//
you're reading...
Economics, Politics

ယူရိုဘဏ္ဍာရေး အကြပ်အတည်းနဲ့ အရင်းရှင်ဒီမိုကရေစ

ဥရောပ တတိုက်လုံးမှာ ဘဏ်တွေ၊ နိုင်ငံရေး သမားတွေ၊ ပေါ်လစီပိုင်းမှာ တာဝန်ရှိသူတွေ အရူးမီးဝိုင်း ဖြစ်နေပြီ။ ဂရိကနေ စလိုက်တဲ့ မီးပွားလေးဟာ ဥရောပ တတိုက်လုံးကို ၀ါးမြို ပစ်လိုက်နိုင်တဲ့ မီးတောက်ကြီး အဖြစ် အသွင်ပြောင်းသွားနိုင်တဲ့ လက္ခဏာတွေ မကြာခင်ရက်ပိုင်းတွေက စတွေ့ လာနေရပြီ။

 

၂၀၀၇ ၂၀၀၈ ကစလိုက်တဲ့ ဘဏ္ဍာရေး အကျပ်အတည်းဟာ မနှစ်က နည်းနည်း ငြိမ်သွားပုံရပြီး အဲ့ဒိအတွက် နိုင်ငံရေး သမားတွေ၊ ပေါ်လစီ ဖော်ဆောင်သူတွေ အရှက်မရှိ အလုအယက် နံမယ်ကောင်း ယူနေကြတုန်းမှာ လွန်ခဲ့တဲ့ တနှစ် နှစ်နှစ်ကထက် ဆိုးသွားနိုင်တဲ့ အကျပ်အတည်းကြီးရဲ့ အစကို စတွေ့ ရတာပဲ။

ခုကျနော်တို့ မျက်စိရှေ့ မှာ ထင်ထင်ရှားရှားကြီး မြင်တွေ့ နေရတဲ့ အဖြစ်အပျက်တွေဟာ သာမန်ကာလျှံကာ ဘဏ်အကျပ်အတည်း ငွေကြေး အကျပ်အတည်း သက်သက်တင် မဟုတ်ဖူး။ ကမ္ဘာ့ နိုင်ငံတွေရဲ့ အင်အားချိန်ခွင်လျှာ၊ ပါဝါအခင်းအကျင်းကို သိသိသာသာ ကြီး ပြောင်းလဲပစ်နိုင်တဲ့ ဖြစ်စဉ်ကြီး တခုရဲ့ အစိတ်အပိုင်းတွေပဲ။ တချို့ ကလည်း ခုဒီရက် ပိုင်းတွေ အတွင်းမှာ စတွေ့ လာရတဲ့ စတော့ဈေးကွက်နဲ့ ငွေကြေး ဈေးကွက် မတည်ငြိမ်မှုတွေကို ကြွေးမီအကျပ်အတည်း အပိုင်းနှစ်လို့ တင်စားကြတယ်။

တကယ်တော့ ပါဝါအခင်းအကျင်းကို ပြောင်းလဲပစ်နိုင်တဲ့ ဖြစ်စဉ်တင်မကပါဘူး။ အရင်းရှင် ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အခြေခံ ယူဆချက်တွေကိုပါ အပြီးတိုင် ပြောင်းလဲပစ်ဖို့ တွန်အားးပေး ခံလာရနိုင်တယ်။ တနည်အားဖြင့် ရုပ်ပိုင်းတင်မက အယူအဆပိုင်း၊ ကမ္ဘာ့ အရေး အခင်းတွေကို ကြည့်မြင်ပုံ အပိုင်းတွေမှာပါ ကြီးမားတဲ့ အပြောင်းအလဲကြီးတွေကို တွေ့လာရနိုင်တယ်။ ကျနော်ထင်ပါတယ်။ ခု အဖြစ်အပျက်တွေကို ရိုးရိုးသားသားနဲ့ မှန်မှန် ကန်ကန်၊ ပိုင်ပိုင်နိုင်နိုင် ကြည့်နိုင်တဲ့သူ၊ ကြည့်ရဲတဲ့သူဟာ ကနေ့ ခေတ် အနောက်နိုင်ငံ တွေမှာ ထားရှိတဲ့ စံနှုံးစံထားတွေ၊ လုပ်ပုံကိုင်ပုံတွေကို သံသယ မ၀င်ဘဲ နေမှာ မဟုတ်တဲ့ အပြင်၊ နောက် အရင်းရှင် ဒီမိုကရေစီပေါ် အထင်ကြီးမှုတွေကို ပြန်ရုပ်သိမ်းတဲ့ထိ ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။

ခုအဖြစ်အပျက်တွေဟာ ကြီးမားလွန်း၊ ရှုပ်ထွေးလွန်း၊ ကျယ်ပြန့် လွန်းအားကြီးတဲ့အတွက် ဒီအဖြစ်အပျက်တွေကို တထိုင်ထဲပြောလို့ မရနိုင်ဘူး။ နောက်ဒီအဖြစ်အပျက်တွေကို သေသေချာချာ မြင်နိုင်ဖို့ က စီးပွားရေး၊ ဘဏ္ဍာရေး အပိုင်းတင်မကဘူး။ နိုင်ငံရေး၊  နိုင်ငံတကာ ဆက်ဆံရေး စတဲ့ အပိုင်းတွေကိုပါထည့်စဉ်းစား၊ ထည့်ပြောမှ ရမှာမို့  ဒီအကြောင်းတွေကို ပြောဖို့ ကိစ္စဟာ အင်မတန်မှာ ပေရှည်မဲ့ စီမံကိန်းပဲ။

ခုလတ်တလော အဖြစ်အပျက်တွေကို ဂရိကစပြောရင်သင့်မယ်ထင်တယ်။ ဒါပေမယ့် ဒီစမှတ်ဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ စမှတ်ပဲ။ သူ့ အရင် အဖြစ်အပျက်တွေက ဂရိက လက်ရှိ အဖြစ်အပျက်တွေပေါ် သက်ရောက်မှုရှိတယ်။ ဒါပေမယ့်လည်း နောက်ကြောင်းလိုက်ရရင် ဆုံးမှာ မဟုတ်တော့ဘူး။ ဒီတော့ ခုလက်ရှိဖြစ်နေတဲ့ အခြေအနေကနေစကြည့်ရအောင်။

ကျနော်တို့ ဗမာပြည်မှာတုန်းက ဗမာပြည်ကို လာလည်တဲ့ နိုင်ငံခြားသားတွေကို အထူး သဖြင့် ဥရောပက လာတဲ့လူတွေကို ကိုယ်မတတ်တခေါက် ကျက်ထား၊ ပြုထားတဲ့ အင်္ဂလိပ်စကားစုတွေကို လေ့ကျင့်တဲ့ အနေနဲ့  စကားသွားပြောကြည့်တဲ့အခါ သူတို့  နိုင်ငံတွေဟာ သိပ်အထင်ကြီးစရာ ကောင်းတာပဲလို့ ထင်မိတယ်။ ပထမတချက်အနေနဲ့  လနဲ့ ချီပြီး လစာအပြည့် ဟောလီးဒေးရတာကို သိပ်သဘောကျတယ်။ နောက် ဒီနိုင်ငံတွေ ရောက်လာတဲ့ အခါကျတော့လည်း တွေ့ရတာတွေဟာ အစပိုင်းမှာ သိပ်အထင်ကြီးစရာပဲ။ ဥပမာ နေမကောင်းရင် ဆေးရုံ အလကားတက် ဆေးကုလို့ ရတယ်။ နောက် အလုပ်လက်မဲ့ ဖြစ်နေရင် အစိုးရက ထမင်းကျွေးထားတယ်။ နေစရာ မရှိရင် အစိုးရက စီစဉ်ပေးတယ်။ ကျောင်းလည်း အလကား တက်လို့ ရတယ်။ အရင်ကဆို အင်္ဂလန်မှာ တက္ကသိုလ်တောင် အလကားတက်လို့ ရတယ်။ တနည်းအားဖြင့် အလကားရတာတွေ အတော့်ကိုများတယ်။ တနည်းအားဖြင့်အနောက် နိုင်ငံတွေက လူမှုဖူလုံရေး စနစ်၊ social welfare ပဲခေါ်ခေါ် social safety net၊ safety valve ပဲခေါ်ခေါ် လူတွေကို အုံကြွပေါက်ကွဲ မလာအောင် ထိန်းထားတဲ့ အစီအမံတွေဟာ ကြီးကြီးမားမားရှိတယ်။ ဒီအစီအမံတွေရဲ့  အစဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်ကြားကာလမှာ စတယ်။ အရင်းရှင် စနစ်ဟာ တနည်းအားဖြင့် ဈေးကွက်ကို သူ့ ဘာသာသူ အထိန်းအကွပ် မရှိ ဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာလုပ်ဆိုပြီး လွှတ်ပေးထားတာဟာ လူထု အုံကြွမှုတွေကို ဖြစ်ပွားစေတာကို တွေ့  ခဲ့ကြတဲ့အတွက်၊ တနည်းအားဖြင့် လူ့ အဖွဲ့ အစည်းအတွက် အန္တရယ် ရှိစေပြီး နောက်ဆုံးကမ္ဘာစစ်ကြီးတွေ ဖြစ်စေတဲ့ထိ ဆိုးကျိုးပေးနိုင်တာ ကို တွေ့ ခဲ့ကြတဲ့အတွက် အဲ့ဒိခေတ်က အမြင်စူးရှတဲ့၊ ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ စီးပွားရေး ပညာရှင်တွေ ဥပမာ J M Keynes တို့ လို ပုဂ္ဂိုလ်တွေက ပြောခဲ့တဲ့ လူမှုဖူလုံရေး စနစ်တွေကို ထားရှိဖို့  သက်ဆိုင်ရာအစိုးရတွေကို ဟာအရင်းရှင် စနစ်ကို ဒီတိုင်းလွှတ်ထားလို့ တော့ မရပေဘူး။ laissez-faire capitalism ဟာ အလုပ်လက်မဲ့တွေ အများကြီး ဖြစ်စေတယ်။ လူ့ အဖွဲ့  အစည်းမှာ လူတွေအတွက် အရေးကြီးဆုံးဟာ အလုပ်အကိုင်ပဲ၊ အလုပ်ရှိမှ လူတွေဟာ ထမင်းစားနိုင်မယ် နောက်အုံကြွမှုကို ထိန်းသိမ်းနိုင်မယ်၊ အလုပ်အကိုင်ဖန်တီးနိုင်ဖို့  ဘာမဆို လုပ်ရမယ်၊ ဈေးကွက်က အလုပ်အကိုင် မဖန်တီးပေးနိုင်ရင် အစိုးရက ၀င်ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးမှရမယ်လို့ ဆိုတယ်။ အသေးစိတ် သိချင်ရင်တော့သူ့ ရဲ့  စာအုပ်ကြီးကို ဖတ်ကြည့်ပေတော့။ ခုဆို အင်တာနက်ပေါ် အလကားတောင် ဖတ်လို့  ရမယ်ထင်တယ်။ နံမယ်က The General Theory of Employment, Interest and Money တဲ့။

ဒီတော့ စစ်ကြီးနှစ်ခုကြားကာလစပြီး ပြောခဲ့တဲ့ social welfare စနစ်တွေ စပေါ်လာတာပဲ။ အမေရိကန်မှာဆို ရူးစဗဲ့ရဲ့ new deal အစီအစဉ်ဟာ ခုအနောက်နိုင်ငံတွေမှာ တွေ့ ရတဲ့ social welfare စနစ်ရဲ့ ထင်ရှားတဲ့သာဓက တခုပဲ။ စစ်ကြီးနှစ်ခု ပြီးဆုံးပြီးနောက်ပိုင်း ကုန်လွန်ခဲ့တဲ့ ရာစုနှစ်တလျှောက်လုံး နီးပါးမှာ ပြောခဲ့တဲ့ welfare capitalism ပုံစံနဲ့  အနောက်နိုင်ငံတွေမှာ အထိုက်အလျှောက်တည်ငြိမ်မှုရခဲ့တယ်။ ကြားထဲမှာ ဒီပုံစံကို ပစ်ပစ်ခါခါ ဝေဖန်တဲ့ ဖရီးမားကစ် စစ်သွေးကြွ ဘောဂဗေဒသမားတွေ ထွက်လာသေးတယ်။ ဥပမာ Frederic Hayek နဲ့  Milton Friedman ပေါ့။ ဒါပေမယ့်လည်း သူတို့ နှစ်ယောက်ကိုစီးပွားရေ နိုဘယ်ဆုပေးတာက လွဲပြီး သူတို့  အပြောတွေကို ဘယ်ပေါ်လစီဖော်ဆောင်သူကမှ အရေးတယူ မလုပ်ခဲ့ပါဘူး။

တကယ်တော့ လူတွေကို ကြောင့်ကြမဲ့ နေနိုင်အောင် စီမံပေးနိုင်တာဟာ ကောင်းတာပဲ။ မဟုတ်ဖူးလား။ အလုပ်မရှိရင် အစိုးရက အလုပ်ပေးထားမယ်။ ကျောင်းအလကား တက်ရမယ်။ ဆေးရုံ အလကားတက်လို့ ရမယ် ဘယ်လောက်ကောင်းသလဲ။ ဒါတွေ အကုန်လုံးကိုအစိုးရက စီစဉ်ပေးတယ်၊ ဘယ်လောက်ကောင်းသလဲ။ ဒါပေမယ့် မေးစရာ ရှိတာက ဒီလိုအစီအမံတွေကို ဖော်ဆောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအမြစ် resources တွေ၊ အလွယ်ပြောရရင်တော့ ပိုက်ဆံတွေကို ဘယ်ကရမလဲ။ ကျနော်တို့ မြင်ရတဲ့ အပိုင်းက အနောက်နိုင်ငံတွေမှာ လူတွေဟာ အမျိုးမျိုးသော အခွင့်အရေးတွေ ရတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေကို ဘယ်ကနေ ဘယ်လိုဘယ်ပုံ ရနေသလဲဆိုတာကိုတော့ မမြင်ကြရဘူး။ အစိုးရတွေ က ဒီအခွင့်အရေးတွေကို ဘယ်လို ဖြည့်ဆည်းပေးနေနိုင်သလဲ ဆိုတာ မမြင်ကြဘူး။

ဒီပြောခဲ့တဲ့ အချက်ကို မမြင်သေးသမျှတော့ အရင်းရှင် ဒီမိုကရေစီပေါ် အကြီးအကျယ် အထင်ကြီးနေမိအုံးမှာဘဲ။ ခုဂရိမှာ စတွေ့ လာရတဲ့ ပြသနာဟာ ဒီအထင်ကြီးမှုတွေကို ပျက်ပျယ်သွားစေလောက်တယ်။ ကြောက်ဖို့ ကောင်းတာက ခုဂရိမှာတွေ့ နေရတာဟာ ဂရိ တနိုင်ငံထဲမှာ သီးသန့် ဖြစ်တဲ့ ကိစ္စမဟုတ်ဖူး။ အနောက်နိုင်ငံတွေ အားလုံးမှာ ကျင့်သုံးနေတဲ့ စီးပွားရေး၊ နိုင်ငံရေး ပုံစံကိုပါ စိန်ခေါ်နေတဲ့ အဖြစ်အပျက်လို့ ထင်တယ်။ ဥပမာ ဂရိအစိုးရဘွန်းတွေတင်မက၊ စပိန်၊ ပေါ်တူဂီ၊ အိုင်ယာလန်၊ အီတလီနဲ့ အင်္ဂလန်က အစိုးရဘွန်းတွေပေါ် ဈေးကွက်ထဲ အယုံအကြည်မရှိလို့ ကြောက်အားလန့် အား ပြုံပြီးထုတ်ရောင်းလာတာတွေဟာ ဒီအချက်ကို ပြနေတယ်။

ဒီနိုင်ငံတွေ အားလုံးမှာ တူညီတဲ့ အချက်က သူတို့ ဟာ ၀င်ငွေထက် ထွက်ငွေက ပိုများနေတာပဲ။ ကိုယ့်ဝင်ငွေထက် ပိုသုံးတဲ့ လူတွေကို စာရှုသူတို့ တချိန်မဟုတ် တချိန်တော့ကြုံဖူးကြမှာဘဲ။ နောက်ဆုံးပေါ် ပစ္စည်းဆိုလည်း ၀ယ်သုံးလိုက်တာပဲ၊ နောက် ဟောလီးဒေးဆိုလည်း ကဒီး ကဒီးသွားနိုင်၊ ပွဲလန်းသဘင်ဆိုလည်း မပြတ်၊ အင်္ကျီ ဘောင်းဘီလေးတွေလှတာတွေ့ လည်း သိပ်မစဉ်းစားဘဲ ကိုယ်ပေါ် ခါးပေါ် ဆင်လိုက်ကြတာပဲ။ မသိရင်တော့ သိပ်အားကျစရာ ကောင်းတာပဲ။ ဒါပေမဲ့ ကိုယ့်ဝင်ငွေထက် ပိုသုံးနေပြီဆိုရင် ဒီပိုက်ဆံကိုဘယ်ကရမလဲ။ ဘဏ်ကနေချေးတာပေါ့။ ဒီလို လူတွေရဲ့ ခရစ်ဒစ်ကဒ် အကြွေးစာရင်းကို မြင်ရရင်တော့ အားကျချင်မှ အားကျမယ်။ ကိုယ်သုံးဖို့ ပိုက်ဆံကို ဘဏ်ကလည်း အလွယ်တကူ ထုတ်ချေးတဲ့ အချိန်၊ ၀င်ငွေလည်း မှန်မှန် ရှိနေချိန်မှာတော့ သိပ်အလုပ်ဖြစ်တာပေါ့။ အိမ်ဆိုလည်း သုံးလေးလုံးဝယ်မလား၊ ဒါပေမဲ့ ကိုယ့်ဝင်ငွေကျလာချိန်၊ အကြွေးတွေကလည်း လည်ပင်းရောက်လာချိန်မှာတော့ အရင်က ဟန်မပျက် သုံးဖြုန်းလာနေတာတွေအကုန်လုံးကို ရပ်ပစ်ရတော့မယ်။

ဂရိမှာ ဖြစ်နေတာ၊ ပေါ်တူဂီ၊ စပိန်၊ အီတလီ၊ အိုင်ယာလန်နဲ့ နောက်ဆုံး အင်္ဂလန်နဲ့  အမေရိကန် ပြည်ထောင်စုမှာပါ မလွဲမသွေ တွေ့ ကြုံလာရမဲ့ အချက်ဟာ ဒါပဲ။ ဒီနိုင်ငံတွေ အားလုံးဟာ ကိုယ့်ဝင်ငွေထက် သုံးတဲ့ငွေက များနေတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ၀င်ငွေရပုံ၊ သုံးပုံတွေက ကွဲကြပေမဲ့ ကိုယ်ရတဲ့ ပိုက်ဆံထက် နှစ်တိုင်းလိုလို မှန်မှန်ပိုသုံးနေတဲ့ အချက်မှာတော့အတူတူပဲ။ ဥပမာ ဂရိဆိုရင် အစိုးရထဲမှာ ချစားမှုတွေ၊ အဂတိ လိုက်စားမှုတွေ ရှိတဲ့အတွက်အစိုးရက အခွန်လုံလုံလောက်လောက် မရဘူး။ တဖက်မှာ အစိုးရအသုံးအဖြုန်းက ရက်ရက်စက်စက်ကြီးတယ်။ ကျနော့်တို့ မှာ ဂရိသူငယ်ချင်း တယောက်ရှိတယ်။ သူ့ အဖေက ဂရိလူမျိုး၊ အမေက အင်္ဂလိပ်၊ သူဟာ အသက်ရှစ်နှစ်ထဲက အင်္ဂလန်မှာ လာနေပြီး ဂရိစကားတောင် ကောင်းကောင်း မပြောတတ်တော့ဘူး။ ဂရိမှာလည်း နေတာမဟုတ်ဖူး။ ဒါပေမဲ့ သူ့ အဖေသေပြီးနောက်မှာ ဂရိအစိုးရက သူ့ အဖေရဲ့ ပင်စင်ကို သမီးလုပ်သူကို ဆက်ပေးတယ်။ ဒါဟာ တယောက်တလေ ကွက်ပြီး ရတာမဟုတ်ဖူး။ ဂရိမှာ spinster pension ဆိုတာရှိတယ်။ ဖခင် ကွယ်လွန်ပြီးရင် ဖခင်ရဲ့ သမီးအကြီးဆုံးက အိမ်ထောင်မကျသေးသရွေ့ ဖခင်ရဲ့  ပင်စင်ကို အိမ်ထောင် မကျမချင်း ဆက်ခံခွင့်ရှိတယ်။ ကျနော်တို့ မိတ်ဆွေ အပြောအရတော့ သူကို ဂရိအစိုးရက တလ ယူရို ၈၀ ပေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ သူ့ တယောက်ထဲကို အစိုးရကပေးတဲ့ ပိုက်ဆံဟာ ယူရိုတသောင်း ရှိနေပြီ။ သူလို လူမျိုးဘယ်နှစ်ယောက် ရှိမလဲ။ ဒါဥပမာ အနေနဲ့ပြောပြတာ။ ဂရိက ပင်စင်စနစ်ဟာ အင်မတန်မှ ဘုံးဘောလအော နိုင်တယ်။ နောက် လူတိုင်း၊ လူတိုင်းက ကိုယ့်အခွင့်အရေးရဖို့ ပဲကြည့်တယ်။ အဲ့ဒိအခွင့်အရေး ရဖို့ ကိုယ်မှ၊ ကိုယ့်မိသားစုမှအပ တခြားလူတွေပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိမလဲဆိုတာ မစဉ်းစားဖူး။ အဆိုးမြင်တယ်ပဲ ပြောပြော၊ ဒါဟာ universal human nature လူတိုင်းမှာရှိတဲ့ လူ့  သဘာဝလို လိုဖြစ်နေပါပြီ။ ချွင်းချက်တွေတော့ ရှိပါတယ်။

ဒီနေရာမှာ အနောက်နိုင်ငံတွေမှာ ကျနော်တို့ မြင်နေရတဲ့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး မေးစရာတွေ ပေါ်လာတယ်။ ဒီမိုကရေစီဟာ အလွယ်ပြောရင် ပြည်သူလူထုက ဆန္ဒမဲပေး တင်မြှောက်လိုက်တဲ့ အစိုးရက အုပ်ချုပ်တာလို့ အလွယ် အကြမ်းမျဉ်းပြောကြတယ်။ ပြည်သူလူထုက ကိုယ့်အကျိုးစီးပွားကို ကိုယ့်အခွင့်အရေးတွေကို များနိုင်သမျှ များများပေးမယ့် အာမခံချက်ပေးမဲ့ အစိုးရမျိုးကိုပဲ ရွေးကြမယ်။ ဒါပေမဲ့ ပြောခဲ့သလို ကိုယ့်ကို အခွင့်အရေး ပေးတာကိုပဲကြည့်ပြီး ဒီအခွင့်အရေးကို ပေးနိုင်ဖို့ အစိုးရက အပြင်မှာ ဘာလုပ်နေသလဲ ဆိုတာကိုလည်း တာဝန်သိတဲ့၊ လူ့ ကျင့်ဝတ်ကို တန်ဖိုးထားတဲ့ နိုင်ငံသားတယောက်ဟာ စောကြောသင့်တယ်။ ကိုယ့်ကို ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေပေးဖို့ သူများတယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ်ဆိုရင် ဒီလို အခွင့်အရေးမျိုးကိုကိုယ်ကတောင်းဆိုတာ၊ လိုလားတာ သင့်တော်ရဲ့ လားဆိုတာ မေးစရာပဲ။ သူများတကာရဲ့  ဒီမိုကရေစီ အခွင့်အရေးတွေကို ချိုးဖောက်မှ ကိုယ့် ဒီမိုကရေစီ အခွင့်အရေးတွေရမယ် ဆိုရင် ဒါဟာ သင့်တော်ပါရဲ့ လား။ ကျနော်မြင်ရသလောက်ကတော့ အဆိုးမြင်တယ်ပဲ ပြောပြော ကနေ့ ခေတ်မှာ လူတွေဟာ ကိုယ့်အခွင့်အရေး ရဖို့ လောက်သာ ကြည့်ကြတာပဲ။ ဆူပါမားကက်မှာ အင်္ကျီတထည်ကို သုံးဒေါ်လာနဲ့ ရောင်းနိုင်တယ်ဆိုတာ၊ ကိုယ်မမြင်ရတဲ့ နေရာတနေရာမှာ တရက်လုပ်ခ နှစ်ဒေါ်လာလောက်နဲ့ မ၀ရေစာ စားပြီး အလုပ်လုပ်နေတဲ့ လူတွေ ရှိလို့ ဒီဈေးနဲ့  ရနိုင်တာမဟုတ်ဖူးလား။ ကိုယ်က အင်္ကျီတထည်ကို ဈေးပေါပေါနဲ့ ဝယ်ခွင့်ရှိရမယ်ဆိုရင် အင်္ကျီချုပ်တဲ့လူမှာရော လုံလောက်တဲ့ လုပ်ခ ရခွင့် မရှိပေဘူးလား။ ဒါပေမယ့် ကိုးဆယ့်ကိုးရာခိုင်နှုံးသော လူတွေအတွက်က  အင်္ကျီတထည် တဒေါ် လာလောက်နဲ့  ရဖို့က ပိုအရေးကြီးကြတယ်။

နောက်တခါ ဒီမိုကရေစီစနစ်ရဲ့ အဓိကသရုပ်သကန်က ရွေးကောက်ပွဲကတဆင့် တက်လာတဲ့ အစိုးရ အုပ်ချုပ်တာပဲ။ ဒီမိုကရေစီ ကျင့်သုံးတယ်ဆိုတာ ပြဖို့ အုပ်ချုပ်သူ လူတန်းစားကသူတို့ ဟာ ရွေးကောက်ပွဲကနေ တက်လာတယ်ဆိုတာကို ပြကြတယ်။ ဗမာပြည်က စစ်အုပ်စုကိုကြည့်။ ဆိုတော့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ ပြယုဂ်ပဲ။ အပေါ်ယံကြည့်ရင်တော့ ခုပြောတဲ့ ဒီမိုကရေစီဟာ အင်မတန်မှ သွားရေယိုစရာပဲ။ ဒါပေမဲ့ လက်တွေ့ ကျင့်သုံးတဲ့ အပိုင်းမှာလေးလေးနက်နက် မေးစရာတွေပေါ်လာတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ကြပါပြီတဲ့။ အမတ်လုပ်ချင်တဲ့လူဟာ လူတွေကို ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်နဲ့ ဆွယ်ကြတယ်။ တနည်းအားဖြင့် လူတွေကို ကတိခံကြတယ်။ ရွေးကောက်ခံရပြီးတော့လည်း နောက်တချီ ထပ်အရွေးခံရအောင် လူကြိုက်မဲ့ အစီအမံတွေကိုပဲ ဖော်ဆောင်ပြီး လူထုအကြိုက်လုပ်ပြတယ်။ တိုင်းပြည်အတွက် ရေရှည်ကောင်းမဲ့ အစီအစဉ်နဲ့ ရေတိုမှာ လူကြိုက်များမဲ့ အစီအစဉ်နှစ်ခု ယှဉ်လိုက်ရင် အစိုးရလုပ်တဲ့သူက ရေတိုမှာ လူကြိုက်များမဲ့ အစီအစဉ်ကိုပဲရွေးမှာပဲ။ ခုကျနော်တို့ အင်္ဂလန်မှာ မြင်ရသလောက်ကလည်း ဒီအတိုင်းပဲ။ ဒီတော့ အစိုးရတွေဟာ ရေရှည်ကို မစဉ်းစားတော့ဘူး။ ရေတိုမှာရောရေရှည်မှာရော နှစ်ခုစလုံးအတွက် အကျိုးရှိမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်ဒါမျိုးက ဖြစ်နိုင်ခဲပါတယ်။

နောက်တခါ မဲဆန္ဒရှင်တွေရဲ့ တာဝန်၊ တနည်းအားဖြင့် ပြည်သူလူထုရဲ့ တာဝန်ကို ကြည့်ရင် မဲဆန္ဒရှင်တွေဟာ ကိုယ်ဖြစ်ချင်တာကိုချည်းပဲ ကိုယ်လိုချင်တာကိုချည်းပဲ ကြည့်လို့ မရဘူး။ အစိုးရလုပ်တဲ့သူ၊ လုပ်မဲ့သူကို ရိုးသားမှုရှိအောင် ညွှန်ကြားရမဲ့ တာဝန်ရှိတယ်။ အစိုးရ ကတိဟာ ကိုယ့်အတွက်ကောင်းတာတော့မှန်တယ်။ ဒါပေမယ့် လက်တွေ့ ကျရဲ့ လား။ အနာဂတ်မှာ မမွေးသေးတဲ့ လူဖြစ်မလာသေးတဲ့ လူတွေပေါ်မှာ ၀န်ထုတ်ဝန်ပိုးတွေ ပိနေမလားဆိုတာ စစ်ကြောရမယ်။ အဲ့သလို မလုပ်တဲ့ နိုင်ငံမျိုးက ဒီမိုကရေစီ စနစ်ဟာ ရေရှည်တည်တံ့မယ့် ဒီမိုကရေစီ စနစ်ဖြစ်လာမှာ မဟုတ်ဖူး။ ဒီမိုကရေစီဆိုတာ ကိုယ်လိုချင်တဲ့ အခွင့်အရေးကိုချည်း ပေးနေတဲ့ စနစ်မဟုတ်ဖူး။ ကိုယ်ကလည်း တခါတခါ ကိုယ့်အခွင့်အရေးကို အဆုံးရှုံးခံသင့်ခံပြီး ဒီမိုကရေစီကို ရေရှည်တည်တံ့အောင် စောင့်ထိန်းရတယ်။

ခုဘဏ္ဍာရေး အကျပ်အတည်းနဲ့ ဆက်စပ်ပြီး ပြောရရင် နိုင်ငံသားတွေက အကုန်လုံး နီးပါးကို အလကားနီးနီး လိုချင်တယ်။ အစိုးရတွေကလည်း သူတို့ အရွေးခံရဖို့ တခုထဲကို ကြည့်ပြီး အလကား ရနိုင်သမျှရအောင် စီစဉ်ပေးတယ်။ ကိုယ့်တိုင်းပြည်က အလျှံပယ် ကြွယ်ဝနေရင်တော့ တမျိုးပေါ့။ ဒါပေမယ့် ဒါမျိုးကလည်း အရှားသားပဲ။ ဒီနိုင်ငံတွေဟာ ကိုယ့်ဝင်ငွေထက် ထွက်ငွေက ပိုများနေတာ ဆယ်စုနှစ်နဲ့ ချီရှိနေပြီ။ အဲ့ဒိငွေတွေကို အစိုးရကလည်းသုံး၊ ကိုယ့်တိုင်းသူပြည်သားကလည်း ဖောဖောသီသီသုံးနေကြတယ်။ ဒါပေမယ့် သူတို့ဟာ အကြွေးနဲ့ ကြွေးကမ္ဘာထဲမှာ ပျော်နေကြတာပဲ။ ကိုယ်က အကြွေး မှန်မှန်ရနေချိန်မှာတော့ ဒါဟာ ပြသနာ မဟုတ်သေးဘူး။ ဒါပေမဲ့ ကိုယ်က အကြွေး ဆက်ယူနိုင်ဖို့ ခက်လာချိန်နောက် ကိုယ်ကိုယ်တိုင်ကလည်း ပိုက်ဆံမရှာချင်တဲ့ အချိန်၊ ဇိမ်နဲ့ နေရတာ ကျင့်သားရပြီးကြိုးကြိုးစားစား အလုပ်လုပ်ချင်စိတ် မရှိတော့ချိန်မှာ ပြသနာ အကြီးအကျယ်တက်တော့တာပဲ။ ခုဂရိမှာ ဖြစ်တာ ခြုံပြောရရင်တော့ ဒီလိုဖြစ်တာပဲ။ ဂရိတင်မက စပိန်၊ အီတလီ၊ အင်္ဂလန်၊ နောက်ဆုံး အမေရိကန်မှာပါ ဒါမျိုး ဖြစ်လာမှာ မြေကြီးလက်ခပ်မလွဲပဲ။

Discussion

2 thoughts on “ယူရိုဘဏ္ဍာရေး အကြပ်အတည်းနဲ့ အရင်းရှင်ဒီမိုကရေစ

  1. (ဒီမိုကရေစီဆိုတာ ကိုယ်လိုချင်တဲ့ အခွင့်အရေးကိုချည်း ပေးနေတဲ့ စနစ်မဟုတ်ဖူး။ ကိုယ်ကလည်း တခါတခါ ကိုယ့်အခွင့်အရေးကို အဆုံးရှုံးခံသင့်ခံပြီး ဒီမိုကရေစီကို ရေရှည်တည်တံ့အောင် စောင့်ထိန်းရတယ်။)

    အပြင်က ပြန်လာမှ နောက်တခေါက် သေချာ ထပ်ဖတ်ပါဦးမယ်။

    Posted by Rita | 05/06/2010, 06:11
  2. တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖြစ်နိုင်ရင် တောင်းဆိုချင်တာက ဟိုတလောက ဖြစ်သွားတဲ့ US Debt Ceiling ကိစ္စကို ဘယ်လို ဖြေရှင်းလိုက်သလဲဆိုတာရယ်၊ ဂရိကိစ္စကို အီးယူမှာ ဘယ်လို ဖြေရှင်းလိုက်သလဲ ဆိုတာရယ် သိချင်ပါတယ်။ လိုက်ဖတ်ကြည့်ပေမယ့်လည်း သိပ်တော့ ရှင်းရှင်းလင်းလင်း နားမလည်လိုက်ပါ။ ဖြစ်နိုင်ရင် ရေးစေချင်ပါတယ်။

    Posted by Arkar Kyaw | 19/11/2011, 04:43

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: