//
you're reading...
Burma

Human Rights Day

အခုတလော စဉ်းစားဖြစ်တာက ရှင်ခွင့်နဲ့ သေခွင့်ပါ။  ဒီနေ့ လည်း သတင်းစာတွေမှာ နောက်ဆုံးအဆင့်ဝေဒနာ ခံစားနေရသူများ၊ ဒါမှမဟုတ် ရောဂါကြောင့် မူလကျန်းမာရေး အခြေအနေ ပြန်မရနိုင်လို့  ခံစားမှုတွေ ချုပ်ငြိမ်းပစ်ချင်တဲ့၊ ကိုယ့်ကိုကိုယ်သေကြောင်း ကြံစည်ချင်တဲ့  လူတွေအတွက် ဆွစ်ဇာလန်က ဆေးခန်းတခုမှာ ဆရာတယောက်ကို ဘယ်လိုဘယ်ပုံ  သေစေသလဲဆိုတာနဲ့ အဲဒီဆရာက ဘယ်လိုဘယ်ပုံ သေဖို့  ပြင်ဆင် သလဲဆိုတာကို ဖော်ပြထားပါတယ်။ (အင်ဒီပန့်ဒန့်မှာ ပါတာကို ဖတ်ချင်ရင် http://www.independent.co.uk/life-style/health-and-wellbeing/health-news/mary-ewert-why-i-want-the-world-to-see-my-husband-die-1059442.html)

 

တိုးတက်တဲ့ နိုင်ငံတွေမှာ right to self-determination လို့ ခေါ်တဲ့ ကိုယ်တိုင်၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ဆိုတဲ့ အခွင့်အရေးကို သေတဲ့အချိန်အထိ အရယူသွားကြတဲ့ လူတွေတစထက် တစ များလာပါပြီ။ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တဲ့ ဒီဆရာမှာ မော်တာနယူရွန်ရောဂါတွေ့ ပြီး ဆရာဝန်တွေက ၂နှစ်ကနေ ၅နှစ်အထိပဲ အသက်ရှင် နေနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရောဂါက ထင်တာထက်ပိုပြီး ဆိုးလာလို့ ရောဂါတွေ့ ပြီး လပိုင်းအတွင်းမှာပဲ လမ်းမလျှောက်နိုင်တာတို့ ဘာတို့ ဖြစ်လာပါတယ်။ ဒီရောဂါဟာ ခန္ဓာကိုယ်ကြွက်သား တွေကို ထိန်းချုပ်ထားတဲ့ မော်တာနယူရွန်တွေ ပျက်စီးပြီး ကြွက်သားတွေ အားနည်းလာတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေလှုပ်ရှားလို့မရတော့တာက အစ အသက်ရှုကျပ်လာတာတွေ ဖြစ်တတ်ပါတယ်။

 

ခရိတ်လို့ ခေါ်တဲ့ ဒီဆရာက သူမလှုပ်နိုင် မရှားနိုင်၊ အသက်ရှုကျပ်ပြီး ရောဂါရဲ့ အလဲထိုး တိုက်ခိုက်မှုအောက်မှာ မသေချင်လို့ သူအင်္ဂလန်ကနေ ဆွစ်ဇာလန်အထိ ခရီးသွားနိုင်တုန်း သတိရှိနေတုန်း သေရအောင်  သိက်ခါရှိရှိသေစေရေးလို့ အဓိပ္ပာယ်ဖွင့်နိုင်တဲ့ နာမည်ရှိတဲ့ ဆေးခန်းမှာ ပေါင်၃ထောင်ပေးပြီး သတ်သေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူလုပ်ရမှာက အသက်ရှုထောက်ပံ့ရေးကိရိယာရဲ့ အချိန်ထိန်းကိရိယာ တိုင်မာကို သူ့ သွားနဲ့ ကိုက်ပြီး ဘာဘီကျူရိတ်လို့ ခေါ်တဲ့ အာရုံကြောစနစ်ကို ငြိမ်သွားအောင်လုပ်ပေးတဲ့ အိပ်ဆေးကို ပိုက်နဲ့စုပ်သောက်ဖို့ပါ။ အိပ်ဆေးကို ပံ့ပိုးပေးလို့သေစေနိုင်ရန် ကူညီသော ဆေးခန်းလို့ ခေါ်ပေမယ့် လူတွေက ကိုယ်တိုင် အဲဒီဆေးကို သောက်ရမှာ ဖြစ်ပါတယ်။

 

ဆေးသောက်ပြီး ၄၅မိနစ်အကြာမှာ ခရိတ်သေသွားပါတယ်။ ပြောချင်တာက လူ့ အဖွဲ့  အစည်းတခု တိုးတက်လာတာနဲ့ အမျှ လူတွေက ကိုယ်ထိန်းချုပ်လို့ ရတဲ့ အရာတွေကို တဖြည်းဖြည်း ပွားယူတာကိုပါ။ သေခြင်းဆိုတာကိုတောင် ကိုယ့်ထိန်းချုပ်မှုအောက်မှာ ထားလာကြတာကိုပါ။ ရောဂါရဲ့ တိုက်ခိုက်မှုကိုတော့ မခံဘူး။ ဝေဒနာအောက်မှာ ဒူးထောက်ပြီး သေမင်းခေါ်ရာလိုက်မဲ့အစား ကိုယ်ဘယ်လောက်အတိုင်းအတာအထိပဲ ဝေဒနာခံစားမယ်။ ဘယ်အချိန်မှာ ဘယ်သူ့ ကိုဘေးထားပြီး ဘယ်နောက်ဆုံးစကားကို ပြောပြီး သေမလဲဆိုတာကို ပြင်ဆင်လာကြပါတယ်။

 

ကိုယ်နေတဲ့နိုင်ငံမှာ ကိုယ်သေချင်သလို သေလို့ မရရင် ရတဲ့နေရာကို အရောက်သွားပြီး ကိုယ့်ဆန္ဒကို ဖြည့်ဆည်းကြပါတယ်။ ကျန်ရစ်တဲ့လူများကလည်း ကွယ်လွန်သူ ဘာကြောင့် အဲဒီရွေးချယ်မှုကို လုပ်သလဲဆိုတာကို ပတ်ဝန်းကျင်ကို အသိပေးကြပါတယ်။ ခရိတ်ကိစ်စမှာတော့ မှတ်တမ်းတင်ကားရိုက်ထားပြီး စကိုင်းကနေ ပြပါမတဲ့။

 

စဉ်းစာမိတာက ကိုယ့်ကိုကိုယ် သတ်သေပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကို ယူကြသူများဟာ အင်္ဂလန်နိုင်ငံမှာဆိုရင် အနည်းဆုံး ဆွစ်ဇာလန်သွားနိုင်ပြီး နောက်ထပ်ငွေ ၃၀၀၀ ပေးနိုင်လောက်အောင် ချမ်းသာရပါမယ်။ အလုပ်လက်မဲ့တိုင်း အစိုးရအိမ်ယာမှာ နေထိုင်နိုင်ခွင့်စတဲ့ အခွင့်အရေးတွေကိုတော့ လူတိုင်းခံစားနိုင်ခွင့် ရှိပေမယ့် ပိုပြီး ဆန်းပြားလာတဲ့ သတ်သေပိုင်ခွင့်လို အခွင့်အရေးတွေကိုတော့ လူနည်းစုကပဲ ခံစားနိုင်ပါတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ့်ငွေနဲ့ ဖန်တီးရတဲ့ သဘောပါ။

 

နောက်တခုက ဒီအခွင့်အရေးကို အသုံးချသူများဟာ သူတို့ ရဲ့ ဆုံးဖြတ်နိုင်စွမ်း၊ သူတို့ ရဲ့  ဘ၀တွေကို တစုံတယောက်နဲ့ ဘာသာရေးခံယူချက်တွေရဲ့  လွှမ်းမိုးမှုမရှိစေရဘူးလို့  ယုံကြည်သူတွေ များပါတယ်။ ဘ၀ကို ဘယ်လိုနေမယ်။ သေမယ်ဆိုတာကို ဗုဒ္ဓဘာသာအလိုအရဆို ကံကံ၏အကျိုး၊ ခရစ်ယာန်အယူအရဆို ဘုရားသခင်ရဲ့ အလိုတော်အတိုင်း၊ အစ်စလာမ်ဘာသာအတိုင်းဆို တမန်တော်ရဲ့ အမိန့်တော်အတိုင်းဆိုပြီး အပ်ထားလေ့ရှိတဲ့ သမရိုးကျဘ၀တွေကနေ ရုန်းထွက်ကြသူတွေ ဖြစ်လေ့ရှိပါတယ်။

 

အခြေခံလူ့ အခွင့်အရေးမဟုတ်ဘဲ ဒီလိုဆန်းပြားတဲ့ အခွင့်အရေးတွေကို ကိုယ့် ဘာသာလည်းအရယူ၊ အစိုးရကလည်း အသိအမှတ်ပြုဖို့တောင်းဆိုကြတာတွေကို ကြည့်ရတော့ ယေဘူယျပြောရရင် လူ့အခွင့်အရေးဆိုတာ လူနေထိုင်မှုနဲ့ အကြမ်းမျဉ်းအချိုးကျပါတယ်။ အကြမ်းမျဉ်းလို့ ပဲပြောပါတယ်။ တိုင်းပြည်ချမ်းသာလေလေ နိုင်ငံတနိုင်ငံရဲ့ လူ့ အခွင့်အရေးတိုးတက်မှု ရှိလေလေလို့ ပြောလို့ မရပါ။

 

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုများလာတာနဲ့ အမျှ အခွင့်အရေးနဲ့ ဆိုင်တဲ့ တောင်းတာ တွေဟာလည်း များများလာပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ အခွင့်အရေး တောင်းဆိုမှုတွေကြားမှာ လျစ်လျူရှုခံထားရတဲ့ အခွင့်အရေးတွေလည်း အများအပြားပါ။

 

ဝမ်းနည်းစရာကောင်းတာက အဲဒီလိုလျစ်လျူရှုခံထားရတဲ့ အခွင့်အရေးတွေက သေခွင့်  တို့လို အခွင့်အရေးမဟုတ်ဘဲ ရှင်ခွင့်ဆိုတဲ့ အခွင့်အရေးလည်းပါပါတယ်။ သိက်ခါရှိရှိ အသက်ရှင်ခွင့်မရသူတွေ ကမ္ဘာပေါ်မှာ အများအပြားရှိနေပါသေးတယ်။

အသက်တချောင်းကို ၀၀လင်လင်ကျွေးထားပြီး မွေးမြူခွင့်၊ ကိုယ်ခန္ဓာကို အရှက်လုံအောင်အပြင် ရာသီဥတုဒဏ်ခံနိုင်အောင် ဆင်ယင်ခွင့်၊ အသိဥာဏ် တိုးတက် အောင်ပညာသင်ခွင့်၊ သဘာဝဘေးကျရောက်ရင် ကယ်ဆယ် ခံပိုင်ခွင့်၊ ပြန်လည် နေရာချထားခံခွင့် စတဲ့ အခွင့်အရေးမရသူတွေတွေ ကျွန်မတို့ နိုင်ငံမှာ အများစုမဟုတ်ပါ။ တနိုင်ငံလုံးနီးပါးရှိနေပါတယ်။

 

အခွင့်အရေးချိုးဖောက်ခံရမှန်း သိသူတွေရှိသလို၊ မိမိတို့ မှာ ထိုထိုသော အခွင့်အရေးများ ရှိတာကို မသိတဲ့လူတွေလဲ ဒုနဲ့ ဒေးပါ။ မိမိတို နဲ့ တခြားလူတွေ့ရဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ရင်း အခွင့်အရေးတွေ ပိုပိုပြီး ဆုံးရှုံးနေရတာလဲ နေ့စဉ်နဲ့ အမျှပါ။

 

သေခွင့်တောင်းဆိုနေတဲ့ လူတွေအလယ်မှာနေရင်း ရှင်ခွင့်သော်မှ မရှိကြရှာတဲ့ မုန်တိုင်းကြားမှာ သေသွားတဲ့လူတွေကို သတိရရင်း ဒီစာကိုရေးပါတယ်။

 

 

Discussion

One thought on “Human Rights Day

  1. ဆောင်းပါးလေးကို အတော်သဘောကျမိပါတယ်။ ကျွန်တော်က သေခွင့်ဆိုတဲ့စကားလုံးကို စိတ်ဝင်စားလို့ ဖတ်လိုက်တာပါ။ ဒါပေမဲ့ ဆောင်းပါးအဆုံးရောက်တော့မှ ဗဟုသုတဆိုတာထက် ခံစားချက်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ သေခွင့်နဲ့ နေခွင့်ကို နှိုင်းယှဉ်ပြထားတာလေး လှလွန်းပါတယ်။
    အသက်တချောင်းကို ၀၀လင်လင်ကျွေးထားပြီး မွေးမြူခွင့်၊ ကိုယ်ခန္ဓာကို အရှက်လုံအောင်အပြင် ရာသီဥတုဒဏ်ခံနိုင်အောင် ဆင်ယင်ခွင့်၊ အသိဥာဏ် တိုးတက် အောင်ပညာသင်ခွင့်၊ သဘာဝဘေးကျရောက်ရင် ကယ်ဆယ် ခံပိုင်ခွင့်၊ ပြန်လည် နေရာချထားခံခွင့်
    ဒါတွေကို တောင်းဆိုရင်း ပိုပိုဆုံးရှုံးသွားရတဲ့ အခွင့်အရေးတွေ…။

    လူ့အခွင့်အရေး (Human Right) ကို၊ လုအခွင့်အရေး ရယ်လို့ ကာလအတန်ကြာက သတင်းစာဆောင်းပါး တစ်ချို့မှာ သုံးနှုန်းခဲ့တာ သတိရမိပါတယ်။ ကျွန်တော့်အနေနဲ့က အခွင့်အရေးဆိုတာရဖို့ကိစ္စမှာ လုသင့်ရင် လုရမှာပဲ…။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ လက်ဝယ်ရောက်တာကိုး။ သူတို့က လူပေါင်း သန်း (၅၀) ကျော်ရဲ့ စုစုပေါင်းအခွင့်အရေးတွေအားလုံးကို သိမ်းကြုံးပိုင်ဆိုင်ထားတာကိုး…။ အင်း… လုလိုက်မှ အသက်ရှင်ခွင့်လေးပါ ဆုံးရှုံးသွားရမယ်ဆိုရင်တော့လည်း သိပ်မကောင်းလှပြန်ဘူး…။

    Posted by တေဇာ | 13/07/2009, 13:30

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: