//
you're reading...
Philosophy

Wisdom of life

မလေးတရုတ်မလေးတယောက်အကြောင်း စဉ်းစားမိတယ်။ သူက ဘွဲ့ရတော့ အလုပ်တောင်မရှာဘဲ နေမကောင်းဖြစ်နေတဲ့ သူ့အဖေကို ပြုစုဖို့တဲ့ မလေးရှားကို ပြန်သွားတယ်။

သူစာတော်တာ၊ ရည်မှန်းချက်ကြီးတာကိုသိတဲ့ မိတ်ဆွေတွေက သူ့ကိုတားကြတယ်။ ဒါပေမယ့် သူကဘာပြန်ပြောလဲဆိုတော့ အလုပ်ကောင်းကောင်းရတာ၊ ပိုက်ဆံများများရတာ၊ ဒီနိုင်ငံမှာ နေခွင့်ရဖို့ဟာ ငါ့ရည်မှန်းချက်တွေပါတဲ့။ ဒါပေမယ့် ဒါတွေအားလုံးထက်အရေးကြီးတဲ့ ရည်မှန်းချက်က ငါ့အဖေမသေခင် သူ့နားမှာနေပြီး ကောင်းကောင်းပြုစုဖို့၊ သူ့ကိုစိတ်ချမ်းသာအောင် ထားနိုင်တယ်ဆိုတဲ့ အသိနဲ့ ငါကိုယ်တိုင်လဲ စိတ်ချမ်းသာမှုရဖို့တဲ့။

အသက် ၂၁ပဲရှိသေးတဲ့ ကလေးမလေး တွေးခေါ်ပုံက ရင့်ကျက်လိုက်တာ။ သူ့မိတ်ဆွေတွေလဲ သူ့ဆီက အရေးကြီးတဲ့ အသိတခုရလိုက်တယ်။ ဘဝမှာ တန်ဖိုးထားတာတွေဟာ တယောက်နဲ့ တယောက်မတူနိုင်ဘူးဆိုတာကိုပဲ။

ရမယ့်အခွင့်အရေးကောင်းတွေကိုလွှတ်ပြီး ပြန်သွားတဲ့ သူ့ကို လူမိုက်လို့ ပြောလို့မရနိုင်သလို၊ ပြောခွင့်မရှိသလို၊ အဲဒီလို ဆုံးဖြတ်ရဲတဲ့ သတ္တိကိုလဲ ချီးကျူးရမှာပါ။

အဲဒါနဲ့ဆက်စပ်ပြီး မနေ့ ပြင်သစ်သမတ္တဆာကိုဇီပြောတာကို တွေးမိတယ်။ နိုင်ငံရဲ့ ကြွယ်ဝမှုကို GDP လောက်နဲ့တင် မတိုင်းတော့ဘဲ အားလပ်ရက်ဘယ်လောက်ရလဲ။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိရဲ့လား စတဲ့အချက်တွေနဲ့ပါ တိုင်းသင့်တယ်တဲ့။

အရှေ့ကလူတွေ အနောက်ကို အထင်ကြီးကြချိန်မှာ အရှေ့ကတန်ဖိုးတွေကို အနောက်က မြင်လာတဲ့သဘော။ ကျောင်းက ကျောင်းသားလေးတွေအကြောင်းလဲ ဆက်ပြီး စဉ်းစားမိသေးတယ်။

နိုင်ငံပေါင်းစုံက ကျောင်းသားတွေ ကျောင်းမှာလာစုကြတော့ နိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေးစတာတွေကို အချင်းချင်းဆီက သင်ယူလို့ရတယ်။ ကျောင်းဆိုတာဟာ စာသင်ခန်းထဲမှာတင် သင်ယူရတဲ့နေရာ မဟုတ်ဘဲ ကျောင်းသား အချင်းချင်းဆီကလဲ ဘဝမှာအသုံးဝင်မယ့် အသိတွေ၊ ပေါင်းသင်းဆက်ဆံရေးပညာတွေ သင်ယူရတဲ့နေရာဖြစ်တယ်။

စာသင်ခန်းကပညာတွေနည်းတူ အတန်းဖော်တွေ မိတ်ဆွေတွေရဲ့ အတွေးအခေါ်၊ ခံယူချက်တွေကလဲ ကိုယ့်ဘဝကို ပြောင်းလဲမှု အများကြီး ပေးနိုင်တယ်။ အမေရိကားက လစ်ဘရယ်ကောလိပ်တွေမှာဆို နိုင်ငံအစုံပြိုင်သလားအောက့်မေ့ရတယ်။ တတ်နိုင်သလောက် နိုင်ငံစုံကကျောင်းသားတွေကို ဝင်ခွင့်ပေးကြတယ်။ ပညာသင်ခွင့်ပေးကြတယ်။

စာတော်တာကတပိုင်း။ မတူညီတဲ့အတွေးအခေါ်၊ ယဉ်ကျေးမှုနဲ့ ကျောင်းရဲ့ပတ်ဝန်းကျင်ကို အရောင်စုံစေဖို့၊ မြင်ပုံ တွေးပုံ ကျယ်ပြန့်စေဖို့၊ ကွဲပြားခြားနားမှုတွေကို လက်ခံတန်ဖိုးထားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုယ်ပိုင်ဟန်လေးတွေရှိတဲ့ ကလေးတွေကို သူတို့ကျောင်းတွေမှာ ဝင်ခွင့်ပေးကြတယ်။

ဥပမာပေးရရင်-ဗမာပြည်က စာတော်တဲ့ကလေး၂ယောက်ရှိတယ်ဆိုပါစို့။ ဝင်ခွင့်စာမေးပွဲ အမှတ်ကလဲသိပ်မကွာဘူး။ အင်္ဂလိပ်လိုကလဲ ကောင်းကောင်းပြောနိုင်တယ်။ ဒါပေမယ့် တယောက်က ဇော်ဂျီရဲ့ ကဗျာတွေ စာတွေ ကောင်းကောင်းသိတယ်။ နတ်တွေအကြောင်း တီးမိခေါက်မိတယ်။ တယောက်က အဆိုတော် Rianna တို့ Black Eyed Peas တို့အကြောင်း နောကျေတယ်။ အမေရိကန်သမ္မတအစဉ်အဆက်ကိုလဲ ကောင်းကောင်းသိတယ်။

ဒါပေမယ့် ဒီနှစ်ယောက်ထဲက တယောက်ကိုပဲရွေးရမယ်ဆိုရင် ပထမတယောက်ကို ကျောင်းက ရွေးဖို့များတယ်။ သူ့မှာကိုယ်ပိုင်ဟန်ရှိတယ်လေ။ သူက ကျောင်းကမသိသေးတဲ့ ဗမာ့ယဉ်ကျေးမှုနဲ့ စာပေကို မိတ်ဆက်ပေးနိုင်မယ်လေ။ ဒုတိယတယောက်ကတော့ တခြားအမေရိကန်ကျောင်းသားအများစုသိပြီးသားကို သိနေတာဖြစ်တဲ့အတွက် သူ့ဆီကနေ ကျောင်းက အသစ်ရစရာ သိပ်မရှိပေဘူး။

ဒီဘက်နိုင်ငံတွေရောက်လာပြီးရင်လဲ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ယဉ်ကျေးမှုကို ထိန်းနိုင်တဲ့ လူတွေကို အထင်ကြီးကြတယ်။ ဘင်္ဂါလီနဲ့ အိန္ဒိယသမိုင်းနောက်ခံဝတ္ထုတွေရေးတဲ့ Amitav Ghosh လို၊ အမေရိကားမှာနေတဲ့ Kashmir က ကဗျာဆရာ Agha Shahid Ali လို လူမျိုးတွေဟာ သူတို့ရဲ့ identity ကို ကောင်းကောင်းထင်ဟပ်စေတဲ့ စာတွေ ကဗျာတွေကြောင့် ကမ္ဘာကျော်ကြတယ်။ ကိုယ်ပိုင်ဟန်ရှိတဲ့ ကိုယ့်ရဲ့ယဉ်ကျေးမှုကိုလေးစားတဲ့ လူတွေအဖြစ်နဲ့ သူတို့ကို လူတွေက အထင်ကြီးကြတယ်။ နေရာပေးကြတယ်။

စောစောကပြောခဲ့တဲ့ မလေးတရုတ်မလေးဟာလဲ မိသားစုပျော်ရွှင်မှုအပေါ်အခြေခံပြီး ဆောက်ထားတဲ့ သူ့ identity နဲ့ ဘဝပျော်ရွှင်မှုရှာနည်းအကြောင်း သူကောင်းကောင်းသိတယ်။ ဒါကြောင့် ပျော်ရွှင်မှုရဖို့ သူ့အဖေဆီသူပြန်တာပဲ။ တနေ့မှာလဲ အတွင်းအဇ္ဈတ္တတွေကို အခြေခံပြီး ချထားတဲ့ ရည်မှန်းချက်တွေ၊ အောင်မြင်မှုတွေ ရအောင် ယူနိုင်ပါလိမ့်အုံးမယ်။ လောလောဆယ်တော့ သူ့မိတ်ဆွေတွေကို သူက ဘဝနေနည်းတခု သင်ပေးသွားခဲ့တယ်။

Discussion

2 thoughts on “Wisdom of life

  1. ကောင်းလိုက်တာ
    ညကျ post အသစ်တခု တင်ဦးမှလို့ အကြံရမိပါတယ်။

    Posted by Rita | 17/09/2009, 06:48
  2. ဟုတ်တယ် အဲဒီ တယောက်ကိုချီးကျူးရမယ်။ မလေးရှားမှာက Britain မှာလို social service ရှိပုံမရဘူးထင်တယ်။ မလေးတရုတ်မကလဲ carer လုပ်တာ ဝါသနာပါလို့လဲဖြစ်နိုင်တာပဲလေ။

    Posted by steve | 19/09/2009, 18:07

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: