//
you're reading...
Media

Role model ဆိုတာ ရာဇဝင်ထဲမှာ ကျန်ရစ်ခဲ့တော့မလား။

ဒီနေ့အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင် ကပ္ပတိန် ဂျွန်တယ်ရီကို ကပ္ပတိန်ရာထူးက ဖြုတ်လိုက်ပါပြီ။ မိန်းမရှိရက်နဲ့ အရင်ကတသင်းထဲသား ဝိန်းဘရစ်ရဲ့ ရည်းစားဟောင်းနဲ့ ဖောက်ပြန်မှုနဲ့ပါ။

အဲဒါနဲ့ပတ်သက်ပြီး သတင်းတွေထဲမှာ ဘောလုံးသမားတွေကို စံပြလူသားတွေအဖြစ် မြင်သင့်မမြင်သင့် ငြင်းခုံနေကြပါတယ်။ ကပ္ပတိန်ရာထူးကအချခံလိုက်ရတယ်ဆိုတော့ အနည်းဆုံးမန်နေဂျာက စံပြအဖြစ်နေသင့်တယ်လို့ ယူဆပါတယ်။

ဘောလုံးသမားဟောင်းကြီးတချို့ကလဲ အဖြုတ်ခံရတာကို ထောက်ခံကြပါတယ်။ ကွင်းထဲမှာရော ကွင်းအပြင်မှာပါ ကိုယ့်လုပ်ရပ်ကိုကိုယ် တာဝန်ယူတဲ့ လူအဖြစ် သူတို့ရဲ့ ဘောလုံးသမားတွေကို ဖြစ်စေချင်ကြတယ်လို့ ပြောပါတယ်။

ဒီနေ့တရက်ထဲမှာပဲ ပါလီမန်အမတ်၎ယောက်ကို theft ရယ် false accounting အမှုတွေနဲ့ ရာဇဝတ်မှုပုဒ်မတွေနဲ့ စွဲချက်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့တနှစ်လုံး ရေပန်းစားခဲ့တဲ့ အသုံးစရိတ်တွေကို အလွဲသုံးစားလုပ်မှုနဲ့ ပတ်သက်ပါတယ်။

အမတ်တယောက်က ချက်ချင်းပဲ ရာထူးကနုတ်ထွက်သွားပါတယ်။ crown prosecution service လို့ခေါ်တဲ့ အစိုးရတရားလိုက လူထုအတွက် တရားစွဲတယ်လို့ ပြောသွားပါတယ်။

ခြုံပြီးပြောရရင် လူထုကို ကိုယ်စားပြုတဲ့ အမတ်တွေ၊ နိုင်ငံကို ကိုယ်စားပြုတဲ့ အားကစားသမားတွေက လူထုကို တာဝန်ခံနိုင်ရမယ်။ သူတို့ရဲ့ အပြင်ပန်းရော ပုဂ္ဂလိကဘဝတွေမှာပါ လူထုလေးစားအောင် နေရမယ်ဆိုတဲ့ လူထုအမြင်ပေါ်အခြေခံပြီး ရာထူးချတာတွေ တရားစွဲတာတွေ လုပ်လာကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဗမာပြည်က role model တွေအကြောင်း စဉ်းစားမိပါတယ်။ ခုနောက်ပိုင်း ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေကို ဘယ်သူတွေကို အားကျလဲ ဘယ်သူတွေကို အတုယူလဲလို့ မေးကြည့်ရင် ရေရေရာရာ မဖြေနိုင်တာ များပါတယ်။

ဘာဖြစ်ချင်သလဲဆိုတာမသိပေမယ့် ဘာမဖြစ်ချင်ဘူးဆိုတာကို သိတဲ့ လူငယ်လေးတွေတော့ ရှိပါတယ်။   ကိုယ့်ပတ်ဝန်းကျင်မှာ သိပ်တော်သိပ်ကောင်းတဲ့လူ မရှိရင် ရှိနေတဲ့လူတွေကို ကြည့်ပြီး ဒီလိုလူတွေလို မဖြစ်အောင်နေမယ်ဆိုတဲ့ အသိလေးတွေရှိတဲ့ လူငယ်လေးတွေပါ။

အားကျမှားတာနဲ့စာရင် အားကျစရာမရှိတာဟာ ပိုကောင်းသလား။ ဖြေရခက်ပါတယ်။ အများလက်ခံထားတဲ့ စာရေးဆရာကြီးတွေ၊ လူထုကို ပညာပေးဖို့ ဖျော်ဖြေဖို့ တာဝန်ရှိသူတွေ တာဝန်ယူထားသူတွေကို လေးစားလို့မရရင် ဘာလုပ်ကြမလဲ။ ဖြေရခက်ပြန်ပါတယ်။

ကိုယ်ကတော့ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ကမ္ဘာလေးဆောက်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကိုယ်အားကျတဲ့လူတွေတော်တော်များများဟာ ဝတ္ထုဇာတ်ကောင်တွေပါ။ သူတို့တွေကို ကြည့်ပြီး သူတို့လိုနေကြည့်တယ်။ ပြောကြည့်တယ်။ ကြီးလာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီဇာတ်ကောင်တွေနဲ့ နီးစပ်တဲ့လူတွေကို ရှာကြည့်ပြီး သူတို့ကိုလေ့လာတယ်။ ဒေါ်သန်းမြင့်အောင်ဟာ အဲဒီလိုလူတယောက်ပါ။ ဘဘဦးဝင်းတင်လဲ ပါပါတယ်။ သူတို့က ကိုယ့်ကိုမသိပေမယ့် သူတို့အကြောင်းတွေနားထောင် သူတို့လုပ်ရပ်တွေကို ကြည်ညိုပြီး သူတို့ကို ငယ်ငယ်တုန်းက ကိုယ်ကြိုက်ခဲ့တဲ့ ဇာတ်ကောင်တွေလို ရင်းနှီးနေပါတယ်။

ဒါပေမယ့် နှမြောတာ၊ ဝမ်းနည်းတာက အဲဒီလိုဇာတ်ကောင်တွေဟာ ကန့်လန့်ကာရှေ့မှာ ကပြအသုံးတော်ခံခွင့်မရဘဲ လူငယ်ထုဟာလဲ အားကျစရာရှာရင်း အချိန်တွေ တဖြည်းဖြည်းကုန်လာတာကိုပါပဲ။

Discussion

6 thoughts on “Role model ဆိုတာ ရာဇဝင်ထဲမှာ ကျန်ရစ်ခဲ့တော့မလား။

  1. လေးစားထိုက်သူကို လေးစားတာ၊ အားကျထိုက်သူကို အားကျ တန်ဖိုးထားတာ၊ သူ့လို ကျင့်ကြံနေထိုင်တာ မင်္ဂလာတပါးပါ။
    ကန့်လန့်ကာနောက်မှာ နေရပေမဲ့ သူတို့ရဲ့ တန်ဖိုးဟာ နေ့တိုင်း သတင်းစာထဲ ကိုယ့်ကိုယ်ကို ကြော်ငြာဝင်နေတဲ့ လူတွေထက် လူငယ်ထု ရင်ထဲကို ပိုရောက်ပါတယ် ညီမရယ်..

    Posted by မိုးချိုသင်း | 05/02/2010, 22:54
  2. လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပေါ့ … တူတော်မောင်တစ်ယောက်ကို မင်းရဲ့ role model ဘယ်သူလဲလို့ မေးလိုက်တာ … ပြန်ဖြေတယ် … “ရာဇာနေဝင်း” ပါတဲ့ဗျာ … ကိုရာဇာကြီး ကို သိပ်မိုက် သိပ်ခိုက်ပြီး လေးစားပါလေသတဲ့ …အမယ်ငီး ..ဟီး…

    Posted by Oak Kar | 06/02/2010, 03:38
  3. တို့ရဲ့ role model က တို့ရဲ့ အမေပါ။ တခါတလေ အတွေးအခေါ်လေးတွေ မတူလို့ ငြင်းကြခုန်ကြ ရှိနေပေမဲ့ အရင်ရော အခုပါ ကိုယ့်အမေဟာ ကိုယ့်အတွက် စံပြဖြစ်နေစဲပါ။

    Posted by မွန်မွန် | 06/02/2010, 11:52
  4. အင်း ဒီလောက်စဉ်းစားစရာ လိုလို့လားလို့ သူတို့က မေးကြတယ်ဟ… ဘယ်လိုပြန်ဖြေရပါ့မလဲ ညီမရယ်။

    Posted by ခင်မင်းဇော် | 06/02/2010, 18:04
  5. ဟိုတုန်းကတော့ ဗိုဟ်ချုပ်ကြီး ခင်ညွန့်လဲ မြန်မာတွေရဲ့ Role model ပဲလေ။ နိုင်ငံရေး နယ်ပယ်မှာလဲ တိုင်းရင်းသား ငြိမ်းချမ်းရေးကို သူ့နည်းသူ့ဟန်နဲ့သူ တည်ဆောက်နိုင်ခဲ့တယ်။

    Posted by steve | 07/02/2010, 20:22
  6. အဲဒီကိစ္စ အရေးကြီးတယ်လို့ ကျောင်းတက်စဉ်မှာ စဉ်းစားခဲ့ဖူးပါတယ်။ ဘာလို့ဆိုတော့ ကျောင်းမှာ role model ရှားလွန်းလို့ပါ။ တဆက်တည်း နောက်က generation တွေထဲမှာ ဒီလမ်းကျောင်းကို ကိုယ့်ကြောင့်တော့ ဆက်မလျှောက်စေရဘူးလို့ ဆုံးဖြတ်မိတယ်။

    ဘယ်တော့မှ ဒီကျောင်းတက်ပါလားလို့ မတိုက်တွန်းခဲ့ဘူး။ ကိုယ့်ပယောဂနဲ့ ကိုယ့်ကျောင်းကို မရောက်စေရဘူးပေါ့။

    ဒါပေမဲ့လည်း သိပ်တော့ မထူးပါဘူး။ ဘယ်နေရာရောက်ရောက် ဘယ်လမ်းကြောင်းလျှောက်လျှောက်… သိပ်မထူးပါဘူးလေ။

    လူငယ်တွေအတွက် အရေးကြီးတဲ့ ကိစ္စလို့ ဟိုတုန်းတည်းက မြင်ပါတယ်။ ဒါ အသေးအဖွဲကိစ္စ မဟုတ်ဘူး။

    ပြီးတော့ မမချို ပြောသလို လူငယ်ထုရင်ထဲ အဲဒီလို လူတွေ ပိုရောက်တယ်ဆိုတာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ရောက်သင့်တာမှန်တယ်။ သို့သော် တကယ့်အခြေအနေမှန်မှာ ရောက်မနေပါဘူး။ အဖြစ်မှန်က ခါးသီးပါတယ်။

    Posted by Rita | 09/03/2010, 15:54

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: