//
you're reading...
Burma, History

ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် အပိုင်း ၅ (က)

ဗမာ့သမိုင်းမှာ ဒုတိယကမ္ဘာစစ်ကြောင့် ဖြစ်လာတဲ့ အကြီးမားဆုံး အကျိုးဆက် တခုကတော့ ခေတ်သစ်  ဗမာ့တပ်မတော် ဒီကာလထဲမှာ ပေါ်ပေါက်လာမှုပဲ ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်သာ မဖြစ်ခဲ့ရင် ဂျပန်က ဗမာပြည်စစ်ဆင်ရေးလုပ်ဖို့ အစီအစဉ် မရှိခဲ့ရင် ခုသမိုင်းစာအုပ်တွေထဲမှာ ဖော်ပြနေတဲ့ ဗမာ့တပ်မတော်ဟာ ဘယ်လိုနည်းနဲ့ ပေါ်လာမလဲဆိုတာ စဉ်းစားလို့မရဘူး။ အဲဒါကြောင့် ဒီဆောင်းပါး အစမှာ ရဲဘော်သုံးကျိပ် ဆိုတာ ဘယ်နားနေမယ်မှန်းတောင် မသိဘူးလို့ ပြောခဲ့တာ။ တခုတော့ ရှိတာပေါ့လေ၊ ကိုလိုနီအစိုးရ လက်ထက် ဒုတိယကမ္ဘာစစ် မဖြစ်ခင် အင်္ဂလိပ်လက်အောက်က ဗမာအစိုးရရဲ့ တပ်မတော်ကို ဗမာ့တပ်မတော်လို့ တချို့ က ပြောချင် ပြောကြမှာပဲ။ ဒါပေမယ့် ဒါဟာ မပြည့်စုံတဲ့ analysis ဖြစ်မှာပဲ။

ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေကို ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက်နေ့ ဘန်ကောက်မှာ စဖွဲ့တယ်။ [တပ်မတော်သမိုင်းမှတ်တမ်း(၁)နဲ့ ရဲဘော်ရာကျော်ပြုစုတဲ့ ‘ရဲဘော်သုံးကျိပ်နဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ကြောင်းများ’ စာ ၂၃ မှာ ဒီဇင်ဘာ ၂၆လို့ ပြောထားပေမယ့် တချို့ မှတ်တမ်းတွေမှာ ဒီဇင်ဘာ ၂၇ ဆိုပြီးပြောတယ်။ ဗမာ့တပ်မတော်ဟာ ဘီအိုင်အေကနေ ဘီဒီအေ၊ နောက် ဘီအင်အေနဲ့ စစ်ကြီးအပြီးမှာတော့ ပီဘီအက်(ဖ) မျိုးချစ်ဗမာ့တပ်မတော် စသဖြင့်ခေါ်ဝေါ်ကြပြီး စစ်ကြီးအပြီးမှာတော့ ဗမာ့တပ်မတော်ရယ်ဆိုပြီး ဖြစ်လာတယ်။]စထောင်ခါစက ဘီအိုင်အေဟာ လူရာဂဏန်းလောက်သာ ရှိပေမယ့် ဗမာပြည်ထဲဝင်ပြီး သိပ်မကြာခင်မှာဘဲ သောင်းဂဏန်းထိ (တသောင်းကနေ ငါးသောင်းကြားထိ) ရှိလာတယ်။ အရေအတွက် တိတိကျကျ မပြောနိုင်တာကလည်း ၀င်ချင်တဲ့လူတိုင်းကို ပေးဝင်တာဖြစ်တဲ့အတွက် ဖြစ်တယ်။ ဘီအိုင်အေစဖြစ်လာချိန်မှာ သတိပြုစရာ အချက်တွေ အများကြီးပဲ။ ပထမတချက်အနေနဲ့ ဘီအိုင်အေကို စစ်ချီရာ လမ်းတလျှောက် ဖြတ်သန်းသွားတဲ့ မြို့  ရွာတွေက လူတွေနဲ့အများဆုံး ဖွဲ့ထားတာတွေ့ရမယ်။ [ဗမာပြည်ကို အရှေ့  ဘက်ခြမ်းက၀င်တယ်၊ စစ်တောင်းမြစ်ကိုဖြတ်ပြီး ရန်ကုန်ကိုသိမ်းတယ်။ တချို့  စစ်ကြောင်းတွေက ခုရန်ကုန် မန္တလေး မီးရထားလမ်းအတိုင်း ချီတက်သွားကြပြီး တချို့  ကပြည်လမ်းကြောင်းအတိုင်း ချီတက်ကြတယ်။ အဓိကရည်ရွယ်ချက်က  Burma Road ကိုအမြန်ဆုံး ပိတ်ဆို့ရေးနဲ့ မန်းရေနံမြေလို စစ်ရေး၊ စီးပွားရေးအတွက် အချက်အချာကျတဲ့ နေရာတွေကို အမြန်ဆုံး စီးမိရေးပဲ။ အဲဒါကြောင့် အတော်များများကြီးဟာ အောက်ပြည်အောက်ရွာကလူတွေ ဖြစ်ပြီး အဲဒိထဲမှာ ထိုင်းရောက်ဗမာတွေနဲ့ ဗမာပြည်ပေါက် ဗမာလူမျိုးတွေအများအပြားပါတယ်။ အစပိုင်းမှာ ထိုင်းရောက် ဗမာတွေနဲ့ ဖွဲ့ရတဲ့အတွက် တချို့ ဗမာ စကား မပေါက်သူတွေလည်း ဘီအိုင်အေမှာပါပြီး အမိန့်ပေးရတဲ့အပိုင်း၊ စည်းကမ်းထိန်းရတဲ့ အပိုင်းမှာ ဒီအချက်တွေဟာ အခက်အခဲတွေနဲ့ကြုံရဖို့ ဖြစ်လာခဲ့တယ်။ အရေးကြီးတဲ့ နောက်တချက်က ဘီအိုင်အေ အောက်ခြေက ယူနစ်တွေနဲ့ ဂျပန်စစ်ဌာနချုပ်ကြားမှာ [James F Guyot ‘Political Impact of Japanese Occupation’ p126] chain of command မရှိဘူး။ အကျိုးဆက်အားဖြင့် အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို အထက်က မသိနိုင်သလို ဘီအိုင်အေဟာ တချို့  နေရာတွေမှာ တကယ့်ကို ထိန်းမနိုင် သိမ်းမရနဲ့ စည်းမရှိ ကမ်းမရှိ လုပ်ရပ်တွေ ကျူးလွန်တာမျိုးတွေ ရှိခဲ့တယ်။ နောက်ဘီအိုင်အေထဲကို ၀င်လာသူတွေထဲမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် တကယ့် စိတ်ရင်းစေတနာမှန်နဲ့ ၀င်လာသူတွေရှိသလို တေလေဂျပိုးတွေ၊ ရာဇ၀တ်သားတွေလည်း အများကြီးပဲ။ အင်္ဂလိပ်က ဗမာပြည်ကနေပြေးတဲ့အခါမှာ သူလုပ်ခဲ့တဲ့ လုပ်ရပ်လေးတွေ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ပြောချင်တယ်။ ပထမ အင်းစိန်ထောင်ထဲက ရာဇ၀တ်သား ငါးထောင်လောက်ကို လွှတ်ပေးခဲ့တယ်။ ဒုတိယ တံတားလေး စိတ်ရောဂါ အထူးကုဌာနက စိတ်မနှံ့ သူတွေကို လမ်းပေါ်လွှတ်ပေးခဲ့ပြီး နောက်ဆုံး ရန်ကုန်တိရိစ္ဆာန်ရုံထဲက ရှိသမျှ တိရိစ္ဆာန်တွေကို တကောင်မကျန် ပစ်သတ်သွားတယ်။ ရည်ရွယ်ချက်က ဂျပန်အ၀င်မှာ လူတွေ အထိပ်တလန့်ဖြစ်ပြီး ထိန်းသိမ်းရခက်အောင် လုပ်တာပဲ။ သူတို့လွှတ်ပေးလိုက်တဲ့ ရာဇ၀တ်သားတွေထဲမှာ ဘီအိုင်အေထဲကို ပျော်ပျော်ကြီး ၀င်လာသူတွေ အများကြီးမှ အများကြီး။   နောက်ခေတ်အဆက်ဆက် ဘယ်သူသေ ငတေမာပြီးရောဆိုတဲ့လူစားတွေ၊ ငဘတို့ရွာက သခင်ဖြိုးတုတ်လို သခင်တွေလည်း အများကြီးပဲ။ နောက်တခုက ဘီအိုင်အေမှာ တခြားတိုင်းရင်းသားလူမျိုးတွေ လုံးဝ မပါသလောက်ဘဲ။ ဒါဟာလည်း ကိုလိုနီ အင်္ဂလိပ်အစိုးရရဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်ထားတဲ့ သွေးခွဲရေး ပေါ်လစီရဲ့  အကျိုးဆက်တခုပဲ။ ဒီအကြောင်းကို အောက်မှာ ဆက်ပြောထားတယ်။ ဘီအိုင်အေထဲကို တိုင်းရင်းသား လူမျိုးစုတွေ မ၀င်သလို ဘီအိုင်အေကလည်း သူတို့ကို ၀င်ပါဆိုပြီး မခေါ်ခဲ့ဘူး။

ဘီအိုင်အေကြောင့် မျက်နှာပျက်စရာတွေ ရှိခဲ့သလို တဘက်မှာ ဘီအိုင်အေကြောင့် တချို့  မြို့ ရွာတွေမှာ စည်းနဲ့ကမ်းနဲ့ လုံလုံခြုံခြုံ ဖြစ်ခဲ့ရတာတွေလည်း အများကြီးပဲ။ ဒဂုန်တာရာတို့၊ ဒေါ်ခင်မျိုးချစ်တို့ ပြန်ရေးတဲ့ စာအုပ်တွေမှာ ဒါတွေကို ဖတ်ရဖူးတယ်။ ဘီအိုင်အေဟာ စကတည်းက စနစ်တကျဖွဲ့ ခဲ့ရတာ မဟုတ်တဲ့အတွက် စည်းနဲ့ကမ်းနဲ့တော့ မဟုတ်ဖူး။ ဒါပေမယ့် တချို့ ပြောသလို ဘီအိုင်အေဟာ သူခိုးဓားပြတပ် ဆိုတာကတော့ ဖြစ်ကတတ်ဆန်းပြောတဲ့ အပြောပဲ။ ဘီအိုင်အေဟာ စည်းမရှိကမ်းမရှိနဲ့ ထိန်းသိမ်းရခက်နေတာကို ဗိုလ်အောင်ဆန်းတို့လို ခေါင်းဆောင်တွေတင်မက ဂျပန်ကလည်း မကြိုက်ဘူး။ အဲဒိမှာ ဘီအိုင်အေကို တပ်နဲ့ပိုတူအောင် စည်းနဲ့ကမ်းနဲ့ ဖြစ်အောင်စလုပ်တယ်။ အဲဒိဖြစ်စဉ်ရဲ့ အကျိုးဆက်တခုက အနာဂတ် ဗမာ့တပ်မတော်ရဲ့  ရုပ်လုံးသဏ္ဍာန် ပီပြင်လာပြီး ဗမာ့တပ်မတော်ဟာ ဂျပန်အမှတ် ၁၅ တပ်မတော် အောက်ကနေ ညွှန်ကြားချက် ယူရုံသာ ယူတတ်တဲ့ အနေအထားကနေ တချိန်မှာ ဂျပန်ကို ပြန်ချဖို့ စနစ်တကျ စည်းရုံးရေးလုပ်နိုင်တဲ့ အဖွဲ့အစည်းသဏ္ဍာန်ကောင်းကောင်း ပေါ်လာခဲ့တာပဲ ဖြစ်တယ်။ [Mary Callahan, Making enemies p45-67]ပထမဆုံးအကြိမ်အဖြစ် ဗမာ့အမျိုးသား တပ်မတော်ဆိုပြီးပေါ်လာတဲ့အပြင် ဘီအိုင်အေမှာ ဌာနချုပ် သတ်သတ်မှတ်မှတ်ရှိတယ်။ အလံရှိတယ်။ နောက်တပ်မတော်သားများ လိုက်နာရန်စည်းကမ်းချက် စတာတွေကို ဗမာဘာသာ စကားနဲ့ ပထမဆုံးအကြိမ် ထုတ်ပြန်နိုင်တာ ဒီခေတ်မှာ ဖြစ်တယ်။ အစပိုင်းမှာ ဘီအိုင်အေရဲ့  စစ်ဦးစီးချုပ်ဟာ ဆူဇီကီး ဖြစ်ပေမယ့် ဘီအင်အေအဖြစ် ဖွဲ့စည်းပြီးချိန်မှာ ဗိုလ်အောင်ဆန်းဟာ ဗိုလ်မှုးချုပ်ရာထူးနဲ့ ဘီအင်အေရဲ့ ဦးစီးချုပ် ဖြစ်လာတယ်။ ဒါဟာ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ အမျိုးသားစစ်တပ် ရှိကိုရှိရမယ်လို့ ခံယူသူ ဗမာလူမျိုးတွေ၊ အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့ ချိုးနှိမ်မှုကို တွန်းလှန်ချင်သူတွေ အတွက် ဂုဏ်ယူစရာ အဖြစ်အပျက်ဖြစ်သလို ပထမဆုံးအကြိမ်အဖြစ် ဗမာလူမျိုးတွေရဲ့  မိမိကိုယ် မိမိယုံကြည်မှုကို မြင့်တက်သွားစေတဲ့ အဖြစ်အပျက်ပဲ။  

ထိုင်းမှာဗမာ့လွတ်လပ်ရေးတပ်မတော်ကိုဖွဲ့ချိန်မှာ ပြည်တွင်းမှာလည်း ဗမာ့တပ်မတော် ဆိုတဲ့ နံမယ်နဲ့ တပ်တတပ်ရှိတယ်။ အပိုင်းနှစ်မှာ ပြောခဲ့တဲ့ ၁၉၃၇ ဗမာအစိုးရအက်ဥပဒေ အရ အဲဒိနှစ် ဧပြီလတရက်နေ့မှာ British Burma Army ဆိုပြီးပေါ်လာတယ်။ ဒုတိယ ကမ္ဘာစစ်သာမဖြစ်ဘဲ ဗမာပြည်ဟာ ဒီ၁၉၃၇ အက်ဥပဒေနဲ့ တချိန်ချိန်မှာ လွတ်လပ်ရေး ရခဲ့ရင် ဒီတပ်မတော်က ဗမာပြည်တပ်မတော်ဖြစ်လာဖို့ရှိတယ်။ ပြောခဲ့သလို သမိုင်းမှာ မဖြစ်ခဲ့တာတွေကို ဖြစ်ခဲ့သယောင် ဇာတ်လမ်းရေးကြည့်တာ ခွင့်မပြုတဲ့အတွက် ဒီအချက်ကို ဆက်စဉ်းစားနေရတာ အကျိုးမရှိပါဘူး။ ဒါပေမယ့် ပြောချင်တာက ကနေ့ သမိုင်းစာအုပ်တွေထဲက တပ်မတော်၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေမှာ ထိပ်ဆုံးကပါခဲ့တယ် ဆိုတဲ့ တပ်မတော်ဟာ ဒုတိယကမ္ဘာစစ်ကြောင့်သာ ဂျပန်ရဲ့ အကူအညီနဲ့သာ ပေါ်လာခဲ့တယ် ဆိုတဲ့အချက်ပဲ။ ကိုလိုနီအစိုးရရဲ့ တပ်မတော်ရော၊ ဘီအိုင်အေ တပ်မတော်ရော နှစ်ခုစလုံးဟာ ဗမာပြည်ကို ဖွဲ့စည်းထားတဲ့ လူမျိုးစု အချိုးအစားကို ကိုယ်စားမပြုဘူး။ ကန္ဓီစာချုပ်အရ ပေါ်လာတဲ့ တပ်မတော်ကမှ လူဦးရေ စုဖွဲ့မှုနဲ့ အများကြီးပို နီးစပ်တယ်။[ကန္ဒီမှာ မောင့်ဘက်တန်နဲ့ သွားဆွေးနွေးကြတော့ PBF မျိုးချစ်ဗမာ့တပ်မတော်က အရာရှိတွေအပြင် ကရင်လူမျိုးတွေရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ စောဘဦးကြီးလည်း ၀င်ဆွေးနွေးတဲ့ထဲပါတယ်။]

ဂျပန်ခေတ်ကနေ ထင်ထင်ရှားရှား ကျန်ခဲ့တဲ့ ဆိုးမွေတခုကတော့ ကရင်ဗမာ ရန်လိုမုန်တီးမှုပဲ။ ဒါဟာ ကိုလိုနီအစိုးရရဲ့ ရည်ရွယ်ချက် ရှိရှိ သွေးခွဲအုပ်ချုပ်ခဲ့တဲ့ နည်းဗျူဟာနဲ့ ဘီအိုင်အေ စစ်ဗိုလ်စစ်သားတွေရဲ့  နိုင်ငံရေးအသိ မရင့်ကျက်မှု ပေါင်းပြီးရလာတဲ့ အတိတ်မှာဘဲ ထားခဲ့ချင်စရာ ကောင်းတဲ့ နောက်အဖြစ်အပျက်တခုပဲ။ တကယ်တော့ ဘီအိုင်အေခေတ်မှာ ယူနီဖောင်းဝတ် လူရမ်းကားတချို့ ရဲ့  နိုင်လိုမင်းထက်ပြုမှုကို ကရင်တွေတင်မက၊ တရုတ်တွေ၊ ကုလားတွေနဲ့ ဗမာတွေပါ ခံရတာ ဖြစ်တယ်။ ဒါပေမယ့် ကိုလိုနီအစိုးရလက်အောက်မှာ ကရင်တွေကို ဗမာတွေက အမြင်မကြည်ချင်စရာအကြောင်းတွေပိုရှိတယ်။

တိုင်းရင်းသားလူမျိုးတွေနဲ့ ဗမာလူမျိုးတွေကြား အပြိုင်အဆိုင်ဟာ ဟိုးရှေးကတည်းက ရှိခဲ့ပြီး ဒါကို ကိုလိုနီအစိုးရ အဆက်ဆက်က သူတို့အကျိုးအတွက် လက်နက်တခုသဖွယ် ဖန်တီးပြောင်းလဲပစ်နိုင်ခဲ့တယ်။ ဥပမာ အင်္ဂလိပ်မြန်မာစစ်ပွဲတွေမှာ ရခိုင်အမျိုးသားတွေကို သူတို့စစ်တပ်ထဲမှာ ကုလားတွေနဲ့အတူ သုံးခဲ့တာတွေ ရှိတယ်။ [အဲဒိအတွက် ရခိုင်တွေကို အမျိုးသား သစ္စဖောက်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ ရခိုင်ဟာ အ၀ကို သစ္စာခံထားတာ မဟုတ်ဘဲ ဘိုးတော်ဘုရားက ရခိုင်ကို သိမ်းပိုက်ခဲ့တာသာ ဖြစ်တယ်။] နောက်သီပေါမင်း ပါတော်မူပြီးနောက် ပုန်ကန်ထကြွမှုတွေကို နှိမ်နင်းမှုတွေနဲ့ ဆရာစံသူပုန်တွေကို နှိမ်နင်းရာမှာ ကိုလိုနီအစိုးရက ကရင်တွေကိုအဓိက အသုံးပြုခဲ့တာဖြစ်တယ်။ ကရင်တွေဟာ အမေရိကန် ခရစ်ယာန်သာသနာပြုတွေရဲ့ ကြိုးပမ်းမှုနဲ့ ခရစ်ယာန်တွေ ဖြစ်လာသလို အင်္ဂလိပ်စာလည်း ဗမာတွေထက် ပိုတတ်တဲ့အတွက် ကိုလိုနီစစ်တပ်ထဲမှာ အမှုထမ်းခိုင်းဖို့ အခြေအနေပေးတယ်။ ကိုလိုနီတပ်နဲ့ရဲတပ်ထဲမှာ အစပိုင်းမှာ ဗမာတွေကိုပါ ထည့်သွင်းဖို့လုပ်ဆောင်ခဲ့မှုတွေ ရှိတယ်။ အထူးသဖြင့် ပထမကမ္ဘာစစ်ဖြစ်တော့ စစ်သားလိုတဲ့အတွက် စစ်သားစုဆောင်းမှုအပိုင်းမှာ ဗမာလူမျိုးတွေကိုပါ ကိုလိုနီစစ်တပ်ထဲ ပိုပြီးလက်ခံခဲ့တယ်။ ဒါပေမယ့် ၁၉၂၀ ပထမကျောင်းသားသပိတ် အပြီးမှာဗမာလူမျိုးတွေရဲ့  အမျိုးသားရေး စိတ်ဓာတ်အရှိန်ကို ကိုလိုနီအစိုးရက တော်တော်လေး shock ရသွားပုံရတယ်။ [Mary Callahan, Making enemies chapter 1] ဒါ့ကြောင့် နောက်ပိုင်းမှာ ဗမာတွေကို ကိုလိုနီစစ်တပ်ထဲမှာ လုံးဝမထားဖို့ ပေါ်လစီကို ကျင့်သုံးခဲ့ပြီး တခါ ဒုတိယကမ္ဘာစစ်နားနီးလာပြန်တော့ ဒီပေါ်လစီကို ပြန်စဉ်းစားစရာ ဖြစ်လာပြီး ဗမာလူမျိုးတွေကို စစ်တပ်ထဲ ပြန်ဝင်ခွင့်ပြုလာခဲ့တယ်။

၁၉၃၁ ခုနှစ်က ဗမာပြည်စစ်တပ်တွင်း လူမျိုးစုဦးရေ ပါဝင်ဖွဲ့စည်းမှုဇယား [ဒီဇယား မူရင်းက J S Furnivall, Colonial Policy and Practice ရဲ့ စာအုပ်ထဲက ဖြစ်ပြီး ခုအပေါ်က ဇယားကိုတော့ Mary Callahan ရဲ့ စာအုပ်ကတဆင့် ကူးယူဖော်ပြထားတာဖြစ်]

လူမျိုး တပ်တွင်းဦးရေ တပ်တွင်းပါဝင်မှု % တနိုင်ငံလုံး လူဦးရေ %
ဗမာ     ၄၇၂  ၁၂   ၇၅
ကရင်    ၁၄၄၈  ၃၈     ၉
ချင်း      ၈၆၈  ၂၃     ၂
ကချင်      ၈၈၁  ၂၃     ၁
တခြား      ၁၆၈    ၄   ၁၂
စုစုပေါင်း     ၃၈၃၇ ၁၀၀  ၁၀၀

 

ဇယားကိုကြည့်ရင် ဒို့ဗမာအစည်းအရုံးစဖွဲ့ခါစက ဗမာပြည်စစ်တပ်ထဲက လူမျိုးစု စုဖွဲ့ပုံဟာ ပြင်ပက စုဖွဲ့ပုံကို ဘယ်လိုမှ ကိုယ်စားမပြုတာ အထင်အရှားတွေ့ရမယ်။ ဒါတောင် ဗမာထဲမှာ ရှမ်းနဲ့မွန်ကို ထည့်ထားတာဖြစ်တဲ့အတွက် ဗမာလူမျိုးတွေ ပါဝင်မှု ရာခိုင်နှုံးဟာ ဘယ်လောက်တောင် လက်တွေ့လောကနဲ့ မကိုက်သလဲဆိုတာ တွေ့နိုင်တယ်။ ဒုတိယ ကမ္ဘာစစ် ဖြစ်တဲ့အချိန်မှာ လိုအပ်ချက်အရ ဗမာလူမျိုးတွေကို စစ်တပ်ထဲ ပိုပေးဝင်တဲ့အတွက် တပ်ထဲက ဗမာလူမျိုး အချိုးအစားဟာ နှစ်ဆတက်လာခဲ့တယ်။ ဒါပေမယ့်လည်း တိုင်းပြည်ထဲက လူဦးရေနဲ့ အချိုးညီကိုယ်စားပြုနိုင်တဲ့ အဆင့်ကို ဘယ်လိုမှ မရောက်ခဲ့ဘူး။ (အဲဒိတုန်းက ဗမာ့လက်ရုံးတပ်နဲ့ နိုင်ငံရေးပါတီတွေရဲ့  တပ်တွေရှိခဲ့ပေမယ့် လက်နက်ကိုင်ဆောင်ခွင့်မရှိဘဲ ၀ါးတွေ၊ တုတ်တွေကိုသာ သေနတ်လို သဘောထားပြီး လေ့ကျင့်ခဲ့ကြတာ ဖြစ်တယ်။ ဒီလက်ရုံးတပ်တွေကို အင်္ဂလိပ်က စိုးရိမ်စရာ မရှိဘူးလို့ယူဆခဲ့ပုံရတယ်။)

အင်္ဂလိပ်က ဗမာတွေကို စစ်တပ်ထဲတင် မဟုတ်ပါဘူး။ သူတို့ရဲ့ ဗျူရိုကရေစီယန္တရားထဲမှာ နိမ့်နိုင်သမျှနိမ့်တဲ့ နေရာတွေမှာဘဲ ထားဖို့ရည်ရွယ်ခဲ့တာပဲ။ ကိုလိုနီခေတ်ဗမာပြည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ ဘယ်နှစ်ယောက်ထုတ်ပေးနိုင်ခဲ့လဲ။ ဆေးကောလိပ်ဟာ ဒိုင်အာခီ လက်ထက် (၁၉၂၂ -၂၃)ကျမှစပေါ်ခဲ့တာဖြစ်တယ်။ အကျဉ်းဌာနတွေကို ကြည့်ရင်လည်း အရာရှိတွေဟာ ကပြားတွေနဲ့ ကုလားတွေပဲဖြစ်ပြီး လွတ်လပ်ရေး ရပြီးမှသာ ဗမာတွေထောင်မှုး ထောင်ပိုင်ဖြစ်လာကြတာဖြစ်တယ်။ [ရန်အောင်မောင်မောင် ထောင်တသက် အတွေ့အကြုံ စာ ၂၇ ] ဆရာကြီးဦးဘခင် စာရင်းစစ်ဌာနကိုရောက်တော့ ဒီဌာနကို ကုလားတွေက မောင်ပိုင်စီးထားတာလို့ သူ့တပည့် ဦးကိုလေးစာအုပ်ထဲ ဖတ်ရဖူးတယ်။ အစိုးရရုံးတွေမှာ အလုပ်ပေါ်ရင် ကုလားအရာရှိက ကုလားပြည်က သူ့အမျိုးတွေကိုပဲ လှမ်းခေါ်ပြီး ဦးကိုလေး အပြောအရ ဘယ်ဗမာမှ အဲဒိရုံးမှာ အလုပ်မလုပ်နိုင်ဘူးလို့ သိရတယ်။

ကိုလိုနီအစိုးရလက်အောက်မှာ ပိုပြီးအဆင့်မြင့်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်ပုံတွေကြောင့် ဗမာပြည်ဟာ တနှစ်ထက်တနှစ် စီးပွားဥစ္စာတိုးသထက် တိုးလာခဲ့တာ အမှန်ပဲ။ ဒါပေမယ့် ဒီစီးပွားရေး အကျိုးအမြတ်တွေကို အများဆုံးခံစားရသူတွေဟာ အင်္ဂလိပ်အရင်းရှင် ကုမ္ပဏီတွေ၊ ကုလား၊ တရုတ်တွေနဲ့ ကပြားတွေသာ ဖြစ်ပြီး လူများစုဖြစ်တဲ့ ဗမာတွေဟာ ဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးစီးပွားကို ခံစားခဲ့ကြရတာ မဟုတ်ဖူး။ ဒါကို အင်္ဂလိပ်တွေထဲက သမာသမတ်ရှိတဲ့ J S Furnivall တို့လို ဗျူရိုကရက် စကော်လာတွေရဲ့  အရေးအသားတွေမှာ ထင်ထင်ရှားရှားတွေ့နိုင်တယ်။ [J S Furnivall  Colonial Policy and Practice မှာအများဆုံး တွေ့နိုင်ပါတယ်။] အင်္ဂလိပ်က ဗမာတွေကို နွားနဲ့ဖက်လုပ်ရတဲ့ အလုပ်တွေမှာသာ လုပ်စေချင်ပုံရတယ်။ ကိုလိုနီခေတ် အစောပိုင်းနဲ့ ၁၉၃၀ လောက်ထိက ရန်ကုန်မြို့ ရဲ့ လူဦးရေစုဖွဲ့မှုကိုကြည့်ရင် ဗမာလူမျိုးက တကယ့်ကို အနည်းစုဖြစ်ပြီး ပြောခဲ့တဲ့ ကပြားတွေ၊ ကုလားတွေ၊ တရုတ်တွေကပဲ အရေးပါတဲ့ နေရာတွေအားလုံးကို ကြီးစိုးထားခဲ့တာဖြစ်တယ်။ အဲဒိအတွက် ဗမာလူမျိုးတွေရဲ့  အစောပိုင်းကာလ အမျိုးသားရေး အမြင်ဟာ ဗမာမှအပ ကျန်တဲ့လူမျိုးတွေပေါ် နာကျည်း အမျက်ထွက်မှုတွေ ရောစွက်နေတာဖြစ်နိုင်တယ်။ ပြောခဲ့တဲ့ နောက်ခံအကြောင်းရင်း အချက်တွေကို ထည့်မစဉ်းစားဘဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ရှမ်းတွေနဲ့ ပတ်သက်ပြီး စုဖုရားလတ်ကို ပြောတဲ့ မှတ်ချက်အရ (အတိအကျတော့ မမှတ်မိပါ။ မှတ်မိသူရှိရင် ၀င်ဖြည့်ပေးသွားပါ။)သူ့ကို မျက်ကန်းမျိုးချစ်ပမာ ပြောတာဟာ မရိုးသားတဲ့အပြော၊ ဒါမှမဟုတ် သေချာမသိလို့ပြောတဲ့ အပြောပဲ။ (တဆက်တည်းမှာ ကြုံလို့ပြောချင်တာက နာဇီဝါဒဟာ ဘယ်လိုအကြောင်းကြောင့်မှ လက်သင့်ခံစရာ ကောင်းတဲ့ အယူအဆမဟုတ်ဖူး။ ဒါပေမယ့် ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ဂျာမန်တွေ ဟစ်တလာကို ဘာ့ကြောင့် ၀န်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်သလဲဆိုတာကို နားလည်လို့ရတယ်။ အဲဒိအတွက် ဂျာမန်တွေကို တဘက်သတ် အပြစ်တင်တာဟာ အပြည့်အ၀ မမှန်ဘူး။)

ပြောခဲ့တဲ့ နာကျည်းမှုတွေစွက်နေခဲ့တဲ့ ဗမာ့အမျိုးသားရေးစိတ်ဓာတ်အရှိန်ဟာ အထိန်းအကွပ် ကောင်းကောင်းမရှိတဲ့ဘီအိုင်အေလက်ထက်မှာ ကရင်လူမျိုးတွေနဲ့ လူမျိုးရေးမုန်းတီးမှုကို အားကောင်းစေခဲ့တယ်။ ဒါပေမယ့်လည်း သခင်သန်းထွန်းတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်ချစ်တို့လို အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေကြောင့် ကရင်ဗမာ ကိစ္စဟာငြိမ်သွားပြီး နောက်ပိုင်းဗိုလ်ချုပ်လုပ်ကြံခံရပြီး သခင်သန်းထွန်းတို့ လည်းတောထဲမောင်းပို့ခံရပြီးနောက်မှာတော့ ကရင်လူမျိုးတွေဟာ သူပုန်ဘ၀နဲ့ နေနေရတာ ကနေ့ထက်ထိပါပဲ။

ဂျပန်ခေတ်မှာ ဗမာ့နိုင်ငံရေး လမ်းကြောင်းကို ပြောင်းလဲသွားစေတဲ့ အဓိကအချက် သုံးချက်မှာ နှစ်ချက်ကိုတော့ ပြောလို့ပြီးသွားပြီ။ နောက်တတိယအချက်ကို သတ်သတ်ပြောရင်ကောင်းမယ် ယူဆတဲ့အတွက် နောက်တပိုင်းအနေနဲ့ပဲ ရေးတော့မယ်။ အစပိုင်းမှာ ဘေးရောက်နေတဲ့၊ ထောင်နှုပ်ခမ်း လျှောက်နေရတဲ့ နိုင်ငံရေးအင်အားစုတွေ သခင်လူငယ်တွေဟာ ဒီကာလထဲမှာ အရင်ကထက် လုပ်ပိုင်ခွင့် ရတဲ့အနေအထားကို ရလာတယ်။ ဒီအနေအထားကနေ နောင်နှစ်အနည်းငယ်အတွင်းမှာ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးအတွက် အင်အားတခုကို ခိုင်ခိုင်မာမာဆောက်တည်ပြီး သူတို့ရဲ့  အစွမ်းအစ၊ ကြံရည်ဖန်ရည်ကို ပြခဲ့တယ်။ ဗမာပြည်ကို ပြန်ဝင်လာတဲ့ စစ်ပြေးအစိုးရတွေကို နိုင်ငံရေး စင်မြင့်မှာ ကောင်းကောင်းစိန်ခေါ်နိုင်တဲ့ ဖဆပလ အဖွဲ့ကြီးဟာ ဒီဂျပန်ခေတ်ထဲမှာ ပေါ်လာတာဟာ ခပ်ပေါ့ပေါ့သဘောထားရမယ့် အချက်မဟုတ်ဖူးလို့ ထင်တယ်။ အဲဒိအခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဘယ်သူ့ဘက်ကနေခဲ့သလဲဆိုတဲ့ မေးခွန်းတွေကိုပါ လေ့လာဆန်းစစ်ကြည့်ပြီးသားဖြစ်မယ် ယူဆပါတယ်။

ဝတုတ

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: