//
you're reading...
Politics

June 4th movement

မေလ၂၀ရက်ညနဲ့ ၂၁မနက်က တီယန်နမန်ရင်ပြင်ရှေ့ကို ရောက်ခဲ့ပါတယ်။ ဘေဂျင်းရဲ့ အထင်ကရနေရာဆိုတော့ လာလည်သူတွေ တရုံးရုံးပါပဲ။ နိုင်ငံခြားသားကနည်းပြီး တရုတ်ပြည် ပြည်နယ်အရပ်ရပ်က ဒေသခံတွေများပါတယ်။

တီယန်နမန်–နိဗ္ဗာန်ဘုံနှင့်တူသောငြိမ်းချမ်းခြင်းသို့တံခါးဝလို့ ဗမာလိုဘာသာပြန်နိုင်မယ့် ဂိတ်ဝကို မင်းနန်းဆက်က ၁၅ရာစုမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ရင်ပြင်ကိုတော့ ၁၇ရာစုမှာ ဆောက်လုပ်ခဲ့တာပါ။ အဲဒီရင်ပြင်က ကမ္ဘာ့မြို့တွေမှာရှိတဲ့ အကြီးဆုံးရင်ပြင် ဖြစ်ပြီး ဧက၁၀၀လောက် ကျယ်ပါသတဲ့။

ဒေသခံတွေကတော့ မသိဘူး။ ကျွန်မကတော့ အဲဒီရင်ပြင်ကို ၁၉၈၉ခုနှစ် ဇွန်လ၄ရက်မှာ ဖြစ်ခဲ့တဲ့ ဇွန်လ၄ရက်ကျောင်းသားလှုပ်ရှားမှုကြောင့် စိတ်ဝင်စားပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀က ကျောင်းသားတွေ ဒီရင်ပြင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတုန်း စစ်တပ်က ရက်ရက်စက်စက်ပစ်ခတ်ခဲ့လို့ လူ၃၀၀၀လောက် သေခဲ့ပါတယ်။ သေဆုံးသူဦးရေ အတိအကျက အခုထိ အငြင်းပွားဖွယ်ဖြစ်နေပါတယ်။ အစိုးရကတော့ လူ၂၀၀ကျော်လောက်ပဲ သေတယ်လို့ ပြောပါတယ်။

အင်တာဗျူးလုပ်ရလောက်အောင် တရုတ်စကားမပေါက်လို့ ရင်ပြင်ကို လိုက်ပို့တဲ့ ဘွဲ့ရခါစ တရုတ်ကျောင်းသားလေးကို ဒီရင်ပြင်ရောက်ရင် ဘယ်လိုခံစားရပါသလဲ မမေးလိုက်ရပါဘူး။ တွေးနေသူတွေ၊ အတိတ်ကို ပြန်သတိရနေသူတွေလို့ ထင်ရသူတွေထက် ဓာတ်ပုံတဖျတ်ဖျတ်ရိုက်နေသူတွေ၊ လူတွေကို ကာထားတဲ့ ကြိုးကိုကျော်ပြီး မသွားကြဖို့ သတိပေးနေတဲ့ ရဲတွေကိုပဲ တွေ့ရပါတယ်။

လန်ဒန်ပြန်ရောက်တော့ တရုတ်ပြည်နဲ့ဆိုင်တဲ့ ဘလော့တွေမှာ အယ်ဂျာဇီးရားတီဗီမှာ နေ့စဉ်လိုလို ဇွန်လလေးရက် လှုပ်ရှားမှုအကြောင်း တွေ့နေရပါတယ်။ တရုတ်ပြည်က သတင်းစာတွေမှာ ၄နဲ့၆ပါတဲ့ သတင်းတွေကို ရှောင်ခိုင်းတာ၊ Twitter ဆိုက်ကို ပိတ်ထားတာ (wordpress နဲ့ blogspot က နဂိုကတည်းက proxy မသုံးဘဲ ကြည့်လို့ မရပါ။) တီယန်နမန် ရင်ပြင်က မိခင်များဆိုတဲ့ အဖွဲ့က သေဆုံးသွားတဲ့ ကျောင်းသားနဲ့ လူငယ်လေးတွေရဲ့ မိခင်တွေနဲ့ အင်တာဗျူးတာတွေ ဖတ်ရပါတယ်။

မိခင်တယောက်ပြောပုံဆိုရင် တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ့သားက အဲဒီနေ့က အမေ၊ ကျွန်တော်ဆန္ဒသွားပြမယ်။ ကျွန်တော်တို့ကို အစိုးရက ဘာမှလုပ်မယ် မထင်ပါဘူးနော်ဆိုပြီး စိုးရိမ်စိတ်နဲ့ အမေ့ကို မေးပါသတဲ့။ အမေ့က ငါ့သားရယ်။ ယဉ်ကျေးမှုတော်လှန်ရေးကာလ လေးဦးဂိုဏ်း gang of four ခေတ်တုန်းကတောင် အစိုးရက အကြမ်းဖက်နှိမ်နင်းတာတွေ မလုပ်ခဲ့တာ မစိုးရိမ်ပါနဲ့။ ဒုတ်နဲ့ရိုက်တာမျိုးတော့ ရှိနိုင်တယ်။ သတိထားပါလို့ ပြန်ပြောပါသတဲ့။

အဲဒီအမေထင်တာ တက်တက်စင်အောင် လွဲခဲ့ပါတယ်။ လက်နက်မရှိတဲ့ကျောင်းသားထုဆီ တင့်ကားတွေချီတက်လာပုံ၊ သေနတ်မှန်သွားတဲ့ကျောင်းသားလေးကို စက်ဘီးနောက်တွဲပေါ်တင်ပြီး နောက်လူငယ်လေးတယောက်က စက်ဘီးကို အပြင်းနင်းသွားပုံ၊ တင့်ကားတန်းရှေ့မှာ ရပ်ပြီး တင့်ကားတွေကို တားဖို့ကြိုးစားနေတဲ့ အင်္ကျီအဖြူဝတ်ထားတဲ့ လူတွေရဲ့ ပုံရိပ်တွေဟာ တီဗီကနေတဆင့် တကမ္ဘာလုံးကို ပျံ့ခဲ့ပါတယ်။

အိမ်နီးချင်းဗမာပြည်က လူထုအတွက်တော့ အဟောင်းတွေက အသစ်ပြန်ဖြစ်ပေါ့။ ဘေးဂျင်းကကျောင်းသားလေးတွေ စက်ဘီးတွေကြားမှာ သွေးရဲရဲသံရဲရဲနဲ့ သေနေတဲ့ပုံတွေကိုမြင်တော့ မြို့တော်ခန်းမရှေ့မှာ အပြိုပြိုအလဲလဲနဲ့ ဦးတည်ရာမဲ့ ပြေးရရှာတဲ့ ၈လေးလုံးညက လူအုပ်ကို ပြန်သတိရမိကြပေါ့။

ဗမာပြည်မှာ ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်ဆန္ဒပြပြီး ဒီမိုကရေစီတောင်းဆိုခဲ့ကြတဲ့ လူထုလိုပဲ တရုတ်ပြည်က ကျောင်းသားတွေနဲ့ ပညာတတ်တွေဟာ တိန့်ရှောင်ဖိန်ဦးစီးတဲ့ အစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့တောင်းဆိုမှုတွေ လုပ်လာကြပါတယ်။ ၁၉၈၇လောက်ကတည်းက စခဲ့တဲ့ ဒီတောင်းဆိုမှုတွေဟာ ၁၉၈၉ဧပြီမှာ ပါတီအတွင်းရေးမှုးဟောင်း သေဆုံးချိန်မှာ ပိုပြီးပြင်းထန်လာပါတယ်။

ပါတီအတွင်းရေးမှုးဟောင်းအတွက် အောက်မေ့ဘွယ်အခမ်းအနားတွေ ကျင်းပပေးဖို့နဲ့ အစိုးရက လူထုရဲ့ပြသနာတွေကိုဖြေရှင်းဖို့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်းဆိုလာကြပါတယ်။

နောက်တော့ အဂတိလိုက်စားမှုတွေ၊ လာဘ်ယူမှုတွေ၊ မီဒီယာအမှောင်ချထားတာတွေကို ဖယ်ရှားဖို့နဲ့ ကွန်မြူနစ်ပါတီကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလာကြပါတယ်။ ကျောင်းသားတွေကလည်း ဆရာတွေရဲ့ အားပေးမှုတွေနဲ့ သမဂ္ဂတွေ အဖွဲ့တွေ ဖွဲ့လာကြပါတယ်။

 တပါတီအုပ်ချုပ်မှုကို ရုပ်သိမ်းပြီး ဒီမိုကရေစီဆန်တဲ့ ပြောင်းလဲမှုတွေကိုလုပ်ဖို့ တောင်းဆိုတာဟာ ဆန္ဒပြသူတွေရဲ့ အမြင့်ဆုံးတောင်းဆိုချက်ဖြစ်ပါတယ်။ ကျောင်းသားတွေတောင်းဆိုတာကို လူထုကလဲ ထောက်ခံကြပါတယ်။

 နောက်တော့ကျောင်းသားတွေက အစိုးရကို ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ တောင်းဆိုလာကြပါတယ်။ အစိုးရက မလိုက်လျောလို့ ကျောင်းသားတွေက မေ၁၉မှာ အစာငတ်ခံဆန္ဒပြကြပါတယ်။  

 မေ၂၀မှာ အစိုးရက မာရှယ်လောထုတ်လိုက်ပေမယ့် အစာငတ်ခဲဆန္ဒပြမှုကတော့ ဆက်လက်ဖြစ်ပွားနေလို့ အစိုးရက အကြမ်းနည်းနဲ့ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၀န်ကြီးချုပ် Li Peng က အကြမ်းဖက်နှိမ်နင်းဖို့ အားသန်ပြီး ပါတီအတွင်းရေးမှုး Zhao Ziyang က အနုနည်းနဲ့ ဖြေရှင်းဖို့ လိုလားပါတယ်။

 နောက်ဆုံး Zhao Ziyang ကို ရာထူးကဖယ်ရှားပြီး ဇွန်လ၃ရက် ည၁၀နာရီခွဲမှာ လူအုပ်ထဲကို စပြီးပစ်ပါတယ်။ ဇွန်လ၄ရက် မနက်၅နာရီခွဲမှာ တင့်ကားတွေ ရင်ပြင်ထဲဝင်လာပြီး မြင်သမျှကို လိုက်ကြိတ်ပြီး သတ်ပွဲအဆုံးသတ်လိုက်ပါတယ်။

 လက်နက်မဲ့တဲ့ကျောင်းသားတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ မြင်ကွင်းကို မီဒီယာတွေ ကျေးဇူးနဲ့ ကမ္ဘာကမြင်တွေ့ခွင့်ရခဲ့ပါတယ်။ အဲဒီကစပြီး တရုတ်ပြည်ကို လူ့အခွင့် အရေးတွေ ဖောက်ဖျက်တဲ့အစိုးရအဖြစ် ယေဘူယျမြင်လာကြပါတယ်။

 သူ့နိုင်ငံထဲမှာတော့ သာမန်အရပ်သူအရပ်သားတွေဟာ အစိုးရကို ထောက်ခံပုံရပါတယ်။ လွတ်လပ်တဲ့မီဒီယာကို ယုံကြည်သူ ခေတ်လူငယ်တွေနဲ့ ပညာတတ်တွေနဲ့ တီယန်နမန်ရင်ပြင်မိခင်တွေ၊ တိဘက်နွယ်ဖွားတွေ၊ Fulun Gong ဘာသာသက်ဝင် ယုံကြည်သူတွေက အစိုးရကို  လူ့အခွင့်အရေးတွေ ပိုပြီးစောင့်ရှောက်လေးစားဖို့ ဖိအားပေးနေဆဲပါ။

 တရုတ်အစိုးရကိုယ်တိုင်ကလည်း တဖြည်းဖြည်းပြောင်းလဲလာတဲ့ပုံ ရှိပါတယ်။ တီယန်နမန်ရင်ပြင်လှုပ်ရှားမှုမှာ အကြမ်းဖက်ခဲ့သလိုမျိုး နောက်မတွေ့ရတော့ပါဘူး။ ၂၀၀၈စီချွမ်ငလျင်မှာလဲ အစိုးရက လူထုကို ဂရုစိုက်တဲ့ အစိုးရပုံစံမျိုးအဖြစ်နဲ့ ကိုယ့်ကိုကိုယ် ပုံဖော်နိုင်ခဲ့ပါတယ်။

 ဒါပေမယ့် လုပ်စရာတွေ၊ ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ကျန်ပါသေးတယ်။ ဘယ်အစိုးရတက်တက် ထောက်ခံမှာထက် အိမ်နီးချင်းနိုင်ငံတွေရဲ့ လက်ရှိအစိုးရကို တာဝန်ယူတတ်တဲ့ အစိုးရ၊ လူထုကိုရှေ့တန်းတင်တဲ့အစိုးရမျိုးဖြစ်အောင် ပြောဆို သိမ်းသွင်းလိုတဲ့ အိမ်နီးချင်းကောင်းတို့ရဲ့ တာဝန်ယူမှုမျိုးကို တရုတ်အစိုးရဆီမှာ မတွေ့ရသေးပါ။ မိမိရဲ့ပိုပြီးအားကောင်းလာတဲ့ hard power, soft power, smart power တွေကို နိုင်ငံတကာမှာ ထိထိရောက်ရောက်အသုံးချလာတာလဲ မတွေရသေးပါ။

 ဇွန်လ၄ရက်ကို နိုင်ငံတ၀ှမ်းမှာ လက်နက်မဲ့တို့ ကျရှုံးသောနေ့၊ အားနည်းသူတို့ အလဲထိုး ခံရသောနေ့အဖြစ် အမှတ်ရကြမှာ မဟုတ်ဘဲ အာဏာရှင်ကို ရဲရင့်သူတို့ အံတုသောနေ့၊ မတရားမှုနှင့် အနိုင်ကျင့်သူတို့ အရှက်ရသောနေ့အဖြစ် အောက်မေ့ကြလိမ့်မယ်လို့ ထင်ပါတယ်။

(ref: http://en.wikipedia.org/wiki/Tiananmen_Square_protests_of_1989)

20-05-09

Tiananmen square on 20th May 2009

240px-Tianasquare

Tank man (downlaoded from http://en.wikipedia.org/wiki/Tiananmen_Square_protests_of_1989)

Discussion

3 thoughts on “June 4th movement

  1. တို့ပြည်မှာတော့ နေ့တိုင်း နေ့တိုင်းဟာ..အာဏာရှင်ကို ရဲရင့်သူတို့ အံတုသောနေ့၊ မတရားမှုနှင့် အနိုင်ကျင့်သူတို့ အရှက်ရသောနေ့ တွေ ဖြစ်နေပါပေါ့ ညီမရေ..

    Posted by မိုးချိုသင်း | 03/06/2009, 18:04
  2. သိသလိုလိုနဲ့ သေချာ မသိသေးတဲ့ အကြောင်းတွေပါ။ ကျွန်တော် အရမ်း သိချင်ခဲ့တဲ့ အကြောင်းအရာ တစ်ခုကို အစ ပြန်ဖော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    Posted by July dream | 04/06/2009, 03:23
  3. လူဆိုတာ ကမ္ဘာပေါ်မှာ ရှိနေသေးသရွေ့ သမိုင်းပုံရိပ်တွေကတော့ အနည်းဆုံး တနှစ်တခါ ပြန်လည် အမှတ်ရနေကြမှာပါပဲ။ စာရွက်တွေပေါ်မှာ အားလုံးအတွက် ကောင်းမွန်တဲ့ ကွန်မြူနစ်စနစ်ဟာ စာရွက်တွေပေါ်မှာပဲ ကျန်နေရစ်ခဲ့တာ ၀မ်းနည်းစရာပါပဲ။

    Posted by အောင်သာငယ် | 06/06/2009, 03:53

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: