//
you're reading...
Philosophy

မတရားမှုကို ဘာ့ကြောင့်မလုပ်သင့်တာလဲ။

မကောင်းမှု၊ မတရားမှုကို ဘာ့ကြောင့် မလုပ်သင့်သလဲ။ လုပ်ရပ်တခုဟာ ကောင်းတယ် မကောင်းဘူး၊ တရားတယ် မတရားဘူးဆိုတာ တယောက်နဲ့ တယောက် အမြင်ချင်း ကွဲနိုင်ပေမယ့် မကောင်းဘူး မတရားဘူးလို့ သတ်မှတ်တဲ့ လုပ်ရပ်တခုကို မလုပ်သင့်ဘူး ဆိုတာကို တော်တော်များများက လက်ခံကြမယ် ထင်ပါတယ်။ ဘာ့ကြောင့် မလုပ်သင့်တာလဲ။

တချို့ ကတော့ ဒီမေးခွန်းဟာ မေးစရာတောင် မလိုဘူးလို့ ထင်ချင်ထင်ကြမယ်။ လျှောမွေး ကို ဗာရာဏသီချဲ့ တယ်လို့ ဆိုချင်ဆိုပါစေ။ ကပ်သီးကပ်ဖဲ့မေးရ စဉ်းစားရတာကို ၀ါသနာ ပါသူတွေကို ဒီမေးခွန်းကို မေးကြည့်ချင်ပါတယ်။

တချို့ က မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိဘူး၊ ကိုယ်မဟုတ်တာ လုပ်ရင် တနေ့ နေ့  ပေါ်လာမှာဘဲ။ အဲဒိအခါမှာ ကိုယ့်အတွက် အရှက်တကွဲ အကျိုးနည်းစရာ ဖြစ်လိမ့်မယ်။ ဒီတော့ မကောင်းမှုကို စောစောစီးစီး ရှောင်တာကောင်းတယ်လို့ ဖြေကြတယ်။ ဒါပေမယ့် မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးလို့ ဘယ်သူပြောလဲ။ ဘယ်သူအာမခံ နိုင်မလဲ။ ဆိတ်ကွယ်ရာ ရှိနေရင် တနည်းအားဖြင့် မကောင်းမှုဟာ အကြောင်းကြောင်းကြောင့် ဘယ်တော့မှ ပေါ်စရာမရှိတဲ့ အခြေအနေမျိုးမှာဆိုရင်ရော မကောင်းမှုကို လုပ်မလား။ ဒါဟာ မေးသင့်မေးထိုက်တဲ့မေးခွန်း လို့ ကျနော်ထင်တယ်။

မကောင်းမှုဟာ ဆိတ်ကွယ်ရာမရှိတဲ့ အတွက်ကြောင့်သာ မကောင်းမှုကို မလုပ်သင့်ဘူးလို့  ပြောတဲ့လူဟာ မကောင်းမှုကို တနည်းတဖုံ ဘယ်သူမှ မသိအောင် တသက်လုံး ဖုံးကွယ်နိုင်မယ်ဆိုရင် သူဟာ မကောင်းမှု မလုပ်ဘူးလို့ အာမမခံနိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီလူမကောင်းမှုကို ရှောင်တယ်ဆိုတာ မကောင်းမှုဟာ တနေ့ နေ့ မှာ သူ့ အကျိုးကို ထိခိုက်နိုင်တယ်လို့ မြင်တဲ့အတွက်ကြောင့်သာ မကောင်းမှုကို ရှောင်တာပဲ။ သူဟာ ကောင်းမှု၊ တရားမှုကို မြတ်နိုးတာထက် ကိုယ့်အကျိုးတနေ့ ထိခိုက်လာနိုင်တာမို့ မကောင်းမှု၊ မတရားမှုကို ရှောင်တာပဲ။

တရားကို နတ် စောင့်တယ်ဆိုတာ ဟုတ်ချင်မှဟုတ်မှာ။ ဟုတ်ချင်လည်း ဟုတ်နိုင်တယ်၊ ဒါပေမယ့် ကိုယ်ကိုယ်တိုင် သေချာ သိနိုင်တဲ့ အရာမဟုတ်ဘူး။ ကျနော်ထင်တာတော့ မတရားမှုက တရားမှုကို အနိုင်ရမှာကို မဖြစ်စေချင်လို့ ပေါ်လာတဲ့ စကားလို့ ထင်တယ်။ ရှိစေတော့။ ရုပ်ရှင်တွေထဲမှာဆိုလည်း မတရားမှုက အသာရပြီး ဇာတ်သိမ်းသွားတဲ့ ရုပ်ရှင် တွေ မရှိသလောက်ရှားတယ်။ ရှိလည်း ပရိသတ်က သည်းခံမှာ မဟုတ်ဘူး။ ဒါရိုက်တာကို အားရပါးရ ဆဲကြမှာ သေချာတယ်။ လက်တွေ့ လောကဟာ ရုပ်ရှင်ထဲက ဇာတ်လမ်း ထက် အများကြီး ပိုဆန်းကျယ် ရှုပ်ထွေးတယ်။ ရုပ်ရှင်ထဲမှာ မဟုတ်တာ လုပ်တဲ့သူဟာ တနေ့  ပေါ်တာကို တွေ့ ရပေမယ့် ပြင်ပလောကမှာတော့ မဟုတ်တာ လုပ်တဲ့လူဟာ ဘယ်တော့မှ မပေါ်ဘဲနေသွားတာမျိုး ရှိနိုင်တယ်။

လောကကြီးဟာ တရားတဲ့အတိုင်း ဖြစ်ရမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လူများစုက တရားတဲ့ အတိုင်း ဖြစ်စေချင်ကြပေမယ့် ဖြစ်ချင်မှ ဖြစ်မှာ။ မတရားလုပ်တဲ့သူဟာ တနေ့ နေ့  မှာ မတရားတဲ့ အကျိုးကို ပြန်ခံစားရချင်မှ ခံစားရမှာ။ မကောင်းမှုက သူ့ ကိုပြန်ဒုက္ခပေး ချင်လည်း ပေးမယ်၊ မပေးချင်လည်း မပေးဘူး၊ အာမမခံနိုင်ဘူး။ ဒါပေမယ့် မကောင်းမှုကို မလုပ်သင့်ဘူးဆိုရာမှာ ပြောခဲ့တဲ့ မကောင်းမှုရဲ့ နောင်တနေ့ ဆိုးကျိုးပြန်ပေးလာနိုင်တယ် ဆိုတဲ့ အချက်ကို လုံးဝထည့်မစဉ်းစားသင့်ဘူးလို့ ကျနော်ထင်တယ်။  နောင်တနေ့ နေ့  ဆိုးကျိုးပြန်မပေးရင်တောင် မကောင်းမှု မတရားမှုကို မလုပ်သင့်ဘူးလို့ ထင်တယ်။ အဲ့ဒိ အတွက်အကြောင်းပြချက် ကောင်းကောင်းပေးနိုင်ချင်မှ ပေးနိုင်မယ်။ မပေးနိုင်ဘူးဆိုရင် ကျနော့်ရဲ့ အားနည်းချက် ဒါမှမဟုတ် ဖီလော်ဆော်ဖီရဲ့ အားနည်းချက်လို့ ပဲ ဆိုရမလား။

ကိုယ့်မိဘကို ဘာ့ကြောင့်ချစ်လဲ။ တချို့ က ရှေရှေဝေးဝေး ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ် သစ် စသဖြင့် ပြောကြမယ်။ ဒါပေမယ့် တကယ်မှာ ဘာအကြောင်းပြချက်မှ ပေးစရာကို မလိုဘူး။ မိဘကို ကိုယ့်မိဘမို့ ချစ်တာပဲ။ မိဘက သားသမီးကို ချစ်တာ၊ သားသမီးက မိဘကို ချစ်တာဟာ အကြောင်းပြချက် ပေးစရာမလိုတဲ့ မေးခွန်းတခု။ အဲဒိတော့ တရား မျှတမှုဆိုတာလည်း ဒီအတိုင်းပဲလို့ ထင်တယ်။ မတရားမှုကို မလုပ်တာဟာ မတရားမှုဖြစ် နေလို့ ကို မလုပ်သင့်ဘူးလို့ ဖြေရမယ်။

ဒီတော့ ကိုယ်မေးတဲ့ မေးခွန်းအတွက် ကိုယ့်မှာ အဖြေကောင်းကောင်း မရှိတာကို ၀န်ခံ ရမယ်။ မတရားမှုကို ဘာ့ကြောင့်မလုပ်သင့်ဘူးလဲ။ ကိုယ်ရတဲ့ အဖြေကတော့ မတရားမှုဖြစ်နေတဲ့ အတွက်ကို မလုပ်သင့်တာလို့ ဖြေရမယ်ထင်တယ်။ တရားမှုဟာ ကိုယ့်ဘက်မှာ လောလောဆယ် ရှိချင်မှ ရှိမယ်၊ ဘယ်တော့မှ မရှိဘဲ နေသွားတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒိအတွက် ကိုယ်ဟာ တရားမှုပေါ်မှာ ကောင်းမှုပေါ်မှာ သစ္စာမဖောက်သင့် ဘူး။

ဝတုတ်

Discussion

13 thoughts on “မတရားမှုကို ဘာ့ကြောင့်မလုပ်သင့်တာလဲ။

  1. (ရုပ်ရှင်တွေထဲမှာဆိုလည်း မတရားမှုက အသာရပြီး ဇာတ်သိမ်းသွားတဲ့ ရုပ်ရှင် တွေ မရှိသလောက်ရှားတယ်။)

    ရုပ်ရှင်တွေနဲ့ နည်းနည်း အလှမ်းဝေးပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်း ဖြစ်နိုင်ပါတယ်။

    ဒါပေမဲ့ ဝတ္ထုတွေမှာကျ မတရားမှုက အသာရပြီး ဇာတ်သိမ်းသွားတာ အတော်များများ ရှိတယ်။ ဒီ post ဖတ်ပြီး သတိရလိုက်မိတဲ့ ဝတ္ထုက AJ Cronin ရဲ့ The Stars Look Down.

    ပြီးတော့ ဆက်ပြီး သတိရမိတာ တင့်တယ် “ကမ္မဖလ”။ နှစ်ခုလုံးကို အသက် 22/3 ပတ်ဝန်းကျင်ကျမှ ဖတ်ခဲ့ရတယ်။ တင့်တယ် စာအုပ်ကို အလယ်တန်းလောက်က စ ကြားဖူးပေမယ့် တကယ် ဖတ်ဖြစ်တော့ ကျောင်းပြီးခါနီးနေပါပြီ။

    ဇာတ်ကြောင်း နှစ်ခုလုံးရဲ့ ဇာတ်သိမ်းကတော့ ဆန့်ကျင်ဘက်ပဲ။ တင့်တယ် မှာက ဇာတ်ကောင်ဟာ သူပြုသမျှ ကံ ကို သူ ပြန်ခံသွားရတယ်။ Cronin မှာက ပြောင်းပြန်။ နောက်ဆုံးဇာတ်သိမ်းမှာ ဇောက်ထိုးမိုးမျှော်ပဲ။

    ဝန်ခံရရင် ကမ္မဖလ ကို ဖတ်ရတာဟာ Stars look down ကို ဖတ်ရတာထက် အားရကျေနပ်ဖြစ်မိတယ်လို့ ပြောလို့မရဘူး။

    ကမ္မဖလ မှာ စာရေးသူက ဝင်ပါထားတာကို သိသိသာသာ မြင်နေရပြီး၊ Stars မှာက စာရေးသူကို လုံးဝမှ မမြင်မိအောင် ဖြစ်ရတယ်။

    ကမ္မဖလ မှာ စာရေးသူရဲ့ ရည်ရွယ်ချက်ကို မကောင်းဘူးလို့ မပြောနိုင်ပေမဲ့ သူပေးချင်တဲ့ msg က တကယ့်လက်တွေ့ဘဝမှာ မြင်တွေ့နေရတာတွေနဲ့ အမြဲ မကိုက်ညီနိုင်ဘူး။ အဲဒီအခါ ဇာတ်လမ်းက သူဆင်ထားသလို ဖြစ်နေတယ်။ ဒါကို ဖတ်ပြီး ကျေနပ်တယ် ဆိုရင် ဖြေတွေးသလို၊ နှစ်သိမ့်သလိုပဲ ဖြစ်နေမှာပဲ။ (မတရားမှုက တရားမှုကို အနိုင်ရမှာကို မဖြစ်စေချင်လို့ ပေါ်လာတဲ့ စကားလို့ ထင်တယ်။) ဆိုတာမျိုး။

    နောက် ကမ္မဖလ ကို ဝေဖန်ရတာ နဲနဲတော့ ကျောချမ်းတယ်။ ဘယ် ဘုရားမှ အကျိုးဝိပါက်(ကမ္မဖလ) တိုင်းဟာ မျက်မှောက်ဘဝမှာတင် အထင်အရှား ဖြစ်လိမ့်မယ်၊ မြင်တွေ့ရမယ် မဟောဘူး။ အဲဒီ ကမ္မဖလ ဝတ္ထုထဲက ဇာတ်ကောင်ရဲ့ အဖြစ်အပျက်ဟာ ချွင်းချက် အဖြစ်မျိုးသာ ဖြစ်နိုင်တယ်။

    “နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးပမာ” ဆိုတာဟာ တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး လို့ ခံယူတဲ့ စိတ်နဲ့ ဖတ်တော့… Cronin ရဲ့ စာအုပ်ကမှ တကယ့် လောကကို ထင်ဟပ်နိုင်တယ် လို့ ဘဝင်ကျမိတယ်။

    အဲဒီတော့ (တရားမှုဟာ ကိုယ့်ဘက်မှာ လောလောဆယ် ရှိချင်မှ ရှိမယ်၊ ဘယ်တော့မှ မရှိဘဲ နေသွားတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒိအတွက် ကိုယ်ဟာ တရားမှုပေါ်မှာ ကောင်းမှုပေါ်မှာ သစ္စာမဖောက်သင့်ဘူး။) ဆိုတဲ့ အဆိုကိုပါ အင်မတန် ဘဝင်ကျစွာ လက်ခံပါတယ်။

    ဒါပေမဲ့ ခုပြောသွားတဲ့ထဲမှာ “တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး လို့ ခံယူတဲ့ စိတ်” ဆိုတာပါနေတော့ ကိုယ်လုပ်မိတဲ့ မတရားမှု(မကောင်းမှု) က တချိန်ချိန်၊ (သံသရာ) တကွေ့ကွေ့မှာ လိုက်လာဦးမှာ ဆိုတဲ့ ကိုးကွယ်ရာ ဘာသာတရားကပေးတဲ့ အသိကြီးတော့ ပါနေတယ်။ ဆိတ်ကွယ်ရာမရှိဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ဆင်နေတယ်။

    (မတရားမှုဖြစ်နေတဲ့ အတွက်ကို မလုပ်သင့်တာ)(အကြောင်းပြချက် ပေးစရာမလိုတဲ့ မေးခွန်းတခု)
    အင်မတန် စိတ်ဝင်စားမိပါတယ်။ ဒီခေါင်းစဉ်တွေကို။

    ***
    တိုက်ရိုက်မဆိုင်တာတွေ ဝင်ပြောသလိုတော့ ဖြစ်နေတယ်။ ဒါပေမဲ့ ဒီ post ဖတ်ပြီးပြီးချင်း ခေါင်းထဲရောက်လာတဲ့ အကြောင်းတွေ ချရေးလိုက်မိတာ။

    တင့်တယ် ရဲ့ ကမ္မဖလ ebook ရှိမလား ရှာကြည့်ပေမယ့် မတွေ့မိဘူး။ အောက်က လင့်ခ် မှာတော့ ဇာတ်လမ်းအကျဉ်း ရှိပါတယ်။ မဖတ်ရသေးတဲ့ စိတ်ဝင်စားတဲ့သူတွေအတွက်။

    http://friendyay.multiply.com/journal/item/73

    Posted by RITA | 18/05/2010, 03:18
    • တရားတဲ့အတိုင်း ဖြစ်စေချင်တာ၊ မတရားမှုက တရားမှုကို အနိုင်မရစေလိုတာဟာ လူရဲ့  မွေးရာပါ ဆန္ဒဖြစ်ပုံရတယ်။ ပြောခဲ့တဲ့ တရားကို နတ်စောင့်တယ်ဆိုတဲ့ စကားမှာ ဒါကို
      တွေ့ ရတယ်လို့ ထင်တယ်။ နောက်စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တချက်က ဘ၀တခု မကရှိတယ်ဆိုတဲ့ ယုံကြည်ချက်။ သေပြီး နောက်ဘ၀ရှိတယ်လို့ ဘာသာအားလုံးနီးနီးလို
      လိုက ပြောကြတယ်။ နောက်ဘ၀ဆိုတာထက် ဇာတ်လမ်းက ဒီတဘ၀ထဲနဲ့ အဆုံးမသတ် ဘူးလို့ ယုံကြည်ကြတယ်။ ဒါဟာ ဗုဒ္ဓဘာသာမှာလည်းရှိ၊ ခရစ်ယာန်မှာလည်းရှိ၊ အစ္စလာမ် မှာလည်း ရှိတယ်။ ဗုဒ္ဓဘာသာက ပစ္စုပ္ပန်ဘ၀က ကံဟာ နောင်ဘ၀မှာ အကျိုးပေးတယ်၊ ခရစ်ယာန်နဲ့ အစ္စလာမ်မှာတော့ ဒီဘ၀မှာ လုပ်ခဲ့တဲ့ကုသိုလ်၊ အကုသိုလ်ကိုလိုက်ပြီး ထာဝရ ဘုရားက နိဗ္ဗာန်ဘုံပဲ ဖြစ်ဖြစ်၊ ငရဲပဲဖြစ်ဖြစ် ပို့တယ်။ ပြောချင်တာက ပစ္စုပ္ပန်ဘ၀ တခုထဲနဲ့ အဆုံးမသတ်ဘူးဆိုတာကို ယုံကြည်တာကိုက လူတွေရဲ့ စိတ်ထဲမှာ တရားတဲ့
      အတိုင်း ဖြစ်စေချင်တဲ့စိတ်ကို ပြနေတယ်လို့ထင်တယ်။ ဒီဘ၀မှာ မကောင်းတာအကုန်
      လုပ်ပြီး မကောင်းမှုဒဏ်ကို ခံမသွားရတဲ့ သာဓကတွေ လောကကြီးမှာ တွေ့ ရတတ်တယ်။ အဲဒိအတိုင်းပဲ ကောင်းတာလုပ်ပြီး ကောင်းကောင်းမွန်မွန် ဖြစ်မသွားတာတွေ လည်းရှိတယ်။ လူသဘာဝက ဒီလိုဖြစ်ရပ်မျိုးတွေကို သည်းခံနိုင်ပုံမရဘူး။ မကောင်းမှုလုပ်သူကို တချိန်ချိန်မှာ မကောင်းတဲ့ အတိုင်း ပြန်ခံရစေချင်တယ်။ ဒီဘ၀မှာ မဟုတ်ရင်တောင် ဒီဘ၀က အပြီး နောက်ဘ၀ တခုခုမှာ ဒီဆိုးကျိုးကို ပြန်ခံစားစေချင်
      တယ်။ အဲဒိအတွက်ကြောင့် ဘ၀တခုမက ရှိတယ်ဆိုတဲ့ ဘာသာရေးတွေကို လူတွေက
      ယုံကြည်လက်ခံကြပုံရတယ်။

      Posted by zizawa | 18/05/2010, 05:30
  2. ဘာသာတရားက လူကို ပြုပြင်ခဲ့သလား၊ လူက ဘာသာတရားကို ပြုပြင်ခဲ့သလား ဆိုတာပါ စဉ်းစားမိသွားပြီ။

    Posted by RITA | 18/05/2010, 06:14
    • ဘာသာတရားက လူကို ပြုပြင်ခဲ့တာပါ။ For me, Buddha show the universal truth and all my idea are base on this universal truth.

      Posted by zody | 17/06/2010, 03:51
      • (No, ကံနှင့်ကံ၏အကျိုးကြောင့် ပြုသမျှ ပြုသူ၏ စေတနာ အရှိန်အရ အကျိုးပြန်ရပါသည်။)
        -zody-
        ဓမ္မပဒရဲ့ ပထမဆုံး စာပိုဒ်ကလည်း zody ပြောသလို ပြောတာပဲ။ ဒါပေမယ့် ကျွန်တော်က အဲဒါမှန်မမှန် သေချာမသိလို့ ဒါကို အတည်မယူဘူး။ zody က မှန်တယ်ဆိုတာ ကျိန်းသေသိရင်တော့ ယူပေါ့။ အကယ်၍ မှန်တယ်ဆိုတာ သေချာရင် ဘာ့ကြောင့် မှန်သလဲဆိုတာပါ ပြောပြနိုင်မလား။ ဘုရားဟောမို့ မှန်တယ်ဆိုတဲ့ အဖြေကတော့ ကျွန်တော်လည်း မရေမတွက်နိုင်အောင် ကြားဖူးနေပြီ။ ကျွန်တော့်ကို ယုံအောင်ပြောနိုင်ရင် ကျွန်တော်ယုံမယ်။ 
        ဒါပေမယ့်လည်း မကောင်းမှုက ကိုယ့်ကို ပြန်အကျိုးပေးမပေး မကောင်းမှုကို (ဘာ့ကြောင့် ဖြစ်ဖြစ်) မလုပ်သင့်ဘူးလို့ ကျွန်တော်က ယူဆတယ်။ ကိုယ့်စိတ်မခိုင်လို့ လုပ်မိတာက နောက်တကြောင်းပေါ့လေ။

        Posted by zizawa | 17/06/2010, 06:56
      • နောက်တခါ ဘာသာတရားက လူကို ပြုပြင်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ လူနဲ့ ဘာသာတရား ဘယ်သူက အရင်စဖြစ်သလဲ။ ဘာသာတရားက လူတွေရဲ့ စိတ်ဓာတ်၊ အမူအကျင့်ပေါ် သြဇာသက်ရောက်မှုရှိနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါကလည်း လူကိုယ်တိုင်က ဒီဘာသာတရားကို တနည်းတဖုံ လက်ခံနိုင်စွမ်းရှိလို့ သြဇာ သက်ရောက်နိုင်တာ မဟုတ်ဖူးလား။ မုန့်ဟင်းငါးကြိုက်တယ်ဆိုတာ မုန့်ဟင်းငါးကိုယ်က ကောင်းလွန်းလို့လား လူတွေကို ကြိုက်သွားစေတာလား၊ ဒါမှမဟုတ် စားတဲ့လူရဲ့ လျှာက မုန့်ဟင်းငါး အရသာကို ကြိုက်နိုင်စွမ်း ရှိလို့ ကြိုက်သွားတာလား။

        Posted by zizawa | 17/06/2010, 07:02
      • လူနဲ့ ဘာသာတရား ဘယ်သူက အရင်စဖြစ်သလဲ ဆိုရင် တော့ လူ က စ ဖြစ်တာပါ။ ကျွန်တော်လိုသွားတယ်။ ဘာသာတရား ကို အဓိပ္ပယ်သတ်မှတ်ဖို့လိုသွားတယ်။ ကျွန်တော် ဆိုလိုချင်တဲ့ ဘာသာတရား ဆိုတာက ဘုရားဟောကြား ခဲ့တဲ့ သစ္စာလေးပါး။ အနိစ္စ၊ဒုက္ခ၊အနတ္တ။ စတဲ့ universal truth တွေကို ဆိုလိုချင်တာပါ။ ဒီ သစ္စာလေးပါး။ အနိစ္စ၊ဒုက္ခ၊အနတ္တ။ ဆိုတဲ့ တရား (တနည်းအားဖြင့် ဓမ္မ၊ တနည်းအားဖြင့် လောကသဘော) တွေဟာ ဗုဒ္ဓ မရှိလည်း ရှိတယ်၊ ဗုဒ္ဓ မသိရင်တော့ သာမန် လူတွေ မသိနိုင်ပါဘူး။ ဗုဒ္ဓက ဒီတရားတွေကို လူတွေ(အမျိုးမျိုးသော လူတွေ) နားလည် သဘောပေါက် ကျင့်ကျြံနိုင်အောင် ဥပမာ အဖုံဖုံ ၊ နည်းအဖုံဖုံ နဲ့ပြသလမ်းညွှန် ပေးခဲ့တဲ့ စကား တွေကိုအားလုံးစုပေါင်း ပြီးတော့ အလွယ်အားဖြင့် ဗုဒ္ဓဘာသာ လို့ခေါ်ဝေါ်ကြတာပါ။So, if we trace back , I want to say that ဘာသာတရားက လူကို ပြုပြင်ခဲ့တာပါ။

        Posted by zody | 17/06/2010, 09:47
      • ဒါပေမယ့် ဘာသာတရားတွေက ကောင်းတယ်ဆိုအုံးတော့ လူတွေကိုယ်နှိုက်က ကောင်းတာကို လက်ခံနိုင်စွမ်းရှိမှ လက်ခံနိုင်မှာပေါ့။ အပြုပြင်ခံမှာပေါ့။ ကျွဲပါးစောင်းတီးတွေနဲ့ ပြည့်နေတဲ့ အဖွဲ့အစည်းတခုမှာ ဘယ်လောက်ကောင်းတဲ့ အယူအဆပဲ ဖြစ်ဖြစ် တိုးပေါက်ဖို့ ဘယ်လွယ်မလဲ။ zody ပြောသလို ဘာသာတရားက လူကိုပြုပြင်ပြောင်းလဲတယ်ဆိုရင် ဘာသာအယူပြောင်းတာတွေကိုရော ဘယ်လို ရှင်းပြမလဲ။ ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာ ပြောင်းလာတဲ့လူကို ဗုဒ္ဓဘာသာဘက်က အမြင်မှန်ရလို့၊ ဗုဒ္ဓအဆုံးအမက သူ့ကို သွန်သင်လိုက်လို့လို့ ပြောမှာပေါ့။ တဘက်က ခရစ်ယာန်ဘက်ကကြည့်ရင်တော့ တမျိုးဖြစ်မှာပေါ့။ ဘယ်ဘက်က မှန်သလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ။

        Posted by zizawa | 17/06/2010, 09:58
  3. ဇီဇ၀ါမှားနေတာလေး တစ်ခုလောက်တော့ ထောက်ပြချင်ပါတယ်။ မကောင်းမှုလုပ်လို့ မကောင်းမှုပြန်ခံစားရမယ်ဆိုတာ လူ့သဘာဝမဟုတ်ပါဘူး။ လောကနိယာမ သဘောတရားပါ။ ဖန်ဆင်းရှင်ဆိုတဲ့ ကရုဏာရှင်တောင် သူ့စကားနားမထောင်တဲ့သူနဲ့ နားထောင်တဲ့သူကို တရားစီရင်ပြီးမှ နိုင်ငံတော်မှာ နေထိုင်ခွင့် ပေးမယ်လို့ ကျမ်းစာ အများအပြားက ဆိုထားကတည်းက ဖန်ဆင်းရှင်တောင် အမှန်တရားကို လိုလားတယ်လို့ ပြောလို့ရသလို သူ့စကားနားမထောင်တဲ့သူနဲ့ နားထောင်တဲ့သူခွဲခြားမယ်ဆိုတဲ့ ဖန်ဆင်းရှင်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကိုလည်း ပေါ်လွင်စေပါတယ်။ အဲ့ဒိမှာ ရှင်းရှင်းလေးပါပဲ တရားမျှတမှု မရှိဘူးဆိုတာ ပေါ်လွင်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာ လူတိုင်း၊ ဘာသာတရားတိုင်းလိုလို လက်ခံပါတယ်။ ဖြစ်ချိန်တန်ရင် ဖြစ်မယ် ဖြစ်ချိန်မတန်ရင် မဖြစ်ဘူး၊ ဖန်ဆင်းရှင် ကိုးကွယ်ပါတယ်ဆိုတဲ့ ဘာသာတရားတွေမှာတောင် ဖန်ဆင်းရှင် အလိုတော်ရှိမှ ဖြစ်တာလေ။ အဲ့တော့ ဘယ်နေ့မှာ ပြန်ဖြစ်မလဲဆိုတာ မသိနိုင်ဘူးပေါ့။ သေခြာတာကတော့ ကောင်းတာလုပ်ရင် စိတ်အေးမယ်၊ မကောင်းတာလုပ်ရင် ကိုယ်ဟာကို ပြန်တွေးတိုင်းမှာ စိုးရိမ်ပြီးပူလောင်နေရတယ်ဆိုတဲ့အတွက် ဘယ်လမ်းကို ရွှေးမလဲဆိုတာ ရွေးချယ်တဲ့သူအပေါ်မှာပဲ မူတည်ပါတယ်။။

    ကျေးဇူးပါပဲ
    မိုက်မိုက်

    Posted by မိုက်မိုက် | 19/05/2010, 09:51
  4. @ မိုက်မိုက်
    (မကောင်းမှုလုပ်လို့ မကောင်းမှုပြန်ခံစားရမယ်ဆိုတာ လူ့သဘာဝမဟုတ်ပါဘူး။)

    ကိုယ်နားလည်တာတော့ စာရေးသူက အဲလို ဆိုလိုတာ မဟုတ်ဘူး။ လူ့သဘာဝမှာ မကောင်းမှုလုပ်တဲ့သူကို မကောင်းမှု ပြန်ခံစားရစေချင်တဲ့ မွေးရာပါ ဆန္ဒရှိပုံရတယ် လို့ ဆိုလိုတာပါ။ (တနည်း) မတရားတဲ့လူကို မတရားတဲ့အတိုင်း ပြန်ခံရစေချင်တဲ့၊ တရားမျှတတာကို မြင်ချင်တဲ့ ဆန္ဒရှိတာဟာ လူ့သဘာဝလို့ ဆိုလိုပါတယ်။

    Posted by RITA | 20/05/2010, 00:57
  5. လောကကြီးဟာ တရားတဲ့အတိုင်း ဖြစ်ရမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လူများစုက တရားတဲ့ အတိုင်း ဖြစ်စေချင်ကြပေမယ့် ဖြစ်ချင်မှ ဖြစ်မှာ။ (ထောက်ခံပါတယ် ထောက်ခံပါတယ် ထောက်ခံပါတယ်)။ မတရားလုပ်တဲ့သူဟာ တနေ့  နေ့ မှာ မတရားတဲ့ အကျိုးကို ပြန်ခံစားရချင်မှ ခံစားရမှာ။ မကောင်းမှုက သူ့ ကိုပြန်ဒုက္ခပေး ချင်လည်း ပေးမယ်၊ မပေးချင်လည်း မပေးဘူး၊ အာမမခံနိုင်ဘူး။ (No, ကံနှင့်ကံ၏အကျိုးကြောင့် ပြုသမျှ ပြုသူ၏ စေတနာ အရှိန်အရ အကျိုးပြန်ရပါသည်။) ဒါပေမယ့် မကောင်းမှုကို မလုပ်သင့်ဘူးဆိုရာမှာ ပြောခဲ့တဲ့ မကောင်းမှုရဲ့ နောင်တနေ့ ဆိုးကျိုးပြန်ပေးလာနိုင်တယ် ဆိုတဲ့ အချက်ကို လုံးဝထည့်မစဉ်းစားသင့်ဘူးလို့ ကျနော်ထင်တယ်။ (ကံနှင့်ကံ၏အကျိုးသည် ဗုဓ္ဒဝါဒ ဖြစ်သောကြောင့် အခြားနည်းဖြင့် ဆွေးနွေး စေခြင်သည်ဟုနားလည်ပါသည်။)နောင်တနေ့ နေ့  ဆိုးကျိုးပြန်မပေးရင်တောင် မကောင်းမှု မတရားမှုကို မလုပ်သင့်ဘူးလို့ ထင်တယ်။ (ထောက်ခံပါတယ် ထောက်ခံပါတယ် ထောက်ခံပါတယ်)

    Posted by zody | 17/06/2010, 03:45
  6. မကောင်းမှုကို ဘာကြောင့်မလုပ်သင့်ဘူးဆိုတာ စဉ်းစားကြည့်ရင် ပထမဆုံး တွေးမိတာက ကောင်းမှုကို ဘာကြောင့် လုပ်သင့်သလဲဆိုတာ စဉ်းစားမိတယ်။ ကောင်းမှုဘာကြောင့်လုပ်သင့်သလဲသိရင် မကောင်းမှုကို ဘာကြောင့် မလုပ်သင့်ဘူးဆိုတာ ရှင်းမယ်ထင်တယ်။

    ကျွန်တော်တို့ ကောင်းမှုကို ဘာကြောင့်လုပ်သင့်သလဲ။ အရင်ဆုံး ကောင်းမှုဆိုတာကို ဘယ်လို သတ်မှတ်မလဲ။ ကျွန်တော့်အနေနဲ့ကတော့ ‘အကျိုး’ နဲ့တိုင်းပါတယ်။ Utilitarianism ခေါ်မလား။ အများစုရဲ့ အကျိုးကို လုပ်ခြင်းကို ကောင်းမှုလို့ ခေါ်မယ်။ ဒါဆို ဘာလို့ အများအကျိုးကိုလုပ်သင့်တာလဲ။ အများအကျိုးလုပ်ခြင်းဖြင့် society မှာ ကိုယ့်အတွက် အကျိုးတစ်ခုဖြစ်လာစေမယ်။ (အနည်းဆုံးတော့ reputation ရစေမယ်။ လူ့သဘာဝအရ သူတို့အပေါ်ကောင်းတာလုပ်တဲ့သူကို လူကောင်းလို့ သတ်မှတ်ပြီး တခြားလူတွေထက်ပို အခွင့်အရေးပေးတာကို တွေ့ရတယ်) ဒီတော့ society ကို ကောင်းတာလုပ်ရင် ကိုယ့်အတွက် အကျိုးရှိနိုင်မယ်။ (တကယ်တော့ တစ်ကိုယ်ကောင်းဆန်တာပေါ့ဗျာ။ NGO တွေလုပ်စားသလိုပေါ့။ ကောင်းတာလုပ်လို့ အရှုံးမရှိပါဘူး။😉

    ဒီတော့ကာ ကောင်းမှုနဲ့ မကောင်းမှုယှဉ်လိုက်ရင် ကောင်းမှုက အလေးသာနေပြီ။

    တရားတာ justice မတရားတာ injustice နဲ့ပြောမယ်ဆိုရင်တော့ နည်းနည်းရှုပ်မယ်။ ကောင်းမှုတိုင်း တရားတယ်၊ မကောင်းမှုတိုင်း မတရားဘူးလို့ ပြောလို့ ရမယ်မထင်ဘူး။ တစ်ချို့မကောင်းမှုတွေဟာလည်း တရားနေနိုင်သလို တစ်ချို့ ကောင်းမှုတွေဟာလည်း မတရားမှုဖြစ်နေနိုင်တာပဲ။ (အဲ တရားတာ မတရားတာကို ဘယ်လိုသတ်မှတ်မလဲဆိုရင် justice is equality လို့ ကျွန်တော်တော့ လက်ခံပါတယ်။)

    ဥပမာ အရင်းရှင်စနစ်ဟာ မတရားဘူး။ ဒါပေမယ့် လူအများစုအတွက် အကျိုးရှိမယ်ဆိုရင်တော့ ဒါဟာ လုပ်သင့်တဲ့ကိစ္စတစ်ခုလို့ သတ်မှတ်နိုင်မယ်ထင်တယ်။ ဒါကြောင့် မတရားမှုတစ်ချို့ဟာ “ကောင်း” နေမယ်ဆိုရင် လုပ်သင့်တယ်လို့ ပြောလို့ ရနိုင်မယ်ထင်ပါကြောင်း..။😀

    Posted by Arkar Kyaw | 12/11/2011, 17:14
    • interesting thoughts. try searching euthypro dilemma on google or standford on-line philosophy. wish i could talk more. hopefully you’ll find something useful from your search.

      Posted by zizawa | 13/11/2011, 19:30

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: