//
you're reading...
Lifestyle

ဟိုရောက်ဒီရောက်နဲ့တပတ်တာ

ဝတုတ်စာပြန်ရေးလို့ ဘလော့ကို သူ့ကိုလွှဲထားမလား ကြံမိပါတယ်။ သူက တပုဒ်နဲ့တပုဒ်ကြား လနဲ့ချီ အချိန်ယူရေးသမို့ မဖြစ်ချေဘူးဆိုပြီး ကလောင်ကောက်ကိုင်၊ အဲလေ ဝေါ့ကိုဖွင့် ဇော်ဂျီရှာပြီး ရေးရပြန်တယ်။

ဒီတပတ်တော့ ချာချာလည်တဲ့အပတ်ပါပဲ။ အိမ်ပြန်ဖို့လက်မှတ်ရှာတာ စင်ကာပူရော ဘန်ကောက်ကမိတ်ဆွေတွေပါ မနေရဘူး။ ဒီကနေဗမာပြည်တိုက်ရိုက်ဝယ်မရလို့ လန်ဒန်-ဂျာမနီ။ ဂျာမနီ-စင်္ကာပူ၊ စင်္ကာပူ-ကွာလာလန်ပူ၊ ကွာလာလန်ပူ-ရန်ကုန်ဝယ်ရတယ်။ ကမ္ဘာပတ်တယ်ဆိုတာ ဒါပဲနေမှာ။

ဆန္ဒစောပြီး သေတ္တာပြင်ကြည့်တယ်။ ဝယ်ထားတဲ့ စာအုပ်၃ဝလောက်နဲ့ ကီလို၂ဝပြည့်သွားတော့ ဘာလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ဟိုစာအုပ်ထုတ်ရနိုး၊ ဒီစာအုပ်ထုတ်ရနိုးနဲ့ ဝေခွဲလို့ မရဘူး။

ဝတုတ်ကလည်း ရာဇသံပေးထားတယ်။ နင်ဝယ်ထားတဲ့ စာအုပ်တွေ တအုပ်မှ မထားခဲ့နဲ့တဲ့။ အဲဒါနဲ့ သေတ္တာကြီးထဲကစာအုပ်တွေထုတ်၊ သေတ္တာလေးထဲ ပြောင်းထည့်၊ သေတ္တာလေးလဲ ၈ကီလိုကျော်။ ဂျာအေးသူ့အမေ ရိုက်သလိုဖြစ်နေမှပေါ့။

ဒီတပတ်ထဲမှာ အတန်းကို purple plain ပြမလို့ youtube မှာ ပြန်ရှာကြည့်တယ်။ အနောက်တိုင်းရုပ်ရှင်က ဗမာအမျိုးသမီးတွေကို ဘယ်လိုပုံဖော်သလိုဆိုတဲ့အကြောင်း ဆွေးနွေးကြည့်ဖို့။

မီးလောင်တဲ့အခန်းမှာ သွေးပျက်သလိုဖြစ်သွားတဲ့ ဝင်းမင်းသန်းနဲ့ပတ်သက်ပြီး နတ်စမဘိုမကြီးက သူတို့က ငါတို့လိုရေခဲတုံးတွေမဟုတ်ဘူး။ ဝမ်းနည်းတာတွေကို အထဲမှာအလောင်မခံဘူး။ အပြင်ထုတ်ကြတယ်တဲ့။ မင်းသားဂရေဂရီပတ်ကို ပြောတာ။

ဒါနဲ့စဉ်းစားစရာဖြစ်လာတာက ဗမာတွေက ဘယ်အခါမှာ စိတ်ထဲက ခံစားမှုကို ထုတ်ပြပြီး ဘယ်အခါမှာ အထဲမှာပဲ မျိုသိပ်ထားကြသလဲဆိုတာကိုပါ။ ဝမ်းနည်းတာ၊ ပူဆွေးတာတွေကို ထုတ်ပြီး ပျော်ရွှင်တာ အံ့သြတာတွေ အထဲမှာ ထားသလား။ နတ်စမကြီးပြောတာတွေ မှန်ရောမှန်ရဲ့လားဆိုတာတွေ ဆက်စဉ်းစားမိတယ်။

ဒီတပတ်ထဲမှာ ဗမာပြည်က သိပြီးသားလူတယောက်၊ မသိသေးတဲ့လူ၃ယောက်နဲ့ ဆုံရတယ်။ တယောက်ရဲ့နာမည်ကိုတော့ သူ့ဘလော့ကနေတဆင့် ရင်းနှီးပြီးသားပဲ။ သူတို့ထဲက ၃ယောက်ကို ကျောင်းမှာ လိုက်ပြ၊ နေရှင်နယ် ဂလာရီခေါ်သွားမယ်ဆိုပြီး အဲဒီထိမရောက်ဘဲ ဟိုဝင်ဒီဝင်နဲ့ ပစ်ကယ်ဒီလီ အဝိုင်းကို ရောက်သွားကြတယ်။

ဘိုဘိုလဲပါတော့ ၅ယောက်သားကျောင်းကနေ အဲဒီအဝိုင်းအထိ လမ်းလျှောက်ရတာ စိတ်ထဲမှာ တမျိုးပဲ။ ဗမာတွေအဲဒီလောက်အများကြီးနဲ့ ဆုံတောင့်ဆုံခဲမဟုတ်လား။ ကျောင်းကဆရာတယောက်ကတောင် ဘယ်ကြည့်ကြည့်ဗမာတွေပဲလို့ အဲဒီနေ့က နောက်နေသေးတယ်။

ဒီစနေတနင်္ဂနွေတော့ နှစ်ရက်လုံးတော်တော်အေးတယ်။ အပူချိန်က အနုတ်နားကပ်နေတယ်ဆိုပဲ။ အိမ်ထဲက သာမိုစတက်တွေကိုတော့ timer ကနေ တချိန်လုံးဖွင့်တဲ့စနစ် ပြောင်းထားလိုက်တယ်။ ကမ္ဘာကြီးတော့ ကာဘွန်ဓာတ်ငွေ့တွေနဲ့ မွန်းပြီးရင်းမွန်းပေါ့။

ဟိုတနေ့က တီဗီမှာလာသွားတဲ့ အစီအစဉ်ကနေ သိလိုက်ရတာက ဒီနိုင်ငံမှာ လူတယောက်နေထိုင်စားသောက်ဖို့ ပတ်ဝန်းကျင် ၄ဟတ်တာလောက် ပြုန်းတီးသွားတယ်တဲ့။ ဧကနဲ့တွက်မယ်ဆိုရင်တော့ ၁၀ဧကလောက်ရှိမယ်။ ဗမာပြည်တို့ အာဖရိကနိုင်ငံကလူတွေ အတွက်တော့ တဟတ်တာအောက်လောက်ပဲ ရှိတယ်တဲ့။

ပတ်ဝန်းကျင်ပျက်စီးလို့ ခံရတော့ ဘင်္ဂလားဒေ့ရှ်၊ ဗမာပြည်ဧရာဝတီတို့ ရခိုင်တို့ကလူတွေက ခါးစည်းပြီးခံကြရတာပေါ့။ ဂလိုဘယ်လိုင်ဇေးရှင်းကြောင့် တခုနဲ့တခု ပိုပြီးဆက်နွယ်လာတဲ့အထဲမှာ ဒီကလူတွေ (ကိုယ်တို့လိုငမိုက်သားအပါအဝင်) သုံးသမျှစွဲသမျှ ဆင်းရဲတဲ့နိုင်ငံတွေကလူတွေ ခံနေရတာတွေလဲ ပါလာတယ်။

တတ်နိုင်သလောက် လျှော့သုံးမယ်ဆိုအုံးတော့ ဟီတာတွေနဲ့နေသရွေ့၊ လေယာဉ်ပျံကြီးတွေ စီးနေသရွေ့၊ ကွန်ပျူတာလေး upgrade လုပ်လိုက်သရွေ့ ဆင်းရဲတဲ့နိုင်ငံတွေပေါ် အကျိုးဆက်တွေ ရှိနေအုံးမှာ။ ဗမာပြည်ပြန်နေရင်ကော ဒါတွေသက်သာသွားမလား။ လျှပ်စစ်မီး ပုံမှန်မရတော့ အနည်းဆုံး စွမ်းအင်တော့ မဖြစ်မနေ ချွေတာဖြစ်နေမှာ။

နောက်သုံးပတ်လောက်နေရင် ပြန်ဆုံကြတာပေါ့။

Discussion

2 thoughts on “ဟိုရောက်ဒီရောက်နဲ့တပတ်တာ

  1. မျှော်နေမယ် နော်..း)

    Posted by kaungkinpyar | 13/12/2009, 18:50
  2. လက်မှတ်ဝယ်တာ နောက်ကျသွားလို့လား… ပြန်လာရင် ရေးစရာတွေ ပိုများလာမှာ

    Posted by မီယာ | 15/12/2009, 21:49

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: