အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။
ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။”
http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html
ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။
ဒေါ်အောင်ဆန်းစုကြည်လက်ဆွဲနှုတ်ဆက်တာဟာ ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ နိုင်ငံရေးကနေ ထွက်ပေါက်ရှာတဲ့အနေနဲ့ နှုတ်ဆက်တာ။ ဒီလိုပူးပေါင်းတာဟာ မှန်တယ်ဆိုပြီး တထစ်ချပြောလို့မရသေးသလို စစ်အစိုးရကျူးလွန်ခဲ့တဲ့ အမှုတွေကို နိုင်ငံအတွက်လူထုအတွက် ဥပဒေကြောင်းအရ ဘာမှမလုပ်ပါဘူးလို့လဲ ကတိကဝတ်ပေးမထားဘူး။
ဇာဂနာဟာ သူ့ကိုယ်သူနှိပ်စက်ခံရတဲ့လူအနေနဲ့ပုံဖော်ထားတယ်။ သူကိုယ်တိုင်ကဘာမှမပြောရဘဲ ကျေအေးနိုင်သေးရင် ကျန်တဲ့လူတွေကဘာဖြစ်လို့ဝင်ပြောနေရလဲလို့ပြောထားတယ်။ ဇာဂနာဟာ ခင်ညွန့်ကသူ့ကိုဖမ်းတယ်။ သူကျေအေးရင်ပြီးတာပဲလို့ ယူဆတယ်။ ဒါဟာသိပ်ပြီးတိမ်ပါတယ်။
ဇာဂနာကို ခင်ညွန့်ကဖမ်းတာဟာ သာမန်ပုဂ္ဂိုလ်တယောက်ကို တခြားပုဂ္ဂိုလ်တယောက်က ဖမ်းတာ သက်သက်မဟုတ်ပါဘူး။ ဓမ္မကို အဓမ္မက အနိုင်ယူတာ။ ငြိမ်းချမ်းမှုကို လက်နက်က ခြိမ်းခြောက်တာ။ ပြည်သူကို အာဏာရှင်က အနိုင်ကျင့်တာလို့ပဲ မြင်ကြတယ်။ ဒါ့ကြောင့်သူပြန်လွတ်ဖို့ ဝိုင်းပြီးကြိုးပမ်းကြတယ်။ သူလွတ်လာတော့ ပြည်သူတွေက သူတို့ကိုယ်တိုင်လွတ်လာသလို ပျော်ကြတယ်။
တရားမျှတမှုကိုလိုလားတဲ့ပြည်သူတွေဟာ ဇာဂနာတို့ မင်းကိုနိုင်တို့ တခြားနိုင်ငံရေးအကျဉ်းသားတွေထောင်ထဲမှာ ရှိနေသရွေ့ စိတ်မချမ်းသာကြဘူး။ သူတို့ကိုယ်တိုင်ဘာမှမလုပ်ပေးနိုင်တာကို အပြစ်မကင်းဘူးလို့ ယူဆကြတယ်။ နိုင်ကျဉ်းတွေအတွက် လက်ဝတ်လက်စားတွေရောင်းပြီးထောက်ပံ့တဲ့လူတွေကို အများကြီးတွေ့ဖူးတယ်။ ဒီလိုလုပ်ကြတာဟာ နိုင်ကျဉ်းတွေဟာ ဓမ္မကို ကိုယ်စားပြုလို့ပဲ။
ဇာဂနာလက်လွတ်စပယ်ပြောလိုက်တာဟာ သူ့ကိုဓမ္မကိုယ်စားလှယ်အဖြစ်မြင်နေတဲ့ ပြည်သူလူထုကို စော်ကားသလိုပဲ။ သူခွင့်လွှတ်တာနဲ့ ခင်ညွန့်က အပြစ်ကလွတ်သွားမတဲ့လား။ အနည်းဆုံး အနာဂတ်မှာ ဒုတိယခင်ညွန့်တွေမပေါ်ဖို့ သူတာဝန်ယူနိုင်လား။
ခင်ညွန့်ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးတွေ ဇာဂနာတို့၊ မင်းကိုနိုင်တို့နဲ့ တခြားနိုင်ငံရေးတက်ကြွသူတွေကို ဖမ်းပြီးထောင်ချတဲ့ အကျိုးဆက်တွေ လူငယ်တွေအပေါ်မှာအများကြီးရိုက်ခတ်ပါတယ်။
နိုင်ငံရေးကို ကြောက်စရာအဖြစ်နဲ့မြင်ကြတယ်။ ဇာဂနာရဲ့အမေ အဘွားဒေါ်ကြည်ဉီးရဲ့အိမ်ကို လူတိုင်းလိုက်မပို့ပေးရဲဘူး။ နိုင်ငံရေးမိသားစုတွေကို လူတွေကကြောက်သလိုလို ရွံ့သလိုလို ဆက်ဆံကြတယ်။ မီဒီယာတွေကိုကြောက်ကြတယ်။ အဖွဲ့အစည်းတွေ၊ အုပ်စုတွေကြားမှာ အမြဲတမ်းထောက်လှမ်းရေးတယောက်ယောက်ရှိသယောင် သံသယတွေရှိတတ်ကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ အချင်းချင်းယုံကြည်ဖို့တည်ဆောက်ဖို့ အင်မတန်ခက်တယ်။ ဒါတွေဟာ ထောက်လှမ်းရေးရဲ့ အဓိကအကျိုးဆက်တွေထဲက အနည်းငယ်ပါ။
နိုင်ငံတနိုင်ငံပြန်ထူထောင်ဖို့ဆိုရင် အတိတ်ကအမှားတွေ ပြန်မလုပ်မိအောင် သင်ခန်းစာယူနိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ သင်ခန်းစာယူဖို့ အနည်းဆုံး ဘာတွေဖြစ်ခဲ့သလဲဆိုတာ တိတိကျကျသိရမယ်။ အရေးယူတာ မယူတာကတပိုင်း၊ အနည်းဆုံး ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ သိရမယ်။ တာဝန်ရှိတဲ့လူတွေက မှားခဲ့တာတွေကို ရိုးရိုးသားသားတောင်းပန်နိုင်ရမယ်။ အဲဒီအမှားတွေပြန်မဖြစ်အောင် ဘာတွေလုပ်ကြမလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရမယ်။ ဥပဒေပညာရှင်တွေပိုနားလည်မှာပါ။ အနောက်နိုင်ငံတွေမှာ restorative justice ဆိုတာရှိတယ်။ တိုင်းပြည်ထူထောင်ဖို့ ရှေ့လူတွေလုပ်ခဲ့တဲ့အမှားတွေကို တဉီးချင်းသင်ပုန်းခေျတာဟာ သူတို့ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ပြတယ်လို့မယူဆဘူး။ တိမ်တိမ်တွေးတယ်။ သူတို့ဟာ ဓမ္မ၊ လွတ်လပ်မှုတို့ ဒီမိုကရေစီတို့ကို ကိုယ်စားပြုတယ်လို့ ယုံကြည်တဲ့ ပြည်သူကိုစော်ကားတယ်လို့ပဲ ယူဆတယ်။ အထူးသဖြင့် အမှားတွေဆက်မဖြစ်ဖို့ တာဝန်မယူဘူး။ တာဝန်မဲ့တဲ့စကားတွေပြောနေတယ်လို့ မြင်တယ်။
ဒါနဲ့ဆက်စပ်ပြီး ဒီအင်တာဗျူးမှာပဲ ခင်ညွန့်ပြောခဲ့တာတခုကို ထောက်ပြချင်တယ်။ သူက တာဝန်အရသာလုပ်ခဲ့ရတယ်။ စိတ်ထဲမှာဘာမှမရှိဘူးလို့ပြောတယ်။ ဇာဂနာကခင်ညွန့်ကိုယ်စားတောင် ပြောပေးနေသလိုဖြစ်သွားပြီ။ လူတိုင်းလူတိုင်းဟာ စနစ်ကိုပုံချကြတယ်။ ခင်ညွန့်ဟာ သူ့ခေတ် သူ့စနစ်ရဲ့ ဗိသုကာတယောက်ပါ။ စနစ်ကို ခြေသုတ်ခုံနေရာက လိုက်ခဲ့ရတာမဟုတ်ဘူး။ နယ်စပ်ကဒုက္ခသည်တွေပါထည့်တွက်ရင် သိန်းနဲ့ချီတဲ့ ဗမာတွေ တိုင်းရင်းသားတွေရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်ခဲ့တဲ့ လူနည်းစုထဲကတယောက်။
လွတ်လာတဲ့ကျောင်းသားတယောက်က သူနဲ့လွတ်လာတဲ့ထောက်လှမ်းရေးတွေနဲ့ ပတ်သက်ပြီးပြောတယ်။ သူတို့က စနစ်ရဲ့သားကောင်တွေပါတဲ့။ သာမန်ကြည့်ရင် ဒီစကားကမှန်သလိုလိုပဲ။ ဒါပေမယ့် စနစ်ရဲ့သားကောင်ဖြစ်ရကြေးဆို ၈၈ ကျောင်းသားတွေလည်း ၈၈ကျောင်းသားတွေဖြစ်လာစရာမရှိဘူး။ ရွှေဝါရောင်တော်လှန်ရေးပေါ်စရာမရှိဘူး။ စနစ်တွေက ဖိထားတဲ့စနစ်တွေမဟုတ်လား။ ပိပိပြားပြားတွေပဲထွက်လာမှာပေါ့။ တာဝန်သိမှုနဲ့ သတ္တိရှိမှုပေါင်းပြီး စနစ်ရဲ့သားကောင်အဖြစ်မခံဘဲ တိုင်းပြည်အတွက်လုပ်ခဲ့တဲ့လူတွေဟာ အခုစနစ်ကိုအပြစ်ပုံချနေတဲ့လူတွေကို လွယ်လွယ်သင်ပုန်းခေျပေးနေကြတာဟာ လက်ရှိအနိုင်ကျင့်မြဲ၊ လာဘ်စားမြဲလုပ်နေတဲ့လူတွေကို ကြိုပြီးခွင့်လွှတ်ပေးနေသလိုပဲ။ စနစ်ကြောင့်ဆိုတာထက် တဦးချင်းစီမှာတာဝန်ရှိတယ်လို့ ပြောင်းပြောကြရင် တိုင်းပြည်အတွက်ပိုကောင်းလာနိုင်တယ်။
ရေးလက်စနဲ့ ဆက်ရေးလိုက်ဦးမယ်။ နာမည်ကြီးသူတွေကို ဝေဖန်ပိုင်ခွင့်လိုင်စင်ကို ကန့်သတ်ထားတာလဲ တွေ့ရတယ်။ ၁။ နိုင်ငံရေးကြောင့်ထောင်ကျဖူးရမယ်။ ၂။ ပြည်တွင်းမှာလှုပ်ရှားနေသူဖြစ်ရမယ်။ စသဖြင့် စသဖြင့်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ် ဝေဖန်ချင်စရာရှိရင် လွတ်လွတ်လပ်လပ်ဝေဖန်နိုင်ခွင့်ရှိရမယ်။ ဝေဖန်တယ်ဆိုကတည်းက အဲဒီဝေဖန်တဲ့အကြောင်းကို ကိုယ်ကစိတ်ဝင်စားလို့။ အရေးစိုက်လို့။ ကောင်းတာဖြစ်စေချင်လို့ပဲ။ ညီညွတ်ရေးကိုထောက်ထားပါဆိုပြီး ပြောတာတွေလည်း ရှိတယ်။ အခုတော့ အမှန်ကိုထောက်ထားပြီး လွတ်လပ်စွာဝေဖန်ပါတယ်။ ကိုယ့်ကိုအဲဒီဝေဖန်ခွင့်ဘယ်လောက်ပေးမလဲဆိုတာ စာဖတ်သူတွေရဲ့ ကွန်မန့်တွေ တနည်းဆဲစာတွေကနေလဲ ပြန်သိနိုင်မယ်ထင်ပါတယ် J
ဇီဇဝါ
ဇာဂနာ အဲ့သလို ပြောသတဲ့လား။ ဒေါ်အောင်ဆန်းစုကြည် လက်ဆွဲနှုတ်ဆက်တာနဲ့ ကျန်တဲ့ လူတွေလည်း လက်ဆွဲနှုတ်ဆက်သင့်ရောတဲ့လား မောင်ဂတုံးရယ်။ ဒေါ်အောင်ဆန်းစုကြည် ဟိုဟာ စားလျင် ကျန်တဲ့လူတွေပါ လိုက်စားရမယ်လို့ မျှော်လင့်သတဲ့လား မောင်ရယ်။ ဇာဂနာ ဒီလို ပြောတာ ကြည့်လျင် အမှန်အမှားကို ဒေါ်အောင်ဆန်းရကြည်က အဆုံးအဖြတ်ပေးမယ်လို့ ယူဆထားတဲ့ မောင်ဂတုံးရဲ့ အုန်းကိုတော့ သနားတယ်လို့ပဲ ပြောပါရစေကွယ်။
နောက်တခုက ထောင်ကျ တန်းကျရုံနဲ့ ကိုယ်ဟာ အမှန်ကို တရားမျှတမှုကို ကိုယ်စားပြုတယ်လို့ တထစ်ချ မှတ်ယူထားတယ်။ တထစ်ချ မှတ်ယူရုံမက ကျန်တဲ့လူတွေက ကိုယ့်ကို ပြောခွင့် မရှိစေရဘူး ဆိုပြီးပါ တခါတည်း ကြိုပိတ်ထားတယ်။ ဒါဟာ သူရဲဘောကြောင်သူတွေရဲ့ အပြောပဲ။ ငါကိုယ်ကျိုး စွန့်ထားတာမို့ ငါပဲ ပြောခွင့် ရှိတဲ့ သဘောမျိုး ပြောလာတဲ့ အတွက် ပြန်မေးပါရစေ။ ခင်ဗျား ကိုယ်ကျိုးစွန့်တာ မှန်လျင်တောင် အဲ့ဒီအတွက် ခင်ဗျားမှာသာ ပြောခွင့် ရှိတယ်ဆိုတဲ့ ကွန်ကလူးရှင်းကို ဘယ်လို ရောက်သလဲဆိုတာ ရှင်းပြစမ်းပါလို့ ပြန်မေးခွန်းထုတ်ချင်တယ်။
ထညက်ကျွေးတာပဲ မှတ်မိပြီး ကိုယ့်ရိုက်တာ မမှတ်မိတဲ့ လူပျက်ကိုတော့ အင်း နောက်ဆုံးတော့လည်း လူပျက်အဆင့်မှာပဲ ထားရမယ့်ပုံပဲ။
I truly agree with you, it’s better to read with Zawgyi to send other as common used. Please read following for all :
ခွင့်လွှတ်တယ်၊ မေ့ပစ်ဖို့တော့မဟုတ်ဘူး
http://www.weeklyeleven.com/index.php?option=com_content&view=article&id=11981:2012-01-20-08-47-13&catid=78:2009-11-13-06-25-17&Itemid=135
@set htun
အကြောင်းမစပ် သေရွာရောက် သူခိုးဇော်ဂျီကို ဖုတ်သွင်းဖို့ ကြိုးစားတဲ့ ငတုန်းကရှိသေးတယ်။