//
you're reading...
British culture

အိမ်ရှင်နဲ့ပတ်စပို့

ဇွန်လကုန်လောက်က ဗီဇာသက်တမ်းတိုးဖို့ရာ home office ကို ပတ်စပို့နဲ့ စာရွက်စာတမ်းတွေ ပို့လိုက်ပါတယ်။ လူကိုယ်တိုင်သွားလျှောက်ရင် နေ့ချင်းပြီးရပေမယ့် ပေါင်၂ဝဝတောင် ကွာတာမို့ စာတိုက်ကပဲ ပို့လိုက်ပါတယ်။

 

ဒီကြားထဲမှာ အိမ်ရှင်က သူနဲ့အီတလီကို လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ရောမနားက အိမ်တလုံးမှာ တပတ်နေခွင့် ဝယ်ထားလို့တဲ့။ အိမ်ဌားထားလို့ဆိုပြီး မသုံးပါဘူး။ တနှစ်လုံးဘယ်အချိန်လာနေနေ တပတ်နေခွင့်ကို အိမ်ရှင်က စိတ်ဝင်စားတဲ့လူတွေကို ရောင်းပါသတဲ့။

 

အိမ်က ၃ခန်းလားမသိ ပါတာမို့လို့ ဝတုတ်နဲ့၂ယောက်လိုက်ခဲ့ကြဖို့ ခေါ်ပါတယ်။ အောက်တိုဘာမှ ဆိုတော့ ပတ်စပို့လဲ ပြန်ရတန်ကောင်းရဲ့ဆိုပြီး လက်မှတ်တွေ ဝယ်လိုက်ကြပါတယ်။

 

ပတ်စပို့က၄ပတ်နဲ့လဲပေါ်မလာ။ ၆ပတ်နဲ့လဲပေါ်မလာ။ ၁ဝပတ်နဲ့လဲ ပေါ်မလာတော့ လက်မှတ်တွေတော့ ဆုံးပြီလို့တွက်ထားလိုက်ပါတယ်။ လေကြောင်းလိုင်းကို ဖုန်းဆက်မေးတော့ ၄ဝရာခိုင်နှုန်း ပြန်ပေးမယ်ပြောတော့ တော်သေးတယ်။ နည်းနည်းတော့ပြန်ရအုံးမယ်ဆိုပြီး နေလိုက်ပါတယ်။

 

ဒီကြားထဲမှာ ဝတုတ်က တရက် အိမ်ရှင်အဘိုးကြီးကို ဒီနိုင်ငံကအသုံးကျတာတွေနည်းလာပြီ။ ပိုက်ဆံတွေလဲ အများကြီးပေးရသေးတယ်။ အလုပ်လဲကောင်းကောင်းမလုပ်ကြဘူးလို့ ပြောလိုက်မိတယ်။

 

အဲဒီမှာ အဘိုးကြီးက တော်တော်လေးမခံနိုင်ဖြစ်သွားတယ်။ သူတို့နိုင်ငံကို ဒီလိုပြောရပါ့မလားပေါ့။ ကိုယ်ကလဲ ကြားထဲက ဝင်ပြောလိုက်သေးတယ်။ တို့တော့ ခံနိုင်ရည်ရှိနေပြီ။ ဟိုဌာနက စာရွက်ပို့လိုက်တာ အကြိမ်ကြိမ်ပျောက်လို့ ပြန်တောင်းရတာ။ တခြားတယောက်ကို ပိုက်ဆံလွှဲတာ ကိုယ့်နာမည်နဲ့ ကိုယ့် account ထဲ ပြန်ရောက်နေတာတွေ ကြုံဖူးထားတော့ ဒီတခေါက် ခရီးမသွားခင် ပတ်စပို့ ရောက်မလာလဲ မအံ့သြဘူးလို့။

 

အိမ်ရှင်က အဲဒီမှာ သူ့ရဲ့ operation စတော့တာပဲ။ အစိုးရဌာနမှာလုပ်တဲ့ သူ့မိတ်ဆွေတွေဆီ စာလှမ်းရေးပြီး အကြံတောင်းတယ်။ ကိုယ်က အလုပ်ရှုပ်ခံမနေပါနဲ့လို့ ပြောတော့ သူက ကမ်ပိန်း လုပ်ရတာ ဝါသနာပါလို့ပါတဲ့။ ကိုယ့်မှာသူလုပ်မှ ကမ်ပိန်းလုံးလုံးဖြစ်လို့။ ပတ်စပို့အမြန်ပြန်ရရေး ကမ်ပိန်းပေါ့။

Secretary of state ဆီ စာရေးပါဆိုလို့ ကိုယ့်မှာစာရေးရတယ်။ recorded delivery နဲ့ပို့မှ ရှေ့ဆုံးကဖတ်မှာဆိုလို့ နောက်တခါပြန်ပို့ဖို့ပြင်ရတယ်။ ပြီးတော့ သူကကိုယ့် borough က အမတ်ဆီလဲ စာရေးသေးတယ်။

စာကြမ်းကို ၆ခါလောက်ရေးတယ်။ ရေးလိုက်၊ ပြန်ဖတ်ခိုင်းလိုက်နဲ့။ နင့်စာက ငါတို့ကို အကျင့်စာရိတ္တကောင်းကြောင်း၊ ဒီနိုင်ငံမှာကောင်းမွန်စွာနေကြောင်း ရဲစခန်းထောက်ခံစာ ကျနေတာပဲ။ အဲဒီလောက်မလိုပါဘူးလို့ ပြောရတယ်။ ငြင်းလိုက် ခုံလိုက်နဲ့ MP ဆီ စာရောက်သွားတယ်။

 

သူ့မှာ သူ့နိုင်ငံက ဌာနတွေ အလုပ်လုပ်သေးကြောင်း ပြချင်ဇောနဲ့ အားတက်သရောကူညီရှာပါတယ်။ အီတလီလိုက်စေချင်တာကလဲ တပိုင်းပေါ့။ ပထမရည်ရွယ်ချက်ကတော့ ပိုပြီးထင်ရှားတယ်။

 

လာမယ့်နှစ်မှာ ရွေးကောက်ပွဲရှိတော့ MP ရုံးက အလုပ်လုပ်တယ်။ ချက်ချင်းပဲ အီးမေးပြန်လာတယ်။ မနက်ဖြန်သူ့လက်ထောက်နဲ့လာတွေ့ပါတဲ့။ အဲဒါနဲ့ သွားရပြန်တယ်။

 

ဟိုရောက်တော့ home office က နှေးတာ သူတို့လဲသိပါတယ်တဲ့။ အမတ်က လက်ရှိအစိုးရ လေဘာပါတီက မဟုတ်ဘဲ lib dem က ဖြစ်နေလို့ ဒီလိုပြောတယ်ထင်ပါရဲ့။ လေဘာအမတ်က သူ့အစိုးရကိုတော့ လူရှေ့မှာ ပြောင်ကြီး ညံ့တယ်လို့တော့ ပြောမယ်မထင်ဘူး။

 

နောက်ဆိုရင် premium ပဲ လျှောက်ပါတဲ့။ အားရှိစရာ။ immigrant တွေကို ပိုက်ဆံထုတ်စက် cash cow လို့များ သဘောထားလေသလားမသိ။ ကိုယ့်ရှေ့မှာပဲ home office ကို ဖုန်းဆက်ပေးတယ်။ ဖြစ်ချင်တော့ သောကြာနေ့ဆို ၁ဝ.၃ဝမှ ဖုန်းကိုင်တယ်တဲ့။ ကြားကြားဖူးကြရဲ့လားလို့ ဒီပြင့်နိုင်ငံမှာ နေတဲ့လူတွေကို မေးချင်တယ်။

 

အမတ်ရဲ့လက်ထောက်က သူပြောထားလိုက်မယ်။ တခုခုကြားရင် တနင်္လာ၊ အင်္ဂါလောက် ဖုန်းဆက်လိုက်မယ်တဲ့။

 

တနင်္လာနေ့လဲဖုန်းမလာ၊ အင်္ဂါလဲဘာမှမကြား။ ကိုယ်ကတော့ စိတ်မပူပါဘူး။ အခြေအနေက မဟန်လို့ ဖုန်းမဆက်တာပဲလို့ တွက်လိုက်တယ်။ ဒါပေမယ့် အိမ်ရှင်အဘိုးကြီးက ဖုန်းဆက်မယ်ဆိုဆက်ရမှာပေါ့ unacceptable ဆိုပြီး တဖျစ်တောက်တောက်နဲ့။ သူ့နိုင်ငံရဲ့ သိက္ခာကို ဆယ်ချင်ရှာတဲ့ သူ့ကို ကိုယ်တွေက သနားလဲသနား။ ရီလဲရီချင်။ သူ့ရှေ့မှာ သွားပြောမိတာ ကိုယ့်အမှားပဲလို့လဲတွေးမိရဲ့။

 

ဗုဒ္ဓဟူးနေ့ရောက်တော့ အမတ်ရုံးကို တခါစာရေးရပြန်တယ်။ ဒီတခေါက်တော့ ကိုယ်တိုင်ပဲ အကြောင်းထူးလား။ ဘာကြားလဲ မေးလိုက်တယ်။ တနေ့လုံးအီးမေးပြန်မလာတော့ အဘိုးကြီးလဲ တော်တော်လေး စိတ်တိုနေပြီ။ သူသွားစရာရှိတာတွေကိုတောင် ဖြောင့်ဖြောင့်မသွားနိုင်ဘူး။ လမ်းကနေဖုန်းဆက်ပြီး ဘာကြားပြီလဲလို့ တချိန်လုံးလုပ်နေတယ်။

 

ကြာသပတေးရောက်တော့ သူမျှော်နေတဲ့စာရောက်လာပါတယ်။ သတင်းကောင်းလဲ ပါလာတယ်။ home office က ပတ်စပို့ ပြန်ပို့လိုက်ပြီတဲ့။ အိမ်ရှင်ကအဲဒီသတင်းကြားကြားချင်း some benefits in the western democracy တဲ့။ ကိုယ်က အမတ်ကြောင့်ရတာလဲ ဖြစ်ချင်မှဖြစ်မှာပါ။ ဒီမိုကရေစီအလုပ် ဖြစ်တယ်ဆိုတာလဲ ဒါလေးတခုထဲနဲ့ ပြောဖို့ မဖြစ်နိုင်ပါဘူးလို့ ငြင်းချင်လိုက်တာ။ လျှာကိုယားနေတာပဲ။ ဘာ့ကြောင့်ပဲကူညီကူညီ၊ ကိုယ့်ကိုကူညီထားတဲ့ အချက်ကလေးနဲ့ မငြင်းတော့ဘူး။ သူနဲ့လဲ ခရီးသွားရအုံးမှာ မဟုတ်လား။

 

သူ့အတွက်တော့ သူ့နိုင်ငံရဲ့ သိက္ခာဆယ်လိုက်နိုင်တာပေါ့။ ကံဆိုးချင်တော့ စာပို့သမားတွေ သပိတ်မှောက်တော့ ပတ်စပို့ကရောက်မလာနိုင်ဘူး။ စာတိုက်ကို ဖုန်းဆက်ပါအုံးတဲ့။ ဇာတ်လမ်းက ဆုံးဖို့မမြင်တော့ဘူး။

Discussion

7 thoughts on “အိမ်ရှင်နဲ့ပတ်စပို့

  1. ပတ်စ်ပို့ က ရမလား ရမလား နဲ့ အသည်းတယားယား ဖတ်ရတာ။ နိုင်ငံဂုဏ် ဆယ်ချင်တဲ့ လူကြီးကို သနားလို့လေ။ ပတ်စ်ပို့ ပို့လိုက်ပြီဆိုမှ ဟင်းချ မယ်ကြံကာရှိသေး၊ စာတိုက်က သပိတ်မှောက်ပြန်ပါရော တဲ့။
    ရီလိုက်ရတာ ညီမရယ်။

    Posted by မိုးချိုသင်း | 19/09/2009, 23:37
  2. အော် ဒီမိုကရေစီဆိုတာ အဲလိုလား🙂

    Posted by Rita | 20/09/2009, 07:20
  3. အဲ့သလို ပြောစရာတွေ အများကြီး ရှိတယ်။ သိပ်စိတ်ဆိုးတဲ့ တခါကတော့ အမေ နေမကောင်းဖြစ်နေတုန်း သူ့ဆီ ရေးတဲ့စာက အမေဆုံးပြီး သူ့ရက်လည်နေ့မှာ ရောက်သွားတယ်။ နီပေါကို ရောက်သွားလို့တဲ့။ complaint လုပ်လို့ တောင်းပန်စာ အရှည်ကြီး ရောက်လာတယ်။ စိတ်သိပ်မကျေနပ်တဲ့ အခါ ၀န်ကြီးချုပ်ဆီ ရေးမယ်ဆိုပြီး စာစီနေတာ ၀န်ကြီးချုပ် နောက်တယောက်တောင် ပြောင်းသွားပြီ😀

    Posted by မီယာ | 20/09/2009, 07:56
  4. Interesting story. Yes, postal strikes usually left with casualties, I mean, loss of millions of £. It happens in democratic countries. I still remember a few years ago when fire fighters strike was going on, the government had to use antique army vehicles for fire.

    Well, the Home Office is what I don’t really understand sometime. It was many years ago. I did apply for visa extension. No response for 18 months. Thanks god. That time, I had been already working and Human resource did check my passport before my stay expired. After several letters, of course, including local MP’s support, I got it back on one morning.

    On the other hand, when I applied ILR (Permanent residency), my life did change only in 6 weeks. Amazing service. After 12 months, it was time to go further for naturalization. It took 8 weeks . Not bad, I think. The greatest barrier after becoming a British is applying passport. I can’t believe it. The usual processing time is 6 weeks with or without interview. But in my case, it took up to 3 months. Maybe they might be checking my old addresses as first time applicant. Anyway, I should thank to passport agency because they sent my new passport just before x-mas holiday🙂

    You may already know this forum.

    http://www.immigrationboards.com/

    You may check it for some immigration news, for some idea. or people’s experience.

    Posted by steve | 20/09/2009, 08:19
  5. အချိန်မီ အဆင်ပြေပါစေး)

    Posted by Nu Thwe | 20/09/2009, 22:53
  6. နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆယ်ချင်တဲ့ သူအကြောင်း ဖတ်ပြီး ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အကြောင်းကိုပါ ရှည်ရှည်ဝေးဝေး အတွေးနယ်ချဲ့ နေမိပါတယ်…

    Posted by သက်ဝေ | 25/09/2009, 08:55
  7. ဟုတ်တယ် သက်ဝေ။ ဒီလိုပါပဲ။ကျွန်တော်ဆိုရင်လဲ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာကျမှာနဲနဲတော့စိုးရိမ်တယ်။ အခုဆို အလုပ်လက်မဲ့ က သုံးသန်းနားတောင်ကပ်နေပြီတဲ့

    Posted by steve | 25/09/2009, 19:04

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: