//
you're reading...
Philosophy
မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား
ကျနော်တို့ ၇ တန်းတုံးက အင်္ဂလိပ်စာ ဖတ်စာအုပ်ရဲ့ ပထမဆုံး အခန်းမှာပါတဲ့ ၀ထ္ထုတိုလေး ကို ခုထိမှတ်မိနေသေးတယ်။ နောက်မှ သိရတာက ဒီဝထ္ထုဟာ ပြင်သစ် စာရေးဆရာGuy de Maupassant ရဲ့  necklace ဆိုတဲ့ ၀ထ္ထုတိုကို အားရှိပါးရှိ ချုံ့ ထားတယ်ဆိုတာသိရတယ်။ ဖတ်ချင်သူတွေအတွက် ဟောဒီမှာလင့်။ http://www.eastoftheweb.com/short-stories/UBooks/Neck.shtml
ကျနော်တို့ ၇ တန်းအင်္ဂလိပ်စာ ဖတ်စာအုပ်မှာ ဒီဝထ္ထုကို ချုံ့ ထားတာ တမျက်နှာတောင် မရှိဘူး။ ဒါပေမယ့်စာအရေးအသားဆိုင်ရာ ရသတွေကို ဖယ်လိုက်ရင် ၀ထ္ထုကပေးချင်တယ်လို့ ယူဆရတဲ့ အချက်ကိုတော့ လုံးဝမပျက်အောင် ခြုံထားနိုင်တယ်လို့ ဆိုရမယ်။ ဒီဝထ္ထုဟာ တွေးစရာ၊ ဆွေးနွေးစရာ အင်မတန်မှ ကြီးကြီးမားမားပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံက ပညာသင် စနစ်က သိတဲ့အတိုင်း စာသင်ခန်းထဲမှာ ၀ထ္ထုထဲပါတဲ့ အင်္ဂလိပ်စကားလုံးတွေ ကျက်ရ တဲ့ အဆင့်လောက်ဆိုတော့ ဆွေးနွေးကြတဲ့ဆီ မရောက်ဖြစ်ဘူး။ ငယ်ငယ်တုန်းက အငြင်းအခုံ မလုပ်လိုက်ရတဲ့ အတွက် ခု အငြင်းအခုံ လုပ်ကြည့်ချင်တယ်။ ကဲစရအောင်။
ပြောခဲ့သလို စာအရေးအသားကောင်းပုံ၊ ဇာတ်လမ်းဆင်ပုံတွေကို ဖယ်လိုက်ရင် ၇ တန်းဖတ်စာအုပ်နဲ့ de Maupassant ရဲ့ မူလ၀ထ္ထုမှာတွေ့ ရတဲ့ ဆွေးနွေးဖို့ ကောင်းတဲ့အကြောင်းအရာက ဒီလို။
သူငယ်ချင်းနှစ်ယောက် ရှိတယ်။ တယောက်က ပိုက်ဆံ အတန်အသင့်ရှိပြီး နောက်တယောက်က သူ့ လောက် မရှိဘူး။ တနေ့ မှာ ပိုက်ဆံ သိပ်မရှိတဲ့ သူငယ်ချင်းက ကပွဲသွားစရာ ရှိလို့ သူ့ သူငယ်ချင်းဆီက စိန်ဘယက်ငှားတယ်။ ကံဆိုးချင်တော့ အဲ့ဒိဘယက်က သူငှားနေတုံး ပျောက်သွားတယ်။ ဒါပေမယ့် သူက သူ့ မာနနဲ့ သူပျောက်သွားတာကိုမပြောဘဲ နောက်ထပ် စိန်ဘယက်တခု ကျိတ်ပြီး အစားပြန်ဝယ်ပေးတယ်။ အစားပြန်ဝယ်ပေးတယ်ဆိုတာ သူ့ သူငယ်ချင်းကိုတောင် ပြန်မပြောပြဘူး။ သူဟာ ပိုက်ဆံရှိသူမဟုတ်တော့ ချေးပြီးပြန်ဝယ်ပေးရတယ်။ ဒီအစားပြန်ဝယ်ပေးရတဲ့ စိန်ဘယက်ဟာ ဈေးကြီးလွန်း လို့ ငှားမိတဲ့ သူငယ်ချင်းဟာ ချေးထားတဲ့ ပိုက်ဆံကို ဆယ်နှစ်လောက် ပြန်ဆပ်ယူရတယ်။
နောက် သူ့ ဘ၀ဟာလည်း လုံးဝပြောင်းသွားပြီး သူဟာ ဘယ်တော့မှ ပြောင်ပြောင်ယောင်ယောင် မရှိရှာတော့ဘူး။ နောက်ဆုံး ဆယ်နှစ်လောက် အကြာမှာသူငယ်ချင်းနှစ်ယောက်ပြန်တွေ့ တဲ့အခါမှ သိရတာက ပျောက်သွားတဲ့ စိန်ဘယက်က စိန်အတုနဲ့ လုပ်ထားတာ ဖြစ်ပြီး တန်ဖိုးမရှိဘူး။ ဒါပေမယ့် သူက အစားထိုးပြန်ဝယ်ပေးလိုက်ရတဲ့ စိန်ဘယက်ကတော့ အရမ်းကို ဈေးကြီးပေးရတဲ့ စိန်ဘယက် အစစ်ဖြစ်နေတယ်။ ဇာတ်လမ်းကတော့ ဒီလောက်ပဲ။ အဲ့သလို အဖြစ်မှန်ကို နှစ်ယောက်လုံးသိလိုက်ရတဲ့ ခဏမှာ ၀ထ္ထုကို အဆုံးသတ်ထားတယ်။
ဒီဇာတ်လမ်းရဲ့ မူလကို မဖတ်ရခင်ကတည်းက ဒီဝထ္ထုဟာ ကျနော့်စိတ်ထဲ စွဲနေတယ်။မှတ်မှတ်ရရ ဒီဝထ္ထုကို တီဗီမှာလည်း ကျောင်းသင်္ခန်းစာ အဖြစ် ပြတယ်။ ဒီဇာတ်လမ်းကို ဖတ်ပြီး ကျနော့် စိတ်ထဲမှာ မကျေနပ်သလိုလို ခံစားရတယ်။ ဒါပေမယ့် ကိုယ်ဘာကို ဘ၀င်မကျသလဲ ဆိုတာကို ကောင်းကောင်း articulate မလုပ်နိုင်လို့ ၊ မရှင်းပြနိုင်လို့ ၁၂ နှစ်သားအရွယ် ၇ တန်းတုန်းက သင်္ခန်းစာ တခုအဖြစ်နဲ့ ပဲ ကျန်ခဲ့တယ်။ ဒါပေမယ့် မနေ့ တနေ့ က ဒီဝထ္ထုက ခေါင်းထဲ ဘယ်ကနေဘယ်လို ရောက်လာလဲ မသိဘူး။ အဲ့ဒါနဲ့ ခု ဒီဘလော့ကိုရေးလိုက်တယ်။ ဒီဝထ္ထုနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ မေးခွန်းလို့ ထင်တဲ့မေးခွန်းကို မေးကြည့်မယ်။ အဲ့ဒါကတော့ မတရားမှုကို ကျူးလွန်သူ မရှိဘဲ  မတရားမှု ဆိုတာရှိနိုင်သလားဆိုတာပဲ။ အမှန်ပြောရရင် ဒီမေးခွန်းကို ကျနော်အင်္ဂလိပ်လို စ စဉ်းစားမိတယ်။ အဲ့ဒိအချိန်က ပေါ်လာတဲ့ ၀ါကျကို ပြန်ပြောရရင် Can injustice occur even if all parties involved in an act did not act unjustly? ဒီဇာတ်လမ်းအရတော့ဖြစ်နိုင်တာကို ပြနေတယ်။ တကယ်တော့ စိန်ဘယက်ပိုင်ရှင် အမျိုးသမီးက သူငှားလိုက်တဲ့ ဘယက်အတုဆိုတာကို တမင်မပြောဘဲ ထားတာလဲ မဟုတ်ဘူး။ နောက်ပြန်ရတဲ့ဘယက်ဟာ အစစ်ဆိုတာလည်း အဲ့ဒိအချိန်က သူမသိခဲ့ဘူး။ နောက်ဆုံးမှာ သူငယ်ချင်းနဲ့ ပြန်တွေ့ တဲ့အခါမှာ သူငှားလိုက်တဲ့ စိန်ဘယက်ဟာ အတုပါဆိုတာတောင် ပြောလိုက်သေးတယ်။ ဆိုတော့ သူ့ ကို မတရားလုပ်တယ်လို့ ပြောလို့ မရဘူး။ ဒါပေမယ့် မတရားမှုကဖြစ်နေပြီ။ အလှမက်ပြီး ငှားလိုက်မိတဲ့ သူငယ်ချင်းရဲ့ ဘ၀ဟာ လုံးဝကို ပြောင်းသွားတယ်။သူဘ၀ဟာ အဲဒိဘယက်ပျောက်တဲ့ အချိန်ကစပြီး ဘယ်တော့မှ ပြောင်ပြောင်ယောင်ယောင် မရှိတော့ဘူး။ နောက်ဒီဘယက်အတွက် သူ့ ဘ၀ရဲ့ ဆယ်နှစ်ဆိုတဲ့ အချိန်ကာလတွေကို ပေးဆပ်လိုက်ရတယ်။ အဲ့ဒိထဲမှာ သောကတွေ၊ တခြားစိတ်ဆင်းရဲမှုတွေ မပါသေးဘူး။ တဆယ်တန်ပစ္စည်းတခုကို တသောင်းပေးဝယ်ခဲ့ရတဲ့ အဖြစ်ကို ဘယ်သူကမှ တရားတယ်လို့ ပြောမယ်မထင်ဘူး။ ဒီတော့ ဒီနေရာမှာ မတရားမှု injustice ဆိုတာ ရှိနေပြီ။ ဒါပေမယ့် ဒီအမှုမှာပါတဲ့လူအားလုံးဟာ မတရား လုပ်တာမတွေ့ ရဘူး။ စိတ်ဝင်စားစရာ မကောင်းဘူးလား။ တခုပြောနိုင်တာက စိန်ဘယက်ပိုင်ရှင်ဟာ မတရားမှုနဲ့ မကင်းဘူးလို့ ပြောချင်ပြောနိုင်တယ်။ ဒါပေမယ့် သူဟာ သိသိနဲ့ မတရားလုပ်တယ်လို့ တော့ ပြောလို့ မရဘူး။ အဲ့တော့ ကျနော့်မေးခွန်းကို စာပြန်စီရင် မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိပဲနဲ့ မတရားမှုဆိုတာ ရှိနိုင်လား။ အဖြေကတော့ YES ရှိနိုင်ပါသည်။ ရှိလည်း ရှိနေပါသည်။
အဲ့တော့ ကြောက်စရာ ကောင်းတဲ့မေးခွန်းတခုမေးမယ်။ ကျနော်တို နေစဉ်လုပ်နေတဲ့လုပ်ဖြစ်တဲ့ အလုပ်တွေမှာရော ကိုယ်က တမင်သက်သက် မတရား မလုပ်ပေမယ့်ကိုယ်ဟာ မတရားမှုမှာ စောစောက ဘယက်ပိုင်ရှင်အမျိုးသမီးလို အဓိကနေရာကနေပတ်သက် နေနိုင်သလားဆိုတာပဲ။ ပြောခဲ့တဲ့ ဇာတ်လမ်းအရ ဆိုရင်တော့ ပတ်သက်နေနိုင်တာပဲ။ ဒီအကြောင်းကို နောက်တခေါက်မှာ ဆွေးနွေးကြတာပေါ့။
ဝတုတ်
Discussion
18 thoughts on “မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား
  1. (ကျနော်တို့ နေစဉ်လုပ်နေတဲ့ လုပ်ဖြစ်တဲ့ အလုပ်တွေမှာရော ကိုယ်က တမင်သက်သက် မတရား မလုပ်ပေမယ့် ကိုယ်ဟာ မတရားမှုမှာ စောစောက ဘယက်ပိုင်ရှင်အမျိုးသမီးလို အဓိကနေရာကနေ ပတ်သက် နေနိုင်သလားဆိုတာပဲ။ ပြောခဲ့တဲ့ ဇာတ်လမ်းအရ ဆိုရင်တော့ ပတ်သက်နေနိုင်တာပဲ။)
    ဘဝမှာ ကိုယ်တာဝန်ယူနိုင်တဲ့ အပိုင်းတွေ ရှိသလို၊ ကိုယ်တာဝန်မယူနိုင်တဲ့ အပိုင်းတွေလည်း ရှိတယ်လို့ ထင်မိပါတယ်။
    တခါတခါ လက်တွေ့မှာ မြင်နေရတာတွေနဲ့ ဆက်စပ်လို့ စဉ်းစားမိတယ်။ ဘလော့မှာ ပုံစံ (၁၇) အကြောင်းရေးမိတုန်းက တစ်ခါ… ရသမျှလစာနဲ့ လောက်အောင်နေနိုင် စားနိုင်ဖို့ဆိုတာ ကိုယ်တာဝန် မယူနိုင်တဲ့ အပိုင်းပေါ့။ (ကုန်ဈေးနှုန်းကို ကိုယ်မပိုင်၊ လူနေမှုစရိတ်တွေ ကိုယ်မပိုင်) အဲဒီအခါမှာ လောက်အောင်နေနိုင် စားနိုင်ဖို့ တနည်းနည်းနဲ့ ရှာရမှာပဲ။ form ရောင်းစားမယ်။ ထောက်ခံချက် ရောင်းစားမယ်။ အလှူခံမယ်။ ကိုယ်တိုင်ဆိုလည်း ရှာရမှာပဲ။ ဒါပေမဲ့ အဲဒီလို ရှာတဲ့နေရာမှာ ဘောင်မဝင်တာတွေနဲ့ ကိုယ့်သိက္ခာ ကိုယ်ပြန်မချမိဖို့ကတော့ ကိုယ်တိုင် တာဝန်ယူနိုင်တဲ့ အပိုင်းလို့ ထင်မိတယ်။
    နောက် သံရုံးကိစ္စတွေဆိုလည်း တွေးမိပြန်တယ်။
    အခွန်ဆောင်နေရတာတွေ ကိုယ်တိုင် သံရုံးဝန်ထမ်းဖြစ်သည့်တိုင်အောင် တာဝန်ယူပြီး ပယ်ဖျက်မပေးနိုင်ပါဘူး။ သာမန်ဝန်ထမ်းထက်မက ဖြစ်သည့်တိုင်အောင်လည်း လုပ်နိုင်မယ် မထင်ပါဘူး။ အများသောက်နေကြတဲ့ မိုးခါးရေ။ ဒါပေမဲ့ အခွန်လာဆောင်တဲ့ နိုင်ငံသားတွေအပေါ် ဆီလျော်လုံလောက်တဲ့ ဝန်ဆောင်မှုပေးတာမျိုးကတော့ ကိုယ်တတ်နိုင်တဲ့ တာဝန်ယူနိုင်တဲ့ အပိုင်းလို့ ထင်မိတယ်။
    နောက်တခါ တိုင်းပြည်ထဲမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်လို့ ဖြစ်ပျက်နေကြတာတွေ… အရင်းစစ်ရင်တော့ အမြစ်မြေကချည်းပဲ။ အကုန်သိပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ တာဝန်ယူလို့ ရတဲ့ အပိုင်းတွေကိုမှ မယူချင်ကြဘဲ လိုလိုချင်ချင် လုပ်ချင်လို့ကို လုပ်နေကြတဲ့လူတွေကိုကျ အမြစ်ကြောင့်လို့ လက်ညှိုးထိုးချည်းနေရင် အကြောင်းရှာတာနဲ့ ပိုတူသွားမယ်။ (စားသောက်ဆိုင်မှာ ရှိုးလျှောက်ပြနေရသူများအား မဆိုလို)
    ဒီလိုပဲ ဘယက်ကိစ္စဆိုရင်လည်း ဘယက်ပိုင်ရှင်နေရာမှာ ဝင်ကြည့်တော့ စကတည်းက ဆုံးခါနီးထိ သူတာဝန်ယူနိုင်တာ ဘာမှမပါဘူးလို့ ထင်တယ်။ တကယ့်အဆုံးသတ်မှာ ကိုယ်သာဆိုရင်တော့ တာဝန်ယူနိုင်တာ တစ်ခုပဲရှိတယ်။ သူ့ပစ္စည်း သူ့ပြန်ပေးလိုက်ဖို့ပဲ။ ပြန်ပေးလိုက်ပေမဲ့ သူ့မှာ 10 နှစ် အချိန်တွေကုန်သွားပြီ ဆိုလည်းပဲ ကိုယ်တာဝန်ယူ မဖြစ်တဲ့ ကိုယ့်အပြစ်လည်း မပါတဲ့ အပိုင်းအတွက်တော့ gulity ဖြစ်မနေနိုင်ဘူး လို့ပဲ ပြောရတော့မယ်။
    တကယ်ကြုံခဲ့ရရင်တော့ စိတ်ခံစားမှု တစ်ခုခု ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဖျောက်ပစ်နိုင်အောင် ကြိုးစားမယ်။ လောကမှာ ကိုယ့်စေတနာက ဘာ ဆိုတာ ကိုယ်သိရင် ပြီးတာပဲပေါ့။ သိပ်တော့ အကြာကြီး guilty တွေဖြစ်ပြီး မနေနိုင်ဘူး။ ဖြစ်နေလို့ တခုခု ပြောင်းသွားမယ်ဆိုရင်တော့လည်း တမျိုး…
    (ထင်တာတွေ ရေးမိတယ်။ နောက်တပိုင်းမှာ ဆက်ပြောချင်တဲ့ အဓိက အကြောင်းက ဘာဖြစ်မလဲဆိုတာတော့ မသိပါဘူး)
    Posted by Rita | 11/05/2010, 04:32
  2. ဒေါ်မေသီ နဲ့ ဒေါ်စိန်ကြည် အကြောင်း.. ဖတ်ခဲ့ရတုန်းက.. ( သင်တော့ မသင်ခဲ့ရ.. သင်ရိုးပြောင်းသွားလို့ ) ..နောက် မိုပါဆွန်း ၀တ္တုတိုများဆိုပြီး ဘာသာပြန် မှာ..ဖတ်ခဲ့ရတုန်းကတော့.. အခု..ကိုဝတုတ် တွေးသလောက် မခံစား မနက်နဲ မိဘူး။
    အခု စာစု ကတော့..တရားမျှတမူ ရှုထောင့်က ချဉ်းကပ်ထားတယ် ဆိုတော့..ပြောသလို.. ကျူးလွန်မူ မရှိပါပဲလျက်.. မတရား ဖြစ်နေတတ်တဲ့..သဘောသဘာဝ ကို ဆင်ခြင် မိ ရတယ်..ဟုတ်တယ်…။ ငယ်ငယ်တုန်းက..ဖတ်ခဲ့တုန်းကတော့.. ၀ မရှိပဲ ၀ိ မလုပ်ဖို့… သင်ခန်းစာ ပေးခဲ့ တာလောက်ပဲ.. ရခဲ့တယ်။ တကယ်ကတော့.. လူတွေ ရဲ့ ပတ်ဝန်းကျင်မှာ.. မြင်နိုင်တဲ့ တရားတွေ..မမြင်နိုင်တဲ့..တရားတွေ.. ညီမျှခြင်းချ မရတဲ့.. တရားတွေ.. အများကြီး ရှိနေတာ ..ကြာလေ..သိလေ.. သိလေ.. နက်နဲလေ.. နက်နဲလေ..နှိုက်မရလေ.. အဲဒါနဲ့ နှိုက်မရတော့.. လွယ်တာတွေပဲ.. လုပ်ပြစ်လိုက်ကြ ရောပေါ့..း)
    Posted by K | 11/05/2010, 08:56
  3. မကေပြောသလို ၀မရှိဘဲ ၀ိမလုပ်ဖို့ ဆိုတဲ့ သင်္ခန်းစာက မူရင်းဝထ္ထုတိုမှာ
    အထင်အရှား တွေ့ ရတယ်။ လှချင်အုံးဟဲ့လို့ လည်း ဒေါမနသပွားမိချင် ပွားမိ
    ကြမယ်။ ဒါပေမယ့် ၇ တန်းဖတ်စာအုပ်ထဲမှာက အဲ့သလိုမတွေ့ ရဘူး။ ကျနော် အမှတ်မမှားဘူးဆိုရင် စိန်ဘယက်ငှားရခြင်း အကြောင်းရင်းတောင်
    အဲဒိမှာ မပါဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ် ၀မရှိဘဲ ၀ိလုပ်ချင်တယ်ပြောပြော
    လှချင်တယ်ပြောပြော ကျနော့် စိတ်ထဲမှာ အဓိကဇာတ်လိုက် မင်းသမီးဟာ
    မတန်တဆ ပေးဆပ်လိုက်ရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ နောက်ဆုံး
    လှချင်တာကို အပြစ်ဖို့ ချင်ဖို့ နိုင်ပေမယ့် လှချင်တာဟာ မတရားမှုကျူးလွန် တာပဲလို့ ပြောဖို့ က မဖြစ်နိုင်သလောက်ပဲ။ အဲ့တော့ မတရားမှုကို သိသိကြီး
    တမင်သက်သက် ကျူးလွန်သူ မရှိပါဘဲနဲ့ မတရားမှုဖြစ်နိုင်သလား ဆိုတာ
    စဉ်းစားမိတယ်။ ခုဇာတ်လမ်းအရ ဖြစ်နိုင်တာကို ပြနေသလို လက်တွေ့ 
    လောကမှာ ဖြစ်နေတာတွေလည်း ရှိတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းတဲ့
    ဥပမာတွေကို ကျနော်လျှောက်စဉ်းစားကြည့်မိတယ်။ ဒါတွေကို နောက်
    တခန်းမှာ ကျနော်ဆက်ရေးမယ်။ ခုလို စာပြန်ဖို ၊ စာဆက်ရေးဖို့ အကြောင်း
    ဖန်ပေးတဲ့အတွက်လည်း မကေနဲ့ ရီတာ အပါအ၀င် စာဖတ်သူတွေကို
    ကျေးဇူးတင်ပါတယ်။ တခုဝန်ခံရရင် ကျနော်ဟာ ဘွဲ့ လွန်ကို Philosophy နဲ့ 
    ပြီးပါတယ်။ Ethic ခေါ်ခေါ် Moral and Political Philosophy ခေါ်ခေါ် ကျင့်
    ပက်ပက်စက်စက်ဝေဖန်တတ်သူနဲ့ အငြင်းသန်သူများကို ၀မ်းမြောက်ဝမ်းသာ
    ကြိုဆိုပါတယ်။ ခုဒီအကြောင်းပြီးရင် နောက်ရေးချင်တဲ့အကြောင်းကတော့
    ပြည့်တန်ဆာလောကနဲ့ ပတ်သက်ပါတယ်။ နံမယ်ကို Why it is wrong to pay for sex လို့ ပေးထားပါတယ်။
    Posted by zizawa | 11/05/2010, 10:44
  4. အဲဒီစာကိုဖေဖေရှင်းပြဘူးတာမှတ်မိနေပါတယ်။ ၀မရှိပဲဝိမလုပ်သင့်ဘူးဆိုတဲ့ စကားကအဓိကလို့ထင်ပါတယ်။ ဒါပေမဲ့.. အဲ့တုန်းက ဖေဖေ့ကိုပြန်မေးတာက..ဖေဖေ..ကောင်းပီ။သူက မရှိပဲနဲ့ လှချင်လို့လုပ်မိတယ်။ အင်း..ပစ္စည်းကပျောက်သွားတယ်။ဒါဆို သူ့အနေနဲ့ပိုင်ရှင်ကို အကျိုးအကြောင်းပြောပီးမှ လျော်သင့်တယ်ထင်တယ်လို့။ ဒီလိုပြောလိုက်တဲ့အခါ .. ပိုင်ရှင်က စိတ်ရင်းကောင်းသူဆို အတုဆိုလဲအတုလို့ပြောမှာပေါ့လို့။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာပေးလိုက်တဲ့ သင်ခန်းစာကတော့ ကိုယ့်မှာရှိတာနဲ့လောက်အောင်သုံးဆိုတဲ့သင်ခန်းစာက အဓိကလို့ထင်ပါတယ်.
    Posted by မြတ်နိုး | 12/05/2010, 00:32
  5. ၀မရှိဘဲ ၀ိလုပ်တာက တစ်ပိုင်း၊ သူတပါးပစ္စည်းကို ငှားပြီး တာဝန်သိသိမထိန်းသိမ်းမစောင့်လျှောက်ခဲ့တာကြောင့် ပျောက်ရတာက တပိုင်း(တို့အမြင်ကတော့ သူတပါးပစ္စည်းကို ငှားပြီးဆိုတာနဲ့ ကိုယ့်ပစ္စည်းထက်ကို ပိုပြီး သတိပြုစောင့်လျှောက်ရမယ်လို့ထင်ပါတယ်။ အထူးသဖြင့် မာနကြီးသူ၊ သူတပါးကို အလွယ်တကူမတောင်းပန်လိုသူ၊ သူတပါးကို အောက်မကြို့လိုသူဆိုရင်ပေါ့၊ အင်း.. သူတပါးဆီက ငှားဝတ်တယ်ဆိုမှတော့လည်း တလွဲစပင်ကောင်း မာနနဲ့ အောက်ကြို့တဲ့သူလည်းပဲ ဖြစ်နိုင်တာပေါ့လေ)။ ပြီးတော့ ကိုယ့်အမှားကို ကိုယ် ရဲရဲဝင့်ဝင့် မ၀န်ခံရဲတာက တပိုင်းကြောင့် ဆယ်နှစ်လုံးလုံး ဘ၀ကို ရင်းပြီး ပေးဆပ်လိုက်ရတာလို့ မြင်ပါတယ်။ ဒီပုံပြင်လေးကို injustice လို့ မမြင်ပါဘူး။ ကိုယ့်အမှားကို ကိုယ်တာဝန်ယူနိုင်မှုမရှိသူတွေ အတွက် သင်ခမ်းစာလို့ပဲမြင်ပါတယ်။ မာနကို မထားသင့်တဲ့ နေရာမှာ ထားပြီး၊ ကိုယ့်အမှားကို ၀န်မခံတတ်သူ လို့ပဲ မြင်ပါတယ်။ သူ့မှာ ဆယ်နှစ်လုံးလုံး အမှားဝန်ခံဖို့အချိန်ရှိခဲ့ပါတယ်။ အမှန်ဆိုရင် သူတကယ် ကောင်းသော မာနရှိတယ်ဆိုရင် သူငယ်ချင်းကို ငါတော့ နင့်ပစ္စည်း ငါ့ကြောင့် ပျောက်သွားတယ်။ ဘယ်လောက်တန်သလဲ ငါလျှော်ပေးချင်ပါတယ်လို့ ရဲရဲဝင့်ဝင့် ၀န်ခံလိုက်ရင်ဖြင့် ဒီလိုအဖြစ်အပျက်မျိုးဖြစ်လာစရာမရှိပါဘူး။
    Posted by anonymous | 13/05/2010, 10:50
  6. ကိုဝတုတ် ဆိုလား? ကျွန်တော်ကတော့ နံပတ်၅ ကွန်မင့်န် ကိုသဘောကျ ထောက်ခံချင်တယ်။ နဲနဲ အတွေးနက်လွန်း သွားတယ်ထင်တယ်။ ဒီလည်ဆွဲကိစ္စ မှာ ကိုယ့်အမြင်တော့ မတရားမှုဆိုတာကို မတွေ့မိဘူး။ သင်ခန်းစာတွေပဲ တွေ့ရတယ်။ အထူးသဖြင့် လည်ဆွဲ ပိုင်ရှင်ဟာ ဒီကိစ္စမှာ လုံးဝရိုးသားတယ်။ ဘာမှ မပတ် သက်ဘူး။
    နောက်တခု အလှမက်တာ မတရားမှု မဟုတ်ဘူး။ လက်ခံတယ်။ ကိုယ့်ပစ္စည်းမဟုတ်ပဲ သူများပစ္စည်းနဲ့ လှချင်တာကတော့ စံလွဲသွားပြီ။ ကိုဝတုတ် စိတ်ဝင်စား တဲ့ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ အားနည်းသွားပြီ။ ကိုယ်ပိုင်မဟုတ်တဲ့ လည်ဆွဲကြောင့် ကိုယ့်ကို ပိုလှသွား တယ်။ ပစ္စည်းပိုင်ဆိုင်တယ် လို့ အထင်ခံချင်တာက တရားတဲ့ ရယူလိုမှု မဟုတ်တော့ဘူး။ အစတည်းက တကယ်မှန်ကန်တဲ့ မာနမျိုးရှိသူဟာ လည်ဆွဲကို ငှားမှာ မဟုတ်ဘူး။ ဒီဖြစ်ရပ်လေးလဲဖြစ်လာ မှာ မဟုတ်ဘူး။ နောက်ဆုံး ပျောက်သွား တော့လည်း အဖြစ်မှန်ကို ဖွင့်မပြောခဲ့ပဲ ပေးဆပ်ခဲ့တာ ကလည်း လွဲမှားတဲ့မာန၊ မရိုးသားတာ၊ အဖြစ်မှန်ကို ရင်ဆိုင်ရဲတဲ့ သတ္တိမရှိတာ။ အမှန်ကို ရိုးသားမှု နဲ့ ပြောပြီး ဖြေရှင်း မယ်ဆိုရင် ပစ္စည်း အတု တန်ဖိုးကိုသာ ပေးရမှာ။ ပိုင်ရှင်က အစစ်မှန်းသိ တော့တောင် သူ့ပစ္စည်းက အတုလို့ပြောတာပဲ။ နောက်ဆုံး တော့ သူ့အမှားနဲ့ စံလွဲမှုတွေကြောင့် ဒုက္ခ ရောက်ခဲ့ရတာလို့ပဲ သင်ခန်းစာ ယူရမယ်ထင်ပါတယ်။ မတရားမှု မပါပါ။
    Posted by ကိုရင်ကောင်းမြတ် | 15/05/2010, 18:45
    • ကျနော့် ဘလော့ကို ဖတ်ပြီး မှတ်ချက်တွေ ရေးပေးခဲ့တာ ထင်မြင်ချက်တွေ ထားခဲ့တာ ကျေးဇူးပါ။ နောက်ဆုံးမှတ်ချက်ပေးခဲ့သူ နှစ်ယောက်က လည်ဆွဲ ပျောက်တဲ့ ကိစ္စမှာ မတရားမှု ပါတယ်လို့ မမြင်ကြဘူး။ ကျနော်ကတော့ မတရားမှုဖြစ်နေပြီလို့ မြင်တယ်။
      ဆိုတော့ တရားမှု မတရားမှုကို ကျနော်တို့ အဓိပ္ပါယ်ဖွင့်ကြရင် ကောင်းမယ်။ ခက်တာက တရားမှု၊ မတရားမှု ဆိုတာ moral philosophy မှာ အဓိကကျတဲ့ အကြောင်းအရာ တခုဖြစ်ပြီး ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်ကနေ ကနေ့ ထိ အငြင်း အခုံလုပ်နေကြတဲ့ အကြောင်းအရာ တခုဖြစ်တယ်။ လုပ်ရပ်တခု၊ အခြေအနေတခုဟာ တရားတယ် မတရားဘူးဆိုတဲ့ အငြင်းအခုံတွေဟာ တရားမှုကို ဘယ်လို အဓိပ္ပါယ်ဖွင့် သလဲဆိုတဲ့ အချက်မှာ အများကြီး မူတည်နေတယ်။ တရားမှုကို အဓိပ္ပါယ်ဖွင့်ဆိုပုံတွေဟာ စိတ်ဝင်စားစရာကောင်းပြီး နောက်ပိုင်းမှာ ဒီအကြောင်းကို သတ်သတ်ရေးပါအုံးမယ်။
      ခုတော့ ကျနော်တို့ လည်ဆွဲ ကိစ္စကို ခဏပြန်သွားမယ်။ ဒီကိစ္စမှာ မတရားမှုမရှိဘူးလို့ 
      ပြောတဲ့ နေရာမှာ ကျနော်တွေ့ ရတဲ့ ကျိုးကြောင်းပြဆိုချက် argument က အဓိက
      ဇာတ်ကောင် အမျိုးသမီးဟာ တလွဲမာနထားတယ်။ သူ့ ရဲ့ နှစ်သက်စရာ မကောင်းတဲ့ attitude မာနပဲ ဖြစ်ဖြစ် အဖြစ်မှန်ကို အမှန်အတိုင်း ချက်ချင်းဖွင့်ပြောဖို့ ဝန်လေးမှုဘဲဖြစ် ဖြစ် ၀မရှိဘဲ ၀ိလုပ်ချင်တာပဲ ဖြစ်ဖြစ် သူများ ပစ္စည်းနဲ့ လှချင်တာပဲ ဖြစ်ဖြစ် ဒီစိတ်ဓာတ်ကြောင့် သူဟာ ဆယ်နှစ်ဆယ်မိုး ဒုက္ခခံရတာ ခံထိုက်တယ်။ အဲ့ဒိအတွက် မတရားမှု မဖြစ်ဘူးလို့ ယူဆကြတယ်။ ဆိုတော့ ဒီအမျိုးသမီးရဲ့  peculiar attitude ဟာ ဆယ်နှစ်ဆယ်မိုး ဒုက္ခခံရမှုနဲ့ ညီမျှတယ်၊ ချေလို့ ရတယ်လို့ ပြောချင်ပုံရတယ်။ ဒါပေမယ့် attitude ဆိုတာ action မဟုတ်ဘူး။ ဒီ attitude ကို မတရားစိတ်လို့ သတ်မှတ်မယ် ဆိုရင်တောင် မတရား စိတ်ဟာ မတရားမှုလုပ်ရပ် မမြောက်သေးဘူး။ လည်ဆွဲဟာ သူ့  ပေါ့ဆမှုကြောင့် ပျောက်သွားတာမှန်ပေမယ့် ပေါ့ဆမှုဟာလည်း အလေ့အထ တခု၊ အကျင့်တခုသာ ဖြစ်ပြီး မတရားမှုလို့ ပြောဖို့ ခက်မယ်ထင်တယ်။ နောက်တခုက စောစောက ပြောခဲ့သလို အမျိုး သမီးရဲ့ attitude နဲ့ ဆယ်နှစ်ဆယ်မိုး ဒုက္ခခံရမှုကို ညီမျှခြင်းချလိုက်ရင် ပေါက်တတ်ကရ အဖြေတွေထွက်လာရော။ ဆိုပါစို့ ဒီအမျိုးသမီးဟာ ဆယ်နှစ်ဆယ်မိုး ဒုက္ခမခံရဘဲ တနှစ်ပဲ ဒုက္ခခံရတယ်ဆိုရင် အမျိုးသမီးရဲ့ attitude ဟာတနှစ်စာ ဒုက္ခနဲ့ ညီသွားသလို ဖြစ်နေ တယ်။ ဒါမှ မဟုတ် တသက်လုံး ဒုက္ခခံရတယ် ဆိုရင် the same attitude ဒီစိတ်ဓာတ် တခုထဲကပဲ တသက်စာ ဒုက္ခနဲ့ ညီတယ်လို့  ပြောရမလို ဖြစ်နေယ်။ ဆိုတော့ ဒီအမျိုးသမီး ရဲ့  လှချင်ပချင်စိတ်ပဲဖြစ်ဖြစ်၊ ၀မရှိပဲ ၀ိလုပ်ချင်တဲ့ စိတ်ပဲဖြစ်ဖြစ်၊ သူများပစ္စည်းနဲ့ လှချင်တဲ့ စိတ်ပဲ ဖြစ်ဖြစ်၊ တလွဲမာန ထားတတ်တဲ့ စိတ်ပဲဖြစ်ဖြစ် ဒီတခုတည်းသောစိတ်ဟာ တနှစ်စာ ဒုက္ခနဲ့  လည်းညီ၊ ဆယ်နှစ်စာ ဒုက္ခနဲ့လည်းညီ၊ နောက်ဆုံး တသက်စာ ဒုက္ခနဲ့ လည်း ညီသလို ဖြစ်နေတယ်။ ဒီစိတ်ဓာတ်ကြောင့် ခံထိုက်တဲ့ ဒုက္ခကာလကို တိတိကျကျ မသတ် မှတ်နိုင်တာကိုက ဒီစိတ်ဓာတ်နဲ့ ဒုက္ခခံရမှုကို ညီမျှခြင်းချထားတာကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဒါ့ကြောင့် အမျိုးသမီး ဒုက္ခခံရမှုမှာ သူ့ ရဲ့ peculiar attitude ဟာ အဓိက မဟုတ်ဘူးလို့ေ ကာက်ချက်ချတယ်။ ဒါကြောင့် မတရားမှု ဖြစ်တယ်လို့ ကျနော်ကယူဆတယ်။ နောက်ဘလော့မှာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဥပမာတွေကို ပေးထားပါတယ်။
      Posted by zizawa | 16/05/2010, 00:34
  7. (မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား)
    အဲဒီ ခေါင်းစဉ်နဲ့ ဥပမာပေးတဲ့ အဖြစ်အပျက်တွေကို ချိန်ထိုးပြီး ပြောရရင်…
    ၁) Maupassant ဇာတ်လမ်း အကျဉ်းချုပ်။
    ဒီနေရာမှာ စာရေးသူက philosphy နဲ့ ပြီးထားတယ် ပြောတော့ ဒီ subject ကို အထူးပြုထားသူနဲ့ ကြားဖူးနားဝရှိရုံလူတွေ အတွေးအမြင်တော့ တူနိုင်မယ် မထင်ပါ။ စာရေးသူ ရှင်းပြထားတဲ့ အကြောင်းအရာတွေကို အော် ဒီပညာရပ်အားဖြင့် ဒီလို တွေးပါလား လို့ နားလည်လိုက်ရပေမယ့် ဒီဘာသာရပ်နဲ့ ဝေးတဲ့လူအတွက်တော့ နည်းနည်းချဲ့တွေးထားသလို ဖြစ်ကောင်းဖြစ်နေပါမယ်။
    ဒီဇာတ်လမ်းမှာ ဘယ်သူမှ မရည်ရွယ်ပေမဲ့ တယောက်က နစ်နာသွားတာတော့ အမှန်ပါပဲ။ philo နဲ့ မနီးစပ်လှတဲ့သူတယောက်အနေနဲ့ (လူပြိန်း)အမြင်ကို ပြောရရင် အဲဒါ မတော်တဆမှုပါပဲ။ အပြင်မှာသာ တကယ်ဖြစ်ခဲ့ရင်။
    ဒါပေမဲ့ ဝတ္ထုဇာတ်လမ်းမို့ ဇာတ်လမ်းကို ဝေဖန်ရရင်… (မူရင်း ဇာတ်လမ်း မဖတ်ဖူးပါ။ သို့သော် ၈ တန်းမှာ အကျဉ်းသင်ခဲ့ဖူးတယ်။ ၈ တန်းလို့ ထင်ပါတယ်။ 94 လောက်က သင်ရိုးမှာ) ယုတ္တိရှိတယ် မထင်ပါ။ ဟာကွက်တွေကို (ဗမာမျက်စေ့နဲ့) ထောက်ရရင်တော့ အများကြီးပါပဲ။ ဥပမာ – သူငယ်ချင်းနှစ်ယောက်ကြားက ရင်းနှီးပတ်သတ်မှု… အဖိုးတန်လက်ဝတ်ရတနာတစ်ခု (အတုဖြစ်ကြောင်းက နောက်မှ သိတာနော်) ငှားပြီဆိုကတည်းက တော်ရုံရင်းနှီးတာ မဟုတ်လို့ပေါ့ ။ ပျောက်ပြီဆိုတော့လည်း ဒီလောက် ရင်းနှီးတာ အရင်ဆုံး အကြောင်းကြားမှာပေါ့။ ငါ ပြန်ဝယ်ပေးပါမယ်။ ဘယ်လောက်တန်သလဲ ဟဲ့ ဆိုပြီး။ ဟိုဘက်ကလည်း ဖြောင့်မတ်သူ ဖြစ်တော့ သူငယ်ချင်းရေ အဲဒါ အင် ကြီးပါဟာ ဆိုတာနဲ့ ပြီးသွားမှာပဲ။
    နောက်တခုက ဗမာမျက်စေ့နဲ့လို့ ရှေ့မှာ စကားခံထားတော့ ဗမာမျက်စေ့နဲ့ ယုတ္တိမတန်တာတစ်ခု ထပ်တွေ့သေးတယ်။ ဒီဘယက်နဲ့ လက်ရာတူတာ ဝယ်ပေးနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ဘူး။ ဘာလို့ဆို သိသလောက်က ဗမာအများစုသည် စိတ်ကြိုက်(စိတ်ကူးတည့်ရာ) ဒီဇိုင်းမျိုးကို ပန်းထိမ်သေချာအပ်ကြတာကိုး။ ready made တွေက နောက်မှ ပေါလာတာနော်။
    ကိုရီးယားကား ကြည့်ရသလိုပေါ့လေ။
    ကြည့်ရတဲ့လူက အသဲတယားယားနဲ့ အော် ဒီကိစ္စကို ပြောလိုက်ပါတော့လား၊ လုပ်လိုက်ပါတော့လားနဲ့… တကယ်သာ ကြည့်တဲ့လူတွေ အလိုအရ ပြောလိုက် လုပ်လိုက်ရင် ဇာတ်လမ်းက ဘယ်ဆက်လို့ ရတော့မလဲ။
    ကျွန်မ မြင်တာကို ပြောရရင်တော့ အဲဒါ ဘယ်သူမှ မတရားမလုပ်ဘဲ မတော်တဆဖြစ်တဲ့ နစ်နာမှုပါပဲ။ ဒီကိစ္စမှာ ဘယ်သူ့ကိုမှ မတရားဘူးလို့ ပြောလို့ မဖြစ်ပါဘူး။
    Posted by RITA | 17/05/2010, 02:30
  8. (မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား)
    (အဖြစ်အပျက်တခုမှာ ပါဝင် ပတ်သက်သူအားလုံးက သိသိနဲ့ မတရား မလုပ်ပေမယ့် ဒီအဖြစ် အပျက်ဟာ မတရားမှုကို ဖြစ်စေတာ၊ ဒါမှမဟုတ် တနည်းတဖုံ ပတ်သက်စေ နေနိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိတယ်)
    အပေါ်က အဆို ၂ ချက်က တူမယောင်နဲ့ ကွဲတယ်လို့ မြင်ပါတယ်။
    ၁) Maupassant ဇာတ်လမ်း
    ၂) စာမေးပွဲအဖြေသွားရာ လမ်းပိတ်တဲ့အကြောင်း။
    (အဲဒါမျိုး တကယ်ဖြစ်ဖူးတယ်။ 2000 ခုနှစ် mid term မှာ မင်းဓမ္မကုန်း ကျောက်တော်ကြီးဘုရား ပင့်လာတုန်းက မရမ်းကုန်းဘက်မှာ ကားလမ်းတွေပိတ်တော့ ကျောင်းကားက သွားနေကျလမ်းက မသွားဘဲ တခြားက ပတ်သွားတာ မမီလိုက်။ လိုင်းကားနဲ့လိုက်တော့ စာမေးပွဲခန်းထဲ နာရီဝက်တိတိ နောက်ကျ၊ mid term အမှတ်ထွက်တော့ အဲဒီဘာသာ (electronic ckt theroy) 2 မှတ်လျော့။ ဖြေတဲ့အချိန် ကွက်တိဖြစ်နေတော့ ပြန်မစစ်လိုက်ရလို့၊ formula တခု မှားသွားတာ။ (ကြုံတုန်းကြွားရတာ အရသာရှိလိုက်တာ)
    ကိုယ့်ဘာသာကိုယ် အဲဒါ မတရားမှုလို့ မထင်မိဘူး။ ကံဆိုးတာလို့တော့ ထင်မိတယ်။ ဒါပေမဲ့ သိပ်လဲ မခံစားဘူး။ ပညာရေးနဲ့ ပတ်သတ်ရင် ပေယျလကန် သိပ်လုပ်ချင်တယ်။ နောက်တခုက နောက်ကျပေမဲ့ အကုန်ဖြေလိုက်နိုင်တာရယ်နဲ့။ ဒီကိစ္စမျိုးကို စာရေးသူပြောတဲ့ (philo ရှုထောင့်တွေ မပါဘဲ) မတရားမှု ဆိုတဲ့ အမြင်နဲ့ ဘယ်လိုမှ မြင်တတ်ခဲ့မယ် မထင်ဘူး။ ခု ပြန်တွေးလည်း မမြင်ပါဘူး။ မတော်တဆမှု ကံဆိုးမိုးမှောင်ကျမှုလို့ပဲ။
    ၃) ကြက်ခြံကိစ္စလည်း ထိုနည်းလည်းကောင်းပါပဲ။
    ၄) (နှစ်ဒေါ်လာနဲ့ ဝယ်လို့ ရတယ်ဆိုတာ အဲဒိအင်္ကျီကို တကယ်ချုပ်ရတဲ့လူဟာ ချုပ်ခ နှစ်ဒေါ်လာတောင်မရလို့ အဲဒိဈေးနဲ့ ရနိုင်တာပဲ။ ဖွံ့  ဖြိုးဆဲနိုင်ငံတွေမှာ မ၀ရေစာ လုပ်ခနဲ့  အလုပ်လုပ်နေကြရလို့ ဖွံ့ ဖြိုးပြီး နိုင်ငံတွေမှာ မတန်တဆ သက်သာတဲ့ ဈေးနဲ့ ဝယ်လို့  ရနေတာပဲ။)
    အဲဒီအချက်ကို ခေါင်းစဉ် ((မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား)) နဲ့ စဉ်းစားရင် မတရားမှုကို ကျူးလွန်သူက အလုပ်သမားတွေကို မတန်တဆ ဈေးနှိမ်ပြီးပေးတဲ့ အလုပ်ရှင်ပေါ့ လို့ တွေးမိတယ်။
    ဒုတိယအဆို ((အဖြစ်အပျက်တခုမှာ ပါဝင် ပတ်သက်သူအားလုံးက သိသိနဲ့ မတရား မလုပ်ပေမယ့် ဒီအဖြစ် အပျက်ဟာ မတရားမှုကို ဖြစ်စေတာ၊ ဒါမှမဟုတ် တနည်းတဖုံ ပတ်သက်စေ နေနိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိတယ်)) နဲ့ ယှဉ်လို့ စဉ်းစားရင်တော့ မှန်ပါတယ်လို့ ပြောရမယ်။ အရင်က တခါမှတော့ အဲဒီအချက်ကို မမြင်ခဲ့ဘူး။
    ၅) ပင်စင်ကိစ္စလည်း ထိုနည်းလည်းကောင်းပါပဲ။
    ချုပ်ပြောရရင်တော့ ၁ ~ ၃ မှာက ဘယ်သူ့မှ မတရားဘူး ပြောလို့မရတဲ့ မတော်တဆမှုတွေလို့ မြင်မိပြီး၊ ၄ နဲ့ ၅ ကတော့ ဒုတိယအဆိုနဲ့သာ ကိုက်ညီတဲ့၊ ဒုတိယအဆိုကို ထောက်ခံရမယ့် အဖြစ်အပျက်တွေ လို့ မြင်မိပါတယ်။
    အင်္ကျီဝယ်ယူသူအနေနဲ့၊ ပင်စင်ခံစားသူတယောက်အနေနဲ့ ကွေ့ရှောင်သွားလို့ မရဘူးဆိုတာကိုလည်း ဝန်ခံရပါမယ်။
    ဒါပေမဲ့ အဲဒီအမှုကိစ္စတွေမှာ မတရားလုပ်သူ အထင်အရှားရှိနေတာပဲ။ ကြံဖန်ပြီး ကျေးဇူးတင်ရဦးမှာက ဟိုတဘက်မှာ လုပ်ခနည်းနည်းပေးပြီး ခိုင်း၊ ဒီတဘက်မှာလည်း ကုန်ပစ္စည်းဝယ်ယူမယ့်သူတွေကို အမြတ်အတော်လေးတင်ပြီး ရောင်း ဆိုတာမျိုး မလုပ်တာကိုပေါ့။ $ 4 လောက် ထိတင်လိုက်လို့လဲ ဝယ်လိုအားနဲ့ အမြတ်လျော့မသွားနိုင်တာကို $ 2 လောက်နဲ့ ရောင်းနေတယ် ဆိုရင် ပြောပါတယ်။ (အဲဒီ စီးပွားရေးသမားဟာ အောက်ကွန်မန့်မှာ ထည့်ရေးထားတဲ့ သူငယ်ချင်းလိုလူစား ဖြစ်နိုင်တယ်။ :))
    (မတရားမှုက ကိုယ့်ကို လာပတ်သက်ရင်တောင် ပြေးစရာမြေမရှိဘူး။
    လူတိုင်းကို မတရားမှုနဲ့ မကင်းအောင် အကွက်ချထားသလိုပဲ။) ဆိုတာတွေကို ထောက်ခံမိပါတယ်။ ဆက်တွေးရရင် “အကြောင်းရင်းက မတရားမှုကို ကိုယ်က ဖန်တီးသူမဟုတ်လို့ (အဲလောက်ထိ တန်ခိုးသြဇာမရှိလို့) ရှောင်သွားလို့ မရတာပေါ့” လို့ အကြောင်းပြရင် ရမလား။ ဒါမှမဟုတ် “မတရားမှုကို ကိုယ်က ဖန်တီးသူမဟုတ်လို့ တော်သေးတာပေါ့” လို့ပဲ ဖြေတွေးရမလား။
    နောက်တခုက ပထမဆုံးမှတ်ချက်မှာ ရေးခဲ့သလို အလုပ်သမားတွေကို လုပ်ခလျှော့ပေးတာ ကိုယ်တာဝန်မယူနိုင်တဲ့ အပိုင်း၊ ကိုယ်တာဝန်ယူနိုင်တာကတော့ ဈေးပေါတဲ့ အဲဒီအင်္ကျီတွေကို မဝယ်ဘဲ ဈေးကြီးတာ ပြောင်းဝယ်တာပေါ့ လို့လည်း လုပ်လို့ မရတော့ဘူး။ ကိုယ်က ဈေးကြီးပေးဝယ်နိုင်တာ မဝယ်နိုင်တာထက် ဒါက တကယ့် solution တော့ မဖြစ်နိုင်ဘူးပေါ့။
    Posted by RITA | 17/05/2010, 04:43
  9. နောက်တခုက အမှတ်စဉ်ထဲမှာ မပါပေမဲ့ post က အဓိကပြောချင်တဲ့ အချက်လဲ မဟုတ်ပေမဲ့ ကျွန်မ ဆွေးနွေးချင်မိတာ… (အကုန်လုံး လုပ်နေရုံသက်သက်နဲ့  မတရားတဲ့ အလုပ်တခုဟာ တရားတဲ့ အလုပ်ဖြစ်မလာဘူး) ဆိုတာ…
    အဲဒါကို အင်မတန် ထောက်ခံပါတယ်။ ဗမာပြည်လို့ ရံဖန်ရံခါ စဉ်းစားလိုက်မိတာနဲ့ တနိုင်ငံလုံးဆိုတာထက် တယောက်ချင်း တာဝန်ယူနိုင်တဲ့ကိစ္စတွေပဲ ခေါင်းထဲ ပိုရောက်လာပါတယ်။ ကျောင်းတုန်းကတည်းက သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ အဲဒီသူငယ်ချင်းက ရန်ကုန်မှာ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားလမ်း၊ နတ်မောက်လမ်း လို နေရာမှာ နေပါတယ်။ (ဘယ်လိုနေရာမှာ နေတယ်ဆိုတာကို အထူးသဖြင့် တမင် ထည့်ရေးပါတယ်။ လမ်းကိုတော့ အတိအကျ ထည့်မရေးချင်လို့ပါ။)
    ကျောင်းပြီးရင် ဘာလုပ်ကြမယ် ဆိုတာကို ပြောမိကြတဲ့အခါတိုင်း ကျွန်မနဲ့ သူနဲ့ ငြင်းရတဲ့ ကိစ္စတခုက အစိုးရအလုပ်ဝင်တာနဲ့ ပတ်သတ်လို့ပါပဲ။ ကျွန်မကတော့ ခေတ်အခါအခြေအနေနဲ့ ကိုယ့်ရဲ့ ရွေးချယ်နိုင်ခွင့်ရှိတဲ့ အခြေအနေအရ (<< အဲဒီအချက်ကိုလဲပဲ အထူးသဖြင့် တမင် ထည့်ရေးပါတယ်) အဲဒီလို အနေအထားမှာ အစိုးရအလုပ်ကို လုံးဝမှ ဝင်လုပ်မယ့်သူ မဟုတ်ပါဘူး။
    သူ့ကို ပြောမိပါတယ်။ အများပိုင်ပစ္စည်းနဲ့ မစားချင်၊ မသောက်ချင်၊ မချမ်းသာချင်၊ လက်ဖျားနဲ့သော်မှ မတို့ချင်။ တကယ်လို့ ငါသာ ဝင်လုပ်ရင် ငါရှောင်နိုင်ချင်တယ်။ ဒါပေမဲ့ တခါရှောင်မယ်၊ နှစ်ခါရှောင်မယ်။ သုံးခါကျတော့ ရှောင်နိုင်ပါ့မလား။ (တချို့ကိစ္စတွေက ရှောင်မယ်ဆိုရင် လုံးဝကင်းအောင်ရှောင်ပါမှ၊ အနီးက ကပ်ရှောင်ရင် မလွတ်ဘူး) အဲဒီအခါတိုင်း သူက ပြောပါတယ်။ "သူများတွေလည်း လုပ်နေတာပဲဟာ။ သူများလုပ်နေတာတွေ ငါတို့မလုပ်ရဘူးလား"
    သူ့ကို ပြန်ပြောပါတယ်။ လူအကုန်လုံးလုပ်နေလည်း မကောင်းတာက မကောင်းတာပဲ။ မကောင်းတာက ကောင်းတာ ဖြစ်မသွားဘူး။ အဲဒီတုန်းက အဲလောက်ပဲ ပြောတတ်ခဲ့တယ်။
    တကယ်တော့ ပိုပြီး ထင်သာမြင်သာရှိအောင် ပြောခဲ့ရမှာ… သူများလုပ်လို့ မင်းလိုက်လုပ်မယ်လို့ စဉ်းစားရင်၊ အဲဒီသူများတွေက အဲလိုလုပ်ပြီးတိုင်း မစင်စားတယ်ဆို မင်းလိုက်စားမလား လို့။ ဒါဆို သူ့စိတ်က သူ့ဘာသာ လုပ်ဖို့ ကိုင်းညွှတ်နေတဲ့ကိစ္စကို သူများကြောင့်လို့ ဖြေတွေးနေတာကို သူ ပြက်ပြက်ထင်ထင် မြင်သွားမယ်ထင်တယ်။
    ဒီနေရာမှာလဲ လိုအပ်လို့ အထူးသဖြင့် ထည့်ပြောရမယ့် ကိစ္စရှိသေးတယ်။ အဲဒီသူငယ်ချင်းရဲ့ စိတ်က တကယ်တော့ အတော်ဖြောင့်တယ်။ ကူလီကူမာ မရှိဘူး။ သူ့ရှေ့မှာ အရှိကို အရှိတိုင်း ပြောလို့ ဆိုလို့ နေလို့ရတယ်။ သူကိုယ်တိုင်ကလည်း အဲလို နေတယ်။ ဒါပေမဲ့ စာဖတ် သိပ် ဝါသနာမပါ။ နည်းနည်း အားစိုက်တွေးရမယ်ဆို သူ မလုပ်ချင်။ ကျောင်းမှာ သူအမုန်းဆုံး ဘာသာရပ်က drawing နဲ့ programming.
    ဒီကိစ္စမှာ အဓိက အထူးပြုပြီး ပြောချင်တာက ဖြောင့်မတ်၍ ကူလီကူမာ မရှိသူလို့ အာမခံနိုင်တဲ့၊ ဆိုခဲ့ပြီးတဲ့ နေရာမျိုးမှာ နေထိုင်တဲ့ သူငယ်ချင်းမှာ ဒီလို အတွေးရှိတယ် ဆိုတာပါ။ ဒီနေရာမှာ ဖြောင့်မတ်မှတော့ ဒီလို အတွေး တွေးပါ့မလားတွေ၊ နောက် သူနေထိုင်ရာကို ညွှန်းဆိုတာမှာ ဘယ်လိုနေရာမျိုးမှာနေနေ နေတဲ့နေရာနဲ့ စိတ်ဓါတ်ဘာဆိုင်လို့လဲဆိုတာတွေ အငြင်းပွားဖွယ်ရာ ဖြစ်ပေမယ့် ဒါတွေကိုမငြင်းချင်ဘူး ဆိုတာတော့ ကြိုပြောချင်ပါတယ်။ သူဘယ်မှာနေတယ်ဆိုတာကို တမင်ထည့်ပြောရခြင်း အကြောင်းရင်းက သူ့မှာ ဒီအလုပ်ထဲဝင်ပြီး ဒီလို လုပ်စားမှရမယ့် ရွေးချယ်စရာ အခြေအနေမရှိတဲ့သူ မဟုတ်ဘူး ဆိုတာကို ပြောချင်တာပါ။ ဆိုလိုရင်းက မှိုင်းမိလို့မှ မိမှန်း မသိကြတော့ဘူး။
    မြန်မာပြည်မှာ အတော်များများကတော့ ဒါကို ထမင်းစားရေသောက် လုပ်ရမယ့် ကိစ္စလို့ တွေးကုန်ကြပြီ မြင်မိတယ်။ မလွှဲမရှောင်သာ လုပ်ကိုလုပ်ရမယ့်သူတွေမှာလည်း လုပ်စရာရှိတာကို လုပ်လိုက်၊ ဒါပေမဲ့ ဒါကို မလွှဲသာလို့သာ လုပ်ရတယ်ဆိုတဲ့ အသိရှိတဲ့သူ ဘယ်နှစ်ယောက်ရှိပါ့မလဲ။
    ညွှန် အဆင့်ရာထူးရှိတဲ့ အင်ဂျင်နီယာ လူကြီးတစ်ယောက်ရဲ့သားတွေ တက္ကသိုလ်ကောင်းကောင်းက ကျောင်းပြီးတော့ ရာထူးကောင်းစရာမလိုဘူး၊ ဌာနန္တရ ကောင်းဖို့ပဲ လိုတယ်လို့ ကြွေးကြော်ကြတယ် ကြားဖူးတော့ အတော် အံ့အားသင့်မိပါတယ်။ သူတို့သင်ထားတဲ့ ပညာနဲ့ မိဘအခြေအနေအရ နိုင်ငံခြားကို 10 ခါပြန် ထွက်လို့ရတယ်။ (အင်း ဒီလိုပြောရင် နိုင်ငံခြားထွက်တာ ကိုယ်လွတ်ရုန်းတာ ဆိုတာ ငြိပြန်ဦးမယ်။ ဘယ်လိုပြောရပါ့။ အဲဒီလို အခြေအနေမျိုးမှာ "ရာထူးကောင်းစရာမလိုဘူး၊ ဌာနန္တရ ကောင်းဖို့ပဲ လိုတယ်" လို့ ကြွေးကြော်နေမယ့် အစားတော့ ကိုယ်လွတ်သာ ရုန်းပစ်လိုက်စမ်းဘာ)
    နောက် ကျွန်မရဲ့ အကုန်ဆွဲယူဆက်စပ်ချင်တဲ့ အကျင့်အရ "Role Model" post ကို သတိရမိပါတယ်။ ဆိုခဲ့တဲ့ အဲဒီလို (အဲဒီလို) အခြေအနေတွေမှာ လူငယ်တွေဟာ သူတို့ရင်ထဲမှာ ဘယ်လိုလူမျိုးတွေကို role model အဖြစ်ထည့်ထားကြတယ် ဆိုတာ စဉ်းစားစရာပါပဲ လို့ တွေးမိပါတယ်။
    (စာကြွင်း။ ။ အထက်ပါ အကြောင်းအရာများအားလုံး တနိုင်ငံလုံး ဖြစ်နေသည် ဟု ဖြည့်စွက်ပြောပါက ယေဘုယျ ခြုံငုံ၍ ပြောခြင်းဖြစ်ပြီး၊ အဲဒီလို မဟုတ်တဲ့ လူတချို့တွေလည်း ရှိပါသေးတယ် ဟု ထပ်ပြောဖို့ မလိုသည်ကို တွေးခေါ်နိုင်ကြမည် ထင်ပါသည်။ တော်ကြာ လူတွေသာ မကောင်းတာ ဘာသာရေးက အကောင်းကြီးဟု လာပြောချင်သူများနဲ့ အာညောင်းအောင် ငြင်းရမစိုးလို့)
    Posted by RITA | 17/05/2010, 05:19
  10. FYI
    ဒုတိယပိုင်း comment page ကို နှိပ်ရင် err တက်ပါသည်။
    Posted by RITA | 17/05/2010, 06:08
  11. မှတ်ချက်တွေ ရေးထားခဲ့တာ၊ စိတ်ပါလက်ပါ ဆွေးနွေးကြတာတွေအတွက် thank you once again ပါ။ အတော်များများက (မှတ်ချက်မထားခဲ့ဘဲ အပြင်မှာ လူချင်တွေ့ စကား
    ပြောနိုင်တဲ့ မိတ်ဆွေ တချို့ ကလည်း) ဒီကိစ္စမှာ မတရားမှုဖြစ်တယ်လို့ မမြင်ကြဘူး။ ဆို
    တော့ မတရားမှုမြောက်မမြောက် အငြင်းအခုံလုပ်မဲခွဲရင် ကျနော် ရှုံးမှာပဲ။ ကျနော်ဘာ့
    ကြောင့် မတရားမှုမြောက်တယ်လို့ ယူဆသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်
    တော့ ဒါဟာ တရားမှုကို ဘယ်လိုအဓိပ္ပါယ် သတ်မှတ်သလဲဆိုတဲ့ အချက်ပေါ် မူတည်နေ
    တယ်လို့ ဖြေမိတယ်။ တရားမှုကို တချို့ က လွတ်လွတ်လပ်လပ် ရွေးချယ်လုပ်ကိုင်နိုင်မှု justice as liberty အဖြစ်မြင်ကြတယ်။ တချို့ က လူ့ အဖွဲ့ အစည်းရဲ့ အကျိုးကျေးဇူးတွေကို အညီအမျှ ရရှိပိုင်ဆိုင်နိုင်မှု justice as equality ဒါမှမဟုတ် justice as equal distribution of wealth အဖြစ်မြင်ကြတယ်။ တချို့ ကလည်း justice as fairness တူညီ တဲ့ လုပ်ပိုင်ခွင့်ရှိမှု အဖြစ်မြင်ကြတယ်။ တခြားကျနော်မသိသေးတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုတွေ လည်း ရှိကောင်း ရှိနေနိုင်ပါတယ်။ ခုပြောခဲ့တဲ့ သုံးခုမှာ ကျနော့်position ယူထားတဲ့ အနေ အထားက justice as equality ပါ။ အဲဒိ အဓိပ္ပါယ် ဖွင့်ဆိုမှုအောက်မှာ တရားတယ် မတရားဘူးဆိုတာကို judge လုပ်တာ၊ ယူဆတာပါ။ ဒီအယူအဆ နဲ့ ကြက်ခြံကိစ္စ ကို ကြည့်ရင် မတရားမှု ဖြစ်နေတယ်ဆိုတာ အထင်အရှားတွေ့ ရမှာပါ။ ဖီလော်ဆော်ဖီ ဘာသာရပ်ရဲ့ သရုပ်သကန်တခုက အခြေအနေတွေကို စိတ်ကူးကြည့်ပြီး အဲဒိကနေ ကောက်ချက်ဆွဲ၊ ဒီကောက်ချက်ကို ယုတ္တိတန်မတန် ငြင်းခုံကြတာဖြစ်ပါတယ်။ ကြက်ခြံ ကိစ္စမှာ ပြောခဲ့တဲ့ အိမ်နီးချင်း နှစ်ယောက်ရဲ့ ပစ္စည်းဥစ္စာ ရရှိပိုင်ဆိုင်မှု သူတို့ နှစ်ယောက်
    ရဲ့ distribution of wealth က အချိန်ကြာလာတာနဲ့ အမျှ ကွာဟာလာပါတယ်။ အဲဒိလို
    ကွာဟ လာမှုဟာ ပြောခဲ့သလို တဖက်ခြံက ကြက်မက နောက်တခြံမှာ သွားသွားဥပြီး
    ဒါကို ဘယ်သူမှ မသိကြတဲ့အတွက်ပါ။ နောက်တမျိုးစဉ်းစားကြည့်ရင် ဒီကြက်မရဲ့ ဥတွေကို သူ့ ပိုင်ရှင်ကသာ ပိုင်ဆိုင်ခွင့် ရှိရမှာပါ။ ဒါပေမယ့် ဖြစ်လာတဲ့ အခြေအနေ အကြောင်း
    ကြောင်းကြောင့် ဘယ်သူကမှ တမင်သက်သက် မလုပ်ရဘဲ ပိုင်ရှင်အစစ်ဟာ ပိုင်ဆိုင်နိုင် ခြင်းမရှိဘဲ တဖက်ခြံကလူက ဒီပစ္စည်းကို ရပါတယ်။ ဒါဟာ unjust situation မတရားတဲ့ အခြေအနေ တခုကို ထင်ထင်ရှားရှားကြီး ဖြစ်ပေါ်စေပါတယ်။ အဲဒိအခြေအနေကနေ နောက်ဆက်တွဲ လုပ်ရပ်တွေမှာ မတရားမှုတွေ စွန်းထင်းနေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီ
    ဖြစ်ရပ်ကို မတရားဘူးလို့ ပြောခြင်းဖြစ်ပါတယ်။
    ဒိထက်ပိုပြီး ကြောက်ဖို့ ကောင်းတဲ့ ဥပမာတွေ ရှိနိုင်ပါတယ်။ miscarriage of justice တရားတဲ့ အတိုင်းဖြစ်မလာဘဲ တချို့ ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ ချီ နေနေရတွေ ရှိပါတယ်။
    အဲဒိ အမှုတွေမှာ ဂျူရီလူကြီးတွေ၊ တရားသူကြီးတွေ၊ သက်သေထွက်ဆိုသူတွေက တမင်
    သက်သက်မဟုတ်မမှန် လုပ်တာမဟုတ်ဘဲ မတရားခံလိုက်ရတဲ့ သာဓကတွေ ရှိပါတယ်။
    အထူးသဖြင့် DNA နည်းပညာကို မသုံးနိုင်ခင်က အမှုတွေကို ပြန်စစ်တဲ့အခါ တချို့ လူ
    သတ်မှုနဲ့ သေဒဏ်ကျခံခဲ့ရသူတွေဟာ တကယ်တမ်း အပြစ်မရှိတာကို တွေ့ ရတဲ့ အဖြစ် အပျက်တွေ ရှိနေပါတယ်။ ဆိုတော့ကာ ပြန်ကောက်ရရင် မတရားမှုမြောက်ဖို့ က မတရား မှုကို တမင်သက်သက်သိသိနဲ့ လုပ်တဲ့လူ ရှိစရာ မလိုဘူးလို့ ကျနော်က အခိုင်အမာ ယုံကြည်ပါတယ်။ ဒါဟာ စိတ်အနှောက်အယှက် ဖြစ်စရာ အယူအဆပါ။ ဘာနဲ့ တူလဲဆို
    တော့ မီးခလုပ်ဖွင့်တဲ့သူ မရှိဘဲ သူ့ ဟာသူ မီးထပွင့်တဲ့ အဖြစ်မျိုးနဲ့ တူပါတယ်။ ကိုယ်နား
    လည် လက်ခံထားပြီးသား အချက်တွေနဲ့ ရှင်းပြဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အဲ့သလို မလွယ်ရုံနဲ့ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူးထင်ပါတယ်။
    Posted by zizawa | 17/05/2010, 10:11
  12. ကိုဝတုတ်ရေ
    ပြောရရင် မတရားမှုမမြောက်ဘူးလို့ပဲ ထင်မိတာပဲ။
    ပထမပို့စ်မှာမန့်မရလို့ ဒီမှာပဲလာမန့်လိုက်ပါတယ်။
    မတရားမှုမြောက်ဖို့ က မတရား မှုကို တမင်သက်သက်သိသိနဲ့ လုပ်တဲ့လူ ရှိစရာ မလိုဘူးလို့ ကျနော်က အခိုင်အမာ ယုံကြည်ပါတယ်။
    ဒီအဆိုကိုတော့ ထောက်ခံပါတယ်။
    ရီတာရဲ့ကမ္မဖလပို့စ်မှာလည်း မန့်ထားတော့ မတရားမှုနှင့်ပတ်သက်လို့ ထည့်ရေးဖူးတာမို့ ဒီ့ထက်တော့မရေးတတ်တော့ပါဘူး။
    သိပ်မဆိုင်ဘူးထင်ပေမဲ့ နောက်တခုကကိုဝတုတ်ရဲ့ပို့စ်လေးကိုဖတ်ပြီး ဆက်စပ်ပြောချင်လာတာလေးရှိလို့မန့်လိုက်တာပါ။
    လူ့ အဖွဲ့ အစည်း တခုကို စီစဉ်ဖွဲ့ စည်းပုံ၊ ဒီလူ့ အဖွဲ့ အစည်း အလုပ်လုပ်ပုံတွေဟာ unique ဖြစ်လွန်းတဲ့အတွက်၊ ခုပြောခဲ့တဲ့ အဖြစ်အပျက်မျိုးတွေဟာ တိုက်ဆိုင်မှု၊ မတော်တဆမှု သက်သက်မဟုတ်တော့ဘဲ ကိုယ်နေ့ စဉ် လုပ်ဖြစ်နေတဲ့ လုပ်နေတဲ့ အလုပ်တွေဟာ ဒီလို အဖြစ်မျိုးတွေကို ဘယ်လိုမှ ရှောင်ကွင်းလို့ မရတဲ့ အနေအထားမျိုးကို ဖန်တီးပေးထားတာဆို ဘယ်လိုလုပ်ကြမလဲ။
    ” လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀ရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်နေကြရာမှာ အဲ့ဒိစီးပွားရေး ပုံစံထဲကို ဆန္ဒပါပါမပါပါ ၀င်ရောက်ကြရတယ်။
    ဒီအချက်လေးကိုတော့သိပ်ကြိုက်ပါတယ်။
    ရှောင်ကွင်းထွက်လာနိုင်သူအဖို့ အခြေနေတွေလည်းပေးလျှင် တော်ပေမဲ့၊
    ဒီလိုအနေထားမှာ ရှောင်ထွက်လို့မရအောင် အခြေနေမပေးတဲ့သူတွေကိုလည်း နားလည်ပါတယ်။
    ဒါပေမဲ့ ရီတာပြောသလိုပေါ့လေ။
    ပြောရရင်တော့ စိတ်စေတနာ ပြသနာပါပဲ။ မြန်မာပြည်ပြန်တဲ့အခါ အစိုးရရုံးဌာနတွေသွားတဲ့အခါ မုန့်ဖိုးတနည်းကန်တော့ခ အတောင်းခံရတဲ့အခါ မိမိကိုသေချာလုပ်ပေးရင် အပြုံးတချက်နဲ့ ပေးရငွေကို နှမြောစရာလို့မယူဆပေမဲ့ အထက်စီးကြီးကမော်နေတဲ့ရုပ်တွေလည်း တွေ့ခဲ့ဖူးပါတယ်။ အဲဒါကျတော့ အသိပညာ မလုံလောက်မှုလို့ပဲ အဓိပါယ်ဖွင့်ဆိုချင်ပါတယ်။
    နောက်တခုက ”ဘောင်ခတ်ထားတဲ့ space ထဲမှာသာ free ဖြစ်ကြတယ်။”
    ဒီအချက်ကိုလည်းသိပ်သဘောကျမိတယ်။ ဒါပေမဲ့ထပ်ဖြည့်ချင်ပါတယ်။
    ဒါပေမဲ့ဘောင်ခတ်ထားတဲ့spaceထဲမှာသာ freeဖြစ်နေတာထက် တခါတလေ ကျတော့
    ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် ကိုယ့်လမ်းကို ကိုယ့်ဘာသာ ဘောင်ခတ်ရတယ်။
    ဒီလိုလုပ်လို့လည်းရပေမဲ့ ဒီလိုမလုပ်ဖို့ မိမိဘာသာဘောင်ခတ်ရတာမျိုးလည်းရှိတယ်လို့ယူဆပါတယ်။
    ဥပမာ စာမေးပွဲအတွက် targetထားပြီး စာကျက်နေသူဟာ လဘ္ဘက်ရည်ဆိုင်မှာလေသွားပေါလို့မရဘူး။ စသဖြင့်ပေါ့လေ။ ဒါပေမဲ့ဒီလူဟာ အပေါင်းသင်းအရေးမစိုက်သူလို့ ဆုံးဖြတ်လို့မရဘူးမဟုတ်လား။
    အဲလိုအခါမှာ သူငယ်ချင်းတွေက သိနားလည်လျှင် အကြောင်းမဟုတ်ပမဲ့
    ကိုယ့်targetကို ထုတ်မပြောတဲ့ ထုတ်ပြောဖို့အခွင့်မရှိတဲ့ အခါမျိုးဆိုလျှင်တော့
    ဒီလူဟာဝေဖန်ခံရကောင်းခံရပါမယ်။ ဒါပေမဲ့ ဘယ်လိုမှလည်းရှင်းပြမရနိုင်ဘူး..
    ဆိုတဲ့သဘောမျိုးလည်း ဒီလောကမှာအများကြီးရှိနေမှာပါ။
    မဆိုင်သလိုဖြစ်ရင်ခွင့်လွှတ်နော်🙂
    Posted by KNSL | 06/06/2010, 00:35
    • ‘ဘောင်ခတ်ထားတဲ့spaceထဲမှာသာ freeဖြစ်နေတာထက် တခါတလေ ကျတော့
      ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် ကိုယ့်လမ်းကို ကိုယ့်ဘာသာ ဘောင်ခတ်ရတယ်။ ဒီလိုလုပ်လို့လည်းရပေမဲ့ ဒီလိုမလုပ်ဖို့ မိမိဘာသာဘောင်ခတ်ရတာမျိုးလည်းရှိတယ်လို့ယူဆပါတယ်။’
      ဟုတ်တယ်။ လူ့ အဖွဲ့ အစည်းက ပြဌာန်းထားတဲ့ ထုံးစံတွေ၊ ဆောင်ရန် ရှောင်ရန်တွေဟာ မကျော်နှင်းဆီလွင် ပြောသလို ပန်းတိုင်တခု ဒါမှမဟုတ် ရည်ရွယ်ချက်တခုအတွက် အများသဘောတူ သတ်မှတ်ထားတဲ့၊ ကိုယ့်ဟာကိုယ် ခတ်ထားကြတဲ့ စည်းကမ်းဘောင်တွေလို့ ပြောလို့ရမယ်ထင်ပါတယ်။ လူ့အဖွဲ့ အစည်းထဲမှာနေသူအားလုံး အချင်းချင်းသဟဇာတ ဖြစ်ဖြစ် နေနိုင်ရေး၊ တည်တည်ငြိမ်ငြိမ် ရှိရေးဟာ ပြောခဲ့တဲ့ ရည်ရွယ်ချက်တွေဖြစ်နိုင်ပါတယ်။ ကျနော်တို့ရဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့်က ဒီစည်းကမ်းဘောင်တွေထဲမှာဘဲ ရှိရတာပဲ။ ရေကူးအင်္ကျီဘောင်းဘီနဲ့ အာစရိယ ပူဇော်ပွဲ တက်လို့မရတာတို့၊ နောက် ၈၄ လမ်းပေါ်က ညဈေးထဲမှာ American Express ခရက်ဒစ်ကဒ်နဲ့ပေးဝယ်လို့ မရတာတို့တွေဟာ ရုတ်တရက်ခေါင်းထဲ ပေါ်လာတဲ့ဥပမာတွေပဲ။ ဒီအကြောင်းတွေ စမိရင် ဆုံးဖို့လမ်းမမြင်ဘူး။ ခုလောလောဆယ် ကိုယ်စထားတဲ့ ဇာတ်လမ်းတွေ လက်စသတ်လိုက်အုံးမယ်။
      Posted by zizawa | 06/06/2010, 10:34
  13. တကယ်တမ်းတွေးကြည့်တော့ ကိုဝတုတ်ဆိုခဲ့သလို ဘောင်အကြီးကြီးထဲမှာမှ ဘောင်တွေအဆင့်ဆင့် ပြန်ခတ်တဲ့ သို့ ရှိတဲ့ သဘောပါပဲ။
    စကားမစပ် ပို့စ်က မဆိုင်ငြား
    သမိုင်းတွေရေးထားတာသိပ်ဖတ်လို့ကောင်းတာပဲ
    တန်ဖိုးလည်းရှိ ကိုယ်မသိတာတွေလည်းသိခွင့်ရတာ ကျေးဇူးတင်မိပါတယ်
    Posted by KNSL | 06/06/2010, 10:47
    • ၀မ်းသားပါ၏။ ရေးရကျိုးနပ်ပါ၏။ အချက်အလက်မှားနေတာတွေ့ရင် သဘောမတူတာတွေ တွေ့ရင် ၀င်ထောက်၊ ၀င်ဆွေးနွေးသွားပါဗျ။
      Posted by zizawa | 06/06/2010, 11:12
  14. The article was not in seventh standard English course. It’s in eighth standard .
    your reader.
    ps: I do appreciate your writings.
    Posted by li li wong | 20/06/2010, 11:30
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: