//
you're reading...
Politics

သောင်မတင်ရေမကျ

ယူကေမှာရွေးကောက်ပွဲပြီးသွားပါပြီ။ အထင်ကရပါတီသုံးခုလုံး ရွေးကောက်ပွဲရလာဒ်ကို မကျေနပ်ပါဘူး။

ရွေးကောက်ပွဲမစခင် ဝင်ပြိုင်မယ့် အမတ်သေသွားတဲ့ မဲဆန္ဒနယ်ကလွဲလို့ မဲဆန္ဒနယ် ၆၅ဝမှာ ၆၄၉က အဖြေတွေထွက်ပြီးပါပြီ။ ကွန်ဆားဗစ်တစ်က ၂ဝဝ၅ကထက် နေရာ၉၇နေရာပိုရတယ်။ လေဘာကတော့ ၉၁နေရာ လက်လွှတ်လိုက်ရတယ်။ လစ်ဒမ်ကတော့ မှန်းတာထက်အများကြီးနည်းပြီး ရခဲ့တဲ့အပြင် ၂ဝဝ၅က ရထားတဲ့ ၅နေရာကိုပါ လက်လွှတ်လိုက်ရတယ်။

၆၄၉နေရာမှာ ကွန်ဆားဗစ်တစ်က ၃ဝ၆နေရာ၊ လေဘာက ၂၅၈နဲ့ လစ်ဒမ်က ၅၇နေရာ ရတယ်။  တခြားပါတီတွေက ကျန်တဲ့နေရာတွေပေါ့။  ဒါပေမယ့် ကွန်ဆားဗစ်တစ်က ၅ဝ%ထက် ပိုမရတဲ့အတွက် အစိုးရမဖွဲ့နိုင်ဘူး။ တချို့သတင်းစာတွေကပြောခဲ့တဲ့ ရွေးကောက်ပွဲလုပ်တဲ့ မေလ၆ရက်ပြီးနောက်တရက်ကျရင် အိမ်ပြောင်းတဲ့ကားတွေ ဘရောင်းအိမ်ရှေ့မှာ တွေ့ရမယ်ဆိုတဲ့ဟာ မမှန်တော့ဘူး။

အခြေခံဥပဒေအရ ဘရောင်းဟာ ဝန်ကြီးချုပ်အဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်နေရတုန်းပဲ။ အမတ်နေရာအများဆုံးနဲ့ မဲအများဆုံးရပေမယ့် ၅ဝ%ကျော်မရခဲ့တဲ့အတွက် ကွန်ဆားဗစ်တစ်ဟာ လစ်ဒမ်ကို အစိုးရပူးတွဲဖွဲ့ဖို့ ကမ်းလှမ်းလိုက်ပါပြီ။ ဘရောင်းကတော့ ကွန်ဆားဗစ်တစ်နဲ့လစ်ဒမ်တို့ အရင်အပေးအယူလုပ်ကြပါ။ အပေးအယူမဖြစ်ရင် ကျွန်တော်တို့နဲ့ လစ်ဒမ်တို့ စကားပြောပါမယ်ဆိုပြီး တိုင်းပြည်ကို မနေ့ကကြေညာပါတယ်။

deal လို့သုံးနေတဲ့ အပေးအယူဖြစ်မဖြစ်က လစ်ဒမ်ပေါ်အများကြီးမူတည်ပါတယ်။ ဒီကိစ္စကို နိုင်ငံရေးသမားတွေရော စီးပွားရေးသမားတွေရော မဲပေးခဲ့တဲ့လူတွေရော အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်။

လစ်ဒမ်ခေါင်းဆောင်နစ်ကလက်က သူ့ရဲ့ပါတီကအမတ်တွေ၊ ပါတီခေါင်းဆောင်တွေနဲ့ အရင်သဘောတူညီမှုယူနေပါတယ်။ သူ့တာဝန်ကတော်တော်ကြီးပါတယ်။ မူအရလစ်ဒမ်ဟာ လေဘာနဲ့နီးတော့ လစ်ဒမ်အမတ်တွေဟာ  စိတ်ပိုင်းဆိုင်ရာအရလေဘာနဲ့ တွဲလုပ်ချင်တယ်။ ဒါပေမယ့် မဲအများဆုံးရတဲ့လူက ကွန်ဆားဗစ်တစ်ဖြစ်နေတယ်။

တခါသူတို့ပါတီရဲ့အဓိကကြွေးကြော်သံဖြစ်တဲ့ ရွေးကောက်ပုံစနစ်ပြောင်းလဲမှုလုပ်ဖို့ proportional representation (PR) စနစ်ကျင့်သုံးဖို့ကို ကွန်ဆားဗစ်တစ်က သဘောတူပါ့မလားဆိုတဲ့ အခက်အခဲကြီးလဲ ရှိနေတယ်။ အခုလောလောဆယ်ကျင့်သုံးနေတဲ့ နိုင်တဲ့လူက အစိုးရဖွဲ့တဲ့စနစ်ကနေ မဲရတဲ့ရာခိုင်နှုန်းပေါ်မူတည်ပြီး အမတ်နေရာခွဲဝေယူရေးဆိုတဲ့ PR စနစ်ကျင့်သုံးဖို့ လစ်ဒမ်ကတောက်လျှောက်ပြောလာတာပါ။ အဲဒါကို ကွန်ဆားဗစ်တစ်ကသဘောမတူရင် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မဖြစ်နိုင်တဲ့သဘောမှာ ရှိနေပါတယ်။ PR အကြောင်းနည်းနည်းဆက်ရှင်းရရင် ၂ဝဝ၅တုန်းက လေဘာက မဲစုစုပေါင်းရဲ့ ၃၅.၂%၊ ကွန်ဆားဗစ်တစ်က ၃၂.၄%၊ လစ်ဒမ်က ၂၂%ရပါတယ်။ ဒီမဲရာခိုင်နှုန်းကို အမတ်နေရာအဖြစ် ပြန်ပြောင်းလိုက်ရင် လေဘာက စုစုပေါင်း ၆၄၆နေရာအနက်က ၂၂၇၊ ကွန်ဆားဗစ်တစ်က ၂ဝ၉၊ လစ်ဒမ်က ၁၄၂ရမှာဖြစ်ပါတယ်။ ဒါပေမယ့် PR စနစ်မဟုတ်ဘဲ မဲဆန္ဒနယ်မှာနိုင်တဲ့လူက အားလုံးယူကြေး (winner takes all, first-past-the-post)ကျင့်သုံးတာဖြစ်လို့ တကယ်တမ်းကျတော့ ပါလီမန်မှာ လေဘာက ၃၅၅နေရာ၊ ကွန်ဆားဗစ်တစ်က ၁၉၈နေရာ၊ လစ်ဒမ်က ၆၂နေရာပဲရပါတယ်။  ဒါ့ကြောင့်လဲ လစ်ဒမ်က PR စနစ်ပြောင်းဖို့ရွေးကောက်ပွဲအကြိုကာလတလျှောက်လုံး ပြောလာတာပါ။

အင်္ဂလန်ရဲ့ အခုလိုသောင်မတင်ရေမကျဖြစ်နေတဲ့အနေအထားကနေ အဖြေတခုတိတိပပထွက်လာဖို့ နိုင်ငံရေးသမားတွေက လိုလားသလို၊ ပေါင်ဈေးတွေ ထိုးကျနေတာရယ်၊ ဂရိအကျပ်အတည်းနဲ့မတည်မငြိမ်ဖြစ်မှုဂယက်က ယူကေကိုကူးလာမှာကို စိုးရိမ်နေတဲ့ စီးပွားရေးလောကကလူတွေကလဲ အဖြေတခုထွက်ဖို့ စိတ်စောနေကြပါတယ်။

ကျောင်းသားတွေနဲ့လစ်ဒမ်ကိုမဲပေးခဲ့တဲ့လူတွေကတော့ PR ကိုမရရင် လျှော့မပေးဖို့ သူတို့ခေါင်းဆောင်ကို ဖိအားပေးတဲ့အနေနဲ့လန်ဒန်မြို့လယ်မှာ အခုဆန္ဒပြနေကြပါပြီ။

ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: