//
you're reading...
Burma, History
7 July 1962
ဆဲဗင်းဂျူလိုင် ၄၈ နှစ်ရှိသွားပြီ။ ဒီနှစ်မှာ ဘာမှမရေးဖြစ်ဖူး။ မနှစ်က ဇီဇ၀ါရဲ့ ဆဲဗင်းဂျူလိုင် အမှတ်တရ ဘလော့ကိုပဲ ပြန်ပြီး ရီဆိုင်ကယ် လုပ်လိုက်ပါတယ်။
၄၇နှစ်ရှိခဲ့ပါပြီ။
 မှန်တဲ့ဘက်ကရပ်တဲ့၊ မတရားတာကို မတရားဘူးလို့ပြောတဲ့၊ တော်လှန်တတ်တဲ့ ဗမာပြည်က ကျောင်းသားတွေကို ဗမာအစိုးရ ရက်ရက်စက်စက်နှိမ်နင်းတဲ့သမိုင်း ၁၉၆၂ဇူလိုင်၇ရက်က စပါတယ်။ 
ဒီမိုကရေစီကို မြတ်နိုးပါတယ်ဆိုတဲ့၊ ဒီမိုကရေစီ လမ်းစဉ်နဲ့နိုင်ငံကို ထူထောင်ပေးပါမယ်လို့ ပြောခဲ့တဲ့ ဦးနုဟာ ၁၉၅၈စက်တင်ဘာမှာ အာဏာအသိမ်းခံရဆဲဆဲမှာ အာဏာသိမ်းတယ်ဆိုတာ တိုင်းပြည်နာမည်ပျက်တယ်။ ငါအာဏာလွှဲပေးမယ်ဆိုပြီး ဗိုလ်ချုပ်ကြီးနေ၀င်းကို အာဏာလွှဲပေးခဲ့ ကတည်းက ကျောင်းသားတွေက ဆန့်ကျင်ခဲ့ပါတယ်။
 အစရှိနောက်နောင်ဆိုသလို စစ်တပ်က အာဏာစသိမ်းရင် နောက်အာဏာသိမ်းမှုတွေ ဆက်တိုက် ဖြစ်လာမယ်လို့ ကျောင်းသားတွေက ၀ါရင့်နိုင်ငံရေးသမားကြီးတွေကို ထောက်ပြကြ ပါတယ်။
 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) တို့ဟာ အိမ်စောင့်အစိုးရကို ပထမဆုံး ကန့်ကွက်ခဲ့တဲ့အပြင် ဦးနုကိုလဲ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်တယ်လို့ ဝေဖန်ခဲ့တဲ့ အုပ်စုတွေထဲမှာလဲ ပါခဲ့ပါတယ်။
 သန့်ရှင်းနဲ့တည်မြဲ ဘယ်လိုမှ ညှိမရအောင် ကွဲနေကြချိန်၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု ကလည်း ရှေ့ဆက်ဖို့ခက်နေချိန်၊ တပ်တွင်းမှာလဲ ဗိုလ်မှုးချုပ်အောင်ရွှေ၊ ဗိုလ်မှုးကြီးကြည်ဝင်း၊ ဒုဗိုလ်မှုးကြီးချစ်ခိုင်တို့က အာဏာသိမ်းဖို့ စည်းရုံးနေချိန်မှာ တိုင်းပြည်ကို အဲဒီတုန်းက လက်ရှိအစိုးရ ဦးနုကတော်တော်ထိန်းရခက်နေပါတယ်။
 အာဏာသိမ်းဖို့ရက်မတိုင်ခင်မှာ ဦးနေ၀င်းကို ဦးနုက အာဏာသိမ်းဖို့ကြံနေတာကို သိသလားလို့ မေးရတဲ့အထိ သူ့သြဇာကကျဆင်းနေပါတယ်။ အာဏာသိမ်းတော့ ပါလီမန်အမတ်နဲ့ နိုင်ငံရေးသမား တော်တော်များများက ဦးနေ၀င်းရဲ့အိမ်စောင့်အစိုးရကို ထောက်ခံကြပါတယ်။
 ဦးနေ၀င်းကို အာဏာသိမ်းဖို့အားပေးတာ ဒါဟာတတိယအကြိမ်ပါ။ ၁၉၄၉ပြည်တွင်းစစ်ဖြစ်တော့ လက်ဝဲညီညွတ်ရေးကောင်စီဖွဲ့ကြပြီး ဦးနေ၀င်းကို တပ်တွင်းမှာ အာဏာသိမ်းဖို့၊ ၁၉၄၉မှာပဲ ဘကြီးဘဖေက ဦးနေ၀င်းကို အာဏာသိမ်းဖို့ပြောဖူးပါတယ်။
 တည်မြဲရော သန့်ရှင်းကပါ စစ်တပ်ကို နိုင်ငံရေးထဲမပါရလို့ တရားဝင်ပြောကြပေမယ့် စစ်တပ်က အရာရှိကြီးတွေကို တရားမ၀င် အပြိုင်အဆိုင်စည်းရုံးကြပါတယ်။ အာဏာလဲသိမ်းရော ဘယ်သူမှ မနိုင်တော့ဘူးဆိုပြီး စစ်တပ်ကို ၀ိုင်းထောက်ခံကြပါတယ်။
 ကျောင်းသားတွေကတော့ ပါတီစွဲနဲ့ ကိုယ့်ပါတီအာဏာရရေးဆိုတဲ့ အတ္တလဲမရှိ၊ ပါတီနိုင်ငံရေး၊ လူမျိုးစုနိုင်ငံရေးစတာတွေထက် အမျိုးသားနိုင်ငံရေးနဲ့ လူထုအတွက်ဆိုတာကို တောက်လျှောက် ရှေ့တန်းတင်ခဲ့သူတွေပီပီ အာဏာရှင်စနစ်က တိုင်းပြည်အတွက် အန္တရာယ်ဆိုပြီး ပထမဆုံးဆန့်ကျင်ခဲ့ပါတယ်။ ဒါကိုလဲ နေ၀င်းကသိပါတယ်။
 ၁၉၆၂ မတ်၂မှာ နေ၀င်းတတိယအကြိမ်အာဏာရပါတယ်။ ၁၉၅၉ဖေဖော်ဝါရီမှာ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ်ကနားခဲ့ပေမယ့် အမတ်တွေကသူ့ကိုပဲ နှစ်ပတ်အကြာမှာ ၀န်ကြီးချုပ် ထပ်ခန့်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ ဒုတိယအမှားပါ။ ဇူလိုင်၎ရက်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုဖွဲ့ပါတယ်။
 ဇူလိုင်၆မှာ ကျောင်းသားတွေက တန်းမြှင့်စာမေးပွဲဖျက်သိမ်းတာနဲ့ အဆောင်စည်းကမ်းတွေ ကျပ်တာတွေကို ဆန္ဒပြကြပါတယ်။ အဲဒီအချိန်မှာ နေ၀င်းဟာ သူ့ကိုဝိုင်းမြှောက်ပေးသူတွေကြောင့် သူသာလျှင်အရှင်ဆိုတဲ့စိတ် အခိုင်အမာရှိနေပါပြီ။ ၁၉၄၉တုန်းက ဘကြီးဘဖေက အာဏာသိမ်းဖို့ သူ့ကို လာပြောတုန်းက ဦးနုကိုချက်ချင်းအသိပေးခဲ့တဲ့ နေ၀င်းဟာ အဲဒီတုန်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသေးပါဘူး။ သူ့ကိုလဲ အဲဒီတုန်းကနိုင်ငံရေးသမားတော်တော်များများက အလေးအနက်မထားခဲ့ကြပါဘူး။
 ၁၉၄၉ကနေ ၁၉၅၈စက်တင်ဘာ အထိ ရှေ့မတက်ခဲ့တဲ့ နေ၀င်းဟာ ဖဆပလအကွဲအပြဲမှာ ထိပ်ရောက်ဖို့ဖြစ်လာပါတယ်။ ၁၉၆၂မှာဒုတိယအကြိမ်အာဏာသိမ်းတော့ သူ့ရှေ့မှာ သူ့အာဏာတည်ဖို့လမ်းမှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့ စိတ်ဝင်လာဟန်ရှိပါတယ်။ ၀င်လာအောင်လဲ ၀ါရင့်နိုင်ငံရေးသမားတွေက လုပ်ခဲ့ကြပါတယ်။
 တကသဥက္ကဌဟောင်းကိုခင်မောင်အုံးဟာ တော်လှန်ရေးကောင်စီကို ထောက်ခံလို့ သူ့ကိုကျောင်းသားတွေက ဖယ်ရှားလိုက်ပြီး ကိုသက်ကို ဥက္ကဌမြှောက်လိုက်ပါတယ်။ နေ၀င်းကတော့ ဒါတွေကိုအငြှိုးထားခဲ့ဟန်ရှိပါတယ်။
 ဇူလိုင်၇ရက်မှာ သမဂ္ဂမှာအစည်းအဝေးလုပ်အပြီး ညနေစောင်းကျောင်းသားတွေနားနေချိန်မှာ ကျောင်းဝင်းထဲကို တပ်ရင်း၎က သေနတ်နဲ့စပစ်ပါတော့တယ်။ တပ်ရင်း၎ဟာ ၁၉၅၈အာဏာသိမ်းတုန်းက ရန်ကုန်ကိုဝိုင်းခဲ့တဲ့တပ်လဲဖြစ်ပါတယ်။
 ကျောင်းသားတွေကိုပစ်သတ်ရုံသာမက ၈ရက်နေ့အာရုဏ်တက်မှာ သမဂ္ဂအဆောက်အအုံကိုလဲ ဒိုင်းနမိုက်နဲ့ခွဲလိုက်ပါတယ်။ ဆရာကြီးဦးဖေမောင်တင်က ဒဏ်ရာရတဲ့ကျောင်းသားတွေ အဆောက်အအုံထဲမှာ ရှိပါတယ်လို့ပြောတဲ့ကြားထဲက ခွဲလိုက်တာပါ။
သမဂ္ဂအဆောက်အအုံကိုဖြိုလိုက်ရင် ကျောင်းသာတွေရဲ့ တော်လှန်တတ်တဲ့စိတ်ကိုလဲ အလဲထိုးပြီးသားဖြစ်သွားမယ်လို့ နေ၀င်းတို့အောင်ကြီးတို့က ယူဆခဲ့ပုံရပါတယ်။
 ဒါပေမယ့် မှိုင်းရာပြည့်၊ နောက် ၈၈၊ ၉၆၊ ၀၇ နဲ့ကျောင်းသားတွေက အဲဒီတော်လှန်တတ်တဲ့စိတ်ကို အမွေခံခဲ့ကြလို့ စစ်အာဏာရှင်တွေ တွက်ကိန်းမှားခဲ့ပါတယ်။ ဇူလိုင်၇တော်လှန်ရေးမှာ အတိအကျသိတဲ့သေဆုံးသူ ၁၀ယောက်၊ ဒဏ်ရာရသူ၄၆ယောက်နဲ့ ပျောက်ဆုံးသူ၄၀ရှိပါတယ်။ (2)
 ဒီအာဇာနည်တွေက သူတို့ရဲ့အမွေကို မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဌေးကြွယ်တို့၊ မနီလာသိန်းတို့ ဦးဆောင်တဲ့ကျောင်းသားတသိုက်က ဆက်ထိန်းထားတာ သိမယ်ဆိုရင် ရောက်ရာအရပ်က လက်သီးလက်မောင်းတန်းပြီး ဂုဏ်ပြုကြမှာပါ။
 1 ၀င်းတင့်ထွန်း၊ အမှောင်ကြားကဗမာပြည်၊ အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအကျဉ်း (၁၉၄၈-၂၀၀၀)၊ DPNS: Thailand၊ ၂၀၀၇၊ စာ ၃၁၆
2 အောင်စောဦး၊ လွတ်လပ်ရေးရွှေရတု၊ ပြည်သူ့ဘက်တော်သားများ: Thailand၊ ၁၉၉၈၊ စာ ၁၃၅-၆
Discussion
One thought on “7 July 1962
  1. အမှန်ပါပဲ ညီမရေ..
    အာဏာရှင်တွေဟာ လက်နက်မဲ့ ကျောင်းသားတွေကို အင်အားအမျိုးမျိုးသုံးပြီး နှိမ်နင်း သတ်ဖြတ်ခဲ့တာ ဖျက်မရတဲ့ သမိုင်းအမည်းစက်ပါပဲ။
    ဒီလို အရူးဘုံမြှောက်ခဲ့ကြလို့လဲ ရာဇပလ္လင် ခွေးတက်တဲ့ အဖြစ်မျိုး ကြုံနေကြရတာ ဒီနေ့အထိပဲပေါ့။
    ပြည်သူချစ်တဲ့ တပ်မတော်သာ ဖြစ်စေချင်မိပါတယ်။
    Posted by မိုးချိုသင်း | 07/07/2009, 17:08
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: