The end of the beginning ကို တိုက်ရိုက်ဘာသာပြန်လိုက်တာပါ။ ၁၉၉၉ကတည်းက စခဲ့တဲ့ ပညာရေးခရီးစဉ် ၂၀၀၉မှာ အဆုံးသတ်သွားပါပြီ။ ဘဝကို ၃ပိုင်းပိုင်းကြည့်မယ် ဆိုရင်တော့ ပထမတပိုင်းဆုံးပြီပေါ့။ ဇာတ်စကားနဲ့ပြောမယ်ဆိုရင်တော့ အပျိုတော်တွေ ယိမ်းတွေ ထွက်ပြီးပြီ။ တကယ့်ဇာတ်က အခုမှ ကတော့မယ်ပေါ့။
ဘာဖြစ်လို့ စာတွေ ဒီလောက်အကြာကြီး သင်နေလဲလို့ မေးချင်သူတွေ ရှိမှာပဲ။ သင်ပြီးတော့ရော ဘာလုပ်မှာလဲမှာလဲ။ ပိုက်ဆံကုန်ရကျိုးရော အချိန်တွေ စိတ်ခွန်အားတွေ ပေးဆပ်ရကျိုးရော နပ်ရဲ့လားလို့ မေးလာစရာတွေလဲ ရှိပါတယ်။ အဆိုးမြင်တတ်တဲ့လူက နောင်တမရဘူးလားလို့ မေးလဲ မေးလာနိုင်ရဲ့။
ဒီမေးခွန်းတွေကို တခုချင်းဖြေရမယ်ဆိုရင်တော့ ပထမမေးခွန်းကို ပျော်လို့လို့ အတိုဖြေရမှာပဲ။ အရှည်ဖြေရရင်တော့ သိပ္ပံပဲဖြစ်ဖြစ်၊ လူမှုရေးသိပ္ပံပဲဖြစ်ဖြစ်၊ humanities လို့ခေါ်တဲ့ သမိုင်းတို့လို ဘာသာတွေထဲမှာ မဖြေရှင်းရသေးတဲ့၊ လူတွေ သိပ်မသိကြသေးတဲ့ ပြသနာတွေ၊ မေးခွန်းတွေ ဒုနဲ့ဒေးပဲ။ အဲဒီမေးခွန်းတွေနဲ့ ကိုယ့်စိတ်ဝင်စားမှု သွားပြီး တိုက်ဆိုင်တဲ့အခါ၊ တနည်းအားဖြင့် general intellectual problem တွေက personal ဖြစ်လာတဲ့အခါ အဲဒီ ပြသနာကို အဖြေရှာချင်ဇောနဲ့ စာဆက်သင်၊ စာသင်တာထက် စုံစမ်းလေ့လာမှု ဆက်လုပ်ကြတာပါပဲ လို့ပြောရမှာပဲ။
များသောအားဖြင့် PhD လုပ်ကြရင် ဘာသာရပ်ထဲမှာရှိတဲ့ gap ကို၊ တနည်းအားဖြင့် မဖြေရှင်းရသေးတဲ့ ပုစ္ဆာတွေကို ဖြေရှင်းချင်လို့ လုပ်ကြတယ်။ ဒါပေမယ့် အဲဒီပြသနာတွေကို နောက်အနည်းဆုံး သုံးနှစ် ဒါမှမဟုတ် လေးငါးခြောက်နှစ်၊ တချို့ဆို ဆယ်နှစ်လောက် ဆက်ပြီး စိတ်ဝင်စားနိုင်မယ့် လူမှသာ PhD ကို ပြီးဆုံးအောင် လုပ်နိုင်ပါလိမ့်မယ်။ ပုစ္ဆာတပုဒ် အဖြေထုတ်ရင်း မေးခွန်းတခုကို ထိရောက်အောင် ဘယ်လိုဖြေရမလဲ ဆိုတာ ရှာကြံရင်း ပျော်နေမှ ကျေနပ်နေမှ ပျင်းစရာကောင်းတဲ့၊ အထီးကျန်ဆန်တဲ့ အချိန်တွေကို ဖြတ်ကျော်နိုင်မှာဖြစ်တယ်။ ပြသနာနဲ့ စိတ်ဝင်စားမှုပေါင်းမှ စမိတဲ့ခရီးကို ဆုံးအောင်လျှောက်နိုင်မှာပါ။ အဲဒီအခါကျမှလဲ commitment လို့ခေါ်တဲ့ နှစ်မြှပ်မှု၊ ဝင်စားမှု၊ အကောင်အထည် ဆက်တိုက်ဖော်မှုတွေ တွဲပါလာမယ်။
နောက်မေးခွန်းတွေ နောက်တော့ ဖြေတာပေါ့။ မေးစရာရှိတာတွေ comment မှာ ရေးထားခဲ့ပါ။
အရင်းနှီးဆုံးသူငယ်ချင်း
ပညာသင်ရတာ၊ လေ့လာ အဖြေရှာ စူးစမ်းရတာ ပျော်တယ် ဆိုတော့ ဒါဟာ ကောင်းတဲ့ သာဓုခေါ်ရမဲ့ အလုပ်ပါပဲ။ ၀မ်းသာတယ်။ ညီမတို့လို လူမျိုး ပညာအများကြီးတတ်တော့ ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိတာပေါ့။ လိုအပ်တဲ့အခါ ကိုယ်က ဖြည့်ထားတော့ အဆင်သင့်ဖြစ်နေတာပေါ့။
ဒီအသက်အရွယ်မှာ ဒီလောက်အထိ ပညာရေးမှာ ခရီးပေါက်သွားတာ အားကျဂုဏ်ယူစရာပါ။ တချို့ပညာရပ်တွေက ရူးရူးသွပ်သွပ် မပျင်းမရိ သုတေသနတွေလုပ်ပြီး လေ့လာဖြစ်ဖို့ လိုပါတယ်။
လိုအပ်ချက်တွေနဲ့ လဲလှယ်လိုက်ရတဲ့ ကိုယ့်အိပ်မက်တချို့ကတော့ တဖြည်းဖြည်း မှိန်လာခဲ့ပြီ။
ဝမ်းသာပါတယ် ဇီဇ၀ါ။