၁၉၉၆ခုနှစ်။ တက္ကသိုလ်ရောက်တာ တလပဲရှိသေး။ ကျောင်းကပိတ်သွားပြီ။ ကျောင်းဖွင့်တာကို စောင့်မလား။ တခြားစာတွေသင်မလား။ အင်္ဂလိပ်စာသင်တန်း ၃ခုလောက်မှာ ကိုယ့်ကိုကိုယ်သွားအပ်လိုက်တယ်။ အဒေါ်ပြန်လာပြီး ဂျီစီအီး အိုသင်တန်းတွေဖွင့်တယ်။ ပထမဆုံးအသုတ်ကျောင်းသားတွေထဲမှာ အဖေအမေ၊ ဆွေမျိုးတွေ နိုင်ငံခြားရောက်နေသူတွေလဲရှိ၊ ဘယ်သူမှနိုင်ငံခြားမှာမရှိဘဲ အလကားနေအလကား လာတက်ကြသူ ကိုယ့်လို လူမျိုးတွေလဲရှိ။ ဆရာတွေအသင်အပြကောင်းတာ၊ သူတို့ကိုကြောက်တာနဲ့ ၁ဝတန်းတုန်းကစာဖတ်ရှိန်လေးနဲ့ပေါင်းပြီး အမှတ်တွေက အမှတ်မထင်ကောင်းသွားရော။ အဲဒီမှာ တံခါးတွေဖွင့်ဖို့ လုပ်ရတော့တာပါပဲ။
ဇွန်လကုန်လောက်က ဗီဇာသက်တမ်းတိုးဖို့ရာ home office ကို ပတ်စပို့နဲ့ စာရွက်စာတမ်းတွေ ပို့လိုက်ပါတယ်။ လူကိုယ်တိုင်သွားလျှောက်ရင် နေ့ချင်းပြီးရပေမယ့် ပေါင်၂ဝဝတောင် ကွာတာမို့ စာတိုက်ကပဲ ပို့လိုက်ပါတယ်။
ငှက်ပျောသီးဘူးဆိုတာကို ကြားဖူးကြပါသလား။ ငှက်ပျောသီးကို အိတ်ထဲထည့်ယူသွား တဲ့အခါ ထိမိ၊ ထိုးမိပြီး မည်းသွား၊ ပျော့ပြဲပြဲဖြစ်သွားတာကို မကြိုက်တဲ့လူတွေအတွက် ငှက်ပျောသီးဘူး banana guard ဆိုပြီး ဈေးကွက်ထဲမှာ ရောက်နေပါပြီ။ ၄.၉၉ ပေါင်တဲ့။ ငှက်ပျောသီးထက် ၂ဆလောက်ကြီးတဲ့ အဲဒီဘူးကြီးကို သုံးနေသူတွေကိုလဲ တစတစတွေ့နေပါပြီ။ အလုပ်မရှိ ကြောင်ရေချိုးလို့ဆိုမလား။ တီထွင်နိုင်လွန်းသူတွေလို့ ဆိုမလား။ စူပါမားကတ်မှာ ၁၁ပြားလောက်ပဲ ပေးရတဲ့ ငှက်ပျောသီးထက် ဘူးဖိုးက အဆမတန်ပိုကြီးနေတာတော့ အမှန်ပဲ။ (picture downloaded from www.bananaguard.com)
ဝါးနဲ့ရက်ထားတဲ့ အခေါင်းတွေက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေအတွက် ဖက်ရှင်ဖြစ်လာပြီတဲ့။ မွေးစကနေ သေတဲ့အထိ green lifestyle ကျင့်သုံးချင်သူတွေ များလာတဲ့ သဘောလား။ တတ်နိုင်သူတွေ စိတ်ရူးပေါက်ပြီး ထွင်ကြတာလား။ ဒို့တွေရဲ့ နိုင်ငံမှာတော့ ဆင်းရဲသားတွေ အခေါင်းစပ်ဖို့ ငွေမရှိလို့ ဖျာနဲ့ပတ်ပြီး မြေချရတာ၊ သင်္ဂြိုလ် ရတာ ဟိုးအစောကြီးကတည်းက……. Wendy Richard’s wicker coffin. Photograph: Ian West/PA (downloaded from http://www.guardian.co.uk/environment/2009/mar/11/ethical-living-coffins) ဂါးဒီးယန်းက ဆောင်းပါးကို ဖတ်ချင်ရင်… http://www.guardian.co.uk/environment/ethicallivingblog/2009/mar/10/natural-burial-eco-coffins-death-green
ဗြိတိသျှလူမျိုးက အစွဲအလမ်းကြီးတယ်လို့ ပြောရင် အနည်းနဲ့ အများ မှန်မယ်ထင်ပါတယ်။ ကျွန်မဒီနိုင်ငံရောက်ခါစက ခရစ်စမတ်နားနီးတော့ သူငယ်ချင်းတွေက mince pie စားမလားမေးတော့ အဲဒါဘာလဲ။ မစားဖူးဘူးလို့ ပြန်ဖြေတော့ ဟာဒါခရစ်စမတ်ရာသီမှာ စားရတာ၊ ဒီရာသီမှာ ဒီအစာစားရတယ်တဲ့။ ဗမာပြည်မှာဆို သင်္ကြန်မှာ မုန့်လုံးရေပေါ် စားသလိုနေမှာပေါ့။ အဲဒီသူငယ်ချင်းကပဲ အဲဒီနှစ်ကစပြီး mince pie ပါတီလုပ်ပါတယ်။ ဒို့ တတွေ အစဉ်အလာတခုလုပ်တာပေါ့။ နှစ်တိုင်းခရစ်စမတ်မရောက်ခင် သူငယ်ချင်းတွေစုပြီး mince pie စားကြမယ်တဲ့။
Recent Comments