//
you're reading...
London, Student's Life

လာချင်ရင် အနီးလေးလို့ မဆိုချင်ပါ။

အင်္ဂလန်ကို လာချင်လို့တဲ့ တယောက်က မေးလာပါတယ်။ သူက ACCA ဒါမှမဟုတ် finance နဲ့ ကျောင်းအပ်မယ်တဲ့။ ကိုယ်က စိတ်ပူလို့ သေသေချာချာစုံစမ်းပြီးပြီလား။ တနှစ်ကို ဘယ်လောက်သုံးမလဲ။ ဘယ်နှစ်နှစ်နေမလဲ။ ကျောင်းပြီးရင် ဘာလုပ်မလဲစသဖြင့် မေးကြည့်ပါတယ်။

လွန်ခဲ့တဲ့၎နှစ်လောက်က ဒီကိုလာရတာ အင်မတန်လွယ်ပါတယ်။ သိသလောက် ကျောင်းသားတော်တော်များများက တက္ကသိုလ်တွေလှမ်းလျှောက်၊ ဒါမှမဟုတ် ACCA တို့ ကွန်ပျူတာတို့လျှောက်ပြီး ဝင်ခွင့်ရထားတဲ့ စာရွက်လေးတွေနဲ့ တချို့လဲစပွန်စာ letter၊ တချို့လဲ ဘဏ်ထဲက ပိုက်ဆံပြပြီး ဗီဇာကို အခက်အခဲသိပ်မရှိဘဲ လျှောက်နိုင်ခဲ့ကြတယ်။


ဒီရောက်တော့ တက်ရမယ့်ကျောင်းက ဈေးကြီးနေရင် ဈေးသက်သာတဲ့ကျောင်းကိုပြောင်း၊ တချို့ကလဲ မာစတာ တက်ခွင့်ရထားတာကို မတက်သေးဘဲ တနှစ်ကို ပေါင်၅၀၀လောက်ပဲ ပေးရတဲ့ အင်္ဂလိပ်ကျောင်းပြောင်းအပ်၊  NI လို့ခေါ်တဲ့ National Insurance နံပါတ်ပေးပြီးမှ လုပ်ရတဲ့အလုပ် (တရားဝင်အလုပ်) ရော under the table လို့ခေါ်တဲ့ cash ရတဲ့အလုပ်ရော အလုပ်မျိုးစုံလုပ်ပြီး ငွေစုကြတယ်။ ငွေပြည့်မှ ကျောင်းသွားတက်၊ ဘွဲ့ရရင် post study programme လို့ခေါ်တဲ့ ၂နှစ် ဗီဇာလျှောက်၊ အလုပ်ရရင် work permit လျှောက် စသဖြင့် အဆင့်ဆင့်သွားကြတယ်။

အစိုးရကလဲ အလုပ်သမားတွေလိုတော့ ဒီလိုလုပ်နေတာတွေကို ခွင့်ပြုထားတယ်။ အခုတော့ ၂၀၀၇နှောင်းပိုင်းကတည်းက ကျလာတဲ့စီးပွားရေးဟာ အခုထိ နလန်မထူနိုင်သေးတော့ ပိုနေတဲ့ လူတွေ၊ အထူးသဖြင့် လုပ်သားထုတွေကို နည်းမျိုးစုံနဲ့ လျှော့ဖို့ ကြိုးစားရတော့တယ်။

နိုင်ငံတွေရဲ့ လူဝင်မှုကြီးကြပ်ရေး immigration စနစ်ကို ခြုံပြီးကြည့်ရရင် ဝင်ခွင့်ပေးထားတဲ့ လုပ်သားထု skills နဲ့ သူတို့ကိုပြန်ပေးမယ့် rights ဟာ တိုက်ရိုက်အချိုးကျလေ့ရှိတယ်။ ကျွမ်းကျင်တဲ့လုပ်သားတွေဆို ကိုယ့်ကိုပေးမယ့် work permit ကစပြီး နိုင်ငံသားဖြစ်ဖို့အထိ အခွင့်အရေးတွေ ပေးထားတဲ့ ကိုယ့်သားသမီးပညာရေးအခွင့်အရေးကောင်းတဲ့ နိုင်ငံတွေကို ဦးတည်ပြီးသွားလေ့ရှိတယ်။

တနည်းပြောရရင် ဒီလိုပေးထားတဲ့နိုင်ငံတွေဟာ တကမ္ဘာလုံးက ကျွမ်းကျင်လုပ်သားတွေကို ပိုရလေ့ရှိတယ်။ အင်္ဂလန်က စကန်ဒီနေးဗီးယားနိုင်ငံတွေလောက် အခွင့်အရေးတွေမကောင်းပေမယ့် ကျန်းမာရေး ပညာရေးစတာတွေ တော်တော်ကောင်းသေးတော့ ကျွမ်းကျင်လုပ်သားတွေရော ကျွမ်းကျင်လုပ်သားလောင်းတွေပါ လာကြတယ်။ အရင်တုန်းက ဒီလို high နဲ့ medium skilled လုပ်သားတွေကို အလွယ်ဝင်ခွင့်ပြုခဲ့ပေမယ့် ၂၀၀၇နောက်ပိုင်းမှာ ဒုတိယအုပ်စုအတွက် ဖွင့်ထားတဲ့ တံခါးက တဖြည်းဖြည်းကျဉ်းလိုက်လာရာကနေ အခုပိတ်လုနီးပါးဖြစ်နေပြီ။

အလုပ်လုပ်ဖို့ကထားပါတော့။ ကျောင်းတက်ဖို့ရော ဒီကိုမလာရတော့ဘူးလားလို့ မေးစရာပါ။ လက်လှမ်းမီသလောက် တွက်ပြပါ့မယ်။ ကျောင်းသားတယောက် ACCA လာတက်မယ်ဆိုပါစို့။

ACCA ၁၄ဘာသာလုံးဖြေပြီးရင် မာစတာဘွဲ့နဲ့ညီတယ်လို့ သတ်မှတ်ပါတယ်။ ACCA ကို သီးသန့်သင်တဲ့ကျောင်းမှာ အပ်မလား။ တခြားဘွဲ့တွေနဲ့ တွဲသင်တဲ့ တက္ကသိုလ်တခုမှာ အပ်မလားလို့ ရွေးစရာရှိလာပါတယ်။

တက္ကသိုလ်မှာသင်နိုင်ရင် အကောင်းဆုံးလို့ ထင်ပါတယ်။ လွန်ခဲ့တဲ့၂နှစ်အတွင်းမှာ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စာရင်းကိုင် စသဖြင့် သီးသန့်သင်တဲ့ ကျောင်းပေါင်း ၂ဝဝဝ ကျော် အပိတ်ခံရပါတယ်။ ဟုတ်ပါတယ်။ နှစ်ထောင်ကျော်ပါ။ အဲဒီကျောင်းတွေမှာ သွားအပ်မိတဲ့ ဗမာတွေ တော်တော်လေးဒုက္ခများသွားပါတယ်။ ဗီဇာသက်တမ်းတိုးရမယ့်အချိန်တွေမှာ ကျောင်းအပ်လေ့ရှိတာမို့ သက်တမ်းတိုးတုန်း ကျောင်းအပိတ်ခံရလို့ ဗီဇာအငြင်းခံရပြီး ငွေကုန် လူပင်ပန်း စိတ်မော ဖြစ်ရပါတယ်။

အဲဒီတော့ သေချာတဲ့ကျောင်းကိုပဲ ရွေးအပ်သင့်ပါတယ်။ တက္ကသိုလ်တွေမှာ အခုနိုင်ငံခြားသားတွေကို တော်တော်ဦးစားပေးပြီးလက်ခံပါတယ်။ ကိုယ့်နိုင်ငံကကျောင်းသားဆီက တနှစ်ကို ပေါင်၃ဝဝဝ ပဲရတာ၊ နိုင်ငံခြားသား၊ ဥရောပသမဂ္ဂအပြင်က ကျောင်းသားဆိုရင် ကျောင်းပေါ်မူတည်ပြီး ၅ဝဝဝ ကနေ ၁၇ဝဝဝ အထိ ရတာမို့ အင်္ဂလိပ်စာ အသင့်အတင့်ရှိမယ်ဆိုရင် ကျောင်းရဖို့နှုန်းက အရင်ကထက် ကောင်းပါတယ်။

ACCA သီးသန့်သင်တဲ့ကျောင်းဆို တနှစ်ကိုအနည်းဆုံး ပေါင်၃ဝဝဝ ကစပါတယ်။ ကျောင်းဝင်ကြေးက ၃ဝဝဝ၊ စာအုပ်ဝယ်ဖို့က အနည်းဆုံး ၂ဝဝ ပဲထား၊ ၃၂ဝဝ က ကျောင်းအတွက် ကုန်သွားပြီ။

နေစရိတ်က ကျောင်းတခုမှာ တလကို ထမင်းကျွေး ပေါင် ၃၈၀နဲ့ အဆောင် စီစဉ်ပေးတယ်လို့ ဖတ်လိုက်မိတယ်။ အပြင်မှာ နေရင် ဇုံ ၃ လောက်မှာ ဆိုတခန်းကို ၂၅ဝ-၃ဝဝ လောက်နဲ့ ရနိုင်တယ်။ ၂၅ဝ ပဲထား။ တနှစ်ဆိုတော့ ၃ဝဝဝ၊

စားစရိတ်က အင်မတန်ချွေတာရင် တပတ်ကို ၂၅ လောက်နဲ့ရနိုင်တယ်။ တနှစ်ကို ၁၃ဝဝ ပေါ့။

 ကျောင်းက ဇုံ ၁ထဲမှာဆိုရင်တော့ ခရီးစရိတ်ထောင်းနိုင်တယ်။ ဇုံ ၁-၄ က တနှစ်ကို ၁ဝ၂၈ တဲ့။

အဲဒီတော့ အခြေခံ ကျောင်းစရိတ်၊ စားရေးနေရေး၊ ခရီးစရိတ်ပေါင်းလိုက်ရင် ACCA ကျောင်းသားတယောက်က အနည်းဆုံး ၈၅၂၈ ကုန်နေပြီ။

အလုပ်လုပ်လို့မရဘူးလားဆိုတော့ ACCA ကို non-degree အဖြစ်သတ်မှတ်မလား မသတ်မှတ်ဘူးလားဆိုတာ အပ်တဲ့ကျောင်းပေါ်မူတည်မယ်လို့ထင်တယ်။ အပ်တဲ့ကျောင်းက Tier 4 ဘွဲ့သင်တန်းကျောင်းသားပါလို့ရေးပေးရင်တော့ တပတ်ကို နာရီ၂ဝလုပ်လို့ရမယ်။

တပတ်ကို နာရီ၂ဝ အလုပ်လုပ်တယ်ဆိုပါစို့။ လန်ဒန်မှာ minimum wage က တနာရီ ၆ပေါင်နဲ့ ပြား၇ဝ ရတယ်ဆိုတော့ တနှစ်လုံးကို ၆၉၆၈ ရမယ်။ ဝင်ငွေခွန်က allowance ၆၄၇၅ ကိုနည်းနည်းပဲ ကျော်နေတာဆိုတော့ မပေးရဘူးပဲထားလိုက်။ national insurance က တလကို ၁၁ပေါင်ကျော်ကျော်လောက် ပေးရလိမ့်မယ်။ တနှစ်ဆိုတော့ ၁၃၂ ပဲထား။ ဝင်ငွေ ၆၉၆၈ က ၁၃၂ နုတ်၊ ၆၈၃၆ ကျန်မယ်။

ဆိုတော့ ထွက်ငွေ ၈၅၂၈ က ၆၈၃၆ ကို နုတ်၊ အိမ်က ဒါမှမဟုတ် အင်္ဂလန်မလာခင် စုထားတဲ့ငွေထဲက ၁၆၉၂ စိုက်ရမယ်။

ဒါပေမယ့် ဗီဇာလျှောက်ရင် အနည်းဆုံးတနှစ်စာ ပေါင်၁ဝဝဝဝ လောက်ရှိပါတယ်ဆိုတာ ပြရလိမ့်မယ်။ ၈၅၂၈ ဆိုတာ ချွေတာတတ်တဲ့လူတွေအတွက် တွက်ထားတာကို။

စကော်လားရှစ်တွေဘာတွေ မရနိုင်ဘူးလားမေးရင် ACCA သမားအတွက် သိပ်ကိုရှားတယ်။ မရှိသလောက်ပဲလို့ပြောရမယ်။ public health, history, politics, education, international security, economics စတဲ့ စတဲ့ ဘာသာရပ်တွေ သင်ချင်တဲ့ ဗမာကျောင်းသားတွေအတွက် အင်္ဂလန်မှာ Prospect Burma နဲ့ Charles Wallace ဆိုတဲ့အဖွဲ့၂ဖွဲ့က ထောက်ပံ့တယ်။ ဒါပေမယ့် ပေါင် ၁ဝဝဝ၊ ၁၅ဝဝ ထက်မများတတ်ဘူး။ အရင်တုန်းက အင်ဂျင်နီယာကျောင်းသူတယောက် Chevening scholarship ရဖူးတယ်။ အဲဒါက British Embassy ကပေးတာ။ အခုပေးသေးလား၊ မပေးတော့ဘူးလားဆိုတာ မသိဘူး။

အမေရိကားဘက်မှာဆိုရင် fulbright ရှိမယ်။ ဒါက ဘွဲ့လွန်အတွက်။ တခါ OSI ရှိမယ်။ သူကတော့ undergrad ရော postgrad ပါ လျှောက်လို့ရတယ်။

ပြန်ကောက်မယ်ဆိုရင်တော့ အင်္ဂလန်ကိုလာဖို့ရာ အရင်နှစ်တွေထက် အများကြီးခက်သွားပြီ။ ကျောင်းတက်ပြီး အလုပ်လုပ် ပိုက်ဆံစုဖို့ မလွယ်တော့တဲ့အပြင် အိမ်ကပို့မှ ဒါမှမဟုတ် ကိုယ်ကစုထားတာတွေ ထုတ်သုံးမှ ကျောင်းတက်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်။

ဘွဲ့ရပြီး အလုပ်ရဖို့ကလဲ အရင်ကနဲ့စာရင် ခက်သွားပြီ။ မဖြစ်နိုင်ဘူးလားဆိုရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ရုတ်တရက်ကြီးပြောင်းသွားတဲ့ အချက်တွေအများကြီးကို ထည့်စဉ်းစားပြီးမှ လာသင့်မလာသင့် ဆုံးဖြတ်သင့်တယ်။ အရင်ကလို ဒီရောက်မှ သင့်သလိုပြောင်းသွားဖို့ အခြေအနေမပေးတော့ဘူး။

ဗီဇာအကြောင်းအသေးစိတ်ဖတ်ချင်ရင်

http://www.ukba.homeoffice.gov.uk/sitecontent/applicationforms/pbs/Tier4migrantguidance.pdf

Discussion

One thought on “လာချင်ရင် အနီးလေးလို့ မဆိုချင်ပါ။

  1. * Minimum wage is = £5.80 per hour

    £5.80 x20hours = £116
    NI = £0.66(116-110 upper earning threshold) x 11%
    Net = £115.34 per week

    Net for whole year = 115.34x52weeks = £5997.68 per annum

    ——————-

    If you are planning to work on vacation period,

    £5.80 x another 20hours x 8 weeks = £928
    NI = £5.28
    Net =£933.28

    Total net for whole year = £5997.68+£933.28 =£6930.96

    Note * You could earn more than minimum wage depnds on your experiences.

    I would recommend that if you are just planning to work in th UK under student visa, this is not the right time unless if you have plan to do asylum seeker.

    Posted by whoami | 05/03/2010, 22:29

Leave a comment

Blog Stats

  • 98,096 hits