//
you're reading...
Burma

တွေ့ရင်ပြောကြပါ (ဇာတ်သိမ်း)

မြို့ကလူတွေက ဆရာကြီးလိုတာဘာများပါလိမ့်လို့ စိတ်ထဲမှာတွေးနေကြတယ်။ ဆရာကြီးလိုတာ မဖြည့်ဆည်းပေးနိုင်လို့ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲလို့လဲ ဆက်တွေးကြတယ်။

 

တွေးသာတွေးရတာပါ။ တကယ်တော့ ဆရာကြီးစိတ်ဆိုးတာ သူတို့တခါမှတွေ့ဖူးကြတာ မဟုတ်ဘူး။ ကျောင်းသားတွေကတော့ တွေ့ဖူးပါတယ်။

 

စိတ်ဆိုးတဲ့အကြောင်းအရာကလဲ ခပ်ဆန်းဆန်းရယ်။ တရက်ဆရာကြီးရဲ့ တပည့်ကျော် ကောင်မလေးတွေနဲ့ အလကကျောင်းက ဆရာမတွေ ဘောလီဘောချိန်းပွဲလုပ်ဖို့ စီစဉ်ကြတယ်။

 

ကောင်မလေးတွေကလဲ ဆရာကြီးနဲ့ အသည်းအသန်လေ့ကျင့်။ ဆရာမတွေကလဲ သူတို့ကျောင်းမှာ လေ့ကျင့်ပေါ့။ နောက်နေ့လို ပွဲလုပ်တော့မယ်။ ဒီနေ့ကောင်မလေးတွေက ဆရာမတွေ လေ့ကျင့်နေတာ သွားကြည့်ကြတယ်။ ပြိုင်ဘက်ကိုသွားလေ့လာတာပေါ့။

 

ဒါပေမယ့် မပိမရိနဲ့။ ဆရာကြီးခြံထဲက ငှက်ပျောသီးတွေဆွဲသွား၊ ဖုန်နဲ့ချွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ရုပ်တွေနဲ့ဆိုတော့ ဆရာမတွေက တန်းသိတာပေါ့။ သူတို့ရဲ့ ပြိုင်ဘက်တွေ သူတို့ကို လာချောင်းတယ်ဆိုတာ။

 

အမှန်တော့ ကလေးတွေနဲ့ကစားဖို့ သူတို့ကလန့်နေတာ။ နိုင်လဲ ကလေးတွေမို့နိုင်တယ် ပြောမယ်။ ရှုံးပြန်ရင်လဲ ကလေးတောင် မနိုင်ဘူးလို့ ပြောအုံးမယ်။ ရှေ့တိုးလဲ ထမ်းပိုး နောက်ဆုတ်လဲ လှည်းဒုတ်ဆိုသလဲ ဖြစ်နေတယ်။

 

ကောင်မလေးတွေသွားကြည့်တော့ သူတို့ဖို့ အကွက်ဆိုက်သွားတယ်ထင်ပါရဲ့။ ပွဲဖျက်လိုက်တယ်ဆိုပြီး ပြောလိုက်တယ်။ ကောင်မလေးတွေလဲ ငှက်ပျောသီးတွေဆွဲပြီး ဆရာကြီးခြံထဲ ပြန်ပြေးရတယ်။

 

ဆရာကြီးစိတ်ဆိုးတာ သူတို့အဲဒီတုန်းက ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ အိမ်ကိုတန်းတန်းမတ်မတ်မပြန်ဘဲ သွားစပ်စုကြတဲ့ သူ့တပည့်ကျော်တွေကို နောက်နေ့ကျတော့ ကွင်းကိုအပတ်၂၀ပြေးမလား၊ ပုဏ္ဏရိတ်ပန်းတွေ ရေလောင်းမလားတဲ့။

 

ကလေးတွေကတော့ ကွင်းပဲပတ်ပြေးတာပေါ့။ ဆရာကြီးလဲ တရက်နှစ်ရက်နေတော့ စိတ်ဆိုးပြေတာပါပဲ။

 

စည်းဝေးပွဲမှာကျတော့ ဆရာကြီးစိတ်ဆိုးမှာကြောက်တဲ့ မြို့မိမြို့ဖတွေကတော့ ဆရာကြီး ဘာဆက်ပြောမလဲလို့ တထင့်ထင့်နဲ့ နားထောင်ကြတယ်။

 

ဆရာကြီးက လိုတာတခုပဲရှိပါတော့တယ်။ အဲဒါကတော့ ဘတ်စကတ်ဘောတိုင်တဲ့။ လူကြီးတွေလဲ ရင်ထဲကအလုံးကြီး ကျမလိုဖြစ်ပြီးတော့မှ တစ်နေတော့တယ်။

 

တိုင်ကတော့ ဟုတ်ပါပြီ။ သိပ်ကုန်ကျမယ်တော့ မထင်ဘူး။ ဒါပေမယ့် ဘတ်စကတ်ဘောတိုင်ဆိုတာ ဘယ်လောက်မြင့်ရတာတုန်း။ ခြင်းချိတ်ဖို့ ဘုတ်ပြားက ဘယ်လောက်ထူရမှာတုန်း။ ဆန်စက်ပိုင်၊ ဆီစက်ပိုင်၊ ကွာစိလုပ်ငန်းရှင်တွေက ဒီအကြောင်းတွေ နကန်းတလုံးမှမသိ။

 

ဒီတော့ ဆရာကြီးကို ပြောရတယ်။ ငွေရေးကြေးရေးကတော့ မြို့တာဝန်ထားပါ။ တိုင်ဆောက်ဖို့ ကိစ္စအဝဝကို ဆရာကြီးတာဝန်ယူနိုင်မလားလို့ ပြန်မေးရတယ်။

 

ဆရာကြီးက အဲဒီတော့မှ လက်သမားဆရာကောင်းကောင်းနှစ်ယောက်သာ ရှာပေး။ ပစ္စည်းဝယ်ပေး။ ကျန်တာ သူ့တာဝန်ထားပါတဲ့။

 

မြို့က ငွေကြေးတာဝန်ယူတယ်ဆိုပေမယ့် ဆရာကြီးက သူကိုယ်တိုင် နဂါးရုပ်ကြီးချိုးပြီး ကလေးတွေကို နဂါးအကသင်ပေး၊ မြို့နဲ့အနီးတဝိုက်မှာ နဂါးလိုက်ကပြီး ရံပုံငွေရှာလိုက်သေးတာ။

 

သူ့နဂါးကြီးဟာ ဒုတ်ထိုးနဂါးကြီး။ လူ၈ယောက်လောက် ကိုင်ပြီးကရတယ်။ မြို့ကလူတွေကတော့ ပါးစပ်အဟောင်းသားပေါ့။ ဆရာကြီး ဒီပညာတွေ ဘယ်ကတတ်တာပါလိမ့်ပေါ့။

 

စွပ်ကျပ်အဖြူ၊ ဘောင်းဘီအနီနဲ့ နဂါးကတဲ့ ဆရာကြီးရဲ့ တပည့်တွေလဲ မျက်နှာအင်မတန်ပွင့်ပေါ့။ မိန်းကလေးရော ယောက်ျားလေးပါ ကနိုင်ဖို့ ဆရာကြီးက တပြေးညီ သင်ပေးတယ်။

 

၃လလောက်ကြာတော့ ရန်ကုန်ကနေမန္တလေးသွားရင် ဒိုက်ဦးဘူတာမှာ ရထားရပ်လို့ ဘယ်ဘက်ခြမ်းကို ကြည့်လိုက်ရင် ရေနံချေးတွေဝနေတဲ့ ဘတ်စကတ်ဘောတိုင်ကြီးနှစ်တိုင်ကို မျက်စိရှင်သူတွေ သတိထားမိလိမ့်မယ်။ ဒိုက်ဦးရဲ့ ကျက်သရေဆောင်လို့တောင် ပြောလို့ရတယ်။

 

ဆရာကြီးရဲ့ ရည်မှန်းချက်တွေလဲ တဖြည်းဖြည်းမြင့်လာတယ်။ ဖြူးတို့ ဝေါတို့မှာ ဖိတ်ခေါ်ပွဲတွေ သွားကစားတယ်။ ၉၂၊ ၉၃ တဝိုက်မှာ ကျောင်းသားအားကစားပွဲလုပ်တော့ ဆရာကြီးရဲ့ ကျောင်းသားတွေဟာ ပဲခူးတိုင်း ပင်ပေါင်၊ ဘောလီဘော၊ ဘတ်စကတ်ဘော အသင်းတွေရဲ့ အမာခံလက်ရွေးစင်တွေ ဖြစ်လာတယ်။

 

ဆရာကြီးရဲ့ အရည်အချင်းကိုလဲ မြို့ကပိုအသိအမှတ်ပြုလာရတယ်။ ဒီနှစ်တွေဟာ ဆရာကြီးရဲ့ အအောင်မြင်ဆုံးနှစ်တွေလို့ ဆိုရမယ်။

 

ဒါပေမယ့် နိုင်နိုင်းဟာ အသက်၁ဝဝပြည့်လုပြည့်ခင်မှာ ဆုံးသွားရှာတယ်။ ဂြိုလ်ဆိုးက အဲဒီကနေ စမွှေတော့တာပါပဲ။

 

တရက်မှာ တမြို့လုံးဘယ်လိုမှ မထင်ထားတဲ့ သတင်းတခု ကြားရတယ်။ ဆရာကြီးကို ကျောင်းသားမိဘတယောက်က တရားစွဲလို့တဲ့။ အမှုက ကျူးကျော်နေထိုင်မှုတဲ့။ နောက်တော့ အဲဒီတရားစွဲတဲ့လူနဲ့ပဲ ဘယ်လိုပြေလည်မှုရသွားလဲ မသိဘူး။ ဆရာကြီးအဲဒီမှာ ဆက်နေမြဲ။ စာဆက်သင်မြဲပဲ။

 

ဒါပေမယ့် အဲဒီလိုဖြစ်ပြီး သိပ်မကြာဘူး။ ဆရာကြီးအိမ်ကို ကျောင်းသားတွေ စာသင်ဖို့အသွား၊ ဆရာကြီးကို ဘယ်လိုမှ ခေါ်လို့မရဘူး။

 

ကျောင်းသားတွေက စိတ်ပူပြီး အိမ်ပေါ်ထိတက်ရှာကြတယ်။ ဖတ်လက်စ စာအုပ်လေးတွေက ခုတင်ဘေးမှာ။ ဝတ်နေကျ ပုဆိုးအစိမ်းရောင်လေးကလဲတန်းမှာ။ ဒါပေမယ့် ဆရာကြီးရဲ့ အရိပ်အရောင်ကိုတော့ လုံးဝမတွေ့ရဘူး။

 

ကျောင်းသားတွေက ညနေတခေါက်သွားထပ်ရှာတယ်။ မတွေ့တော့ နည်းနည်းစိတ်ပူလာပြီ။ ဟိုနားဒီနားသွားရင်လဲ ညဆိုပြန်ရောက်သင့်တယ် မဟုတ်လား။

 

ဆရာကြီးမှာက ခင်စရာဆိုလို့ သူ့ကျောင်းနဲ့ ကျောင်းသားတွေပဲရှိတော့ သူတို့မပါဘဲ တခြားကို ညအိပ်ညနေတောင် မသွားဖူးဘူး။

 

တရက်လဲပြန်မလဲ။ နှစ်ရက်လဲပြန်မလာ။ တပတ်လဲပြန်မလာတော့ ကျောင်းသားတွေ ခေါင်းမီးတောက်ပြီ။ မြို့ကလူတွေကလဲ ကားတွေနဲ့ ဆရာကြီးသွားဖူးတဲ့ မြို့တွေမှာ သွားမေးကြ၊ ရှာကြတယ်။ ဘာသတင်းမှ မရဘူး။

 

ကျောင်းသားတွေကတော့ သူတို့ရဲ့ဆရာကြီး ဘာဖြစ်လို့ နှုတ်မဆက်ဘဲ ထွက်သွားခဲ့သလဲဆိုတာ တွေးတုန်းပဲ။ အခုဆိုရင် ၁ဝနှစ်ကျော်နေပြီ။ ဆရာကြီးရဲ့ သတင်းက ဘာဆိုဘာမှ မကြားရဘူး။

 

နှစ်ပေါင်းများစွာနေလာခဲ့တဲ့ပတ်ဝန်းကျင်ကနေ လေပြေလေးလို တိတ်တိတ်လေးထွက်သွားခဲ့တဲ့ ဆရာကြီး။ မြို့ကထွက်ချိန်မှာ ဘာတွေများတွေးနေလိမ့်မလဲဆိုတာ တပည့်တွေက သိချင်တယ်။

 

ကိုယ်တိုင်မြေညှိ၊ ကိုယ်တိုင်ဆောက်ခဲ့တဲ့ ကွင်းမှာ ကိုယ်ဖိရင်ဖိ သင်ပေးခဲ့တဲ့ တိုင်းဂုဏ်ဆောင် ကျောင်းသားတွေကို ဒါကျွန်တော့်တပည့်တွေလေလို့ လူပုံအလယ်မှာ ပွဲထုတ်ခွင့်မရဘဲ မြို့လေးမှာပဲ နေခဲ့ရပြီး တိုင်းနည်းပြတွေနဲ့သူ့ကျောင်းသားတွေပုံကို တီဗီမှာ သတင်းစာမှာပဲ ကြည့်ခဲ့ရတာတွေကို စိတ်များနာသွားလေသလား။

 

သူ့ဆီမှာနေပြီး စာသင်လိုက် သီချင်းဆိုလိုက် ကစားလိုက်လုပ်နေလို့ မူးယစ်ဆေးတို့ အရက်တို့ လောင်းကစားတို့ကနေ ဝေးခွင့်ရတဲ့ ကလေးတွေရဲ့ မိဘတွေ တရားစွဲပြီး ကျေးဇူးဆပ်လိုက်ပုံကို နာများကျည်းသွားလေသလား။

 

မတွေးကောင်းတွေးကောင်း တယောက်ယောက်ကများ ဖမ်းဆီးခေါ်ဆောင်သွားလေသလား။

 

ကောင်းလောင်စူးလို့ခေါ်တဲ့ ဆရာကြီးကောင်းကို တွေ့ခဲ့ရင်ဖြင့် ဆရာကြီးကို သူ့ရဲ့တပည့်တွေက သတိရနေဆဲပါလို့ ပြောပေးကြပါ။

Discussion

11 thoughts on “တွေ့ရင်ပြောကြပါ (ဇာတ်သိမ်း)

  1. အော် ဒီလိုကြီးလား။

    နှစ်ပေါင်းများစွာနေလာခဲ့ပြီးမှ ဘာကြောင့် တရားထစွဲရသလဲ။

    Posted by Rita | 29/09/2009, 10:33
  2. လူတွေ လူတွေ
    ဘာကို လိုချင်လို့ ဘာကို ပေးရမှန်းကို မသိဘူး။
    ဘယ်လိုနေပေးရမှန်းလဲ မသိဘူး။
    ဘယ်သူ့မှ ဂရုမစိုက်ဘဲ ကိုယ်နေချင်သလို နေတာပဲ ကောင်းတယ်။

    Posted by Rita | 29/09/2009, 10:34
  3. ဖတ်သွားတယ်ဗျ။ ဇာတ်လမ်းပြီးတော့ ရင်ထဲမှာ ဟာတာတာနဲ့။ ဘယ်လိုကြီးမှန်းမသိဘူး ခံစားရတာ။ ကျောင်းသားတွေဘက်ကနည်းနည်း နေသာပါတယ်။ သူချစ်တဲ့ ပတ်ဝန်းကျင်ကို စွန့်ခွါသွားရတဲ့ တရုတ်ဆရာကြီးမှာသာ…

    Posted by Dho-ong Jhaan | 29/09/2009, 10:44
  4. ထူးဆန်းလိုက်တာ….

    Posted by SDL | 29/09/2009, 11:23
  5. အင်း.. ငယ်ငယ်ကလည်း.. ရာဇ၀တ်မူ မကျူးလွန်ပဲ..နှစ်ရှည် ထောင်ထဲရောက်နေကြတဲ့..နိုင်ငံခြားသားတွေ အကြောင်း ကြားဖူး..သိဖူးတယ်.
    မပြောကောင်း ပြောကောင်းပေါ့လေ..
    လူတယောက်ခြင်းစီမှာ ရှိနေတဲ့..လူသားစိတ်ဓါတ် တာဝန်ကျေမူ တွေကို.. အနီးကပ်မမြင်နိုင်ပဲ.. အဝေးမှုန် ကြတဲ့ အခါ……

    Posted by K | 29/09/2009, 12:32
  6. မဟုတ်မှ လွဲရော ပိုင်ရှင်က လက်စဖျောက် လိုက်တယ် နဲ့ တူတယ်

    Posted by ဆောင်း | 29/09/2009, 14:37
  7. You know, it’s because of money.

    Rgds

    NNO

    Posted by nno | 29/09/2009, 17:00
  8. ဇာတ်သိမ်းလာဖတ်တာ… စိတ်မကောင်းဘူး သူငယ်ချင်းကို မေးကြည့်ပေးဦးမယ်

    Posted by မီယာ | 29/09/2009, 23:21
  9. Nice writing!
    So sad to read ur final part.

    Posted by kz | 30/09/2009, 15:44
  10. I also do think , He had arrested by SB or If that possible back to China .

    I do really appreciated to him ,who solely access his mind at for township peolpe ,when i read this article ,missing my hometown .

    Posted by Daiku_thu | 01/10/2009, 03:57
  11. စိတ်မကောင်းစရာပဲ။
    ဆရာကြီးလဲ သူပျော်ခဲ့တဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းလေးကို ခုလို စွန့်ပြီး ထွက်သွားဖို့ ဘယ်လို အင်အားတွေ၊ ဘယ်လို ကံကြမ္မာဆိုးတွေက ဖန်တီး လိုက်ပါလိမ့်..

    Posted by မိုးချိုသင်း | 03/10/2009, 04:04

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: