//
you're reading...
Burmese

တွေ့ရင်ပြောကြပါ။

ရန်ကုန်ကနေ ၈၆မိုင်ဝေးတဲ့ ဒိုက်ဦးဆိုတဲ့မြို့လေးကို ၁၉၆ဝတဝိုက်လောက်ကထင်ပါရဲ့။ တရုတ်သားအမိနှစ်ယောက် ရောက်လာတယ်။ သားက အသက်၎ဝနားကပ်နေပြီ။ အမေကတော့ ၆ဝတဝိုက်ပေါ့။

 

ပထမတော့ သားအမိနှစ်ယောက် ငှက်ပျောပင်တွေစိုက်၊ ကြက်တွေမွေးပြီး နေဖို့စားဖို့ ဖန်တီးကြတယ်။ နောက်တော့ သူတို့နှစ်ယောက် ရထားလမ်းဘေး၊ ဆန်စက်ကြီးတွေနားက ခြံကျယ်ကြီးမှာ သွားနေကြတယ်။

 

မြို့ထဲကလူတွေကတော့ သို့လောသို့လောပေါ့။ ပိုက်ဆံတွေဘယ်ကရသလဲ။ မြို့ထဲက တရုတ်သူဌေးတယောက်ကများ သူ့ခြံထဲမှာ ပေးနေသလားပေါ့။

 

သားအမိနှစ်ယောက်ကတော့ မြို့နဲ့ဘာသိဘာသာပါပဲ။ သူတို့ဘာသာ သီးခြားနေကြတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို ပြောင်းပစ်မယ့် ကိစ္စတစ်ခု ဖန်လာတယ်။

 

အဘိုးအဘွားတွေက တရုတ်ပြည်ကလာပြီး ကိုယ်တိုင်ကတော့ ဒိုက်ဦးမှာမွေးတဲ့ ဒိုက်ဦးသားတယောက်က တရုတ်ကြီးကို သူ့ကိုတရုတ်စာသင်ပေးဖို့တောင်းဆိုတယ်။ အားနာတတ်တဲ့ တရုတ်ကြီးက သင်ပေးပါ့မယ်လို့ ကတိပေးလိုက်တယ်။

 

တယောက်စ၊ နှစ်ယောက်စနဲ့ တရုတ်ကြီးလဲ ဆရာကြီးဖြစ်မှန်းမသိဖြစ်လာတယ်။ လူလတ်ပိုင်းတင်မက လူငယ်တွေလဲ သူ့ဆီမှာ တရုတ်စာတဖြည်းဖြည်း လာသင်ကြတယ်။ နောက်တော့ ကလေးတွေပါရောက်လာတယ်။

 

စိုက်ပျိုးမွေးမြူရေးကနေ ပုံမှန်ဝင်ငွေရနေရာက အိမ်ကျောင်းလေးက မီးဖိုချောင်အတွက် ဘဏ်ဖြစ်လာတယ်။ သူ့အမေကြီးကလဲ သူ့သားပင်ပင်ပန်းပန်း မလုပ်ရတော့ဘူးဆိုပြီးတော့ ကျေနပ်လို့ပေါ့။

ကျောင်းသားတွေကနေတဆင့် တရုတ်သားအမိလဲ မြို့လေးနဲ့ အဆက်အဆံရှိလာတယ်။ မြို့ကလူတွေလဲ သူတို့သားအမိအကြောင်း တစတစပိုသိလာတယ်။

 

ငှက်ပျောပင်တွေစိုက်၊ ကြက်တွေမွေးတဲ့ တရုတ်ကြီးဟာ ကူမင်တန်တွေ ၁၉၅ဝနှစ်တွေ တဝိုက်မှာ လာတိုက်ပြီး ဗမာပြည်ထဲမှာ ကျန်ခဲ့တဲ့ ကူမင်တန်စစ်သားတယောက်ဆိုတာ သိလာတယ်။  သူကလည်း သူ့ဆီစာလာသင်တဲ့ ကလေးတွေကို ဝေါ်စွတ်အိကော့ပင် အိုက်ကော့အိုက်လန်မင် ဆိုတဲ့ ကျွန်တော်ဟာ စစ်သားတယောက်ဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ကို ချစ်ပါတယ် ဆိုတဲ့ သီချင်းလေးတွေ စပ်ပြီး သင်ပေးတယ်။

 

မြို့ထဲကကလေးတွေ တရုတ်စာတဖြည်းဖြည်းတတ်လာတာနဲ့အမျှ တရုတ်ကြီးရဲ့ ဗမာစကားကလဲ တော်တော်ကြီးတိုးတက်လာတယ်။ မြို့ထဲမှာလဲ မိတ်ဆွေတွေနဲ့ဘာနဲ့။ သူ့ကိုလဲ အခုတမြို့လုံးက ကောင်းလောင်စူးလို့ ခေါ်ကြတယ်။ ဗမာလိုဆိုရင်တော့ ဆရာကြီးကောင်းပေါ့။

 

သူ့ဘဝအကြောင်းတွေကိုလဲ တစွန်းတစပြောပြတယ်။ သူ့အမေလို့ထင်နေတဲ့ မိန်းမကြီးဟာ တကယ်တော့ သူ့မိထွေးတဲ့။ စစ်လာတိုက်တဲ့စစ်သား၊ စစ်ပြီးတော့ သူ့နိုင်ငံသူမပြန်ဘဲ ဗမာပြည်မှာပဲ နေခဲ့တဲ့ဟာ မိထွေးက ဘယ်လိုလုပ်ရောက်လာသလဲဆိုတာကိုတော့ မြို့ကလူတွေ ဆက်စပ်တွေးလို့မရဘူး။

 

မြို့ကလူတွေက နိုင်နိုင်းလို့ခေါ်တဲ့ ဆရာကြီးရဲ့မိထွေးဟာ တကယ့်ကို သေးသေးလေး။ ခြေထောက်တွေကလဲ ငယ်ငယ်ကကျပ်စည်းခံထားခဲ့ရလို့ သေးသေးခုံးခုံးလေးတွေ။ ခြေသေးမလို့ အများက သိကြတဲ့ ရှေးခေတ်တရုတ်မတွေကို ဒိုက်ဦးကလူတွေ ပထမဆုံးနဲ့ နောက်ဆုံးမြင်ဖူးတာပဲ။

 

၈၈အရေးအခင်းပြီး ကျောင်းတွေပိတ်တော့ ဆရာကြီးရဲ့ကျောင်းဟာ အရမ်းကို စည်ကားလာတယ်။ မိဘတွေကလဲ ကလေးတွေ တရုတ်စာတတ်ပါစေဆိုတာထက် အထိန်းရသက်သာရင် ပြီးရောဆိုပြီး ကလေးတွေကို ဆရာကြီးဆီပို့ကြတယ်။

 

ဒီလိုနဲ့ဆရာကြီးဆီမှာ ၅နှစ်ကနေအသက်၃ဝလောက်အထိ လူတွေစုလာတယ်။ ဆရာကြီးလဲ တနေ့ကို ၃တန်းလောက်ခွဲပြီး သင်ရတယ်။ သင်ရုံတင်မက ကလေးတွေက အိမ်မပြန်ဘဲ သူ့ခြံကျယ်ကြီးထဲမှာ တနေကုန်ကစားနေတော့ သူ့မှာ တတ်တဲ့ပညာမနေသာဆိုသလို ပင်ပေါင်ရိုက်နည်း ဘောလီဘောကစားနည်းစတဲ့ တရုတ်တွေကျွမ်းတဲ့ ကစားနည်းတွေပါ သင်ပေးရတော့တယ်။

 

တကယ်တော့ ၁၉၈၈မှာ ဆရာကြီးက အသက်၆ဝကျော်နေပြီ။ နိုင်နိုင်းက ၉ဝနားကပ်နေပြီ။ ဒါပေမယ့် ဆရာကြီးက သူ့ဘဝက အခုမှ စသလို ကလေးတွေကို တရုတ်စာသင်လိုက်၊ သီချင်းတွေသင်လိုက်၊ ဘောလီဘောပုတ်နည်းသင်လိုက်နဲ့ အမြဲတက်ကြွနေတယ်။

 

နိုင်နိုင်းကတော့ သူ့မီးဖိုထဲမှာ တနေကုန်နေတာများပါတယ်။ ၉ဝနားကပ်နေပြီဆိုပေမယ့် သန်တုန်း။ ဟင်းတွေ ထမင်းတွေကို ကိုယ်တိုင်ချက်တုန်း။ များသောအားဖြင့် ဆန်ပြုတ်စားတာများပါတယ်။ နေ့လယ်ဆိုရင်တော့ ဘာတွေချုပ်မှန်းမသိဘူး။ သူ့လက်ထဲမှာ အဝတ်တစနဲ့ အပ်နဲ့အပ်ချည်နဲ့ အမြဲတွေ့ရတယ်။ တခုတော့ရှိတာပေါ့လေ။ အပ်ပေါက်ကိုတော့ ကျောင်းသားလေးတွေက ထိုးပေးရတယ်။

 

ဆရာကြီးတို့ခြံသွားရင် စွပ်ကျယ်လက်ပြတ်နဲ့ ကွက်ကျဲပုဆိုးနဲ့ ခုံဖိနပ်နဲ့ ဆရာကြီးကို  ကလေးတွေတရုံးရုံးနဲ့ အမြဲတွေ့ရသလို။ အင်္ကျီဘောင်းဘီအပြာဝမ်းဆက်၊ ပိတ်ဖိနပ်နဲ့ နိုင်နိုင်းကိုလဲ မီးဖိုထဲမှာ တကုပ်ကုပ်တွေ့ရတယ်။  ဆရာကြီးတို့ခြံဟာ ကလေးတွေရဲ့ နိဗ္ဗာန်ဘုံ ဖြစ်မှန်းမသိဖြစ်လာတယ်။ ကလေးမိဘတွေအတွက်တော့ ပေါချောင်ကောင်း နေ့ကလေးထိန်းကျောင်းကြီးပေါ့။

 

၁၉၈၈က တလကို ၁၅ကျပ်နဲ့ တနေကုန် ကလေးထိန်းပေးတဲ့သဘောဖြစ်နေတာ့ ဆရာကြီးကို မြို့ကတော်တော်အားကိုးလာတယ်။ ကြက်တပိသာ ၂၈ကျပ်ပေးရတဲ့ အချိန်မှာ ၁၅ကျပ်ဟာ ကလေးမုန့်ဖိုးတောင်မရှိဘူး။

 

ဆရာကြီးဈေးသွားရင် ဈေးသည်တွေက တော်ရုံတန်ရုံဆိုအလကားပေးလိုက်တာ။ ဈေးတောင်ဘက်လမ်းက နို့ဆီဆိုင်ဆို ဆရာကြီးလာတိုင်း ကိုယ်တိုင်ချက်တဲ့ နို့ဆီ၂ဝသားလောက် ထည့်ပေးနေကျ။

 

အဲဒီဆိုင်က တရုတ်အဘိုးကြီးနဲ့အဘွားကြီးတို့ မြေးနှစ်ယောက်လဲ ဆရာကြီးဆီမှာပဲ။ သူတို့ဆိုဒိုက်ဦးကတောင်မဟုတ်ဘူး။ ရန်ကုန်က။ သူတို့အဖေက အမေခရီးသွားနေတုန်း မထိန်းနိုင်လို့ လာပို့ထားတာ။ အခုတော့ အဘိုးအဘွားလဲ ထိန်းစရာမလိုဘူး။ ဆရာကြီးကထိန်းပေါ့။

 

နှစ်၃ဝလောက်ကြာတော့ ဆရာကြီးလဲ ဒိုက်ဦးသားတပိုင်းဖြစ်လာပြီ။ မင်္ဂလာဆောင်တွေ အသုဘတွေမှာလဲ သူ့ကိုတွေ့ရပြီ။ ကလေးတွေအပေါ်မှာထားတဲ့ သူ့စေတနာကိုလဲ မြို့က လေးစားတော့ သူ့ကို နေရာတော်တော် ပေးလာကြပြီ။

 

တနှစ်တရုတ်နှစ်ကူးနားနီးတော့ ဆရာကြီးက မြို့ဖိမြို့ဖတွေကို ခေါ်ပြောတယ်။ သူ့ခြံထဲမှာ အခုဆိုမြေညှိပြီး ဘောလီဘောကွင်းလုပ်ပြီးပြီ။ ခြံထောင့်မှာလဲ ဖွဲတကွက်ခင်းပြီး ကျွမ်းဘားကစားဖို့ မြင်းခုံဘားတို့ဘာတို့ ချထားပြီ။ အိမ်ထဲမှာလဲ ပင်ပေါင်ခုံရှိပြီ။ တခုပဲလိုတော့တယ်တဲ့။

 

ဆက်ရန်…

Discussion

13 thoughts on “တွေ့ရင်ပြောကြပါ။

  1. Pls continue your story. so interesting!

    Posted by SSS | 26/09/2009, 12:05
  2. ညောင်လေးပင် ဒိုက်ဦး ပြွန်တန်ဆာ ဖြူး တောင်ငူ ရင်းနှီးခဲ့တဲ့နေရာတွေ။
    ဇာတ်လမ်းကိုလည်း စိတ်ဝင်စားမိပါတယ်။

    Posted by Rita | 26/09/2009, 13:32
  3. တော်တော်စိတ်ဝင်စားနေပြီ..။

    Posted by SDL | 26/09/2009, 14:30
  4. စိတ်ဝင်စားစရာလေးး..
    စောင့်ပြီး ဖတ်နေပါတယ်နော်..
    ကျေးဇူး..။။

    Posted by Pauk | 26/09/2009, 15:38
  5. ဆက်ပါဦး။ ဒိုက်ဦးမှာ သူငယ်ချင်း တယောက်ရှိတယ်

    Posted by မီယာ | 26/09/2009, 21:34
  6. ဇာတ်လမ်းကို လုံးဝ မှန်းလို့ မရဘူး ဖြစ်နေတယ်။ သိချင်လှပြီ။ ဆက်ပါတော့ မြန်မြန်…

    Posted by Moe Cho Thinn | 27/09/2009, 05:32
  7. I am the on of his student ,when i read this blog: really remembered to him .

    Posted by Daiku_thu | 27/09/2009, 05:40
  8. interesting

    Posted by kom | 27/09/2009, 14:45
  9. တစ်ခုခုတော့ တစ်ခုခုပဲ တွေ့ရင်ပြောကြပါဆိုတော့
    မြန်မြန်ဆက်ပါတော့…

    Posted by နှင်းနဲ့မာယာ | 27/09/2009, 17:57
  10. စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆက်ရန်ကို မျှော်နေတယ်။ စစ်အစိုးရက Relocation လုပ်ရာမှာ တရုတ်ကြီးခြံ ပါသွားမယ်ထင်တယ်။

    Posted by Nge Naing | 28/09/2009, 00:33
  11. စောင့်ဖတ်နေမယ်..

    Posted by khinminzaw | 28/09/2009, 02:27
  12. ဘာကြောင့် ဒီဘလော့ကို တစ်ခါမှမဖတ်ဘူးတာလဲမသိ ။ ငါ ညံ့လိုက်တာ ။ Post တွေအကုန်ဖတ်မယ် ။ နောက်လည်း လာလည်မယ်နော် ။🙂

    Posted by Thant | 28/09/2009, 07:53
  13. ညီမရေ
    မျှော်နေတယ်နော်။ မအားဘူးလား။

    Posted by မိုးချိုသင်း | 29/09/2009, 06:02

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: