေကာင္းကင္က ဝထၳုပစၥည္းေတြ လွည့္လည္ သြားလာပံုနဲ့ ပတ္သက္ျပီး အသိသစ္ေတြ တိုးလာတဲ့အခါ မိုးေသာက္ျကယ္နဲ့ ညေနျကယ္ နွစ္ခုဟာ အတူတူပဲ၊ သူတို့နွစ္ခုစလံုးဟာ ေသာျကာျဂိုလ္ကို ရည္ညွြန္းတာဆိုတာ သိလာျကတယ္။ အဲဒိေတာ့ မိုးေသာက္ျကယ္၊ ညေနျကယ္၊ ေသာျကာျဂိုလ္၊ မိုးလင္းခါနီး ေနထြက္ခ်ိန္ တဝိုက္မွာ အေရွ ့ဘက္ ေကာင္းကင္းယံမွာ ေတြ့ရတဲ့ျကယ္ စတဲ့ ေဖာ္ျပခ်က္ေတြ အားလံုးဟာ အရာတခုတည္းကို ရည္ညွြန္းတာ။ ဒီေတာ့ တခုထဲကို ရည္ညွြန္းတာဆို သူတို့မွာ ဘာလို့ ေဖာ္ျပခ်က္ေတြ အမ်ားျကီး ရွိေနရတာလဲ။ ေလာေလာဆယ္ ဒီေမးခြန္းကို မေျဖနိုင္ေသးဘူး။ ဒီေတာ့ ဒီေမးခြန္းကို ေမးခြန္း ၁ လို့ ေခၚထားလိုက္မယ္။
—————————————————————————————–
ေနာက္တခါ ညီမွ်ျခင္း equality ဆိုတာ ဘာကို ေျပာတာလဲ။ အရာတခုနဲ့ တခု ဆက္သြယ္မႈကို ေျပာတာလား။ ညီမွ်ျခင္းကေန ဘယ္လို အသိေတြ ရနိုင္မလဲ။ ဒီေမးခြန္းကို ေျဖျကည့္ဖို့ အရင္ဆံုး ညီမွ်ျခင္းတခ်ို့ ခ်ေရးျကည့္ရေအာင္။
က = က
က = ခ
ညေနျကယ္ = မိုးေသာက္ျကယ္
၂ + ၂ = ၂ x ၂
အထည္ခ်ုပ္ အလုပ္သမ တေယာက္ တရက္ လုပ္အားခ = က်ပ္ တေထာင္
ဒါေတြ အားလံုးဟာ ညီမွ်ျခင္းေတြခ်ည္းပဲ။ ခုေျပာခဲ့တဲ့ ညီမွ်ျခင္းေတြကို နည္းနည္းေလာက္ အေသးစိတ္ ေလ့လာျပီး အေတြးဆန့္ျကည့္ရေအာင္။ ပထမဆံုး က = က ဆိုတဲ့ ညီမွ်ျခင္းက ကျကီးဟာ ကျကီးနဲ့ ညီတယ္လို့ ေျပာတယ္။ A thing is identical to itself. အရာ တခုဟာ အဲဒိအရာနဲ့ ထပ္တူ ထပ္မွ် တူတယ္ ဆိုတဲ့အသိကို ဒီညီမွ်ျခင္းက ေပးတယ္။ ဒီအသိဟာ အေတြ့အျကံု experience ေပၚ မမူတည္ဘူး။ အဂၤလိပ္လိုေတာ့ အဲ့သလို အသိကို a-priori knowledge လို့ေျပာျကတယ္။ တဘက္မွာ မီးဟာ ပူတယ္ဆိုတဲ့ အသိက အေတြ့အျကံုအရသာ သိနိုင္တဲ့ အသိ။ သူ့ကိုေတာ့ အဂၤလိပ္လို a-posteriori knowledge လို့ေျပာျကတယ္။ ကန့္ Emmanuel Kant ကေတာ့ အဲ့သလို အေတြ့အျကံုေပၚ မမူတည္တဲ့ အဆို proposition ကို analytic proposition လို့ေခၚတယ္။ တဘက္မွာ က = ခ ဆိုတဲ့ ညီမွ်ျခင္းက အသိသစ္ကို ေပးတယ္။ ဥပမာ ညေနျကယ္ = မိုးေသာက္ျကယ္ ဆိုတာ ညေနျကယ္နဲ့ မိုးေသာက္ျကယ္နဲ့ အတူတူပဲ ဆိုတဲ့ အသိသစ္ကို ေပးတယ္။ မိုးေသာက္ျကယ္နဲ့ ညေနျကယ္ သပ္သပ္စီလို့ ထင္ေနသူ အတြက္ေတာ့ ဒီညီမွ်ျခင္းဟာ အသိသစ္ကို ေပးတာေပါ့။
နည္းနည္းထပ္ အေသးစိတ္ျကည့္ရေအာင္။ က = ခ ဆိုတဲ့ ညီမွ်ျခင္းမွာ ကျကီးနဲ့ ခေခြး တူညီတယ္ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျကီးက က၊ ခေခြးက ခ။ ပံုသ႑ဍာန္တူတာေတာ့ မဟုတ္ဖူး။ ဒါျဖင့္ ဘာတူတာလဲ။ အမႈမဲ့ အမွတ္မဲ့ ျကည့္မယ္ဆိုရင္ေတာ့ ဒီေမးခြန္းဟာ ေလွ်ာေမြးကို ဗာရာဏသီခ်ဲ ့တဲ့ ေမးခြန္းလို့ ထင္စရာပဲ။ ဒါေပမယ့္ ဒီေမးခြန္းဟာ ဆယ့္ကိုးရာစုကုန္၊ နွစ္ဆယ္ရာစုဆန္းမွာ ဂဏန္းသခၤ်ာသစ္ new arithmetic နဲ့ analytic philosophy ဆိုျပီး စေပၚလာရာမွာ အင္မတန္ အခရာက်တဲ့ ေမးခြန္းပဲ။ ဒီေတာ့ ေခတ္သစ္ေလာဂ်စ္ရဲ ့ ဖခင္လို့ သတ္မွတ္ျကျပီးနဲ့ analytic philosophy ကို ဘာထရန္ရပ္ဆယ္၊ Wittgenstein တို့နဲ့အတူ ကူညီဖြားျမင္ေပးသူလို့ သတ္မွတ္ျကတဲ့ Gottlob Frege ဒီေမးခြန္းကို ဘယ္လို ခ်ဉ္းကပ္ခဲ့သလဲဆိုတာ ျကည့္ရေအာင္။
က = ခ ညီမွ်ျခင္းမွာ ကျကီးက ရည္ညွြန္းတဲ့အရာနဲ့ ခေခြးက ရည္ညွြန္းတဲ့အရာ တူတာလို့ Frege ကေျပာတယ္။ အဲဒိ အရာကို ဂ်ာမန္လို Bedeutung အဂၤလိပ္လိုေတာ့ reference လို့ ဘာသာျပန္ျကတယ္။ ဗမာလို ရည္ညွြန္းခံလို့ ခဏ ဘာသာျပန္ထားျကည့္မယ္။ ဒီေတာ့ က = ခ ညီမွ်ျခင္းမွာ ကျကီးက ရည္ညွြန္းတဲ့ အရာနဲ့ ခေခြးက ရည္ညွြန္းတဲ့အရာဟာ တခုထဲပဲ ဆိုတာကို ေျပာခ်င္တာလို့ Frege ကေျပာတယ္။ ‘ကျကီး’ နဲ့ ‘ကျကီးက ရည္ညွြန္းထားတာ’ နွစ္ခုက မတူဘူး။ ပထမတခုကို သူက sign လို့ေခၚျပီး (ဗမာလို သေကၤတလို့ ဘာသာျပန္ထားမယ္) သေကၤတက ရည္ညွြန္းတဲ့ အရာကိုေတာ့ reference (Bedeutung) ရည္ညွြန္းခံလို့ ေခၚတယ္။ ဒီေနရာမွာ သေကၤတဆိုတာ က၊ ခ စတဲ့ အကၡရာေတြကိုတင္ ေျပာတာ မဟုတ္ဖူး။ စကားစုေတြကိုလည္း သေကၤတေတြ အျဖစ္ Frege က သတ္မွတ္တယ္။ ဒီေတာ့ ညေနျကယ္ ဆိုတာ သေကၤတ၊ ညေနျကယ္ရဲ့ ရည္ညွြန္းခံက ေသာျကာျဂိုလ္။
အဲ သေကၤတ sign ရည္ညွြန္းခံ reference အျပင္ ေနာက္တခုလည္း ရွိေသးတယ္လို့ Frege ကေျပာတယ္။ အဲဒါကေတာ့ သေကၤတရဲ့ အဓိပၸါယ္ကို ေဖာ္ျပခ်က္လို့ Frege ကေျပာတယ္။ ဂ်ာမန္လို Sinn အဂၤလိပ္လိုေတာ့ sense လို့ ဘာသာျပန္ျပီး ဗမာလိုေတာ့ အဓိပၸါယ္လို့ ဘာသာျပန္လ်င္ သင့္မယ္ ထင္တယ္။ ဒီေတာ့ ‘မိုးေသာက္ျကယ္’ ဆိုတဲ့ သေကၤတက ‘မနက္မိုးလင္းခါနီး အေရွ ့ဘက္ေကာင္းကင္မွာ ေတြ့ရတဲ့ျကယ္’ လို့ အဓိပၸါယ္ ထြက္ျပီး ဒီသကၤေတရဲ့ရည္ညွြန္းခံကေတာ့ ‘ေသာျကာျဂိုလ္’။
ဒီေတာ့ က = ခ ဆိုတဲ့ ညီမွ်ျခင္းကေန Frege က တဲခနိက ေဝါဟာရ သံုးခု ထုတ္ယူလိုက္တယ္။ ညီမွ်ျခင္းဆိုတာ သကၤေတနွစ္ခုရဲ့ ရည္ညွြန္းခံနွစ္ခု တူညီတာ၊ တခုထဲပဲ ဆိုတာကို ေျပာခ်င္တာလို့ Frege က ဖြင့္ဆိုလိုက္တယ္။ ဒီေလာက္ဆို ေမးခြန္း ၁ ကို Frege ဘယ္လို ခ်ဉ္းကပ္ခဲ့သလဲဆိုတာ သေဘာေပါက္လိမ့္မယ္ ထင္ပါတယ္။ ‘မိုးေသာက္ျကယ္’ ‘ညေနျကယ္’ ဆိုတဲ့ ပုဂၢလနာမ္ေတြဟာ ေသာျကာျဂိုလ္ကို ရည္ညွြန္းတဲ့ signs သေကၤတေတြ။ သူတို့ ရည္ညွြန္းတဲ့ ‘ေသာျကာျဂိုလ္’ က Bedeutung ရည္ညွြန္းခံ။ ‘မနက္မိုးလင္းခါနီး အေရွ့ဘက္ ေကာင္းကင္မွာ ေတြ့ရေသာျကယ္’ က မိုးေသာက္ျကယ္ဆိုတဲ့ သေကၤတရဲ့အဓိပၸါယ္ sense ကို ေဖာ္ျပခ်က္။
သေကၤတေတြရဲ့ရည္ညွြန္းခံေတြဟာ တိက်တဲ့ ဝထၳုေတြ definite object ေတြ (အေပၚက ဥပမာမွာ ေသာျကာျဂိုလ္ဟာ တိက်တဲ့ ဝထၳု) လို့ Frege က ေျပာတယ္။ (အလ်ဉ္းသင့္လို့ ေျပာခ်င္တာက Frege ရဲ့ေလာဂ်စ္မွာ object အျပင္၊ concept နဲ့ relation ဆိုတာလည္း ရွိေသးတယ္။ ခုေျပာခ်င္တာက ဝထၳု object ဟာ concept မဟုတ္သလို relation လည္း မဟုတ္ဖူး ဆိုတာပဲ။) တဘက္မွာ သေကၤတေတြကေတာ့ ပုဂၢလနာမ္ေတြ။ ေနာက္တခါ သေကၤတတခုရဲ့ အဓိပၸါယ္ကို အဲဒိ သေကၤတကို အသံုးျပုသူေတြ နားလည္နိုင္ေပမယ့္ အဲဒိ သေကၤတမွာ ရည္ညွြန္းခံ Bedeutung ရွိမရွိ အာမမခံနိုင္ဘူး။
ဆိုပါစို့ ‘ကမၻာက အေဝးဆံုးေနရာ’ ဆိုတဲ့ သေကၤတက အဓိပၸါယ္တခုကို ေျပာတာ။ ကမၻာက အေဝးဆံုးအမွတ္က ေနရာကို ေျပာတာလို့ နားလည္ျကမယ္။ ဒါေပမယ့္ အဲဒိေနရာ တကယ္ ရွိမရွိ အာမမခံနိုင္ဘူး။ အလားတူပဲ ‘ကမၻာမွာ အညံ့ဆံုး အဖ်င္းဆံုး အသံုးမက်ဆံုး အတိုက္အခံ ေခါင္းေဆာင္’ ဆိုတဲ့ သေကၤတက အဓိပၸါယ္ တခုကို ေဖာ္ျပေနတယ္။ အညံ့ဆံုး၊ အဖ်င္းဆံုး၊ အသံုးမက်ဆံုး၊ အတိုက္အခံ၊ ေခါင္းေဆာင္ဆိုတဲ့ ေဝါဟာရေတြနဲ့ စာဖြဲ့စည္းပံု သဒၵါကို သိလ်င္ ဒီသေကၤတရဲ့အဓိပၸါယ္ကို သိမွာဘဲ။ ဒါေပမယ့္ ဒီသေကၤတက ရည္ညွြန္းသူကေတာ့ ရွိခ်င္လည္း ရွိမယ္၊ မရွိတာလည္း ျဖစ္နိုင္တယ္။ ေျပာျပီးသေလာက္ကို အက်ဉ္းျပန္ခ်ုပ္ရရင္
ပုဂၢလနာမ္တခုဟာ (သေကၤတ၊ စကားလံုး၊ စာစု၊ ေဖာ္ျပခ်က္ အစရွိသည္) သူ့ရဲ ့ အဓိပၸါယ္ sense ကို ေဖာ္ျပတယ္၊ သူ့ရဲ့ရည္ညွြန္းခံ Bedeutung ကို ရည္ညွြန္းတယ္။ သေကၤတတခုကို အသံုးျပုျခင္းျဖင့္ သူ့ရဲ့sense အဓိပၸါယ္ကို ေဖာ္ျပျပီး သူ့ရဲ ့Bedeutung ရည္ညွြန္းခံကို ရည္ညွြန္းတယ္။
so far so good. ဒီေနရာမွာ တခ်ို့ ဦးေနွာက္ေျပးတဲ့လူမ်ားက ဒီလို ေမးလာနိုင္စရာ ရွိတယ္။ ဆိုပါစို့ ‘မဟာ ဇနက’ ဆိုတဲ့ သေကၤတကို ျကည့္လ်င္ အဲဒိ သေကၤတဟာ တိက်တဲ့ ဝထၳုတခုကို ရည္ညွြန္းတယ္လို့ ဘယ္လို အေသအခ်ာ ေျပာနိုင္မလဲလို့ ေမးလာ နိုင္စရာရွိတယ္။ ဘာလို့ဆို ‘မဟာ ဇနက’ ဆိုတဲ့ သေကၤတက ရည္ညွြန္းတဲ့ ပင္လယ္ထဲ ခုနွစ္ရက္တိုင္တို္င္ မနားတမ္း ကူးခပ္ေနတဲ့ ဘုရားအေလာင္း ပုဂၢိုလ္ထူး ဆိုျပီး နားလည္ေနတဲ့ အရာဟာ အျပင္မွာ တကယ္ ရွိမရွိ ဘယ္လိုလုပ္ သိနိုင္မလဲ။ ေနာက္တခါ God ဘုရားသခင္ ဆိုတဲ့ သေကၤတ ရွိတိုင္း သူ့ရဲ့ ရည္ညွြန္းခံတခု ရွိမရွိ အေသအခ်ာ ဘယ္သိနိုင္မလဲ၊ ဒီေတာ့ အရာတိုင္းမွာ ရည္ညွြန္းခံ ရွိမရွိ ဘယ္လိုလုပ္ သိနိုင္မလဲ။ က်ေနာ့ အထင္ေတာ့ ဒီေမးခြန္းဟာ အရမ္းေကာင္းတယ္လို့ ထင္တယ္။ ဒါေပမယ့္ ဒီေမးခြန္း အတြက္ က်ေနာ့မွာ အေျဖမရွိဘူး။ ေဆာရီးပဲ။
ခုတခါ ေျပာခဲ့သေလာက္ Frege ရဲ့သေကၤတ၊ အဓိပၸါယ္၊ ရည္ညွြန္းခံ ခြဲျခားမႈကို သခၤ်ာမွာ အသံုးခ်ျကည့္ရေအာင္။ တကယ္က Frege က အေပၚက ခြဲျခားမႈကို သခၤ်ာနဲ့ စတာ။ သခၤ်ာညီမွ်ျခင္းတခုျဖစ္တဲ့ ၂ + ၂ = ၂ x ၂ ကိုျကည့္။ ‘၂ + ၂ ‘ဆိုတဲ့ sign သေကၤတဟာ ‘၂ နဲ့ ၂ ကို ေပါင္းထားျခင္း’လို့ sense အဓိပၸါယ္ ထြက္ျပီး ‘၄’ ဟာ ဒီသေကၤတရဲ့ Bedeutung ရည္ညွြန္းခံျဖစ္တယ္။ အလားတူပဲ၊ ၂ x ၂ ဟာ ၂ နဲ့ ၂ ကို ျမွောက္ထားျခင္းလို့ အဓိပၸါယ္ထြက္ျပီး ၄ ဟာ သူ့ရဲ ့ရည္ညွြန္းခံ ျဖစ္တယ္။ ဒီေတာ့ အေပၚက သခၤ်ာ ညီမွ်ျခင္းက သေကၤတ နွစ္ခု ညီတယ္ဆိုတာဟာ တကယ္က ဒီသေကၤတေတြရဲ့ရည္ညွြန္းခံ တူတာ၊ တခုထဲ ျဖစ္တာကို ေျပာတာ။
ခုထိေတာ့ သေကၤတေတြ၊ စကားလံုးေတြရဲ ့အဓိပၸါယ္နဲ့ ရည္ညွြန္းခံ Bedeutung ကိုပဲ ေျပာေနေသးတယ္။ တခါ ဝါက်ေတြရဲ ့အဓိပၸါယ္နဲ့ ရည္ညွြန္းခံေတြ ဘယ္လို ျဖစ္မလဲဆိုတာ ဆက္ေလ့လာျကည့္ရေအာင္။ ကဲ ဝါက်တခု ခ်ေရးျကည့္မယ္။
တိုက္စိုးဟာ ဗုဒၶဘာသာ အေျကာင္း စာအုပ္ေတြ အမ်ားျကီး ေရးခဲ့တယ္။
ဒီဝါက်နဲ့
ဆရာ ဦးသန္းထြတ္ဟာ ဗုဒၶဘာသာ အေျကာင္း စာအုပ္ေတြ အမ်ားျကီး ေရးခဲ့တယ္။
ဆိုတဲ့ ဝါက်နွစ္ခုမွာ တိုက္စိုးနဲ့ ဆရာ ဦးသန္းထြတ္ဟာ တေယာက္ထဲ ဆိုတာကို မသိသူ အတြက္က ဝါက် တခုဟာ မွန္ျပီး ေနာက္တခုက မွားတယ္လို့ ထင္ေကာင္းထင္နိုင္တယ္။ ဒါကိုျကည့္လ်င္ ပထမဝါက်ကို ဖတ္ျပီး ေပၚလာတဲ့ အေတြးနဲ့ (စကားမစပ္ အေတြး thought ဆိုတာ subjective performance of thinking လူပုဂၢိုလ္တေယာက္ရဲ့သူနဲ့သာ ဆိုင္တဲ့ စဉ္းစားမႈ မဟုတ္ဖူး၊ objective content ကို ဆိုလိုတယ္လို့ Frege ကေျပာတယ္။) ဒုတိယ ဝါက်ကို ဖတ္ျပီး ေပၚလာတဲ့ အေတြးနွစ္ခု မတူတာ ေတြ့ရမယ္။ ဒီေတာ့ အေတြး thought ဆိုတာ ဝါက်ရဲ့Bedeutung ရည္ညွြန္းခံကို ေျပာတာ မဟုတ္ဘဲ sense အဓိပၸါယ္ကို ေျပာတာလို့ ယူရလိမ့္မယ္။
ဒါျဖင့္ ဝါက်ရဲ့ရည္ညွြန္းခံ Bedeutung ဟာ ဘာလဲ။ ေနာက္ ဝါက်တခု ထပ္ ေရးျကည့္ရေအာင္။
မဟာဇနကဟာ ခုနွစ္ရက္တိုင္ သမုဒၵရာထဲ ကူးခပ္ျပီးေနာက္ မဏိေမခလာ နတ္သမီးက သူ့ကို သမုဒၵရာထဲကေန ဆယ္ယူေပြ့ခ်ီျပီး ေက်ာက္ဖ်ာေပၚ အသာ တင္ထားေပးခဲ့တယ္။
ျမန္မာစာ ဖတ္တတ္သူ ဘယ္သူမဆို ဒီဝါက်ရဲ ့အဓိပၸါယ္ကို နားမလည္ မရွိဘူး။ ဒါေပမယ့္ ဒီဝါက်ဟာ မွန္လား၊ မွားလားကို သိနိုင္ဖို့ မဟာဇနက ဆိုတဲ့ သေကၤတရဲ့ရည္ညွြန္းခံ၊ မဏိေမခလာ နတ္သမီးဆိုတဲ့ သေကၤတရဲ ့ရည္ညွြန္းခံကို မစဉ္းစားလို့ မရေတာ့ဘူး။ တနည္းအားျဖင့္ ဝါက်တခုရဲ့ truth-value ဟာ ဒီဝါက်ရဲ့ ရည္ညွြန္းခံေပၚ မူတည္တယ္။
ဝါက်တခုရဲ ့အဓိပၸါယ္ကို နားလည္ခ်င္ နားလည္မယ္။ တနည္း ဝါက်တခုဟာ အဓိပၸါယ္ ရွိခ်င္ ရွိမယ္၊ အဲ့သလို အဓိပၸါယ္ရွိမႈဟာ ဒီဝါက်ကို နားလည္သူ ေရးသူရဲ ့အေတြးကို ေဖာ္ျပရာ ေရာက္တယ္။ ဒါေပမယ့္ အေတြးတခုထဲနဲ့တင္ အမွန္၊ အမွားကို မသိနိုင္ဘူး။ က်ေနာ္တို့ဟာ ဝါက်ေတြေရးတဲ့အခါ ဒီဝါက်ေတြရဲ ့အဓိပၸါယ္ကို နားလည္ရံု sense ကိုသိရံု နဲ့ ဘဝင္မက်တတ္တာဟာ ဘာ့ေျကာင့္လဲဆိုေတာ့ ဒီဝါက်ရဲ ့truth-value ကို စိတ္ဝင္စားတဲ့ အတြက္ျဖစ္တယ္။ ဝါက်တခုရဲ ့အမွန္အမွားကို စိတ္မဝင္စားဘူးဆိုလ်င္ ‘မဟာဇနက’ ဆိုတဲ့ နံမယ္မွာ ရည္ညွြန္းခံ ရွိမရွိ ဘာမွ စိတ္ဝင္စားစရာ မလိုေတာ့ဘူး။ ကဗ်ာေတြ၊ အနုပညာေတြနဲ့ ဖီေလာ္ေဆာ္ဖီ ကြာတဲ့ အခ်က္တခ်က္က ဒီအခ်က္ပဲ။ မဟာဇနက ဝါက်ကို နားေထာင္ေကာင္းရံု ပံုျပင္သာသာ သေဘာထားခ်င္လ်င္ သူ့အဓိပၸါယ္ကို ေပၚေအာင္ ေရးတာနဲ့ ရည္ရြယ္ခ်က္ ျပည့္ေျမာက္တယ္။ ဒါေပမယ့္ ဝါက်ေတြရဲ ့အမွန္၊ အမွားကို စိတ္ဝင္စားသူဟာ ဝါက်ရဲ ့အဓိပၸါယ္နဲ့တင္ ေက်နပ္လို့ မရဘူး။
ခုအေပၚမွာ ေရးခဲ့သေလာက္ဟာ သခၤ်ာသစ္ရဲ ့ဖခင္ျကီး၊ analytic philosophy ကို စတည္ေထာင္သူ တေယာက္အျဖစ္ တေလးတစား သတ္မွတ္ခံရတဲ့ ဂ်ာမန္ သခၤ်ာ ပညာရွင္ Gottlob Frege ရဲ့အထင္ရွားဆံုး အက္ေဆး On Sense and Reference (ဂ်ာမန္လို Auf Sinn und Bedeutung) အက္ေဆးရဲ ့ပထမတဝက္ကို ေဝငွခဲ့တာ ျဖစ္ပါတယ္။ ဒုတိယ တဝက္ကို တခ်ိန္မွာ ဆက္တင္နိုင္မယ္ ေမွ်ာ္လင့္ပါတယ္။ အဂၤလိပ္လို ဖတ္နိုင္သူမ်ားက ဒီအက္ေဆးကို ရွာဖတ္နိုင္သလို Frege နဲ့ သခၤ်ာသစ္၊ ဖီေလာ္ေဆာ္ဖီ အေျကာင္း သိခ်င္သူေတြကေတာ့ ဒီလင့္မွာ http://plato.stanford.edu/entries/frege/ ဆက္ျပီးေလ့လာနိုင္ပါတယ္။
ဝတုတ္
Please USE Burmese font when you comment the article in Bamar language.