//
you're reading...
London

Tube strike

လန်ဒန်မှာ မြေအောက်ရထား အလုပ်သမားသမဂ္ဂက ၄၈နာရီသပိတ်မှောက်ပွဲ စပါတော့မယ်။ ဒီနေ့ညနေ ၆နာရီ၅၉မိနစ်ကနေ ကြာသပတေးနေ့ ညနေ ၆နာရီ၅၉မိနစ်ထိပါ။ သောကြာမနက်မှ မြေအောက်ရထားတွေ ပုံမှန်ပြန်ဆွဲမယ်လို့ ကြေညာနေပါတယ်။

 သပိတ်မှောက်မယ့်သတင်းက ပြီးခဲ့တဲ့အပတ်ထဲက လန်ဒန်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။ ကျောင်းမှာဆို ကျောင်းမလာနိုင်ရင်ကြိုအကြောင်းကြားဖို့၊ အတန်းတွေဖျက်ရင် အစားပြန်ယူပေးဖို့ ကျောင်းအုပ်ချုပ်ရေးက အီးမေးတွေ ပို့ပါတယ်။

 လန်ဒန်မြို့တော်ဝန်ကလဲ မြေအောက်ရထားတွေရပ်လိုက်ပေမယ့် ဘတ်စကားတွေပိုပြီး ပြေးပေးမယ်။ သမ်းစ်မြစ်ထဲမှာလဲ ဖယ်ရီတွေဆွဲပေးမယ်။ စက်ဘီးရပ်ဖို့နေရာတွေလဲ ချဲ့ပေးမယ် စသဖြင့် လန်ဒန်သူလန်ဒန်သားတွေကို နှစ်သိမ့်နေပါတယ်။

 ဒါပေမယ့် တနေ့ကို လူ၃သန်းသုံးနေတဲ့ မြေအောက်ရထားစနစ်ကြီးတခုလုံး ရပ်သွားမှာဆိုတော့ လူတွေကသီလင်တဖြစ်မှာပါပဲ။ လန်ဒန်မှာက မြို့ထဲကလမ်းတွေ အင်မတန်ကျဉ်းပါတယ်။ မြို့ထဲကို လာရတဲ့လူတွေ ဘတ်စကားနဲ့လာရင် အချိန်ကုန်လွန်းလို့ ရထားနဲ့လာမှ အဆင်ပြေပါတယ်။

 မြေပေါ်ရထားက မြို့ထဲဘူတာအားလုံးကို မရောက်ပါဘူး။ ဘူတာကြီးတွေဖြစ်တဲ့ Liverpool street တို့၊ Charing Cross တို့၊ Euston တို့လောက်ပဲရောက်ပါတယ်။ ဆိုလိုတာက မြေအောက်ရထားကို လန်ဒန်မှာအလုပ်လုပ်တဲ့လူတွေ မဖြစ်မနေ အားထားရတယ်ဆိုတာပါ။

 မြေအောက်ရထား လိုင်းပေါင်း ၁၁လိုင်းရှိပါတယ်။ လန်ဒန်မြို့အပြင် Greater London လို့ခေါ်တဲ့ Essex တို့ Kent တို့နဲ့ကပါ လန်ဒန်ထဲမှာ အလုပ်လာလုပ်တဲ့ လူ၃သန်းကို နေ့စဉ်သယ်ယူပို့ဆောင်ပေးနေလို့ ရထားလိုင်းတွေ အားလုံးရပ်သွားရင် ကမောက်ကမ ဖြစ်တာတွေ အများကြီးတွေ့ရမှာပါ။

 သမဂ္ဂက ဘာ့ကြောင့်သပိတ်မှောက်ရတာလဲဆိုတော့ မြေအောက်ရထားကို ပုဂ္ဂလိကလုပ်နေတဲ့ Metronet က ပေါင်သန်း၄၀၀ကျော်အရှုံးပေါ်လို့ သူ့ကို အစိုးရပိုင် London Underground နဲ့ပေါင်းတဲ့အခါ ထပ်နေတဲ့ အလုပ်တွေကို လျှော့ပစ်တာကို မကျေနပ်လို့ပါ။ သမဂ္ဂခေါင်းဆောင်တွေနဲ့ အစိုးရအကြိမ်ကြိမ်ဆွေးနွေးနေကြပေမယ့် အစိုးရကလဲ ထပ်ပြီး မလိုက်လျောနိုင်၊ သမဂ္ဂကလဲ မကျေနပ်သေးဆိုတော့ ကြားထဲက မြေဇာပင် ခရီးသည်တွေပဲ ဒုက္ခရောက်ရမယ့် သဘောရှိနေပါတယ်။

 နောက်ဆုံးအချိန်မှာ ပြေလည်သွားပြီး မမှောက်ဖြစ်လိုက်တဲ့ သပိတ်တွေရှိပေမယ့် ဒီသပိတ်တလုံးကတော့ မှောက်ဖြစ်မှာ သေချာသလောက်ရှိနေပါပြီ။ အရှုံးပေါ်နေတဲ့ကုမ္ပဏီက အကြွေးတွေကလဲ ရှိ၊ လူတွေအများကြီးကို မလိုအပ်ဘဲ ခန့်ထားပြီး လစာတွေဆက်ပေးထားရရင် ပိုပြီး ကြွေးတင်တော့မှာမို့ အစိုးရကလဲ လျှော့ပေးမယ့်ပုံမရှိပါဘူး။

 သမဂ္ဂကလည်း အင်အားတောင့်လို့၊ နောက်ပြီး သူတို့ဖျက်ဆီးနိုင်တဲ့ အင်အားကလဲ ကြီးသမို့ bargaining power ကောင်းပါတယ်။ သမဂ္ဂလုပ်သားတွေ အလုပ်မဆင်းရင် ခရီးသည်၃သန်း ဒုက္ခရောက်မှာမို့ သမဂ္ဂက သပိတ်ကို သူတို့ရဲ့ အထိရောက်ဆုံး လက်နက်အဖြစ် ထုတ်သုံးလေ့ရှိပါတယ်။

 ခါတိုင်းသူတို့တောင်းဆိုတာတွေ ရလေ့ရှိပေမယ့် ဒီတခါတော့ သိပ်အခြေလှပုံမပေါ်ပါဘူး။ ခရီးသည်တွေကတော့ ပုံမှန်ဆို သူတို့ကို စာနာလေ့ရှိပြီး ဖြစ်သလို လမ်းလျှောက်တန်လျှောက်၊ စက်ဘီးစီးတန်စီး သွားလိုက်ကြပေမယ့် သူတို့ကိုယ်တိုင်လဲ အလုပ်မှာ ကျီးလန့်စာစား နေနေရတာမို့ ဒီတခါ သပိတ်မှောက်မယ့် သမဂ္ဂကို သိပ်ပြီး ကရုဏာသက်ဟန်မရှိပါဘူး။ 

 မနက်ဖြန်တော့ ဒီလိုခရီးသွားကြတာတွေ အများအပြားတွေ့ရမယ် ထင်ပါရဲ့။

 Image005[1]

Discussion

One thought on “Tube strike

  1. Thanks for your post!

    Posted by beebize | 10/06/2009, 20:10

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: