//
you're reading...
Uncategorized

Sweetest dream ever

 

ဇီဇ၀ါတယောက် ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်မလဲဆိုတဲ့ ဟောပြောပွဲတခုကို သွားပါတယ်။ စီးလာတဲ့ နံပါတ် ၁၈၈ ဘတ်စကားက ထရက်ဖစ်မိနေလို့ ၁၀မိနစ်လောက် နောက်ကျပြီးမှ ခန်းမထဲရောက်ပါတယ်။ ရှေ့ဆုံးမှာကျန်နေတဲ့ တခုံတည်းသော ထိုင်ခုံမှာထိုင်လိုက်ရင်း ဘေးဘီကိုကြည့်မိတော့ ညာဘက်ဘေးမှာ ထိုင်နေတဲ့ Warren Buffet ကိုတွေ့တော့ အိမ်မက်များမက်နေသလားလို့တောင် ထင်မိသေးရဲ့။ 

 

စကားပြောတဲ့ Jeffrey Sachs က မေးချင်တာမေးပါလို့ပြောတော့ ဇီဇ၀ါက လက်ထောင်လိုက်တယ်။ ဗမာပြည်ရဲ့ ပြသနာကိုရော ဘယ်လိုဖြေရှင်းနိုင်မယ် ထင်သလဲလို့မေးတော့ Sachs က ခေါင်းကိုနှစ်ချက်သုံးချက် ကုတ်ပါတယ်။ ပြီးတော့ မျက်မှန်ကို ပင့်တင်ရင်း I’m sorry လို့အစချီပြီး ဗမာပြည်ရဲ့ပြသနာကို ဖြေရှင်းဖို့ တိတိပပနည်းလမ်းတခုမှမရှိပါဘူး။ သူအကြံပေးရတဲ့ ကိုဖီ့ကိုလည်း ဒီလိုပဲပြောခဲ့တယ်တဲ့။ ဇီဇ၀ါတယောက် အားကိုးတကြီးမေးမိပါတယ်။ I’m sorry ကြားရတာပဲအဖတ်တင်တယ်။

 

ပွဲပြီးတော့ Warren Buffet က မင်းကဗမာပြည်ကလားလို့မေးတော့ ဟုတ်ပါတယ် ပြန်ဖြေရင်း သူကဗမာပြည်အကြောင်းတွေမေး၊ ကိုယ်ကပြန်ဖြေနဲ့ ၁၀မိနစ်လောက် ကြာသွားတယ်။ သူကရုတ်တရက် ငါဗမာပြည်အတွက် တခုခုလုပ်ပေးချင်တယ်။ ငွေလည်းလှူချင်တယ်။ ဒါပေမယ့် ထူးဆန်းတဲ့နည်းလမ်းတခုခုနဲ့ လှူချင်တယ်။ မင်းမှာစိတ်ကူးရှိလားလို့မေးပါတယ်။

 

 

ဇီဇ၀ါလည်း Sachs ခေါင်းကုတ်တဲ့စတိုင်နဲ့ခေါင်း ၂ချက်၃ချက် ကုတ်လိုက်တယ်။ ပြီးတော့ခပ်တည်တည်နဲ့ရှိတာပေါ့လို့ ရင်ကိုကော့ပြီး ယုံကြည်ချက်အပြည့်နဲ့ ဖြေလိုက်တယ်။

 

အခုတလော ပရော်ဖက်ဆာက သီးစစ်ကို မြန်မြန်ရေးခိုင်းတိုင်း တနေကုန် ကွန်ပျူတာရှေ့မှာထိုင်ပြီး စာလေးတလုံး နှစ်လုံးရေးလိုက် ဘလော့တွေ လျှောက်ကြည့်လိုက်။ လျှောက်ကြည့်တိုင်း ဦးနှောက်ဆေးတာလို့ ကိုယ့်ကိုကိုယ်ဆင်ခြေပေးလိုက်နဲ့မို့ ဘလော့ဂါတော်တော်များများကို မမြင်ဖူးပေမဲ့ ရင်နှီးနေပြီးသား။ ခေါင်းထဲမှာလည်း ကိုယ့်စာနဲ့ ဘလော့တွေကစာတွေ ရောနေတယ်။

 

Warren Buffet ကို ဒီလိုလုပ်ပါလား။ ဗမာပြည်ထဲမှာရော ဗမာပြည်အပြင်မှာပါ ဘလော့ကို တက်တက်ကြွကြွရေးနေတဲ့ဗမာတွေ အများကြီးရှိတယ်။ ဗမာပြည်ထဲမှာ ကိုယ်ရေးချင်တာ၊ ကိုယ်ပြောချင်တာကို လွတ်လွတ်လပ်လပ်ရေးခွင့် ပြောခွင့်မရလို့ ဘလော့ကနေ လွတ်လပ်မှုကို ဖန်ဆင်းပြီး freedom of expression အတွက် ကိုယ့်ဘာသာ တိုက်ပွဲဝင်နေတဲ့ ဗမာဘလော့ဂါတွေ ရာထောင်ချီရှိတယ်လို့စကားကြီး စကားကျယ်တွေ သုံးပြီး ပြောပစ်လိုက်တော့ Warren Buffet နည်းနည်းစိတ်ဝင်စားလာတယ်။ ဘလော့နဲ့ငါလှူမဲ့ကိစဘာဆိုင်လဲလို့လဲ ထင်ကောင်းထင်နေမယ်။

 

ဇီဇ၀ါကတော့ နောက်တဆင့်တက်တာပေါ့။ အဲဒီတော့ ဒီဘလော့ဂါတွေရဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့စိတ်ကိုလည်း အားပေးရာရောက်အောင်၊ သူတို့တွေချစ်တဲ့ ဗမာပြည်ကိုလည်း ကူညီရာရောက်အောင် ဗမာဘလော့ဂါတွေအားလုံးကို ဖိတ်ပြီး ပို့စ် တခုစီတင်ကြ၊ ပထမဆုကို ဆုငွေ ဒေါ်လာ ၃သန်း၊ ဒုတိယဆုကို ၂သန်း၊ တတိယဆုကို ၁သန်းစီပေးမယ်လို့ ကြေညာလိုက်။ ပို့စ်နဲ့အတူ ဗမာပြည်အတွက် ကျွန်တော်ကျွန်မတို့ရဲ့အိပ်မက်များဆိုပြီးတော့လည်း ဆုငွေကို ဗမာပြည်အတွက် ဘယ်လိုသုံးမလဲဆိုပြီး ရေးခိုင်း။ ဆုငွေရရင် အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ခိုင်း။

 

Warren Buffet ကြီးလည်းသဘောတွေကျပြီး ဟာ ကောင်းတယ်။ ကောင်းတယ်။ ဒါပေမယ့် ဆုရတဲ့ဘလော့ဂါတွေက အလုပ်တွေရှိရင် သူတို့ဗမာပြည်ပြန်ပြီး အိပ်မက်တွေအကောင်အထည်ဖော်တုန်း ကြာနေလို့ဆိုပြီး အလုပ်ပြုတ်နေရင် ဒုက်ခ။ သူတို့မှာ ကျွေးရမွေးရမယ့် မိသားစုတွေလည်း ရှိမှာပါ။ အဲဒီတော့ သူတို့ဗမာပြည်ပြန်တုန်း သူတို့နစ်နာသွားမယ့် လစာတွေပါပေးမယ်လေ။  မကောင်းဘူးလားလို့ တွေးတွေးဆဆနဲ့ ပြန်မေးပါတယ်။ ဟာကောင်းတာပေါ့။ ကောင်းတာပေါ့လို့ ပြန်ဖြေပြီး သူဌေးကြီးကို ဖုန်းနံပါတ်ပေးခဲ့ပြီး မြေကြီးကို မထိချင်တဲ့ ခြေလှမ်းများနဲ့ အိမ်ပြန်ခဲ့ပါတယ်။

 

နောက်နေ့ရောက်တော့ ဖုန်းလာပါတယ်။ Berkshire Hathaway ကပါတဲ့။ ဖုန်းရောင်းမလို့လား။ insurance ၀ယ်ခိုင်းမလို့လား။ မအားပါဘူး။ နောက်မှပြန်ဆက်ပါလို့ ပြောနေကျအတိုင်းပြောမလို့ပဲ ရှိသေးတယ်။ Mr. Buffet ဆက်ခိုင်းပါတယ်ဆိုမှ မနည်းအရှိန်သတ်လိုက်ရတယ်။ ပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်းတွေ ဆွေးနွေးပြီး ပြိုင်ပွဲကို ဘယ်လိုကြေငြာရင် ကောင်းမလဲတိုင်ပင်ချင်လို့ပါတဲ့။ သူဌေးကြီးရဲ့ ကုမဏီက မန်နေဂျာနဲ့ နားပူ၊ အမြုပ်ထွက်မတတ် ဆွေးနွေးပြီးတော့ မနက်ဖြန်ကပဲစပြီး ကြေငြာတာပေါ့ဆိုပြီး ပြောသွားပါတယ်။

 

နောက်တနေ့မှာ ဘီဘီစီ၊ မိုးမခ၊ အာအက်ဖ်အေ၊ ခေတ်ပြိုင်၊ ဧရာဝတီ၊ ဒီဗီဘီ၊ မဇ္ဇိမ စသဖြင့် ဗမာပြည်နဲ့ဆိုင်တဲ့ သတင်းဌာနတွေမှာ ဒီပြိုင်ပွဲအကြောင်းပါလာတယ်။ Berkshire Hathaway က ဗမာတွေအနေများတဲ့ စင်္ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့မှာလဲ သတင်းစာတွေထဲမှာရော အမ်အာတီပေါ်မှာရော ကြေငြာပါလေရော။

 

ဒီသတင်းပျံ့သွားတော့ ဘလော့ဂါလောကကြီးတခုလုံး လှူပ်လှူပ်ရှားရှားဖြစ်သွားတယ်။ ပြိုင်ပွဲပိတ်ချိန်က တလလောက်လိုသေးတော့ ဘလော့ဂါတွေ ကိုယ့်ဘလော့လေးတွေပြန်ကြည့်ကြ။

 

အချိန်တိုအတွင်းမှာ ဟစ်တွေအများကြီးရတဲ့ မမိုးချိုသင်းတို့ ကိုနဗနတို့က အဟောင်းလေးတွေထဲမှာ ဘာအကောင်းဆုံးလဲလို့ စဉ်းစားရတာကတမျိုး၊ ကိုနဗနဆို ဒေါ်လာ ၃သန်းလုံး ဆီမီးခုံမှာ မသုံးနိုင်ရင် ဘယ်ရွာကိုထည့်ရင်ကောင်းမလဲလို့ ညတိုင်းစဉ်းစားရလွန်းလို့ မမီးမီးနဲ့တကျက်ကျက်။ မမိုးချိုသင်းက မူကြိုလေးတွေ အများကြီးဖွင့်ရင်ကောင်းမလား။ ကဗျာပြိုင်ပွဲတွေ လုပ်ပေးရင်ကောင်းမလား။ အာစီတူးကြီးကို ပြန်ပြင်ရင်ကောင်းမလားလို့ ကိုယ်တိုင်လည်း စဉ်းစား ကိုကျော်ဝဏ္ဏကိုလည်း တနာရီတခါလောက်မေးနေလို့ ကိုကျော်ဝဏ္ဏက ကလေးတရာလောက်ကို မန်ချက်ဘောလုံးအသင်းကို အင်္ဂလန်မှာ လာကြည့်ခိုင်းရင် ဒီကလေးတွေ ဒီအတွေ့အကြုံကို တသက်မေ့မှာမဟုတ်ဘူးလို့ ၀င်ပြောလို့ အမကစိတ်တွေတို။

 

မတန်ခူးကလည်း စင်္ကာပူကပြန်သွားရတဲ့လူတွေအတွက် ဘာလုပ်ငန်းကြီး ထောင်ပေးရမလဲလို့ စဉ်းစားနေရလို့ ဖိုးရွှေလိပ်ကလေးက မေမေ ကောင်းကင်ကြီးက ဘာအရောင်လို့မေးရင် ယောင်ပြီး ကားဝပ်ရှော့လို့ ဘာမဆိုင်ညာမဆိုင်ဖြေမိ။

 

မဂျစ်တူးကလည်း ဘာလုပ်ရင်ကောင်းမလဲ၊ ဘာပိုစ်လေးဆိုရင် ဆုရနိုင်မလဲ စဉ်းစားရလွန်းလို့ သော့ကိုအံဆွဲထဲထားခဲ့မိတာနေ့တိုင်းနီးပါး။ ကိုမောင်လှကလည်း သူ့မန်းလေးက အပေါင်းအသင်းတွေကို ဆိုင်ကယ်တစင်းနဲ့လှည့်ပြော။ သူကိုယ်တိုင်ကလည်း လူကြိုက်များတယ်ပြောတဲ့ သူ့ဘလော့လေးတွေပြန်ကြည့်လိုက်။ ဒေါ်လာ ၃သန်းဆို ဗမာငွေဘယ်လောက်ဆိုတာ နေ့တိုင်းတွက်ကြည့်လိုက်နဲ့ ရုံးက အလုပ်တွေက ပုံပုံလာ။

 

မတူးတူးသာတို့ မမေငြိမ်းတို့ မခင်မင်းဇော်တို့ဆို တယောက်ကိုတယောက်ဖုန်းဆက်ပြီး ဒီပိုစ်လေး တင်လိုက်ရင်ကောင်းမလား။ ဟိုပို့စ်လေးဆိုရင်ရောဆိုပြီး ဖုန်းဆက်မေးလွန်းလို့ အိမ်ကလူတွေက မျက်စောင်းတထိုးထိုး။ ဒို့တွေ ပ၊ ဒု၊ တ ရင် ဒေါ်လာ ၆ သန်းကြီးများတောင်ရမှာဆိုပြီး စီမံချက်တွေညညထဆွဲနေလို့ အိမ်ကလူတွေက အိပ်ရေးဝအောင်တော့ အိပ်ပါ။ အဲဒါမှ အကြံကောင်း ဥာဏ်ကောင်းထွက်မှာလို့ ချော့ထားရတယ်။

 

ကိုရန်အောင်တယောက်လည်း အလွမ်းကဗျာတွေဖိရေးတာ၊ လာလည်တဲ့လူတွေဆို ခံစားရလွန်းလို့ နေ့တိုင်းမလာနိုင်ဘူး။ နားနားပြီးမှ လာလည်ရတယ်။

 

မနိုင်းနိုင်းကတော့ ရေးထားတာတွေများလွန်းလို့ ကမ်းခြေမှာ ခရုကောက်သလိုပဲ။ ဒီခရုလေးလဲလှ၊ ဟိုကမာလေးလဲလှ ဖြစ်နေလို့ ဆုရွေးချယ်ရေးအဖွဲ့ကို ရေးတဲ့ပို့စ်အရေအတွက်လိုက် တင်တဲ့ပို့စ်တိုးပေးဖို့ လှမ်းဈေးဆစ်တယ်။ အဖွဲ့လည်းသူပြောတာ မှန်သားပဲလို့ ထင်မိပေမယ့် ရေးတာ၊ တင်တာ အချိုးတွေ ပြန်တွက်နေရမှာ စိုးလို့ နောက်ဆုံးတော့ နိုးတဲ့။  ဒီတော့ မနိုင်းနိုင်းလဲ သူ့ဘလော့မှာ လာလည်တဲ့လူတွေကို ဗုဒ်လုပ်ခိုင်းပြီး အကောင်းဆုံးပို့စ်ရွေးခိုင်းတော့တယ်။

 

ကိုဇနိ၊ မဇနိတို့လည်း ဖုန်းခေါ်လိုက် ဂျီတော့တက်လိုက်နဲ့ အကောင်းဆုံးပို့စ်ရွေးရတာ မပြီးနိုင်လွန်းလို့ မဇနိဆို အတန်းတွေပျက်လွန်းလို့ စည်းကမ်းကြီးလွန်းတဲ့ဆရာက နေများမကောင်းဘူးလားလို့ခေါ်တောင်မေးရတယ်။ ကိုရဲမွန်ဆို သူ့ရဲ့ပစ်ထားတဲ့ ဘလော့ဘက်ပြန်လှည့်ပြီး ဘာရေးရင်ကောင်းမလဲနေ့တိုင်းစဉ်းစားရလွန်းလို့ တခါတလေ အစည်းအဝေးတွေဘာတွေတောင်မေ့။ မနုသွဲ့ကလည်း စိတ်ပညာအကြောင်းရေးရင် ကောင်းမလား။ ငါ့ဝတ္တုတိုလေးတွေထဲက တင်ရင်ကောင်းမလားလို့ ဆေးရုံကခွင့်ယူပြီး အသည်းအသန်စဉ်းစား။

 

သီရိလင်္ကာနဲ့ အိန္ဒိယက ဦးဇင်းတွေ၊ မြိတ်နဲ့ရန်ကုန်က ဦးဇင်းတွေကလည်း ရွှေဝါရောင် တော်လှန်ရေးအကြောင်းတင်ရင်ကောင်းမလား။ ဗုဒ္ဓ၀င်တင်ရင်ကောင်းမလား တိုင်ပင်ရလွန်းလို့ ၀တ် အတက်ပျက်တဲ့ကိုယ်တော်ကပျက်။

 

ကိုဧရာ မသီတာတို့ဆိုလည်း ဘာသာရေးနဲ့ဆိုင်တာတင်ရင်ကောင်းမလား။ ၀တ္တုတိုလေးတင်ရင်ကောင်းမလားတိုင်ပင်ရလွန်းလို့ ထမင်းဝိုင်းမှာ သားလေးတွေ ထမင်းစားပြီးသွားတာကို မသိလိုက်တာ မနည်းတော့။  ကိုညီညီနဲ့ မစကားပန်း။ ကိုနားခိုရာနဲ့မဟေသီလည်း စားလည်း ဒီပြိုင်ပွဲအကြောင်း။ သွားလည်းဒီပြိုင်ပွဲအကြောင်း၊ သံလွင်အိပ်မက်ဖက်တောင် သိပ်မလှည့်ဖြစ်။ မြို့စားကြီးကိုယ်စားပို့စ်တခုတင်ပေးဖို့ သူငယ်ချင်းတွေကြားမှာလည်း အကြိတ်အနယ်ဆွေးနွေးကြတယ်။

 

ကိုထိုက်တို့၊ ကိုမိုးသီးတို့၊ ရွက်မွန်တို့ ကလည်း သူတို့ရဲ့စာတွေကို ပြန်ကြည့်ကြ။ ဆုများရရင် ဘယ်အဖွဲ့ကိုပံ့ပိုးရင်ကောင်းမလဲ စဉ်းစားရလွန်းလို့ ညညမအိပ်နိုင်။

 

ကိုကလိုစေးထူးတို့ ကိုယောဟန်အောင်တို့ကလည်း ထိုနည်းလည်းကောင်း။  ဒီကြားထဲမှာ ပို့စ်တခုထဲနဲ့ ဘလော့လုပ်ထားပြီး ကိုယ့်မှာဘလော့ရှိတယ်ဆိုတာမေ့နေတဲ့ ကိုဝတုတ်ကလည်း သူ့ wordpress password ကို မိန်းမဆီကပြန်မေးပြီး အဲဒီပို့စ်နဲ့ပဲ ပြိုင်ပွဲဝင်မတဲ့။ သူ့မှာတော့ ပိုစ်တခုထဲပဲမို့ မနိုင်းနိုင်းတို့လို ဦးနှောက်မစားရဘူး။

 

ဒီလိုနဲ့ ပြိုင်ပွဲပိတ်ရက်ကို ရောက်လာပါတော့တယ်။ ပို့စ်သောင်းနဲ့ချီပြီး  စဉ်းစားရမှာမို့ ၂လနေမှ ဘယ်သူတွေဆုရမလဲဆိုတာ ထုတ်ပြန်မှာမလို့ ၀င်ပြိုင်တဲ့လူတွေက မရိုးမရွနဲ့။ တချို့ဆို ရန်ကုန်ကိုလှမ်းပြီး ယတြာချေခိုင်း၊ အဓိဌာန်ပုတီးစိပ်နည်းတွေလှမ်းမေးနဲ့မို့ မရမ်းတလင်းခြံထဲမှာ နိုင်ငံခြားဖုန်းဆို ဘလော့ပြိုင်ပွဲအတွက်လားလို့ အရင်စမေးရတဲ့ အထိ။

 

ဆုကြေငြာမဲ့ ရက်ကိုရောက်လာပါပြီ။ Buffet ကိုယ်တိုင် You Tube ကနေ ကြေငြာမှာမို့လို့ အလုပ်ထဲမှာ You Tube မကြည့်ရသူတွေက အဲဒီနေ့ခွင့်ယူပြီး အိမ်ကကြည့်ကြတယ်။ ဘီဘီစီတို့ ဒီဗီဘီတို့လည်း အဲဒီပွဲအတွက် သီးသန့်တချိန်ယူပြီး Live ထုတ်လွှင့် ပေးတယ်။ ဗမာပြည်ကပရိသတ်တွေဆို အားလုံးရေဒီယိုနားမှာ။ အဲဒီထဲမှာ ဆီမီးခုံကအဆိုးဆုံး။ တရွာလုံးကြားရအောင် မူလတန်းကျောင်းကနေ စပီကာနဲ့ ရေဒီယိုကို ဆက်ထားပေးတယ်။

 

ဘန်းကျော်တွေကလည်း ကျော်ခွပြီး You Tube ထဲရောက်နေပြီ။  Buffet က ဗမာဘလော့ဂါတွေအဲလောက်များတာ သူမသိကြောင်း၊ အားတက်သရောပြိုင်ပွဲဝင်ကြတာ ၀မ်းသာပါတယ်ဆိုပြီး အစချီနေတာကြာနေလို့ နားထောင်ရသူတွေက သိပ်စိတ်မရှည်ချင်။ နောက်ဆုံးတော့ ဆုရသူတွေကို ကြေငြာပါတော့မယ်ဆိုပြီး ပထမ………

 

တူ တူ တူ တူ

တူ တူ တူ တူ

တူ တူ တူ တူ

တူ တူ တူ တူ

 

 

Discussion

5 thoughts on “Sweetest dream ever

  1. ဟေး ညီမ
    ပထမ ဘယ်သူရလဲဟေ့။
    ဘယ်နှယ့် ကောင်းခန်းရောက်တုန်း တူတူ တူတူ ဖြစ်သွားရတာလဲနော်။
    အသည်းယားလိုက်တာ။

    Posted by မိုးချိုသင်း | 25/10/2008, 02:48
  2. Ma Zizawa, I also had a similar dream about jackpot. In my dream, I won 4 million pounds and then went back to Mandalay, but I was running all the time, because the MI were always chasing me. Then I woke up covering with sweat. Well, I am a free man now. Feel good.

    Say hello to Friday son for me. You know what – Friday is the name of the islander who was adopted by Robinson Crusoe the castaway.

    See you both in next summer.

    Best,

    Zaw Min

    Posted by Zaw Min | 27/10/2008, 09:00
  3. နှိုးစက်ကို မုန်းဒယ်။

    Posted by Boyz | 10/07/2009, 07:04
  4. အိပ်မက်ထဲ ထည့်မက်ပေးလို့ ကျေးဇူးပါ။

    အခုမှ ဖတ်ရတယ်

    Posted by S-C | 10/06/2010, 13:32

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: