//
you're reading...
Politics

မှေးမှိန်လာတဲ့ ရည်မှန်းချက်တွေ

နိုင်ငံတကာစင်မြင့်မှာ အသံကျယ်ကျယ်ပြောနိုင်ဖို့ဟာ ဗြိတိန်ရဲ့ အနာဂတ်အရေးနဲ့ ပတ်သက်ပြီး သူ့အစိုးရရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်တခုဖြစ်တယ်လို့ ဂေါ်ဒန်ဘရောင်းက ပြောတယ်။ ဒေးဗစ်ကန်မရွန်ကတော့ ချာချီလေသံလိုက်ပြီး သူတို့ ကွန်ဆားဗစ်တစ်တွေကတော့ ကမ္ဘာ့ရေးရာတွေမှာ နိုင်ငံရဲ့သြဇာကို ပြန်ဆယ်မယ်လို့ ကြွေးကြော်တယ်။ ဒါပေမယ့် စစ်တပ်အကြောင်းလေ့လာတဲ့ ထင်ရှားတဲ့ ပညာရှင်တယောက်ကတော့ နှစ်၎ဝဝ ကမ္ဘာစွန့်စားမှုစင်ပေါ်မှာ သူတို့နိုင်ငံရဲ့ အခန်းကဏ္ဍဟာ နိဂုံးပိုင်းကို ရောက်လာပြီလို့ ပြောလိုက်တယ်။

နိုင်ငံရေးသမားတွေအတွက်တော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးချိန်မှာ လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေတွေဟာ သူတို့ဘက်မှာမရှိတော့ဘူးဆိုတာ ဝန်ခံဖို့အချိန် မဟုတ်ပေဘူး။ မေ၆ရက်မှာ မဲရုံတွေက ဘာအဖြေပဲထွက်လာ၊ ထွက်လာ၊ နိုင်ငံတကာ အခင်းအကျင်းမှာ ဗြိတိန်နိုင်ငံရဲ့ နေရာဟာ ဘယ်မှာရှိနေပြီလဲ ဆိုတာ ပြန်သုံးသပ်ရမယ့် အနေအထားရောက်နေပြီ။

အခုရွေးကောက်ပွဲအတွက် အပြိုင်မဲဆွယ်မှုတွေလုပ်နေချိန်မှာ အာဖဂန်မှာ တိုက်နေတဲ့ တပ်တွေကို လုပ်ရိုးလုပ်စဉ် အသိအမှတ်ပြုတာကလွဲလို့ နိုင်ငံခြားရေးရာတွေကို ပါတီခေါင်းဆောင်တွေက အရေးတယူ မပြောကြဘူး။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးဟာ သူတို့အရင်ကထင်ထားတဲ့အတိုင်း ဆက်သွားမယ်လို့ သူတို့ကထင်နေကြတယ်။

တကယ်ဖြစ်နေတာကတော့ သူတို့ထင်ထားတာနဲ့ တခြားစီပဲ။ လန်ဒန် အခြေစိုက် နိုင်ငံခြားရေးပေါ်လစီ ပညာရှင်အဖွဲ့ Chatham House ရဲ့ ဒါရိုက်တာ ရော်ဘင်နစ်ဘလက် က ယူကေနိုင်ငံခြား ရေးရာပေါ်လစီကို အဘက်ဘက်က ပြန်သုံးသပ်တဲ့လုပ်ငန်းကို ဦးဆောင်နေတယ်။ သူပြောတာက ပြည်တွင်းနိုင်ငံရေးတွေ ဘာပဲဖြစ်လာဖြစ်လာ ဗြိတိန်နိုင်ငံ ပြင်ပမှာ ဖြစ်မယ့် အပြောင်းအလဲတွေက နိုင်ငံရဲ့ကြီးပွားရေးနဲ့လုံခြုံရေးကို အကြီးအကျယ် သက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ဆိုတယ်။

စီးပွားရေးပါဝါဟာ အနောက်ကနေ အရှေ့ကို အရှိန်နဲ့ရွှေ့နေရာမှာ ကြုံလာရမယ့် စိန်ခေါ်မှုတွေ၊ အပြောင်းအလဲတွေကို  နောက်တက်လာမယ့် အစိုးရက ရင်ဆိုင်ရလိမ့်မယ်လို့လဲ သူကပြောလိုက်တယ်။ ဒီစိန်ခေါ်မှုတွေထဲမှာ စစ်တပ်နဲ့သံတမန်ကိစ္စတွေမှာ ရှောင်လွှဲလို့မရတဲ့ အသုံးစရိတ် ကြီးကြီးမားမား လျှော့ချမှုတွေ၊ အမေရိကန်နဲ့ဆက်ဆံရေးက ပိုပြီးဝေဝေဝါးဝါး ဖြစ်လာမှာတွေ၊ ဥရောပသမဂ္ဂက ရှေ့လျှောက်ပြီး နိုင်ငံတကာပေါ်မှာ သြဇာဆက်ရှိမရှိ၊ ကောင်းကောင်းစွမ်းဆောင်နိုင်မနိုင်အပေါ် သံသယဖြစ်လာမှုတွေလဲလည်း ပါတယ်လို့ သူကပြောသေးတယ်။

တိုတိုပြောရရင် နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့ ကိုယ်လုပ်နိုင်တာထက်ပိုပြီးလုပ်တတ်တဲ့ အစိုးရအတွက်တော့ လာမယ့်နှစ်တွေဟာ အရေးပါတဲ့ပြောင်းလဲမှုတွေ ဖြစ်မယ့်ကာလတွေပဲ။

စီပွားရေးအခက်အခဲတွေ၊ ဘရောင်းရဲ့အရင် တိုနီဘလဲခေါ်ခဲ့တဲ့ လစ်ဘရယ်တွေရဲ့ ဝင်ရောက်စွက်ဖက်မှု (liberal intervention) ဒါမှမဟုတ် စစ်တပ်ရဲ့ စွန့်စားခန်းလို့လဲ တချို့ကခေါ်နေတဲ့ အီရတ်တို့ အာဖဂန်နစ္စတန်ကို စစ်ဝင်တိုက်တာတွေကို ပြည်တွင်းကထောက်ခံမှု အားနည်းလာတာတွေ၊ ပါဝါ(နိုင်ငံ) အသစ်တွေ ထွက်ပေါ်လာတာတွေ၊ နှစ်ပေါင်းများစွာ ကောင်းခဲ့ပြီး အခုမှအေးစက်စက်ဖြစ်လာတဲ့ ယူကေနဲ့ အမေရိကန် ဆက်ဆံရေးတွေ၊ ဒါတွေအားလုံးဟာ တခုထဲကို ဦးတည်နေတယ်။ အဲဒါကတော့ယူကေရဲ့ သြဇာဟာကျဆင်းလာပြီဆိုတာပဲ။ နိုင်ငံရဲ့ သမိုင်း၊ ပထဝီ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု၊ ယဉ်ကျေးမှုတွေအရတော့ ယူကေဟာ ကမ္ဘာ့နိုင်ငံတွေပေါ် ဆက်ပြီး စိတ်ဝင်စားနေဦးမယ်။ ဆက်ပြီးဆက်ဆံနေဦးမယ်။

ယူကေဟာ မှေးမှိန်လာနေတဲ့ ပါဝါလို့ အကြီးတန်း အစိုးရအရာရှိတယောက်ကပြောတယ်။ ဒါပေမယ့် ဒီအကြောင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာရထားတဲ့ အမြဲတန်းနေရာကို ဖယ်ပေးရမယ်လို့ မဆိုလိုဘူး။ ရန်သူကိုတုံ့ပြန်ဖို့ပြင်ထားတဲ့ နယူးကလီးယားလက်နက် အစီအစဉ်ကို ဖျက်သိမ်းရမယ်လို့ မဆိုလိုဘူး။ နိုင်ငံတကာလုံခြုံရေးနဲ့ ပတ်သက်လို့လဲ ယူကေရဲ့ ဥရောပမိတ်ဆွေတချို့လိုလားနေတဲ့ (အကြမ်းမျဉ်းပြောရရင်-ဥရောပနိုင်ငံကြီးတနိုင်ငံချင်းထက် နိုင်ငံအားလုံးကို ကိုယ်စားပြုတဲ့) Greater Switzerland ပေါ်လစီ ကျင့်သုံးဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒီအရာရှိဆက်ပြောတာကတော့ အစိုးရနိုင်ငံရေးသမားတွေက အရင်တုန်းက ဟန်ဆောင်ထားခဲ့တာတွေကနေ တဆင့်လျှော့ဖို့လိုနေပြီတဲ့။

အဲဒါတွေကို စလုပ်ဖို့ဖြစ်လာစေမှာကတော့ အာဖဂန်စစ်ပဲ။ အကြီးတန်း သံတမန်တယောက် အကဲခတ်တာကတော့ ပါတီကြီးသုံးခုလုံးက တာလီဘန်တွေနဲ့တိုက်နေတဲ့စစ်ကို တက်သာဆုတ်သာရှိအောင် လုပ်ထားကြတယ်။ မေးစရာရှိတာကတော့ အသက်သွေးချွေး ပိုက်ဆံတွေ အများကြီးကုန်နေတဲ့ ဒီစစ်ကို ဘယ်လောက်ကြာကြာဆက်တိုက်မလဲဆိုတာပဲ။ အီရတ်စစ်ပွဲကိုကြည့်ပြီး စစ်ရေးနဲ့ ဝင်ရောက်စွက်ဖက်မှုပုံစံကို လူထုက အယုံအကြည်နည်းလာပြီ။ ရည်မှန်းချက် ရေရေရာရာမရှိတဲ့ အာဖဂန်စစ်ကိုလဲ လူထုကဒီလိုပဲထင်နေတယ်။

ပြည်တွင်းလုံခြုံရေးအတွက် စစ်တိုက်ရပါတယ်လို့ နိုင်ငံရေးသမားတွေက ပြောကြတယ်။ ဗြိတိန်မှာဖြစ်တဲ့ အကြမ်းဖက်မှုတွေကို ခြေရာခံလိုက်ရင် အာဖဂန်-ပါကစ္စတန် နယ်စပ်ကို ခြေရာခံမိတယ်။ ဒါပေမယ့် သံတမန်တချို့ကတော့ အမေရိကန်အပေါ်ထားရှိတဲ့ ကတိကဝတ်ကြောင့်သာ မဟုတ်ခဲ့ရင် တာလီဘန်တွေနဲ့ စစ်တိုက်ဖြစ်မှာ မဟုတ်ဘူးတဲ့။

ရွေးကောက်ပွဲပြီးရင် စစ်အတွက် တနှစ်ကို စတာလင်ပေါင်ဘီလီယံ၎ဝ သုံးနေတာကို ပြန်စီစစ်မယ်ဆိုတဲ့ ကတိကလဲ ဒီစစ်နဲ့ပတ်သက်ပြီး ပြန်သုံးသပ်မှုတွေဖြစ်စေလိမ့်မယ်။ သီအိုရီဆန်တဲ့ ရည်ရွယ်ချက်ကတော့ စစ်အေးတိုက်ပွဲအပြီးမှာထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပုံစံမျိုးထားဖို့ပေါ့။ ဒီကိစ္စဖြစ်ဖို့တွန်းအားက ဘဏ္ဍာငွေချွေတာနိုင်မယ်ဆိုတဲ့ အချက်ပဲ။

ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းနဲ့ နောက်ဆက်တွဲစီးပွားရေးဆုတ်ယုတ်မှုတွေဟာ ဗြိတိန်နိုင်ငံကို နိုင်ငံဝင်ငွေရဲ့ ၁၁ရာခိုင်နှုန်း၊ ဒါမှမဟုတ် စတာလင်ပေါင်ဘီလီယံ ၁၇ဝ ကျော်လိုငွေပြစေခဲ့တယ်။ လိုငွေလျော့သွားဖို့ ကာကွယ်ရေးအသုံးစရိတ်တွေကို အကြီးအကျယ် လျှော့ဖို့နည်းတွေ ဘဏ္ဍာရေးဝန်ကြီးဌာနက စဉ်းစားနေတယ်။ လေယာဉ်တင်သင်္ဘောတွေ၊ ဥရောပဒုံးခွင်းဒုံးတွေ၊ အမေရိကန်တိုက်လေယာဉ်တွေမှာတာတွေကို လျှော့လိမ့်မယ်။ အာဖဂန်ဟဲမန်း ဒေသမှာတိုက်နေတဲ့ ကြည်းတပ်တွေတောင် အသုံးစရိတ်လျှော့တာတွေနဲ့ ရင်ဆိုင်နေရတယ်။

ကြည်းရေလေခေါင်းဆောင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရကို ပေါ်ပေါ်ထင်ထင်ပဲ ပြစ်တင်ဝေဖန်နေကြတယ်။ စစ်မြေပြင်မှာ လက်နက်နဲ့ကိရိယာ အစုံအလင်တပ်ပေးထားတဲ့ စစ်သားတွေရှိဖို့လိုအပ်တယ်လို့ ကြည်းတပ်တပ်မှူးတွေက ထောက်ပြကြတယ်။ ရေတပ်ဗိုလ်ချုပ်ကြီးတွေကတော့ သင်္ဘောတွေလိုချင်တယ်။ လေတပ်ကတော့ တိုက်လေယာဉ်တွေ လိုချင်တယ်။ ဘာပဲဖြစ်ဖြစ် စစ်အသုံးစရိတ်လျှော့ချမှုနဲ့ ဗြိတိန်ရဲ့နိုင်ငံတကာအခန်းကဏ္ဍ အများကြီးဆက်စပ်မှုရှိတယ်။ အသုံးစရိတ်ကိုလျှော့ချရရင် ကမ္ဘာမှာ သြဇာလွှမ်းမိုးနိုင်ရမယ်ဆိုတဲ့ မျှော်မှန်းချက်လဲ မှေးမှိန်လာမယ်။

ဒီလိုမျိုးဗြိတိန်မှာ အရင်ကဖြစ်ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်၅ဝလုံးလုံး နိုင်ငံခြားရေးပေါ်လစီဟာ စီးပွားရေးအခြေအနေနဲ့မလိုက်အောင်ဘဲ သြဇာကြီးချင်၊ ရှိနေတဲ့ အခြေအနေကို ဆက်ထိန်းနေချင်ခဲ့တယ်။ ဒီဗျူဟာနဲ့  အချိန်တော်တော်များတော့ အောင်မြင်မှုရခဲ့ပါတယ်။ ရှိသင့် ရှိထိုက်တဲ့ အခြေအနေထက်ပိုတဲ့နေရာတခု နိုင်ငံတကာမှာရအောင် ၈ဝခုနှစ်တွေမှာ ကွန်ဆားဗစ်တစ် ဝန်ကြီးချုပ်မာဂရက်သက်ချာတို့ နောက်တော့ဘလဲတို့က သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေး၊ ယုံကြည်ချက်တွေနဲ့ ဗြိတိန်ရဲ့အဆင့်ကို မြှင့်ပေးခဲ့ကြတယ်။

သူတို့ အရင် အင်ပါယာကြီးမှာ နေဝင်နေပြီဆိုတာ မြင်ခဲ့တဲ့ ကွန်ဆားဗစ်တစ်ဝန်ကြီးချုပ် ဟာရိုးမက်မီလန်က ၁၉၆ဝနှစ်တွေမှာ ဒီဗျူဟာကို စကျင့်သုံးခဲ့တာဖြစ်တယ်။ ဗြိတိန်ရဲ့ အာဖရိကန်ကိုလိုနီတွေမှာ ပြောင်းလဲမှုလေတွေတိုက်ခတ်နေပြီဆိုတာကို မက်မီလန် သိတဲ့အချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒင်းအရှက်ဆန်က ဗြိတိန်ကတော့ အင်ပါယာကြီးကို လက်လွှတ်လိုက်ရပြီ။ ဒါပေမယ့် သူနေရမယ့် အခန်းကဏ္ဍကိုတော့ ရှာမတွေ့သေးဘူးလို့ ရက်ရက်စက်စက် ထုတ်ပြောဖူးတယ်။

မက်မီလန်က ဒီခံရခက်တဲ့ အပြောင်းအလဲကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အတော်ဆုံးအစိုးရဝန်ထမ်းတွေကိုစုပြီး အစီအစဉ်ဆွဲခဲ့တယ်။ ကမ္ဘာပေါ်မှာ ဗြိတိန်ရဲ့ ပါဝါက ကျကောင်းကျမယ်။ ဒါပေမယ့် (status) အဆင့်ကတော့ ကျရမယ်လို့တော့ မဟုတ်ဘူးလို့ ထိပ်တန်းလျှို့ဝှက် အနာဂတ်ပေါ်လစီလေ့လာရေး အစီရင်ခံစာက ဆိုခဲ့တယ်။ ဗြိတိန်ရဲ့မဟာမိတ်တွေနဲ့  ပါးနပ်တဲ့ နိုင်ငံတကာဆက်ဆံရေးတွေက သူ့ရဲ့ပါဝါနဲ့အဆင့်ကို ရှိတာထက်ပိုပြီးကြီးတယ်လို့ထင်အောင် လုပ်ပေးနိုင်လိမ့်မယ်တဲ့။

ဗြိတိန်တွေရဲ့ပေါ်လစီကို ထောက်ပေးထားတာတွေကတော့ ဝါရှင်တန်နဲ့ရင်းရင်းနှီးနှီးဆက်ဆံမှု၊ ဥရောပသမဂ္ဂမှာ ပါဝင်ဆောင်ရွက်မှု၊ တိုက်ပွဲအဆင်သင့်လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လုံခြုံရေး ကောင်စီကို ဗဟိုပြုထားတဲ့ တက်ကြွတဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ဓနသဟာယ နိုင်ငံတွေကြားမှာရှိတဲ့ သူ့ရဲ့နေရာပဲဖြစ်တယ်။ မက်မီလန်လွန်ပြီး နှစ်ပေါင်း၎ဝအကြာမှာ ဘလဲက ဗြိတိန်ဟာ ကမ္ဘာကြီးနဲ့သူ့အနာဂတ်ကို ပုံဖော်ပေးနေတဲ့ မဟာမိတ်တွေနဲ့ ကမ္ဘာ့နိုင်ငံရေးတွေ အပေါ်မှာ တည်ဆောက်ထားတဲ့ အခရာကျတဲ့ ပါဝါတခုလို့ ပြောခြင်းအားဖြင့် သူ့ရှေ့က ဝန်ကြီးချုပ်ကို မရည်ရွယ်ဘဲ ဂုဏ်ပြုလိုက်တယ်။

ဒါပေမယ့် ဒီအခြင်းအရာတွေကနေ ခွာလာတဲ့ဖြစ်ရပ်တွေလဲ ရှိလာတယ်။ ၁၉၆ဝအလွန်မှာ ဟာရိုးဝီလဆင်ခေါင်းဆောင်တဲ့ လေဘာအစိုးရ ကြုံရတဲ့ စီးပွားရေးအကျပ်အတည်းတွေက ဗြိတိန်ရဲ့ အာရှနဲ့ပင်လယ်ကွေ့မှာကျန်နေသေးတဲ့ ကိုလိုနီစခန်းတွေကို လက်လွှတ်ဖို့ ဖြစ်လာရတယ်။ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံသုံးတဲ့ full-spectrum ဆိုတဲ့ ကြွေးကြော်ချက်ကိုလဲ စစ်အေးတိုက်ပွဲအပြီးမှာ ပြန်သုံးသပ်လာရတယ်။

အီရတ်ကနေ အောင်ပန်းဆွတ်တဲ့အနေအထားမဟုတ်ဘဲ ဆုတ်လာရတာနဲ့ အာဖဂန်မှာ ကြုံနေရတဲ့အခက်အခဲတွေက ဝါရှင်တန်နဲ့ဗြိတိန်ရဲ့တပ်တွေရဲ့အနေအထားအပေါ် မေးစရာဖြစ်လာတယ်။ အိုဘားမားအစိုးရရဲ့ အကြီးတန်းအရာရှိတယောက်က ဗြိတိန်ရဲ့ ရည်မှန်းချက်တွေက ကိုယ်လုပ်နိုင်တာထက် လွန်နေတယ်၊ အလှမ်းကျယ်နေတယ်လို့ ပြောဖူးတယ်။

ဗြိတိန်ဟာ ဂျာမနီလိုပဲ ကမ္ဘာ့ရေးရာတွေမှာ အေးတိအေးစက်နေရာကပဲ ပါသင့်ပြီလို့ ထင်နေသူတွေကို တက်ကြွတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်မီလီဘန်က ဝေဖန်လိုက်တယ်။ နိုင်ငံတကာနဲ့ပေါင်းသင်းဆက်ဆံရေးမှာ တက်ကြွတဲ့နေရာကပါဖို့ဟာ နိုင်ငံရဲ့အကျိုးစီးပွား အတွက် လိုအပ်ချက် ဖြစ်တယ်လို့လဲ သူကပြောလိုက်တယ်။ ဥရောပမှာ ခေါင်းဆောင်မှု ပေးနိုင်တာ၊ နေတိုးနဲ့ပေါင်းနေတာ၊ အမေရိကန်နဲ့နှစ်နိုင်ငံဆက်ဆံရေး၊ များပြားတဲ့ အကူအညီပေးငွေ၊ တခါ ကျယ်ပြန့်တဲ့ ကမ္ဘာ့အမြင်ထားနိုင်မှုတွေဟာ ဗြိတိန်ရဲ့သြဇာကို အရှိန်အဝါကြီးစေလိမ့်မယ်လို့ သူကပြောတယ်။

ဒါပေမယ့် ဒီတခေါက်လေဘာရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာတော့ ဘလဲနှစ်တွေနဲ့မတူဘဲ နိုင်ငံတကာ သြဇာလွှမ်းမိုးရေးဆိုတဲ့အပိုင်းကို လျှော့ထားတယ်။ ဘလဲတုန်းကတော့ သက်ချာလိုပဲ တပ်တွေကို ဗြိတိန်ရဲ့ပါဝါအတွက် အသုံးချဖို့ လိုလားခဲ့တယ်။ ခုဝန်ကြီးချုပ်ကတော့ အာဖဂန်ကို အသာထားပြီး ကူညီထောက်ပံ့ရေးငွေတွေ၊ ပဋိပက္ခဖျန်ဖြေရေးတွေ နဲ့ သံတမန်ဆက်ဆံရေးတို့ လို  ပါဝါပျော့တွေကို ပိုသုံးချင်တယ်။

ကန်မရွန်ကတော့ ဒီလိုပြောင်းဖို့ကို ထောက်ခံတယ်လို့ မသိမသာဆိုတယ်။ ကွန်ဆားဗစ်တစ် အစိုးရဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို အားပေးမယ်။ ဒါပေမယ့် သူ့ရဲ့ (အစိုးရတွေကို) တိုက်တွန်းနိုင်စွမ်းက အကန့်အသတ်ရှိတာကိုလဲ နားလည်တယ်တဲ့။ ကန်မရွန်ကတော့ ဗြိတိန်ဟာ ကိုယ့်အရွယ်အစားထက် သာလွန်တဲ့လုပ်ကိုင်နိုင်မှု ရှိတယ်လို့ Royal United Services Institute ကို ပြောတယ်။ ကမ္ဘာကြီးကို ပြန်ပြောင်းလဲဖို့ လို ကြီးကျယ်တဲ့အစီအစဉ်တွေအပေါ်မှာတော့ သူသံသယရှိတယ်ဆိုတာကိုလဲ ပြောတယ်။

တိုရီ (ကွန်ဆားဗစ်တစ်) အစိုးရက တခြားပြသနာတွေနဲ့ ကြုံနိုင်တယ်။ အီးယူနဲ့ဆက်ဆံရေးကို လျှော့ချဖို့၊ ဘရယ်ဆဲကို ဆုံးရှုံးလိုက်ရတဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်ယူဖို့ ကန်မရွန်က ကတိခံတယ်။ တဖက်မှာ ဥရောပနဲ့ဆက်ဆံရေးကို အစားထိုးဖို့ အတ္တလန္တိတ်နဲ့ဆက်ဆံရေးကို ဦးစားပေးမယ်လို့လဲ ဆိုတယ်။ ဒါပေမယ့် ရေလက်ကြားနဲ့အတ္တလန္တိတ် ဘယ်ဟာရွေးမလဲ ဆိုတဲ့အချက်ဟာ လက်တွေ့မကျဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဝါရှင်တန်အပေါ်ရှိတဲ့သြဇာဟာ  ပဲရစ်၊ ဘာလင်နဲ့ ဘရယ်ဆဲမှာရှိတဲ့ ဗြိတိန်ရဲ့အနေအထားပေါ်မူတည်ပြီး လိုက်ပြောင်းနေလို့ပဲဖြစ်တယ်။

အိုဘားမားအစိုးရကတော့ ဗြိတိန်နဲ့ဆက်ဆံရေးကို စိတ်ခံစားချက်တွေပေါ်အခြေခံပြီး မလုပ်ဘူး။ သူက အာရှနဲ့အရှေ့အလယ်ပိုင်းကို အာရုံထားတယ်။ ဂျော့ဘုရှ်သမ္မတလက်ထက်တုန်းက အိုဗယ်ရုံးခန်းထဲမှာထားတဲ့ ဝင်စတန်ချာချီရဲ့ရုပ်ထုကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်ပို့လိုက်ပြီ။ အထူးဆက်ဆံရေးဟာ အရင်ခေတ်မှာကျန်ခဲ့ပြီလို့ ဗြိတိသျှအမတ်တယောက်က ဒီနှစ်အစောပိုင်းမှာ ပြောခဲ့တယ်။ အိမ်ဖြူတော်မှာ အိုဘားမားနဲ့တွေ့ခွင့်မရတဲ့ကန်မရွန်လဲ ဒါတွေကို သဘောပေါက်လာပြီ။

ပါတီခေါင်းဆောင်တွေထဲမှာ နစ်ကလက်တယောက်ပဲ နိုင်ငံခြားရေးပေါ်လစီကို အကြီးအကျယ်ပြောင်းလဲမှုတွေလုပ်ချင်တယ်။ အတ္တလန္တိတ်ဝါဒကို အဆုံးသတ်ရမယ်။ အီးယူနဲ့ပိုပြီးနီးစပ်အောင်လုပ်ရမယ်။ နယူးကလီးယားလက်နက်အစီအစဉ်ကို ပြန်သုံးသပ်ရမယ်လို့ သူကပြောတယ်။ ဒါပေမယ့် သူတို့ရဲ့အောင်မြင်မှုတွေကို ကြည့်ပြီးပြောရရင်တော့ လစ်ဘရယ်ဒီမိုကရက်တွေက နိုင်ငံခြားရေးပေါ်လစီပိုင်းနဲ့ ပတ်သက်ပြီးထိရောက်တဲ့ ဆောင်ရွက်မှုတွေလုပ်နိုင်မယ်လို့ မထင်ဘူး။

ဗြိတိသျှသံတမန်တွေကတော့ မက်မီလန်လုပ်ခဲ့သလိုပဲ နိုင်ငံမှာရှိတဲ့အရင်းအမြစ်တွေ၊ မဟာမိတ်တွေရဲ့ အနေအထားတွေပေါ်ချိန်ပြီး ပေါ်လစီကို ဘယ်လိုပြောင်းမလဲဆိုတာကို သွေးအေးအေးနဲ့ဆန်းစစ်မှုတွေလုပ်ဖို့ လိုတယ်လို့ အတွင်းပိုင်းမှာ (လူသိမခံဘဲ) ပြောကြတယ်။

တချို့တတ်သိတွေကတော့ ဒီလိုလုပ်တာဟာ ဗြိတိန်ဟာ ကမ္ဘာ့အခင်းအကျင်းမှာ နေရာသေးသေးလေးပဲရတော့တယ်ဆိုတာ ဝန်ခံခိုင်းသလိုဖြစ်နေလိမ့်မယ်လို့ ထင်ကြတယ်။ ကမ္ဘာ့ရေးရာတွေမှာ ဟန်ဆောင်ပန်ဆောင်လုပ်ထားခဲ့တာတွေကို ကာကွယ်ရေး အသုံးစရိတ်လျှော့ချမှုတွေက အဆုံးသတ်သွားစေမယ်လို့ စောစောပိုင်းအပိုဒ်တွေမှာ ကိုးကားခဲ့တဲ့ ပညာရှင်ကChatham House မှာလုပ်ခဲ့တဲ့ တံခါးပိတ်အစည်းအဝေးတခုမှာ ပြောတာ ကြားခဲ့ရတယ်။

တချို့ကတော့ ပိုပြီးအကောင်းမြင်ကြတယ်။ မီလီဘန်က ကမ္ဘာ့ကွန်ရက်မှာ ဗြိတိန်ရဲ့နေရာက ကောင်းတုန်းပဲလို့ထင်တယ်။ နိုင်ငံတကာပါဝါတွေကြားမှာ ကိုယ်ရဲ့အသံကို ကျယ်အောင် လုပ်နိုင်တဲ့ နိုင်ငံခြားရေးဌာနရဲ့ကျွမ်းကျင်မှုကို တခြားနိုင်ငံရဲ့ဌာနတွေက လေးစားကြတယ်။ အနောက်ကထမ်းထားရတဲ့ နိုင်ငံတကာရဲ့ဝန်ထုပ်ကြီးကို ဝင်ထမ်းဖို့ ပါဝါသစ်နိုင်ငံတွေက ဗြိတိန်လောက် စိတ်အားထက်သန်မှုမပြကြသေးဘူး။

အားလုံးသဘောတူတဲ့အချက်ကတော့ ဒီနိုင်ငံဟာ စစ်ပွဲတွေလျှော့ပြီးတိုက်လိမ့်မယ်။ အဓိကအကြောင်းကတော့ ခေတ်သစ်ခြိမ်းခြောက်မှုတွေကို တပ်ကိုသုံးပြီး နှိမ်နင်းတာဟာ အကန့်အသတ်ရှိတယ်လို့ အီရတ်နဲ့အာဖဂန်က အတွေ့အကြုံတွေက ပြောလို့ပဲ။

လက်တွေ့ ကျကျ စဉ်းစားမယ်ဆိုရင် ကမ္ဘာနဲ့ချီတဲ့ရည်မှန်းချက်တွေ မှေးမှိန်လာတာနဲ့အမျှ ဗြိတန်ဟာ သူ့ရဲ့သြဇာကိုထိန်းဖို့ ဥရောပကို ပိုပြီးကြည့်လာလိမ့်မယ်။ အခုတော့ ဥရောပတိုက်ထဲမှာရှိနေရက်နဲ့  ဗြိတိန်ဟာ သူ့ကိုယ်သူအပြင်လူတယောက်လို မြင်နေတယ်။

မစ္စတာနစ်ဘလက်ကတော့ ဗြိတိန်ဟာ ပါဝါသဏ္ဍာန်အမျိုးမျိုးနဲ့ သြဇာရှိမှုကြားမှာ တည့်မတ်အောင် ထိန်းနိုင်မယ်ဆိုရင် ပြောင်းလာတဲ့ လမ်းကြောင်းမှာ အောင်အောင်မြင်မြင် မောင်းနှင်နိုင်မယ်လို့ အဆုံးသတ်ပြောတယ်။ ကိုယ့်ရဲ့မှိန်လာတဲ့အခန်းကဏ္ဍနဲ့အညီ ပြုပြင်ပြောင်းလဲဖို့က တော်တော်ကြီးခက်တယ်။ ဒါပေမယ့် အင်ပါယာကြီးဆုံးရှုံးခဲ့တုန်းကလဲ ဒီလိုပဲ ခက်ခဲ့တာပဲ မဟုတ်ပါလား။

Philip Stephens, ‘Shrunken ambitions’, Financial Times, 28 April 2010 ကိုအစအဆုံးဘာသာပြန်သည်။

http://search.ft.com/search?queryText=shrunken+ambitions&ftsearchType=type_news

Discussion

2 thoughts on “မှေးမှိန်လာတဲ့ ရည်မှန်းချက်တွေ

  1. မဇီဇ၀ါ/ကိုဝတုတ်

    စာပိုဒ် ၁၊ ၃၊ ၄၊ ၅ မှာ စာတွေကျပ်ပြီး ဖတ်လို့မရ ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ ဖတ်ချင်လို့ စာတွေကို MS Word ထဲကူးပြီး ဖတ်ပြီးပါပြီ။ တခြား စာဖတ်သူတွေ အတွက်ပြောတာပါ။

    Posted by ပိုင် (Pi) | 01/05/2010, 17:29
  2. ပြင်ပြီးသွားလို့လားတော့မသိဘူး။ ကျမဖတ်ရတာတော့ ပုံမှန်ဘဲ။ အသစ်တင်တိုင်း အမြဲရောက်ပါတယ်။ အထည်ကြီးပျက်ဗြိတိန် အကြောင်း ဗဟုသုတမျှဝေတာ ကျေးဇူးပါ။

    Posted by မိုးစက်ပွင့် | 02/05/2010, 04:54

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: