//
you're reading...
Uncategorized

Ba Ba U Tin Moe

ဒီနေ့တော့ လူချင်းမမြင်ဖူးပေမယ့် စိတ်ထဲကခင်နေတဲ့ အမမိုးချိုသင်းနဲ့ ညီအမတွေအတွက် ဘဘဦးတင်မိုး လန်ဒန်လာသွားတုန်းက အကြောင်းလေး ဘဘအလွမ်းပြေ လက်ဆောင်ပါးလိုက်ပါတယ်။

 

အဲဒီတုံးက ၂၀၀၄အကုန်လား၊ ၂၀၀၅အစလား မမှတ်မိတော့ပါ။ တော်တော်လေးအေးတဲ့ အချိန်ဆိုတာပဲ မှတ်မိတော့တယ်။ ဘဘက လန်ဒန်မှာရောက်နေတယ်ဆိုတော့ ဘဘတည်းတဲ့ ဦးဝင်းနိုင်တို့အိမ်မှာ ဘဘကို သွားနှူတ်ဆက်ကြတယ်။ ဦးဝင်းနိုင်ရဲ့ဇနီးက မုန့်ဟင်းခါးတွေချက်လို့။ မာယာနဲ့စန္ဒရာက သူ့အမေနဲ့အဖေဘေးမှာဆော့လို့။ ဘဘကတော့နောက်ဖေးက ခြံထဲမှာဆေးလိပ်သောက်လို့။  စကားတွေပြောပြီးပြန်ခဲ့ကြတယ်။

 

နောက်၂ရက် ၃ရက်လောက်နေတော့ ဘဘကိုဖုန်းဆက်တော့ ပျင်းလိုက်တာတဲ့။ အဲဒီတုန်းက မာယာတို့မိသားစုတတွေလဲ ပြန်သွားပြီထင်တယ်။ အဲဒါနဲ့ ဘဘအိမ်မှာ လာနေမလားမေးတော့ ၂ခါမမေးရပါဘူး။ ဘယ်တော့လာခေါ်မလဲတဲ့။ အဲဒါနဲ့ အလုပ်ပြီးတော့ ဘဘကိုသွားခေါ်ပြီး လန်ဒန်မြောက်ဘက်နဲ့အရှေ့ဘက် ရထားတတန်ပြီးတတန်စီးပြန်ခဲ့ကြတယ်။

 

အိမ်နားရောက်တော့ ဒီနားမှာ လက်ဖက်ရည်ဆိုင်ရှိသလားတဲ့။ လက်ဖက်ရည်ဆိုင်တော့မရှိဘူး။ တရုတ်လင်မယားဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ကော်ဖီဆိုင်တော့ စာကြည့်တိုက်ဘေးမှာ ရှိတယ်လို့ပြောတော့ ကောင်းသားပဲ။ နက်ဖြန်သွားရအောင်တဲ့။ အိမ်ရောက်တော့ ဘဘနဲ့အိမ်ကသောကြာသား စကားတွေ ပြောလိုက်ကြတာ၊ ချပေးထားတဲ့ ရေနွေးကြမ်းလေးသောက်ပါဦး။ ခဏနားပါဦးပြောရင် စကားမဖြတ်ပါနဲ့တဲ့။ အဲဒီနေ့က တော်တော်ညဥ့်နက်တဲ့အထိ စကားပြောကြတယ်။

 

စကားပြောနေရင်း ဘဘကအင်္ကျီအထူကြီးကောက်ဝတ်တော့ ဟာဘယ်သွားမလို့လဲလို့မေးတော့ အောက်ဆင်းပြီး ဆေးလိပ်သောက်မလို့တဲ့။ အိမ်ကသုံးထပ်မှာဆိုတော့ ဘဘရယ် ဆင်းမနေပါနဲ့ အထဲမှာပဲသောက်လိုက်ပါလို့ ပြောတော့ ဆေးလိပ်သောက်လိုက်၊ စကားပြန်ပြောလိုက်နဲ့။

 

အဲဒီတုန်းက ကျွန်မတို့ကမီးဖိုနဲ့တွဲထားတဲ့ အခန်းတခန်းထဲမှာ ဖြစ်သလိုနေရတော့ ဘဘကို ဆိုဖာကုတင်ပေါ်မှာအိပ်ခိုင်းရတယ်။ ဘဘကတော့ မငြီးရှာပါဘူး။ စကားပြောဖော်ရတာကိုပဲ ၀မ်းသာနေတဲ့ပုံ။ မနက်ရောက်တော့ မကြည်အောင်သီချင်းတွေနားထောင်၊ မြို့မငြိမ်းအကြောင်းတွေပြောနဲ့ ဗမာရှားတဲ့ရပ်ကွက်မှာ ကျွန်မတို့ရဲ့တိုက်ခန်းက အင်မတန်ဗမာဆန်နေလေရဲ့။ အညာသားဗမာစစ်စစ်ကြီး ရောက်နေတာကိုး။

 

နေ့လယ်ကျတော့ ကော်ဖီဆိုင်လေးမှာ သွားထိုင်ပြီးစကားတွေပြောကြပြန်ရော။ ပြောစရာစကားတွေ နှစ်အကြာကြီးစုထားသလိုပဲ။ ထမင်းစားရင်းလဲပြော၊ လမ်းလျှောက်ရင်းလဲပြော၊ စကားပြောနေရင်း ဟိုဟာထည့်စားပါ၊ ဒီဟာထည့်စားပါပြောရင်လဲ နှစ်ယောက်စလုံးက မကြိုက်ကြဘူး။ အဲဒီနေ့က ပန်ထွေဖျော်ချက်တော့ ဘဘကအံမယ် ဒါတွေလည်းလုပ်တတ်ပါလားတဲ့။ ဖြစ်သလိုချက်ထားတာကို ကြံဖန်ချီးကျူးရှာတယ်။

 

စားပြီးတော့ ရဲဘော်သုံးကျိပ်အကြောင်း၊ ထောင်အကြောင်းဆက်ကြပြန်တယ်။ ပြောနေတဲ့လူတွေကို ကြည့်ပြီးကိုယ့်မှာ မောလို့။ ဘဘနောက်နေ့ကျောင်းလိုက်မလားမေးတော့ ကောင်းတာပေါ့ကွတဲ့။ 

 

နောက်နေ့ကျတော့ ဘဘရဲ့လွယ်အိတ်ကိုလွယ်၊ ကားငှားပြီးကျောင်းကိုလာကြတယ်။ ဗမာစာသင်တဲ့ကျောင်းသားလေးတွေကို ဒါတို့နိုင်ငံက နိုင်ငံကျော် ကဗျာဆရာကြီးပဲဆိုတော့ ကျောင်းသားလေးတွေက ခေါင်းတဆတ်ဆတ်လုပ်ကြတယ်။ ဘဘအတန်းကို လာလည်တဲ့အထိမ်းအမှတ်နဲ့ ဘဘကဗျာစာအုပ်လေးထဲက က ကာ ကား၊ ကားကြီးစီးလို့သွား။ ခ ခါ ခါး၊ မွှေးတာ သနပ်ခါး ဆိုတဲ့ကဗျာလေးတွေကို ဘဘနဲ့အတူတူဆိုကြတယ်။ ကကြီး ကကြီး မောင်ကကြီး စသဖြင့် ဆိုနေရင်း ဟောဒီလောက်ကြီး ဆိုတဲ့နေရာလည်းရောက်ရော သူ့လက်တွေကို ကားပြီးကြီးတဲ့အမူအရာလုပ်ပြတော့ ကျောင်းသားတွေက သဘောကျကြတယ်။

 

ကျောင်းသားတယောက်က သူ့မှာ ဗမာနာမည်မရှိပါဘူး။ နာမည်ပေးပါဆိုတော့ ဘဘက ဘာနေ့သားလဲတဲ့။ သူက ကြာသပတေးဆိုတော့ အင်္ဂလိပ်နာမည်က ဘာလဲတဲ့။ Ben White ဆိုတော့ မောင်မိုးဖြူတဲ့။ အဲဒီကျောင်းသားက သဘောကျလို့။ ဗမာပြည်မှာ သူနဲ့တွေ့တုံးက တခြားလူတွေကို သူ့နာမည် မောင်မိုးဖြူပါလို့ ကိုယ့်ကိုကိုယ် မိတ်ဆက်နေတာမြင်တော့ ဘဘကို သတိရမိတယ်။

 

အဲဒီနေ့က ဘဘကို အိမ်တအိမ်က ဆွမ်းကျွေးဖိတ်လို့ လိုက်ပို့ပြီး တည်းတဲ့အိမ်ကို ပြန်ပို့ပေးတယ်။ ဘဘက နောက်နေ့ဘယ်ကိုလည်း မသိဘူး၊ ခရီးဆက်ထွက်သွားတယ်။ အဲဒီအကြိမ်က ဘဘနဲ့ ဒုတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ်တွေ့တာပါပဲ။ ဘဘအကြောင်းကို အမမိုးချိုသင်းရဲ့ စာတွေဖတ်ပြီး တွေးဖြစ်ရင် အတန်းထဲမှာ ကျောင်းသားတွေနဲ့ သူ့ကဗျာလေးတွေဆိုသွားတဲ့ ဘဘကိုပြန်မြင်ဆဲပါ။

 

ဘဘတယောက် ရောက်ရာဘ၀မှာ ကဗျာတွေ စာတွေနဲ့ ပျော်နေပါစေ။

Discussion

One thought on “Ba Ba U Tin Moe

  1. ညီမရေ
    ဖတ်ရတာ ကျေးဇူးတင် လိုက်တာ။ ဘယ်သူများပါလိမ့်။ ကိုသူရိန့် မဒမ်များလား။ အမလဲ အင်္ဂလန်ကို မရောက်ဖူးလို့ မှန်းပြီး ပြောလိုက်တာပါ။ အဖေ ပြောဖူးသမျှကို စဉ်းစားပြီး မေးလိုက်တာမို့ မှားသွားရင် ခွင့်လွှတ်ပါနော်။
    အဖေ့ကို ခရီးသွားတဲ့ ကြုံရာ ဆုံရာတွေမှာ အခုလို ပြုစု စောင့်ရှောက်ကြတာ အဖေပြောပြလို့ သိရတိုင်း မမြင်ဖူးပေမဲ့ စိတ်ထဲမှာ ခင်မင် ကျေးဇူးတင်နေတာ အမတို့ ညီအမတွေ အားလုံးပါပဲ။
    ဒီ ၀က်ဘ်ဆိုက်လေးကိုလဲ မရောက်ဖူးသေးဘူး။ အမြဲစာလာဖတ်မယ်။ အခါအခွင့်သင့်လို့ အယ်လ်အေကို လာရင်လဲ အမတို့အိမ်မှာ တည်းဖို့၊ လာနေဖို့ ဖိတ်ပါတယ်နော်။ အမ တယောက်လိုပဲ ခင်မင်နိုင်ပါတယ်။
    ခင်မင်ကျေးဇူးတင်လျက်
    မိုးချိုသင်း

    Posted by မိုးချိုသင်း | 03/10/2008, 15:49

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: