//
you're reading...
Lifestyle

ဒီတပတ်ထဲမှာ–

အမဝမ်းကွဲတယောက်က နှစ်ပတ်လည်အမှတ်တရ သစ်ပင်စိုက်ပေးတယ်။ ကတ်တွေ ဝက်ဝံတွေပေးမယ့် အစား အဲဒီလို လုပ်ပေးနိုင်ဖို့ သစ်တောသစ်ပင်စောင့်ရှောက်သူတွေ၊ အဖွဲ့တွေက လုပ်ပေးနေတာ ကျေးဇူးတင်စရာပါ။

အမက အံ့သြအောင်လို့ ပို့လိုက်တဲ့ သစ်ပင်စိုက်ပြီးကြောင်း အီးမေးခေါင်းစဉ်မှာ သူစိုက်ပေးတယ်လို့မရေးထားဘဲ ကိုယ်ကကိုယ့်အတွက်စိုက်ပေးတယ်လို့ ရေးထားတော့ junk mail အောက်မေ့ပြီး ဖွင့်မကြည့်ဘဲ အမှိုက်ပုံးထဲ ထည့်လိုက်မိရော။ ကိုယ်က မနုသွဲ့ပေးထားတဲ့ စပယ်နဲ့ ဈေးချလို့ဝယ်ထားတဲ့ရွက်လှပဲ စိုက်ထားတာကို။ သစ်တောထဲမှာ သွားစိုက်တာမှ မဟုတ်ဘဲ။ နံနံပင်၊ ကြက်သွန်မြိတ်နဲ့ ဘွန်ဆိုင်းပင်ကတော့ သေသွားပြီ။ ကြက်သွန်မြိတ်ကတော့ စားပစ်လိုက်တာပါ။

သူမေးမှ ပြန်ရှာပြီးဖတ်ရတယ်။ သူကတော့ စိတ်မကောင်းဖြစ်လို့ပေါ့။ အချိန်မီမသိလို့တဲ့။ ဘာပဲဖြစ်ဖြစ် အမှတ်တရသစ်ပင်လေးတပင် ဒီနိုင်ငံမှာ ကျန်ခဲ့မယ်ဆိုတာသိတော့ ရင်ထဲနွေးသွားတယ်။

ဗမာပြည်မှာ အဲဒီလိုလုပ်ရင်မကောင်းဘူးလားလို့ ဝတုတ်ကိုပြောတော့ အစိုးရက ရှုပ်တယ်။ ခုတ်ဆို ဘယ်လိုလုပ်မလဲတဲ့။ တခါတလေ စိတ်ကူးလေးယဉ်ပါစေဆိုပြီး မပြောဘဲနေတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပန်းပင်လောက်တော့ စိုက်ကြည့်ရမှာပေါ့။ မြစ်ဝကျွန်းပေါ်ဘက်သွားတုန်းက သတိထားမိတာက ကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာ ပန်းပင်တွေမရှိဘူး။ ဘာဖြစ်လို့ မစိုက်သလဲမသိဘူး။

Freda တို့ Banca တို့ကတော့ ဒီရေတောတွေ လိုက်စိုက်နေတယ်ကြားတယ်။ များများစိုက်ပြီး များများထိန်းသိမ်းနိုင်ရင်ကောင်းမှာပဲ။ ဒီရေတောတွေ ရှိသေးတဲ့နေရာကလူတွေ မနှစ်ကမုန်တိုင်းမှာ အသက်ရှင်တာ သိထားတော့ ဒီတောတွေကို ထိန်းသိမ်းဖို့ အသိပေးရတာ သိပ်ကြီးမခက်ဘူးလို့ မှန်းရတာပါပဲ။ အစိုးရက မီးသွေးခုတ်ဖို့ လိုင်စင်တွေ မချပေးဖို့လဲ (ဘာလုပ်ရမှာလဲ။ ဆုတောင်းရမှာလား။ မျှော်လင့်ရမှာလား။ ပြောရမှာလား။ တောင်းဆိုရမှာလား။ ကြိုက်တဲ့ကြိယာသာ ထည့်ပြီး ဖတ်ကြပေတော့။)

ဒီတပတ်ထဲမှာပဲ-

မိတ်ဆွေတယောက် ရှေ့နေသင်တန်းဆင်းပွဲလို့ခေါ်ရမလား။ Call to the bar လို့ခေါ်တဲ့ အခမ်းအနားသွားသေးတယ်။ ရှေ့နေအသစ်ကျပ်ချွတ်၁၀၃ယောက်က (ဆစ်အမျိုးသားတယောက်က လွဲလို့) ဆံပင်အတုတွန့်တွန့်ခွေခွေတွေ တပ်ပြီး Master Treasurer လို့ခေါ်တဲ့ Inn က အကြီးဆုံးပုဂ္ဂိုလ်ကြီးရွတ်တဲ့ ‘Mr/Miss/Mrs/Dr.——in the names of the masters of the Bench, I Call you to the Degree of the Utter Bar’ ဆိုတာကို နားထောင်၊ သူနဲ့လက်ဆွဲနှုတ်ပြီး ဘွဲ့လက်မှတ်လေးတွေ ရကြတယ်။

ဒီလိုခေါ်ခံထိဖို့ ဘာတွေလိုအပ်သလဲဆိုတော့ ဥပဒေနဲ့ဆိုင်တဲ့သင်တန်းတွေ ကျောင်းတွေက စစ်တဲ့စာမေးပွဲတွေအောင်ရမယ်။ တခါရှေ့နေစာမေးပွဲလဲ အောင်ရမယ်။ ပြီးတော့ တခြားလိုအပ်ချက်တွေ ဖြစ်တဲ့ သက်ဆိုင်တဲ့ inn မှာညစာဘယ်နှစ်ခါ စားတာမျိုးလဲ လုပ်ရသေးတယ်။

နောက်တယ်လို့မထင်စေချင်ပါ။ statutory qualifying session လို့သူတို့ခေါ်တဲ့ သက်ဆိုင်ရာ inn က ပြဌာန်းထားတဲ့ အချက်တွေထဲမှာ inn ရဲ့ ညစာဘယ်နှစ်ခါ စားတာမျိုးလဲပါပါတယ်။ အဲဒီညက မိတ်ဆွေက သူတနပ်လိုနေသေးလို့ အဲဒီညကကျွေးတဲ့ ညစာကိုထည့်တွက်လို့ရသလားမေးတော့ ရတယ်ဆိုလို့ စာအုပ်ကြီးထဲမှာ လက်မှတ်ထိုးရသေးတယ်။

ဒီမှာ ရှေ့နေနှစ်မျိုးနှစ်စားရှိပါတယ်။ barrister လို့ခေါ်တဲ့ တရားရုံးမှာ လျှောက်လဲလို့ရတဲ့ ရှေ့နေနဲ့ solicitor လို့ခေါ်တဲ့ အကျိုးဆောင်ပေးခွင့်ပဲရှိပြီး တရားရုံးမှာ လျှောက်လဲလို့မရတဲ့ ရှေ့နေဆိုပြီး နှစ်မျိုးရှိပါတယ်။

Barrister တွေကို အင်္ဂလန်မှာရှိတဲ့ inn လို့ခေါ်တဲ့ ရှေ့နေတွေ၊ ဥပဒေကျောင်းသားတွေကို အကူအညီအထောက်အပံ့ပေးတဲ့၊ ရှေ့နေတွေတရားစွဲခံရရင် ရုံးကိစ္စတွေဝိုင်းလုပ်ပေးတဲ့နေရာကြီး၎ခုကပဲ ဘွဲ့ပေးပိုင်ခွင့်ရှိပါတယ်။ ဒီအင်းလေးခုလုံးကလဲ လန်ဒန်မှာပဲရှိပါတယ်။ နာမည်တွေကတော့ လင်ကွန်းအင်း၊ Inner Temple အင်း၊ Middle Temple အင်းနဲ့ Grays အင်းပါ။ ဗမာပြည်က ဒေါက်တာဘမော်ကို Grays အင်းက ခေါ်ပါတယ်။ ဘွဲ့ရပြီး ဗမာပြည်ပြန်သွားတာပါ။ ဒီမှာ အလုပ်မလုပ်ပါဘူး။

သက်ဆိုင်ရာအင်းတွေမှာ မာစတာလို့ခေါ်တဲ့ ရှေ့နေကြီးတွေရှိပါတယ်။ ဘွဲ့မရခင် သူတို့နဲ့ထမင်းစားတာ၊ အင်းကထမင်းစားခန်းမှာ ကိုယ့်ဘာသာကိုယ်သွားစားတာတွေ မလုပ်မနေရ လုပ်ရပါတယ်။ ဝါရင့်နေတဲ့လူတွေ သမ္ဘာကြီးတဲ့လူတွေဆီက စားရင်းသောက်ရင်း ပညာယူတဲ့သဘော၊ သူတို့နဲ့ သိအောင်လုပ်တဲ့သဘောမျိုး ဖြစ်ပါလိမ့်မယ်။ ကိုယ်ကဒီအင်းကဘွဲ့ရလို့ ဒီနေရာနဲ့ဝင်ဆန့်အောင် လုပ်ပေးတဲ့ သဘောလဲပါပါတယ်။

ဘွဲ့ယူတဲ့အခမ်းအနားက လေးနက်ပါတယ်။ အရင်ဆုံးပရိသတ်တွေက ဟောခန်းကြီးရဲ့အလယ်က သစ်သားထိုင်ခုံရှည်ကြီးတွေမှာ နေရာယူရပါတယ်။ ပြီးတော့ barrister အသစ်ကလေးတွေက အခန်းရဲ့ဘယ်ဘက်မှာ ၈ယောက်တတန်းလောက်နဲ့ တန်းစီကြပါတယ်။ ပြီးတော့ မာစတာကြီးတွေက အခန်းထဲကို ဝင်လာပါတယ်။ မလာခင်ရှေ့ဆုံးကလူက ကြမ်းပြင်ကို ကျိုင်းကြီးနဲ့ ဒေါက်ဒေါက်ဒေါက်ဆိုပြီး ထောက်လိုက်ပါသေးတယ်။

အခမ်းအနားလုပ်နေတဲ့အတောအတွင်း လုံးဝဓာတ်ပုံမရိုက်ရပါဘူး။ တယောက်ချင်းစီအတွက် ရွတ်ပေးနေတဲ့ master treasurer အာရုံမပျက်စေဖို့ထင်ပါတယ်။ နှစ်ပေါင်း၅ဝဝအစဉ်အလာကို ထိန်းသိမ်းတဲ့ သဘောလဲ ပါပါလိမ့်မယ်။

ဒီတပတ်ထဲမှာပဲ…..

လယ်သမားကြီးတယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူတို့စပါးသီးတွေ ရိတ်တဲ့အချိန်မှာ နေပြင်းလို့ ခြောက်သွားတာကြောင့် အထွက်နည်းနည်းလျော့သွားပါသတဲ့။ စပါးဟာ တဧကစိုက်ဖို့ ၁သိန်း၂သောင်း၊ ၃သောင်းလောက်ကုန်ပါတယ်။ မြေဆီ၊ မျိုးစပါး၊ လယ်ကူလီ၊ ပိုးသတ်ဆေး စတာတွေပေါင်းလိုက်ရင် အဲဒီလောက်ကုန်သွားပါတယ်။

တဧကကို ပျမ်းမျှ၄၅တင်းပဲထွက်ရင် ဒီနှစ်ရိတ်သိမ်းချိန်မှာ ပေါက်ဈေး တင်း၁၀၀ကို ၄သိန်း၂သောင်းပဲရှိတဲ့အတွက် တဧကကို ၁သိန်း၉သောင်းလောက်ပဲရပါတယ်။ ၆လလောက် မိုးထဲရေထဲမှာ ကျွဲနဲ့ရုံးပြီးလုပ်မှ တဧကက ၁လ၁သောင်းလောက်ပဲ ရတဲ့သဘောမျိုးဖြစ်နေပါတယ်။

စပါးဈေးဒီထက်ကျရင်တော့ ဆရာမမေငြိမ်းသုံးတဲ့ မြေကြီးထဲကရွှေထွက်သလို လယ်ကို ရှိစုမဲ့စုရွှေတိုရွှေစထုတ်ရောင်းပြီး လုပ်ရမယ့်ကိန်းဆိုက်နေပါတယ်။ ချဉ်သီးပင်အောက် ချဉ်သီးရှား၊ လယ်လုပ်သူ ထမင်းမဝတဲ့ကိန်းဆိုက်နေပါတယ်။

တပတ်တပတ်ဟာ ဘယ်လိုကုန်သွားမှန်းမသိပါဘူး။ စာရေးသူရေးချင်ရာရာတွေကို အဆုံးထိဖတ်ဖြစ်လို့ ကိုယ့်အချိန်တွေ အလကားကုန်သွားတယ်လို့ ခံစားရရင် အားနာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။  နောက်တပတ်မှ ဆုံကြသေးတာပေါ့။

 

Discussion

4 thoughts on “ဒီတပတ်ထဲမှာ–

  1. ဟေ့ စိုက်တာတဖွဲ့ ခုတ်တာတဖွဲ့ဆိုတာ သွားသတိရမိတယ်။
    အရိုင်းတို့တွေ ပျက်လုံးလေ။

    Posted by Rita | 28/11/2009, 13:34
  2. အော်…မွေးနေ့ပဲ။ ဒါဆိုရင်..နက်ဖန်..ဇီဇ၀ါ အတွက်.. ကြက်ဆူပင် တဧက လောက် စိုက်ခိုင်းလိုက်အုံးမယ်။ ( လှမ်းမှာလိုက်ယုံပဲ..)း)

    Posted by K | 28/11/2009, 13:56
  3. ဇီဇဝါ့ မွေးနေ့လားဟင်…
    ဘယ်နေ့မှန်းတော့ မသိပေမယ့် ပျော်ရွှင်စရာ မွေးနေ့တခုကို ဖြတ်သန်းခဲ့ပြီး နောင်လာမယ့် မွေးနေ့ပေါင်းများစွာကိုလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ချစ်သောသူများနှင့်အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် နော်..။

    ဇီဇဝါရေးထားတဲ့ ဒီတပတ်ထဲမှာကို ဖတ်ပြီး ကိုယ်ရေးချင်ရာရေးထားတဲ့ ၂၀၀၉ မှတ်တမ်းကို ပြန်ဖတ်မိတော့ ကိုယ့်ဟာက ၂၀၀၉ နဲ့ ဒီတပတ်ထဲမှာနဲ့ နှစ်ခု ရောရေးထားတဲ့ စာရှည်ရှည်ကြီး တခု ဖြစ်နေမှန်း သတိထားမိတော့တယ်…။
    😛

    Posted by သက်ဝေ | 28/11/2009, 14:56
  4. happy birthday………..everyday……….

    Posted by kom | 28/11/2009, 19:31

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: