//
you're reading...
Economics, Politics
ယူရို ဘဏ္ဍာရေး အကျပ်အတည်း (၂)
မေလ ဆယ်ရက်နေ့မနက်မှာ အီးယူနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဥရောပ ဗဟိုဘဏ် (အီးစီဘီ)တို့ ကဥရောပ နိုင်ငံတွေရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ယူရို ဘီလီယံ ၇၂၀ အမေရိကန် ဒေါ်လာနဲ့ ဆို ဘီလီယံ ၉၃၀ (သန်းပေါင်း ကိုးသိန်းကျော်) တန်ဖိုးရှိတဲ့ အစီအစဉ်တခုကို ကြေညာသွားတယ်။
၂၀၀၇ ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းကနေ ခုချိန်ထိ အစိုးရတွေရဲ့ ခုလို stimulus packages ကယ်ဆယ်ရေး အစီအစဉ်တွေဟာ တန်ဖိုးအားဖြင့်ဆိုရင် ဒေါ်လာ ထြီလီယံနဲ့  ချီ ရှိနေပြီ။ ပထမ အမေရိကန်က အေအိုင်ဂျီ အာမခံကုမ္ပဏီအပါအ၀င် ရင်းနှီးမြှတ်နှံမှု ဘဏ်တွေနဲ့ အိမ်ဝယ်သူတွေအတွက် ငွေထုတ်ချေးတဲ့ Freddie နဲ့ Fannie ဘဏ်ကြီးတွေကို ၀င်ကယ်တုံးကတခါ၊ နောက်တခါ ဘုရှ်ပ်အစိုးရရဲ့ နောက်ဆုံးနှစ်မှာ နလံ ပြန်ထူရေး အစီအစဉ်ဆိုပြီး ဒေါ်လာ ဘီလီယံ ၇၀၀ ၀န်းကျင်လောက်သုံးခဲ့ရသေးတယ်။
ဒါတောင်မှလည်း ပြသနာဟာ မပြီးသေးဘဲ ခုတခါ ဥရောပက အစိုးရတွေ၊ ဘဏ်တွေ မပြိုလဲအောင် ဖုတ်ပူမီးတိုက် ဒေါ်လာသန်းပေါင်းသိန်းချီ၊ သန်းချီ သုံးဖို့ လုပ်ရပြန်ပြီ။ ဒါဘာကိုပြနေလဲဆိုတော့ ၂၀၀၈ ကနေ စလိုက်တဲ့ အကျပ်အတည်းဟာ မပြီးသေးရုံမက ပိုတောင် အရှိန်ပြင်းလာနေပုံရတယ်။
နောက်နိုင်ငံ တနိုင်ငံရဲ့ အကြွေးဟာ ဂျီဒီပီရဲ့ ကိုးဆယ်ရာခိုင်နှုံးကို ရောက်လာရင် ဒီနိုင်ငံဟာ ကြွေးပင်လယ်ထဲမျောဖို့ ပိုသေချာသလောက် ရှိသွားပြီ။ ဒီအကြွေးတွေအတွက် ပေးရမဲ့ အတိုးကကို မနည်းဘူး။ ဘောဂဗေဒသမားတွေ မှန်းတာတော့ အဲ့သလို ကိုးဆယ်ရာခိုင်နှုန်းကို ရောက်လာရင် ဂျီဒီပီဟာ တစ်ရာခိုင်နှုန်း လျှော့သွားတာနဲ့  တူတူပဲလို့ မှန်းကြတယ်။ တနည်းအားဖြင့် ပုံမှန် အကြွေးမရှိချိန်၊ နည်းချိန်မှာ တနှစ် လေးရာခိုင်နှုံး ဂျီဒီပီရှိရင် ခုလို အကြွေးက ဂျီဒီပီရဲ့ ကိုးဆယ်ရာနှုန်း အနေအထားမှာ သုံးရာခိုင်နှုံးလောက်ပဲ ရှိတော့တယ်။ ဒီတော့ ကြွေးထူတာဟာ စီးပွားရေး ဖွံဖြိုးမှုနှုံး ဂျီဒီပီကိုလည်း အများကြီး သွားထိခိုက်တယ်။
နောက်ဒီဇယားမှာ ဂျပန်ရဲ့ အကြွေးဟာလည်း ဂဏန်းသုံးလုံးရှိတာတွေ့ ရမယ်။ ဒါပေမယ့် ဂျပန်က တခြားနိုင်ငံတွေနဲ့ ကွာတက ဂျပန်ဟာ သူ့ နိုင်ငံသားတွေပေါ်သူအကြွေးတင်နေ တာဖြစ်တယ်။ ဂျပန်နိုင်ငံရဲ့ private sector ပုဂ္ဂလိကကဏ္ဍ၊ တနည်းအားဖြင့် ဂျပန်ပြည်သူ တွေဟာ အကြွေးမရှိဘဲ အစိုးရကသာ ပြည်သူလူထုဆီက အကြွေးယူထားတာ ဖြစ်တယ်။ တနည်းအားဖြင့် ဂျပန်အစိုးရဟာ အစိုးရအသုံးစရိတ်အတွက် ပြည်ပကို အားကိုးစရာ မလို တဲ့ အတွက် အကြွေးကို သက်တမ်းတိုးဖို့ လောလောဆယ်မှာ စိုးရိမ်စရာ မရှိသေးဘူး။
ခက်တာက ပြောခဲ့တဲ့ ဂရိတို့ ၊ အင်္ဂလန်တို့ အမေရိကန်တို့ ပဲ။ သူတို့ ဆီက ပြည်သူလူထုက စုဆောင်းအား saving rate အရမ်းနည်းတယ်။ ပြည်သူလူထု ကိုယ်တိုင်က ကြွေးလည်ပင်း ၀ိုင်းနေတာဖြစ်တယ်။
ပြောခဲ့သလို ဂရိရဲ့ အကြွေးတွေဟာ ဂျီဒီပီနဲ့ အတူတူလောက် ဖြစ်နေတော့ သူ့ ကို ပိုက်ဆံ ချေးထားသူတွေက လန့် လာတယ်။ သူ့ ရဲ့ အကြွေးဟာ တနှစ်လုပ်စာနဲ့ ညီသလောက်ဖြစ် လာသလို budget deficit ဘတ်ဂျက်လိုငွေပြမှုကြောင့် တနှစ်တနှစ် တိုးလားမယ့် အကြွေးသစ်တွေကလည်း မနည်းဘူး။ တခါ အစိုးရကလည်း အသုံးစရိတ်ကိုချဖို့  ရိုးရိုးသားသားနဲ့ ဟုတ်တိပ္ပတိ လုပ်ပုံမပြဆိုတော့ ဂရိဟာ သူ့ အကြွေးတွေကို အပြည့်ပြန်ပေးနိုင်မှာ မဟုတ်ဘူးလို့ ကြွေးရှင်တွေက တွက်လာကြတယ်။ သူ့ ကို ငွေမချေးရဲကြတော့ဘူး။ (ဘယ်လိုလုပ် သိလဲဆိုတော့ နိုင်ငံအစိုးရတွေ၊ ကုမ္ပဏီတွေ ပိုက်ဆံချေးဖို့ debt market အကြွေးဈေးကွက် ဆိုတာရှိတယ်။ တချို့ ကလည်း bond market လို့ ခေါ်တယ်။ ပိုက်ဆံချေးတဲ့အခါ မြီရှင်နဲ့  မြီစားမှာ မြီရှင်က အထက်စီးက နေရလေ့ရှိတယ်။ ခုကိစ္စမှာ မြီရှင်ကကြွေးဈေးကွက်ပေါ့။ အကြွေးဈေးကွက် ဘယ်လောက်ပါဝါရှိသလဲဆိုရင် ကလင်တန်ရဲ့ စီးပွားရေး အကြံပေး အရာရှိတယောက်က ပုပ်ရဟန်းမင်း မဖြစ်ချင်ဘူး။ အကြွေးဈေးကွက်ပဲ ဖြစ်ချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတိုင်းကို ခြောက်လို့ လှန့် လို့ ရလို့ လို့  ပြောတယ်။ ပိုက်ဆံချေးတဲ့အခါ ပြန်ရဖို့  မကျိန်းသေတဲ့လူ တနည်းအားဖြင့် risk များတဲ့သူ ဆိုရင် မြီရှင်က အတိုး ပိုတောင်းလေ့ရှိတယ်။ ခုလည်း ဂရိကို ဂျာမနီလောက် မယုံတဲ့အတွက် ဂရိက ဂျာမနီအစိုးရထက် အတိုးနှုံးပိုပေးရတယ်။ မြီရှင်က ဘယ်လောက်ပါဝါရှိသလဲဆိုရင် မြီစားဟာ ဘာအစိုးရကြီးဖြစ်နေဖြစ်နေ သူတောင်းတဲ့ အတိုးနှုံးပေးရတယ်။ အစိုးရတွေဟာ ရယ်တော့လည်းရယ်ရတယ်။ အကြွေးလာယူတဲ့အခါမှာ အတိုးနှုံး ကြီးကြီးပေးရတဲ့အခါ သူတို့ ကို မယုံရကောင်းလားဆိုပြီး ဗျစ်တောက်ဗျစ်တောက်လုပ်တယ်။ သူတို့ကို ပိုက်ဆံ ချေးမယ့် ရင်းနှီးမြှတ်နှံသူတွေကို ဈေးကစားတယ်ဆိုပြီး ကျိန်ဆဲတယ်။ ချိမ်းလား ခြောက်လားလုပ်တယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ ပဲ အလျှော့ပေးကြရတာပဲ။ ဂရိက ပထမတော့ ငွေချေးလို့ ရနေသေးတယ်။ ဒါပေမယ့် သူပေးရတဲ့ အတိုးနှုံးက တခေါက်ထက် တခေါက်ပိုများလာတယ်။ နောက်ဆုံးဂရိ အစိုးရဆီက တောင်းတဲ့ အတိုးနှုံးဟာ ပါကစ္စတန်တို့ ၊ အဇာဘိုင်ဂျန်တို့ လို နိုင်ငံရေးမတည်ငြိမ်တဲ့ အစိုးရတွေ ပေးရတဲ့ အတိုးနှုံးထက်ကို များလာတယ်။ တချိန်မှာ သူ့ ရဲ့ တချို့  အကြွေးတွေကို မြီရှင်တွေက တရာ တနှစ် ၂၀ ကျော်အတိုးထိ တောင်းလာတယ်။ ပါကစ္စတန်ဆိုရင် တဆယ်လောက်နဲ့ ရတယ်။ အဲ့သလို နေ့ စဉ်ရက်ဆက်ဆိုသလို များလာလိုက်တာမှာ နောက်ဆုံးတော့ သူဟာ ငွေလုံးလုံးချေးလို့ မရတော့သလောက် ဖြစ်သွားတယ်။ အဲဒါကို finance မှာ liquidity crisis လို့ ခေါ်တယ်။)
နောက်ခုအကြောင်းအရာနဲ့ ဆက်စပ်မှုရှိတဲ့ finance မှာ သုံးတဲ့ ဝေါဟာရ တခုက credit default swap ခေါ်တယ်။ CDS လို့လည်း အတိုခေါ်ကြတယ်။ အဲ့ဒါက အလွယ် ပြောရင်တော့ အကြွေးကို အာမခံထားခြင်းပဲ။ ဆိုပါစို့ ကိုယ်က လူတယောက်ကို ပိုက်ဆံချေးထားတယ်။ ဒီလူက ကိုယ့်ကို ပိုက်ဆံပြန်မဆပ်ရင် ကိုယ့်ပိုက်ဆံ အားလုံးဆုံးမယ်။ အဲတော့ ဒီလူ default လုပ်ခဲ့ရင် တနည်းအားဖြင့် ဒေ၀ါလီခံရရင် အကြွေးမဆပ်နိုင်ကြောင်း တရားဝင်ကြေငြာရင် ကိုယ့်ပိုက်ဆံ မဆုံးအောင် ကိုယ်ချေးထားတဲ့ အကြွေးကို အာမခံထားထားရင် မဆိုးဘူး။ ဟုတ်တယ်မလား။ အစိုးရတိုင်းရဲ့ အကြွေးတွေကို အာမခံထားလို့ ရတယ်။ CDS ဆိုတာ တနည်းတော့ အာမခံ ပရီမီယံကြေး၊ အာမခံကြေးပဲ။ မြီစားက အကြွေးဆပ်နိုင်မဲ့အနေအထားမရှိရင် သူ့ ကိုချေး ထားတဲ့ အကြွေးပေါ် ပေးရတဲ့ အာမခံကြေးကလည်း လိုက်ကြီးမယ်။ ဟုတ်တယ်မလား။ ဆိုတော့ ဂရိအစိုးရရဲ့ အကြွေး အာမခံကြေး CDS တွေဟာ ခုအကျပ်အတည်းထဲ တဖြည်း ဖြည်း ၀င်လာချိန်မှာ တရိပ်ရိပ်တက်လာလိုက်တာ နောက်ဆုံးကျတော့ သူ့ အကြွေးတွေကို အာမခံထားဖို့ ကို မလွယ်တော့ဘူး။ တနည်းအားဖြင့် ဂရိဟာ သူပေးစရာ အကြွေးကို ဘယ်လိုမှ ပြန်ဆပ်နိုင်စရာ မရှိဘူးလို့ ဈေးကွက်က တထစ်ချ ယုံကြည်နေပြီ။
အဲ့ဒိအချိန်မှာ အီးစီဘီတို့ ၊ IMF တို့ ကို ကယ်ပါယူပါနဲ့ ခွက်လက်ဆွဲပြီး ပိုက်ဆံလှည့် တောင်းရတော့တာ။ မေးစရာ ရှိတာက ဘာဖြစ်လို့ ခုချိန်မှာ ဖြစ်သလဲ။ ဘာ့ကြောင့်လဲဆို တော့ အကြွေးမှာ maturity date သူ့ သက်တမ်းစေ့တဲ့နေ့ ရှိတယ်။ အကြွေးယူရင် ခြောက်လသက်တမ်း၊ တနှစ်သက်တမ်း၊ ဆယ်နှစ် အနှစ်သုံးဆယ် သက်တမ်း စသဖြင့် ရှိကြတယ်။ ခုဂရိကိစ္စမှာ သူ့ အကြွေးအများစုဟာ ခု ၂၀၁၀ မေလမှာ သက်တမ်းစေ့မှာမို့  လို့ ပဲ။ ပုံမှန်အားဖြင့် ကြွေးယူသူက ကြွေးသက်တမ်းစေ့ချိန်မှာ နောက်ကြွေးသစ်ကိုယူ ကြွေးဟောင်းကိုပြန်ဆပ်ပြီး ရက်ရွေှ့ကြတယ်။ debt rolling လုပ်တယ်လို့ လဲခေါ်တယ်။ ဒါပေမယ့်သူ့ ကို ဘယ်သူကမှ အယုံအကြည်မရှိတော့ ဘယ်သူ့ ဆီကမှာ အကြွေးလှည့်လို့  မရဖြစ်နေတယ်။ ဒီနှစ်အစပိုင်းက သူဟာ တရုတ်ကိုရောက်လာတယ်လို့ လည်း ကြားလိုက်မိတယ်။ ဒါပေမယ့် တရုတ်ကလည်း မအဘူး။ ဥရောပနိုင်ငံတွေ အချင်းချင်းပဲ ရှင်းကြရင် ကောင်းမယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။ တရုတ်ဆီက ပိုက်ဆံချေးလို့  ရလိုက်တယ်လို့ မကြားမိဘူး။
ဆိုတော့ စောစောကဟာကို ပြန်ဆက်ရရင် ဂရိရဲ့ အကြွေးတွေကို ဥရောပနိုင်ငံတွေက အသက်ဆက်ပေးရတာပဲ။ ၀င်ဆပ်ပေးတာ မဟုတ်ဘူးနော်။ အသက်ဆက်ပေးတာ။ ဒီတော့ ဥရောပနိုင်ငံတွေက ဘယ်ဆိုးလို့ လဲလို့ ထင်စရာပဲ။ ရဲဘော်ရဲဘက်စိတ်ပြသား ပဲလို့ ထင်စရာပဲ။ ဘယ်ဟုတ်လိမ့်မလဲ။ နိုင်ငံတွေ အချင်းချင်း ဆက်ဆံရေး၊ လူတန်းစား တခုနဲ့ တခု ဆက်ဆံရေးဟာ မိသားစု သားချင်း ဆွေမျိုး သူငယ်ချင်းချင်း ဆက်ဆံရေးလို မဟုတ်ဖူး။ ဘယ်နိုင်ငံကမှ ဘယ်လူတန်းစားကမှ ကိုယ့်အကျိုးစီးပွားမကြည့်ဘဲ မလုပ်ဖူး။ ကိုယ့်အကျိုးစီးပွားကို အမြဲတန်း အရင်ကြည့်ပြီးမှ စဉ်းစားကြတယ်။ ဒါကို မေ့ပြီး သတင်းစာတွေ၊ တီဗီတွေ၊ ရေဒီယိုတွေမှာ ပြောနေတာကို အတည့်ယူပြီး အဟုတ်ကြီးမှတ်နေ ရင်တော့ ကိုယ်ပဲခံရမှာဘဲ။ ခုဂရိကိစ္စမှာ ဥရောပနိုင်ငံတွေက သူတို့  အကျိုးစီးပွားပေါ် အခြေခံစဉ်းစားပြီးမှ ဂရိကို အကြွေးလှည့်တာ။ သူတို့  အကျိုးစီးပွားက ဘာလဲဆိုတော့ ဂရိကို ပိုက်ဆံချေးထားတဲ့သူတွေ တနည်းအားဖြင့် ဂရိရဲ့  မြီရှင်တွေဟာ သူတို့ ဘဏ်တွေ ကိုယ်တိုင်၊ သူတို့ ကိုယ်တိုင်ဖြစ်နေလို့ ပဲ။ ဥရောပဘဏ်တွေ ဂရိကို ချေးထားတဲ့ ပိုက်ဆံကိုက ယူရို ဘီလီယံ ၈၀ လောက်ရှိတယ်။ အဲ့ဒိထဲမှာ ပြင်သစ်နဲ့  ဂျာမဏီကဘဏ် တွေက အများဆုံး ချေးထားတာပဲ။ တနည်းအားဖြင့် ဂရိဒေ၀ါလီခံရင် အရင်ဆုံး ဒီဘဏ်တွေကွဲမှာ။ သူတို့ နိုင်ငံတွေက ဘူဇွာတွေ အရင်ထိမှာ။ အဲဒါကြောင့်ပဲ ဂရိကို ပိုက်ဆံ ထုတ်ပေးတာ။ တနည်းအားဖြင့် ဂရိကို ကယ်တယ်ဆိုတာ သူတို့ ဘဏ်တွေကို သွယ်ဝိုက်ပြီး ကယ်တာပဲ။
ဘာနဲ့ တူလဲဆိုတော့ ကိုယ့်ကို အကြွေးမဆပ်နိုင်တဲ့သူကို ကိုယ်က အကြွေးသစ်ထုတ်ပေး ပြီး မူလအကြွေးဟောင်းကို ဆပ်ခိုင်းတဲ့ပုံမျိုးပဲ။ ကြွေးသစ်ထုတ်ချိန်မှာ ကိုယ်က သူ့ ကို မူလအကြွေးယူတုံးကထက် ပိုပြီး ပြင်းထန်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေတောင် သတ် မှတ်ပေးလိုက်သေးတယ်။ ခုအီးစီဘီရဲ့ ယူရို ဘီလီယံ ၇၀၀ အစီအစဉ်မှာ IMF ကဘီလီယံ တရာ ပါမယ်။ ဘီလီယံတရာကို ဂရိကို လောလောဆယ် ထုတ်ချေးမယ်။ ကျန်တဲ့ ပိုက်ဆံ က ဥရောပက တခြားအကြွေးပြသနာရှိနေတဲ့ နိုင်ငံတွေအတွက် အကြွေးအာမခံပိုက်ဆံ အဖြစ် ထားထားမှာ ဖြစ်တယ်။
တကယ်တော့ ဒါဟာ ပြသနာကို ရေတိုဖြေရှင်းတာပဲ။ လောလောဆယ် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ရက်ရွေ့ လိုက်တာပဲ။ ဒါပေမယ့် ဂရိ ပြသနာမှာ liquidity crisis က အဓိက မဟုတ်ဖူး။ အဓိက ပြသနာက solvency crisis။ အဲဒါ ဘာလဲဆိုတော့ သူ့  ပြသနာက အကြွေးလှည့်လို့ မရတာသက်သက် မဟုတ်ဖူး။ သူဟာ သူ့ အကြွေးကို အပြည့် ပြန်ဆပ်နိုင်စရာ အကြောင်း ရှိကို မရှိဘူး။ သူ့မှာ သံလွင်သီးရောင်းတဲ့အလုပ်နဲ့ သင်္ဘောလုပ်ငန်းတွေက ရတဲ့ ပိုက်ဆံပဲရှိတယ်။ ကြွေးတွေဟာ နင့်ပြီး ဘယ်လိုမှ ပြန်ဆပ်နိုင်စရာ မရှိဘူး။ လုပ်သင့်တာက ဂရိရဲ့ အကြွေးတွေကို restructure လုပ်သင့်တယ်လို့ ထင်တယ်။ debt restructuring ဆိုတာ တကယ်က အကြွေးကို မြီရှင်နဲ့  ညှိညှိနှိုင်းနှိုင်းလုပ်ပြီး လျှော် ပစ်ခိုင်းတာပဲ။ ဥပမာ ပေးစရာ အကြွေးတရာရှိရင် မြီရှင်က တရာလုံးမယူဘဲ ငါးဆယ်တန်သည်၊ ခြောက်ဆယ်တန်သည်ပဲ ယူပြီး ကျန်တဲ့ ပိုက်ဆံကို လျှော်ပစ်တာ။ finance မှာတော့ haircut လုပ်တယ်၊ ဆံပင်ညှပ်တယ် ခေါ်တာပေါ့။ ဒီလို လုပ်တာဟာ ဂရိအတွက်၊ ဂရိပြည်သူတွေ အတွက်လည်း ကောင်းတယ်။ ခုလို restructure လုပ်ပြီးရင် ဂရိဟာ အကြွေးလည်း ကင်းမယ်။ စီးပွားရေး ဖွံ့ ဖြိုးမှုလည်း ပိုကောင်းနိုင်မယ့် ဖြစ်နိုင်ချေ ပိုရှိတယ်။ ဒါပေမယ့်အဲ့သလို လုပ်ရင် အကြွေးလျှော်ပစ်ရမယ့် နိုင်ငံတွေက ခုပြင်သစ်တို့  ၊ ဂျာမနီတို့ ၊ ဘယ်ဂျီယံတို့ ဖြစ်နေတော့ ဒါက သိပ်ရေပန်း မစားဘူး။ ဒါပေမယ့် ခုထဲက ပြောလိုက်မယ်။ မယုံရင်ကြည့် သိပ်မကြာခင်မှာ (ငါးနှစ်ဖြစ်ရင်ဖြစ်မယ်၊ ဆယ်နှစ်ဖြစ်ရင်ဖြစ်မယ်၊ အတိအကျတော့မသိဘူး) အတွင်းမှာ ဥရောပက နိုင်ငံတွေ (ဘယ်နှစ်နိုင်ငံ ဖြစ်မလဲတော့မသိဘူး၊ ကျိန်းသေတာက ဂရိနဲ့ ယူကေ နှစ်နိုင်ငံ ကျိန်းသေပါမယ်) စုပြုံပြီး ဒေ၀ါလီခံကိုခံရလိမ့်မယ်။
ခုဂရိပြသနာဟာ အပိုင်းတစ်မှာ ပြောခဲ့တဲ့ ကမ္ဘာ့နိုင်ငံတကာ အခင်းအကျင်း၊ စီးပွားရေး ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်စဉ်ကြီးထဲက အစိတ်အပိုင်း သေးသေးလေးပဲ ရှိသေးတယ်။ ဂရိပြ(သကြီး)နာဟာ မပြီးသေးဘူး။ အင်္ဂလန်တို့ ၊ အမေရိကန်တို့ အတွက်ဆို ပြ(သကြီး)နာဟာ စတောင် မစရသေးဘူး။
ဒီအဖြစ်အပျက်မှာ သင်္ခန်းစာ ယူစရာတွေ အများကြီးပဲ။ ဒီနေရာမှာ တနေ့က သတင်းစာထဲ တွေ့တဲ့ quote လေးတခုကို အကြောင်းအရာ ဆက်စပ်လို့  တွေးစရာ အဖြစ် ဖောက်သည်ချလိုက်ပါတယ်။ ၂၀ ရာစုမှာ အအောင်မြင်ဆုံး ရင်းနှီးမြှတ်နှံ သူတွေထဲ တဦးအပါအ၀င်ဖြစ်တဲ့ John Templeton ဆိုသူကပြောဖူးတယ်။ အသုံးအဖြုန်း ကြီးလွန်းသူကို နောက်ဆုံး ကျတော့ သုံးရဖြုန်းရမှာ အင်မတန် ၀န်လေးသူက ပိုင်သွား ရောတဲ့။
Those who spent too much will eventually be owned by those who are thrifty တဲ့။
ဝတုတ်
Discussion
9 thoughts on “ယူရို ဘဏ္ဍာရေး အကျပ်အတည်း (၂)
  1. ဒီစာကိုဖတ်ပြီး ရယ်စရာ တစ်ခုတွေးမိတယ်။ ဗမာ pun ပေါ့။ ကိုဝတုတ်ရေးခဲ့တဲ့ ချေးထုပ်တွေ ယူအက်စ်မှာ ဘာ့ကြောင့်များလဲဆိုတော့ တစ်နိုင်ငံလုံးက ချေးစားကြလို့ ဖြစ်မှာပဲလို့။😀 ယူအက်စ်မှာလည်း ဂျီဒီပီရဲ့ ၉၀%နီးပါးလို့ ကြားဖူးတယ်။
    Posted by ပိုင် (Pi) | 19/06/2010, 14:36
    • ပိုင်ရေ။ Frankfurt စာအုပ်ကို ဘယ်သူမှ ဖတ်မယ်မထင်ဘူး။ ဖတ်လည်း အနည်းဆုံး ဆုံးအောင်ဖတ်မယ် မထင်ဘူး။ မဖတ်လည်း တနည်းတော့ ခပ်ကောင်းကောင်းပါ။ ဘာ့ကြောင့်လဲဆိုတော့ စာအုပ်ရဲ့ နောက်ဆုံးဝါကျက sincerity itself is bullshit တဲ့။ အဲဒါကိုသာ ဘလော့ထဲ ထည့်ရေးရင် ၀က်ဝက်ကိုကွဲမှာ…..
      bullshit နဲ့ ပတ်သက်ပြီး ဥပမာတခုထပ်တွေ့တယ်။ လက်ရှိ ဗြိတိသျှ ဒုဝန်ကြီးချုပ် Nick Clegg ဆိုတဲ့လူက ရွေးကောက်ပွဲအတွက် မဲဆွယ်တော့ immigration ပေါ်လစီနဲ့ ပတ်သက်ပြီး သူ့ကိုမေးတဲ့အခါမှာ ပုဂ္ဂိုလ်က ဘယ်လိုဖြေလဲဆိုတော့ သူ့အမေ၊ သူ့အဖွားဟာ immigrant တဲ့ နောက်သူယူထားတဲ့ မိန်မကလည်း စပိန်ကတဲ့၊ ဒီတော့ သူ့မှာ လူမျိုးရေးခွဲခြားမှုဆိုတာ မရှိဘူးတဲ့။ အတော်လာတဲ့ ငတပဲ။ သူ့အမေ၊ သူ့အဖွားက နိုင်ငံခြားကလာတာနဲ့ သူရဲ့  immigration နဲ့ ပတ်သက်ရင် သင့်တင့်မျှတတဲ့ ပေါ်လစီ ချမှတ်နိုင်စွမ်း ဘယ်လိုမှ မဆက်စပ်ဖူး။ အဲဒါ recently ကြားခဲ့ရတဲ့ တကယ့်ကို ချေးထုတ် ဥပမာ စစ်စစ်။ ဒီနိုင်ငံက နိုင်ငံရေး သမားတွေက စကားတတ်တာပဲရှိတယ်။ အမေရိကန် မှာလည်း သိပ်မထူးဘူး ထင်ပါတယ်။ စကားတတ်တာလောက် အထင်ကြီးတဲ့ လူတွေနဲ့ကတော့ သူတို့လည်း စားသာတာပေါ့။
      အအောင်မြင်ဆုံး ၀ါဒဖြန့်မှု (propaganda) ဆိုတာ ၀ါဒဖြန့်ခံရသူကို သူဟာ ၀ါဒဖြန့်မှုကနေ လုံးဝလွတ်ကင်းတယ်၊ တနည်းအားဖြင့် သူဟာ သတင်းအချက်အလက် လွတ်လပ်တဲ့ အဖွဲ့အစည်းမှာ နေနေသူလို့ ယုံကြည်သွားစေတဲ့ ၀ါဒဖြန့်မှုမျိုးဆိုပြီး ကြားဖူးတယ်။ ဒီအကြောင်းကို နောက် ပေါက်ပေါက်ရှာရှာ ၄ မှာ ရေးမလားလို့။
      truthfully,
      watote
      Posted by zizawa | 19/06/2010, 15:05
  2. အစ်ကို တရုတ် ယွမ်ငွေ ကိစ္စလည်း ရေးပေးပါအုန်း။
    Posted by KyarP | 19/06/2010, 23:11
    • မကြည်ပြာရေ
      တနေ့ကျရင်တော့ ယွမ်ငွေဟာ ကမ္ဘာသုံးငွေဖြစ်နိုင်လောက်တယ်လို့ currency လောကထဲက လူတွေ ပြောနေကြတာပဲ။ နောင်နှစ်ပေါင်း နှစ်ဆယ်ကြာချင်ကြာမယ်၊ သုံးဆယ်ကြာချင်လည်း ကြာနိုင်တာပဲ။ ဆယ်နှစ်အတွင်းလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ အရင်ဆုံး တရုတ်ပိုက်ဆံကို float လုပ်ရမယ်။ အခုဟာ သူကဒေါ်လာနဲ့ အသေချိတ်ထားတဲ့ blocked currency ဖြစ်နေတယ်။ သူ့ပိုက်ဆံကို forex ဈေးကွက်ထဲမှာ အရောင်းအ၀ယ်လုပ်လို့မရဘူး။ ကျွန်တော်တို့ တရုတ်ပိုက်ဆံဝယ်ချင်ရင် တရုတ်ပြည်ရောက်မှဘဲ ၀ယ်လို့ရတယ်။ ဒါမှမဟုတ် တရုတ်ပြည်မှာ စိတ်ချရတဲ့သားချင်း ဆွေမျိုးရှိရင် သူတို့ကို ၀ယ်ခိုင်းမှရတယ်။ တရုတ်ပြည်မှာ ဘဏ်စာရင်းဖွင့်ရတာတော့ ကျွန်တော်တို့ အတွေ့အကြုံအရ အင်မတန် လွယ်တယ်။ ကျွန်တော်တို့ အဲဒိကို အလည်ရောက်တုန်းက မြန်မာနိုင်ငံကူး လက်မှတ်နဲ့ပဲ current account သွားဖွင့်တာ ရတယ်ဗျာ။ တခုတော့ ရှိတာပေါ့၊ ကိုယ်က တရုတ်ပြည်က သားချင်းဆွေမျိုး၊ ဒါမှမဟုတ် မိတ်ဆွေတယောက်ယောက် လိပ်စာတော့ ပေးရတယ်။
      စောစောကပြောတာ ပြန်ပြောရရင် တရုတ်ပိုက်ဆံဟာ ကမ္ဘာသုံး reserve currency ဖြစ်လာဖို့ စောင့်ကြည့်ရမယ့် အချက်တွေထဲမှာ ပြောခဲ့သလို သူ့ပိုက်ဆံကို freely tradable currency ဖြစ်အောင်လုပ်ရမယ်။ အဲသလို မလုပ်ဘဲ တရုတ်ပိုက်ဆံဟာ reserve currency ဘ၀ ဘယ်လိုရောက်မလဲ မသိဘူး။ (တခုတော့ ရှိတယ်၊ အဲဒိတခုကို အောက်ပိုင်းမှာ ဆက်ပြောပြမယ်။) ၂၀၀၅ တုန်းကလားမသိဘူး၊ တရုတ်က သူ့ပိုက်ဆံကို ခဏ float လုပ်ကြည့်တယ်။ အဲဒိမှာ တဖြည်းဖြည်းနဲ့ သူ့ပိုက်ဆံနဲ့ ဒေါ်လာလဲလှယ်နှုံးက တရိပ်ရိပ်တက်လာတယ်။ ၂၀၀၅မှာ စ float လုပ်တဲ့အချိန်တုန်းက တဒေါ်လာ ၈ ယွမ်ကျော်ကျော်လောက်ကနေ ၂၀၀၈ မှာပြန် peg လုပ်တဲ့အချိန်၊ ပြန်ချိတ်တဲ့အချိန်မှာ သူ့ပိုက်ဆံက ၆ ယွမ်ကျော်ကျော်လောက်ထိကို တက်လာတယ်။ ထူးဆန်းတာက တရုတ်ပိုက်ဆံတန်ဖိုးတက်လာလည်း သူ့ရဲ့ export အားက (export အားဆိုတာထက် trade balance ကိုပြောရင် ပိုမှန်မယ်ထင်တယ်) အဲဒိကာလထဲမှာ ကျမသွားဘူး။ ကိုယ်လည်း technical detail တွေအတိအကျ မသိလို့ မပြောတတ်ဘူး။ ဖြစ်နိုင်တာက ကုန်ရောင်းကုန်ဝယ်အတွက် တရုတ်ဘက်က ပစ္စည်းပို့တဲ့လူနဲ့ သူ့ပစ္စည်းဝယ်တဲ့လူကြား ငွေလဲလှယ်နှုံးကို အနည်းဆုံး နှစ်နှစ်လောက် ကြို fix လုပ်ထားလို့၊ သဘောတူ သတ်မှတ်ထားလို့ ဖြစ်နိုင်တယ်။ (ဒါလုံးဝမသေချာဘူး၊ ကိုယ်ထင်တာ မှန်းပြောတာ၊ မှားချင်လည်း မှားနိုင်တယ်။) နောက်လောလောဆယ်မှာ တရုတ်က float မလုပ်သေးတာကိုလည်း နားလည်လို့ရတယ်။ အလုပ်မတော်ရင် သူ့ export sector ကလုံးဝကွဲပြီး လူတွေ သန်းကိုရာဂဏန်းနဲ့ချီ အလုပ်မဲ့ အကိုင်မဲ့တွေ ဖြစ်ကုန်မှာ။ အကြီးအကျယ် ပေါက်ကွဲမှာ။ တရုတ်က ဒါမျိုးဘယ်အဖြစ်ခံမလဲ။ ဘယ်အဖြစ်ခံရဲမလဲ။
      ဒါပေမယ့် တချိန်ချိန်မှာတော့ တရုတ်ဟာ သူ့ပိုက်ဆံကို un-blocked ပြန်လုပ်လိမ့်မယ်လို့ ဘောဂဗေဒသမားတွေတင်မက (ပိုအရေးကြီးတာက speculators) တွေက ယုံတယ်။ စကားမစပ် ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက်တွေကို သိချင်ရင် စီးပွားရေး PhD တွေ (အဲဒိထဲမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး နိုဘယ်ဆုရ Paul Krugman တို့၊ Tom Friedman တို့လို ငနဲတွေလည်းပါတယ်) ပြောတာရဲ့ ဆန့်ကျင်ဘက်ကိုယူ၊ no-nonsense speculators တွေ (Soros တို့၊ Paulsonတို့၊ နောက် Jim Rogers တို့) ဘာလုပ်သလဲ စောင့်ကြည့်တာက အမှန်ကို မြင်နိုင်ဖို့ (ကျွန်တော့်အတွေ့အကြုံအရ) ပိုသေချာတယ်။
      စောစောက အပေါ်မှာ ပြောသွားတာ တခုတော့ရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ တရုတ် ပိုက်ဆံဟာ freely tradable ဖြစ်မလာသေးပေမယ့် အဲ့သလို ဖြစ်လာဖို့ ရည်ရွယ်ပုံရတဲ့ လုပ်ဆောင်တာတွေကိုတော့ သတိပြုမိတယ်။ ဘယ်လောက်ဆိုင်မဆိုင်တော့မသိဘူး။ ဥပမာ တရုတ်က သူ့ရဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံတွေနဲ့ currency swap သဘောတူညီချက်တွေ ထားထားတယ်။ အဓိကရည်ရွယ်ချက်က ဒီနိုင်ငံတွေနဲ့ ပစ္စည်း ဖလှယ်တဲ့အခါ ဒေါ်လာကို bypass လုပ်ဖို့ပဲ။ currency swap ရဲ့ သဘောက စသဘောတူတဲ့ အချိန်မှာ နှစ်ဘက် ငွေလဲလှယ်နှုံး (ဥပမာ တရုတ်ပိုက်ဆံနဲ့ ဘရာဇီး ပိုက်ဆံလဲလှယ်နှုံး) ကို အတိအကျသတ်မှတ်၊ ပြီးရင် နှစ်ကာလ တခုအကြာမှာ အဲဒိမူလ သတ်မှတ်ထားတဲ့ နှုံးနဲ့ ပြန်လဲတာ။ currency swap ထားထားတော့ လောလောဆယ် ကမ္ဘာသုံးငွေ ဖြစ်နေတဲ့ ဒေါ်လာက ကြားထဲ ၀င်မလာတော့ဘူး။
      နောက်တခါ မနှစ်က IMF ကိုတရုတ်တို့၊ အိန္ဒိယတို့က ပိုက်ဆံထည့်တုန်းက ခါတိုင်းလို ဒေါ်လာနဲ့ မထည့်ဘူး၊ တရုတ်ကယွင်မင်ဘီကိုပေးတယ်။ တခြားဗဟိုဘဏ်တွေထဲမှာ တရုတ်ပိုက်ဆံကို unofficial reserve အနေနဲ့ ထည့်ထားချင်တဲ့သဘောလား။ ဒါလည်း မေးစရာဘဲ။ ကျွန်တော်ကိုယ်တိုင်လည်း မသိဘူး။ နောက်ဟောင်ကောင်က ဘဏ်တွေ HSBC တို့ Standard Chartered တို့ဆိုရင် တရုတ်ကဘဏ်တွေနဲ့ renminbi အလဲအလှယ် လုပ်လို့ရအောင် မနှစ်က (နှစ်လည်လောက်ကထင်တယ်) စလုပ်လာတယ်။
      ဒီအချက်တွေဟာ တရုတ်က သူ့ပိုက်ဆံကို နောက်ဆုံးပြန်ပြီး float လုပ်ဖို့ အတွက် စပြင်နေတဲ့ အချက်တွေလားဆိုတာ စဉ်းစားစရာပဲ။ (ကျွန်တော်ကိုယ်တိုင်တော့ မစဉ်းစားကြည့်မိဘူး and I probably would be barking at the wrong tree) နောက်ကျွန်တော်ကိုယ်တိုင် သေချာမသိဘဲ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တချက်က ကျွန်တော်တို့ ကျပ်ငွေဟာ proxy renminbi ဖြစ်လာနေပြီလား ဆိုတာ။ ပြောပြနိုင်တဲ့လူတွေဆီက ကြားချင်ပါတယ်။
      နောက် စောင့်ကြည့်ရမယ့် အချက်တချက်က တရုတ်ရဲ့ ပြည်တွင်းစားသုံးမှု domestic consumption က ဘယ်လောက်တက်လာသလဲဆိုတာ။ ဒါဟာ တဖြည်းဖြည်းတော့ တက်လာနေတာ ကိုယ့်မျက်စိရှေ့ တင်မြင်နေရတာပဲ။ ကိန်းဂဏန်းတွေကြည့်ရင်လည်း သိနိုင်တယ်။ နောက်အပြင်မှာ တွေ့ရတဲ့ အဖြစ်အပျက်တွေ ဥပမာ နောက်ဆို တရုတ်တွေရဲ့ package tour တွေတကမ္ဘာလုံးမှာ ပိုတောင်မြင်လာရစရာရှိတယ်။ ခုလည်း လန်ဒန်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကနဲ့စာရင် တရုတ်ခရီးသွားတွေ၊ ကျောင်းသားတွ ပိုများလာတာ သတိပြုမိတယ်။ ခုဆိုရင်ပဲ ရှန်ဟိုင်းတို့လို မြို့ တွေမှာ GDP per capita ဟာ အမေရိကန်ဒေါ်လာ တသောင်း ၀န်းကျင်ရှိနေပြီ။ အဲ့သလောက်ရောက်ရင် လူတွေဟာ နိုင်ငံခြားဖြစ်ကို သိသိသာသာ ပိုသုံးလာကြတယ်။ import ကပိုပြီး အားကောင်းလာတတ်တယ်လို့ ဘောဂဗေဒသမားတွေက ပြောကြတယ်။ အဲဒိအခါမှာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် export ကို အရမ်းကြီးမှီခိုစရာမလိုတော့မှာမို့ ပိုက်ဆံကို appreciate ပေးလုပ်တတ်တယ်။ ဆိုတော့ ဒီ domestic consumption ဟာလည်း စောင့်ကြည့်ရမယ့် အချက်တွေထဲပါတယ်။ (စကားမစပ် စိတ်ဝင်စားရင် Shiseido တို့၊ Casio တို့ဟာ တရုတ်ဈေးကွက်ထဲမှာ exposure ကောင်းကောင်းရှိတယ်။ အဲဒိ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ၀ယ်ထားနိုင်ရင် မဆိုးဘူးလို့ ပြောတာကြားဖူးတယ်။) အမေရိကန်တို့၊ IMF တို့က ဖိအားပေးလို့ တရုတ်က သူ့ပိုက်ဆံကို တန်ဖိုးမြှင့်မယ်လို့ မမျှော်လင့်နဲ့။ လုံးဝ မလုပ်ဖူး။ အာမခံတယ်။ ဘာ့ကြောင့်ပြောနိုင်လဲဆိုတော့ ၂၀၀၅ လောက်က သူ့ပိုက်ဆံကို float လုပ်တုန်းက ဘယ်သူ့ကို ဘာမှ ကြိုမပြောဘဲ လုပ်တဲ့နေ့မနက်မှာ တရုတ်ဗဟုတ်ဘဏ် ၀က်ဆိုက်မှာ သူတို့ ပိုက်ဆံကို float လုပ်တာကို စာလေးတကြောင်းလား နှစ်ကြောင်းလားမသိဘူး ရေးပြီး အသိပေးတာ။ တရုတ်ရဲ့  လုပ်ပုံကိုင်ပုံက အဲ့သလိုမျိုး။ တရုတ်ကို ဘေးကနေ သခွပ်ပင်က မီးတကျည်ကျည် လုပ်နေလည်း ထူးမှာမဟုတ်ဖူး။
      ယွင်မင်ဘီကို proxy အနေနဲ့ ၀ယ်ချင်ရင် ဟောင်ကောင်ဒေါ်လာကို ၀ယ်တာကမှ လောလောဆယ်မှာ ပိုကောင်းအုံးမလားမသိဘူး။ တနေ့ (ဆယ်နှစ်ကြာချင်ကြာမယ်၊ ဆယ့်ငါးနှစ်ကြာချင်ကြာမယ်)ကျရင် ဟောင်ကောင်ပိုက်ဆံဟာ တရုတ်ပိုက်ဆံ ဖြစ်လာမှာဘဲ။ တဘက်မှာ ဟောင်ကီက တရုတ်ပိုက်ဆံလို မဟုတ်ဘဲ forex ဈေးကွက်မှာ အလွယ်တကူ အရောင်းအ၀ယ်လုပ်လို့ရတယ်။
      ရေရှည်မှာ ကျွန်တော်ကတော့ ကနေဒီယံပိုက်ဆံနဲ့ အော်ဇီပိုက်ဆံကို ပိုသဘောကျတယ်။ ကနေဒီယံပိုက်ဆံဆို ဥပမာ ရေနံဈေးဟာ ရေရှည်မှာ အတက်ဘက်မှာဘဲ ရှိမယ်ယုံရင် ကနေဒီယံပိုက်ဆံကို ၀ယ်ထားတာ မမှားဘူး။ ကနေဒီယံပိုက်ဆံက ရေနံဈေး အတက်အကျကို လိုက်သလို အော်ဇီပိုက်ဆံကလည်း hard commodities တွေ (သံရိုင်းတို့၊ ကြေးနီတို့၊ သံဖြူတို့၊ နောက် ကျောက်မီးသွေး)ရဲ့ ဈေး အတက်အကျကို လိုက်တယ်။ တရုတ်က hard commodities တွေ ၀ယ်အား ကောင်းနေသရွေ့ ကတော့ အော်ဇီဒေါ်လာက ခိုင်နေအုံးမှာဘဲ။ နောက်အော်ဇီရော၊ လူနီရော နှစ်ခုစလုံးရဲ့  အားသာချက်က သူတို့နိုင်ငံကြီးတွေက အကြီးကြီးတွေ၊ လူဦးရေလည်း အသင့်အတင့်ရှိတယ်။ စိုက်နိုင်ပျိုးနိုင်တဲ့ မြေတွေလည်း အများကြီးဘဲ။ အစိုးရတွေရဲ့  management ကလည်း အထိုက်အလျောက်ကောင်းတယ်။ အခွင့်အရေးရရင် အင်္ဂလန်ထက် အော်ဇီနဲ့ ကနေဒါသွား အလုပ်လုပ်ရင် နောက်ပိုင်း ပိုအခြေအနေကောင်းနိုင်မယ်ထင်ပါတယ်။
      တရုတ်သတင်းတွေနဲ့ မပြတ်ချင်ရင် Bejing Review တို့၊ China Daily တို့ကို မှန်မှန်ဖတ် တာကောင်းမယ်ထင်တယ်။ ခုဆို internet ပေါ်တောင်ဖတ်လို့ရနေပြီ။
      Posted by zizawa | 20/06/2010, 10:33
      • Net Debt (% of GDP) Gross Debt (% of GDP)
        Germany 58.1 85.5
        Greece 101.2 130.2
        Ireland 49 92.5
        Italy 103.4 129.7
        Japan 112.7 204.3
        Spain 48.9 74.3
        UK 69.9 94.1
        US 72.2 99.5
        Posted by zizawa | 20/06/2010, 10:57
  3. Good posts bro, I am interested that kind of post. We can read and understand easily. Hoping for continuing.
    Posted by pho la minn | 20/06/2010, 04:04
  4. တရုတ်က သူ့ပိုက်ဆံကို float လုပ်မယ်လို့ စနေနေ့က ကြေငြာတယ် ပြောတယ်။
    http://www.cnn.com/2010/BUSINESS/06/19/obama.china.currency/index.html
    အဲဒီ သတင်းကို ဖတ်ပြီး တကယ် float လုပ်တာလား၊ နည်းနည်းပဲ flexible ဖြစ်အောင် လုပ်တာလား မရှင်းဘူး။ (အဲဒီ နှစ်ခု ဘာကွာသလဲလည်း မသိဘူး။ တစ်ခါတစ်ခါတော့ စီအင်အင် ဖတ်ရတာ မြန်မာပြည်က သတင်းစာတွေကို သတိရတယ်။ တရုတ် currency ကို float လုပ်တာက သတင်းမဟုတ်ဘူး၊ အဲဒါကို အိုဘာမား ချီးကျူးတာက သတင်း ခေါင်းစဉ် ဖြစ်နေတယ်။)
    Posted by ပိုင် (Pi) | 20/06/2010, 15:38
  5. တရုတ်ယွမ်ငွေအကြောင်း အဲလောက် စေ့စေ့ငင မသိတာ အမှန်ပဲအစ်ကို။ ဒီတလော သတင်းတွေမှာ တရုတ်အကြောင်း ကြိုကြားတွေ့နေရလို့ နားလည်း မလည်နိုင်လို့ မေးကြည့်တာပါ။ ဗြိတိန်အကြောင်းတော့ လိုက်မှီတော့တာ ကြာပါပြီ။အမှန်ပြောရရင် အင်္ဂလန်မှာ နေရတာ တနေ့တခြား ကျောမလုံတော့ဘူး။ သူ့အကြွေးနဲ့ ထောက်ပံ့ကြေးအကြောင်းကြားရတာလည်း ရှေ့ရေး ရင်လေးစရာပါ။ ဗြိတိန်သတင်းထူးရင် ကြားချင်သေးတယ် အစ်ကိုရေ။
    စာရှည်ရှည် ရှင်းပြတာ ကျေးဇူးပါ။
    Posted by KyarP | 21/06/2010, 15:11
    • ဟုတ်တယ် မကြည်ပြာ… နက်ဖန် (အင်္ဂါနေ့မှာ) emergency budget ထွက်လာလိမ့်မယ်။ အဲဒိဟာကို စောင့်နေတာ။ ယူကေက ကျလာတာ အရမ်းသိသာတယ်။ ကျောမလုံတာကတော့ ယူကေတင်မကဘူး။ တခြားဒေသတွေမှာ နေသူတွေလည်းပါတယ်။ အဆိုးမြင်စရာတွေ အများကြီးပဲ။ တကယ်ကိုအများကြီးပဲ။ နောင်ဆို ပစ္စည်းတွေ (ဘယ်ပစ္စည်းပဲ ဖြစ်ဖြစ်) တကမ္ဘာလုံးမှာ ဈေးတွေတက်လာဖို့ ရှိတယ်။ ခုပဲကြည့်၊ တရုတ်က monetary policy ပြောင်းတာနဲ့ ရွှေဈေးက အမြင့်ဆုံး အမှတ်ကို ပြန်ရောက်လာတယ်။ ဆော်ဒီအာရေဗျကလည်း ရွှေတွေကို ကျိတ်ပြီးစုထားတာ မနေ့က စာရင်းမှာ နောက်ဆုံးတခေါက် ထုတ်ပြန်တာထက် နှစ်ဆလောက်များနေတယ်။
      ဘာတွေဖြစ်အုံးမလဲ မသိဘူး။
      Posted by zizawa | 21/06/2010, 15:57
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: