//
you're reading...
Burma, Economics

ဗမာပြည်ဟာ ချွတ်ခြုံကျနေတာ မဟုတ်ဘူး။

Burma Isn’t Broke

 By Sean Turnell

ဒီမိုကရေစီကို ကိုယ်စားပြုတဲ့ အောင်ဆန်းစုကြည်အပေါ် အချိန်ဆွဲလုပ်ပွဲအမှုက ဗမာပြည်ပေါ် ပြန်ပြီးအာရုံစိုက်လာစေပါတယ်။ စစ်အစိုးရနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့အပေါ်လဲ ဆွေးနွေးမှုတွေဖြစ်လာအောင်လဲ လှုံ့ဆော်ပေးပါတယ်။   ဖွံ့ဖြိုးရေးဆိုင်ရာအထောက်အပံ့က ဗိုလ်ချုပ်တွေကို စကားပြောလာစေဖို့ သိမ်းသွင်းနိုင်မယ့်အရာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မကြာသေးခင်က မှတ်ချက်ပေးပါတယ်။  ဒါပေမယ့် အများထင်ထားတာနဲ့ မတူတာက စစ်အစိုးရက သူတို့ပြောလေ့ရှိတဲ့အတိုင်း ဆင်းရဲမွဲတေနေတာ မဟုတ်ပါဘူး။

 

ဗမာနိုင်ငံဟာ အာရှ-ပစိဖိတ်မှာ သဘာဝဓာတ်ငွေ့အဓိကရောင်းချသူ ဖြစ်လာပါတယ်။ လောလောဆယ်မှာ ဓာတ်ငွေ့အများစုကို ထိုင်းနိုင်ငံကို ရောင်းချပါတယ်။ ဒါပေမယ့် ဓာတ်ငွေ့ကွင်းသစ်တွေကနေ တရုတ်ပြည်ကို မကြာခင်မှာ အများအပြားရောင်းချတော့မှာ ဖြစ်ပါတယ်။ မြင့်တက်လာတဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းနဲ့ ပိုများလာတဲ့လိုအပ်မှုတွေက ဗမာ့သဘာဝဓာတ်ငွေ့ ပို့ငွေရရှိမှုကို တက်လာစေပါတယ်။ ဒီနှစ် ဘဏ္ဍာရေးနှစ်မှာ ပိုငွေက ဒေါ်လာ ၂.၅ ဘီလီယံထိ တက်မယ်လို့ မှန်းရပါတယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံခြားအရံငွေဟာ ဒီနှစ်ကုန်ရင် ဒေါ်လာ ၅ဘီလီယံလောက်ထိ တက်သွားပါလိမ့်မယ်။

 

ဒါပေမယ့် ဒီဝင်ငွေဟာ တိုင်းပြည်ရဲ့ တရားဝင်ဘဏ္ဍာရေးစာရင်းအင်းတွေအပေါ်မှာ ဘာမှ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။  အဖြေကရှင်းပါတယ်။ ဓာတ်ငွေ့ကရတဲ့ ဒေါ်လာတွေကို စာရင်းထဲမှာ တရားဝင်ငွေလဲနှုန်း–တဒေါ်လာကို ၆ကျပ်–နဲ့ပြတာ ဖြစ်လို့ပါပဲ။ ဒီနှုန်းက ဗမာငွေရဲ့တန်ဖိုးကို ဈေးကွက်ပေါက်ဈေးထက် အဆ၂၀၀လောက် များစေပြီး ဓာတ်ငွေ့က ရတဲ့တန်ဖိုးကို ကျပ်ငွေတန်ဖိုးနဲ့တွက်ရင် အဆ၂၀၀လောက်နည်းစေပါတယ်။ ဓာတ်ငွေ့က ရတဲ့ငွေကို ကျပ်ငွေနဲ့တွက်ရင် ဘက်ဂျက်ရဲ့ ၁%လောက်တောင် မရှိပါဘူး။  ဈေးကွက်ကငွေလဲနှုန်းနဲ့ တွက်မယ်ဆိုရင်တော့ အစိုးရဘက်ဂျက်ရဲ့ ၂ဆမကပါဘူး။ ဒီပမာဏဟာ တိုင်းပြည်ရဲ့ လိုငွေပြမှုကို အများကြီးပျောက်သွားစေပါလိမ့်မယ်။

 

ဒီလိုပညာသားပါပါနဲ့လိမ်ရတဲ့ အကြောင်းရင်းက ဗမာပြည်ရဲ့ နိုင်ငံခြားငွေနဲ့ရတဲ့ ၀င်ငွေကို တိုင်းပြည်ရဲ့ တရားဝင်စာရင်းကနေ ဖယ်ထားချင်လို့ပါပဲ။ ဒါမှလည်း ဒီငွေကို စစ်အစိုးရနဲ့ သူတို့ရဲ့ နောက်တော်ပါတွေ သုံးလို့ရမှာပါ။ ဒီစာရင်းတွေကို နိုင်ငံပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ ပြည်ပကဘဏ်တချို့က စီမံပေးနေတာပါ။

 

ပေါများနေတဲ့ ဒီငွေတွေနဲ့ စစ်ခေါင်းဆောင်တွေဟာ မကြုံစဖူးအောင် ဖြုန်းပွဲကြီးတွေ ကျင်းပကြတယ်။ နေပြည်တော်လို့ခေါ်တဲ့ အုပ်ချုပ်ရေးမြို့ကြီးဆောက်ကြတယ်။ ဘာအတွက်အသုံးချဖို့ဆိုတာသေချာမသိနိုင်တဲ့ နယူးကလိယ နည်းပညာကို ရုရှကနေ၊ (မြောက်ကိုရီးယားကလဲ ဖြစ်နိုင်) ၀ယ်ကြတယ်။ ဒါဟာ ဗမာပြည်ရဲ့ လုပ်ရိုးလုပ်စဉ်အရ ခန့်မှန်းလို့ရတဲ့အရာပဲ။ ၁၉၆၂မှာ စစ်အစိုးရအာဏာရတယ်။ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေကို သိမ်းတယ်။ အခြေခံ ဈေးကွက်အဆောက်အအုံတွေ ဖရိုဖရဲဖြစ်အောင်လုပ်တယ်။ ဗမာပြည်မှာ ထိရောက်တဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဆိုင်ရာအခွင့်အရေးမရှိဘူး။ ဥပဒေနဲ့အညီအုပ်ချုပ်မှုကလဲ အားနည်းတယ်။ မက်ခရိုဘောဂဗေဒနဲ့ဆိုင်တဲ့ ပေါ်လစီကလဲ ရေရေရာရာမရှိ။ ခန့်မှန်းလို့မရနဲ့။ နောက်ပြီး ရေရာတဲ့အချက်အလက်တွေအပေါ်မှာ အခြေခံတာလဲမဟုတ်။ တိုင်းပြည်ဝင်ငွေထက် အများကြီး ပိုပြီးသုံးတယ်။ အကျိုးဆက်ကို ဖြေရှင်းနည်းကတော့ ပိုက်ဆံတွေကို ရိုက်ထုတ်တယ်။ ဒီတော့ ငွေကြေးဖောင်းပွမှုဖြစ်တယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ ကော်ပိုရေးရှင်းတွေကို စစ်တပ်ကပိုင်တယ်။ ဗမာပြည်ကို Transparency International က တကမ္ဘာလုံးမှာ ဒုတိယခြအစားဆုံးတိုင်းပြည်လို့ သတ်မှတ်ထားတယ်။

 

ဗမာပြည် အဆင့်အတန်းကျလာလိုက်တာ အံ့မခန်းပဲ။ တိုင်းပြည်ဟာ အရင်တုန်းက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံတွေထဲမှာပါတယ်။ ပြီးတော့ ဆန်အများဆုံး တင်ပို့နိုင်တဲ့ နိုင်ငံတွေထဲမှာလဲ ပါတယ်။ ဒီနေ့ဗမာပြည်ဟာ ကိုယ့်ပြည်သူကိုတောင် ၀အောင်မကျွေးနိုင်ဘူး။ ၁၉၅၀မှာ ဗမာပြည်ရဲ့ GDP ဟာအိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ထပ်တူနီးပါးပဲ။ ဒီနေ့တော့ ထိုင်းရဲ့ GDP ဟာ ဗမာပြည်ထက် ၇ဆလောက်များတယ်။ ဒီနိုင်ငံနှစ်နိုင်ငံရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ စရိုက်တွေဟာ မကွာလှဘူး။

 

ဗမာပြည်သူတွေဟာ ဆင်းရဲတယ်။ ဒါပေမယ့် သူတို့ကို ဖိနှိပ်ထားတဲ့ စစ်အစိုးရကတော့ မဆင်းရဲဘူး။ ဗမာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ ဒီညီမျှခြင်းကို ပြောင်းပစ်နိုင်မှုအပေါ်မူတည်တယ်။ ဒီလိုပြောင်းပစ်နိုင်ဖို့ကို တကမ္ဘာလုံးကဦးတည်ကြိုးပမ်းသင့်တယ်။

 

—Mr. Turnell is the editor of Burma Economic Watch and an associate professor in economics at Macquarie University in Sydney.

(this article appeared on The Wall Street Journal and can be downloaded from http://online.wsj.com/article/SB30001424052970204313604574329181770155154.html)

Discussion

3 thoughts on “ဗမာပြည်ဟာ ချွတ်ခြုံကျနေတာ မဟုတ်ဘူး။

  1. သိပ်ကောင်းတဲ့ ဆောင်းပါးတစ်ခုပါ။ ကော်ပီကူးသွားပါတယ်၊ ကျေးဇူးတင်ပါတယ်။

    Posted by နန်းထိုက်လှိုင် | 07/08/2009, 20:21
  2. သိပ်ကိုကောင်းတဲ့ဆောင်းပါးပါ.. ဘာသာပြန်ပြီး highlight လုပ်ပေးတာ ကျေးဇူးးပါ မဇီဇ၀ါ

    Posted by ပန်ဒိုရာ | 10/08/2009, 10:40
  3. အဲဒီလို ပေါ်တင်ကြီး လုပ်နေတာကို သိသိရဲ့နဲ့ ခံစားနေရတာ ပြည်သူတွေပါပဲလေ။

    Posted by july Dream | 20/08/2009, 15:11

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: