//
you're reading...
Economics, Politics

China China China!!!

သတင်းစာ တရက်မဖတ်ရင် တခေတ်နောက်ကျသတဲ့။ ပုံမှန်ဆို တနင်္ဂနွေမနက်မှာ နိုးနိုးချင်း Sunday papers တွေအကုန်လုံးကို ဖတ်နေကြ။ ဒါပေမယ့် ဘလော့ရေးတဲ့ အလုပ်ကို နေ့စဉ်ရက်ဆက်လုပ်နေတော့ ကိုယ့်ရဲ့ ပုံမှန် routine တွေလည်း ပျက်ကုန်ပြီ။ comment box မှာ တယောက်က တရုတ်ကိစ္စရေးပါအုန်းဆိုပြီး လာတိုက်တွန်းတော့ အဲဒိအချိန်မှာ ခေါင်းထဲရှိတာကို ချရေးလိုက်တယ်။ သိပ်မကြာခင် ပိုင်က CNN မှာ တရုတ်ကသူ့ပိုက်ဆံကို float လုပ်မယ်လို့ ကြေညာသွားတယ်ဆိုပြီး comment ထားလိုက်တယ်။ အဲဒိမှာ ‘ဟင်…’ ဘယ်တုန်းကပြောလိုက်တာပါလိမ့်လို့ ကပျာကယာ ကြည့်တော့မှ တွေ့ရတော့တယ်။ ဒီသတင်းကို မနေ့မနက်က သတင်းစာ ဖတ်ဖြစ်ရင် ချက်ချင်းသိပြီး အစောပိုင်းက ရေးတဲ့ထဲမှာ ပိုပြည့်ပြည့်စုံစုံ ထည့်ရေးနိုင်မှာ။ anyway..

တရုတ်ယွမ်ငွေကို ဒေါ်လာနဲ့ အသေချိတ်ထားတာကို ဒီနေ့ တနင်္လာနေ့ကနေစ ဖျက်လိုက်ပြီလို့ စနေနေ့ညက တရုတ်ဗဟိုဘဏ် PBC ကကြေညာသွားတယ်။ ကြေငြာချက် အသေးစိတ်ကို အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။ တမျက်နှာတောင် မရှိပါဘူး။ http://www.pbc.gov.cn/english/detail.asp?col=6400&id=1488

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ပထမဆုံး သတိပြုမိတာက တရုတ်ရဲ့ လုပ်ပုံကိုင်ပုံပါ။ ၂၀၀၅ ခုနှစ်က ဒေါ်လာနဲ့ချိတ်ထားတာကို၊ peg လုပ်ထားတာကို ဖြုတ်လိုက်တုန်းကလည်း ခုလိုပဲ PBC website မှာ ကြေညာချက်တိုတိုလေး ထုတ်ပြန်တယ်။ ဘယ်သူမှ မထင်တဲ့ အချိန်မှာ လုပ်တာပဲ။ တရုတ်ဟာ သူများက ဖိအားပေးလို့ လုပ်ရတယ်ဆိုတဲ့ ပုံစံမျိုး မရောက်အောင် သိပ်သတိထားတယ်။ ထားပါတော့။

နောက်တခုက ပိုင်မေးတာ ‘တကယ် float လုပ်တာလား၊ နည်းနည်း flexible ဖြစ်အောင် လုပ်တာလား’ ဆိုတာနဲ့ ပတ်သက်တယ်။ အတိအကျပြောရရင် managed float ပုံစံကို ပြောင်းတာပဲ။

Starting from July 21, 2005, China has moved into a managed floating exchange rate regime based on market supply and demand with reference to a basket of currencies.

Managed floating rate system ကဘယ်လိုလဲဆိုတာ မပြောခင် အရင်ဆုံး freely floating system နဲ့စရင်ကောင်းမယ်။ တကယ်တမ်းကျတော့ freely floating system ဆိုတာ ကျွန်တော်တို့ သင်္ချာက dimensionless point လို၊ frictionless surfaceလို အပြင်လောကမှ မရှိနိုင်ပါဘူး။ ရိုးရိုးပုံမှန် အချိန်မှာတော့ ဗဟိုဘဏ်တွေက ဘာမှဝင်မစွက်ဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အချိန်တွေ အထူးသဖြင့် မကြာသေးခင်နှစ်တွေဟာ ဗဟိုဘဏ်တွေ အင်မတန်မှ အလုပ်ရှုပ်တဲ့နှစ်ပဲ။ ဒါပေမယ့် နိုင်ငံကြီးတွေမှာက အထူးသဖြင့် အမေရိကန်၊ ဥရောပနဲ့ ယူကေတို့က ဗဟိုဘဏ်တွေဆီမှာ forex market ထဲတိုက်ရိုက် ၀င်စွက်စရာမလိုဘဲ exchange rate ကို ကိုယ်လိုချင်တဲ့ အနေအထားရောက်စေဖို့ လိုအပ်တဲ့ tools တွေရှိတယ်။ လတ်တလော တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေမှာ အကောင်းဆုံး ဥပမာက quantitative easing ခေါ်တဲ့ ငွေကိုစက်ကနေ ရိုက်ထုတ်တဲ့နည်းပဲ။ ပြောရရင် ဆုံးမှာ မဟုတ်တော့ဘူး။ ထားပါတော့။

ဒီ so-called free float စနစ်မှာ ဗဟိုဘဏ်တခုက သူ့ပိုက်ဆံရဲ့ တခြားပိုက်ဆံတွေနဲ့ လဲလှယ်နှုံးကို ဈေးကွက်ကပဲ ဆုံးဖြတ်ပစေဆိုပြီးထားထားတယ်။ တရက်ထဲမှာ၊ သီတင်းတပတ်မှာ၊ ဒါမှမဟုတ်တလ၊ သုံးလပတ်မှာ သူ့ငွေက ဘယ်လောက်တက်တက် ကျကျ သူက ဘာမှဝင်မစွက်တာမျိုး။ ဒေါ်လာ၊ ယူရို၊ စတာလင်၊ ယန်း၊ လူနီ (ကနေဒီယံ ဒေါ်လာကို ချစ်စနိုးခေါ်တဲ့နံမယ်)၊ ဆွတ်ဖရန့် စတဲ့ ငွေတွေအားလုံးဟာ so-called free float စနစ်ကို သုံးတဲ့အတွက် သူတို့ကို floating currency တွေလို့ခေါ်တယ်။ ဗဟိုဘဏ်တွေက exchange rate ကိုဝင်မစွက်တဲ့ငွေတွေပေါ့။ (ဒါလည်း တကယ်တော့ အတိအကျမမှန်ဘူး။ ကျွန်တော့်မျက်စိရှေ့ တင် Swiss ဗဟိုဘဏ်က သူ့ပိုက်ဆံကို တန်ဖိုး ချချပစ်တာ မနှစ်ကတနှစ်ထဲမှာ နှစ်ကြိမ် သုံးကြိမ်လောက်လားမသိဘူး ရှိတယ်။)

တဘက်မှာ fixed exchange rate system က free float နဲ့ဆန့်ကျင်ဘက်။ သူက တခြားပိုက်ဆံတခုခု၊ ဒါမှမဟုတ် ရွှေနဲ့ချိတ်ထားတယ်။ ဒါပေမယ့် ကနေ့ခေတ်မှာ ဘယ်သူမှ ရွှေနဲ့ မချိတ်တော့ဘူး။ ဒီတော့ ဒေါ်လာနဲ့ချိတ်ကြတယ်။ ၂၀၀၈ ကနေ ဒီကနေ့ထိ တရုတ်ရဲ့ exchange rate system ကအဲဒိပုံမျိုး။ တဒေါ်လာကို ၆.၈၃ ယွမ်နဲ့ အသေချိတ်ထားခဲ့တယ်။

ခုတော့ တရုတ်က ဒီအသေချိတ်ထားတဲ့ စနစ်ကို ဒီမနက်ကစ စွန့်လွှတ်လိုက်ပြီး managed float system ကိုပြောင်းတော့မယ်။ ဒီပုံစံကို တချို့ ကလည်း dirty float လို့ ခေါ်တယ်။ (ကျွန်တော်သိသလောက်တော့ ဘယ်ငွေကြေးမှ တသက်လုံး clean float မဖြစ်နိုင်ဘူး။) ခုပုံစံသစ်အရ ဗဟိုဘဏ်က မနက်မိုးလင်းတာနဲ့ အဲဒိနေ့အတွက် တရုတ်ငွေနဲ့ basket of currencies (တခြားပိုက်ဆံတွေစုထားတဲ့) ငွေလဲလှယ်နှုံးကို သတ်မှတ်မယ်။ သတ်မှတ်ပြီးရင် အဲဒိနေ့မှာ ငွေအတက်အကျကို ဈေးကွက်လက်ကို အပ်လိုက်မယ်။ တခုတော့ရှိတယ်။ ပိုက်ဆံကို bandwidth တခုထဲကနေ (အပေါ်အောက် ၀.၅%) အပြင်မထွက်နိုင်အောင် ဗဟိုဘဏ်က ထိန်းမယ်။ တရက်ထဲမှာ တရုတ်ငွေက အ၀ယ်လိုက်ပြီး ၀.၅% ထိတက်လာရင် ဗဟိုဘဏ်က fx ဈေးကွက်ထဲကို တရုတ်ငွေတွေ ဖြည့်ပေးမယ်။ အဲဒိအခါ တရုတ်ငွေ supply ကများလာပြီး အောက်ပြန်ကျသွားမယ်ပေါ့။ တခါ တရုတ်ငွေက ၀.၅% ထိကျသွားရင် တရုတ်ဗဟိုဘဏ်က ဈေးကွက်ထဲကနေ တရုတ်ငွေတွေကို ပြန်ဆွဲမယ်။ အဲဒိအခါ supply နည်းသွားပြီး ယွမ်ငွေ တန်ဖိုး ပြန်တက်လာမယ်။ အိုကေ..

တရုတ်က သူ့ပိုက်ဆံလဲလှယ်နှုံးကို သတ်မှတ်တဲ့အခါ ဒေါ်လာတခုထဲမဟုတ်ဘဲ ပြောခဲ့တဲ့ basket of currencies တွေနဲ့သတ်မှတ်တာ။ ဒီပိုက်ဆံတွေက ဘယ်သူ့ပိုက်ဆံဆိုတာ ဗဟိုဘဏ်က ခုတော့မပြောဘူး။ ဒါပေမယ့် အရင်တုန်းက (၂၀၀၅) တုန်းကတော့ ဒေါ်လာ၊ ယူရို၊ ယန်း၊ ကိုရီးယားဝမ်တွေက အဓိကအဖြစ်ပါတယ်၊ နောက်ကျန်တဲ့ စင်္ကာပူဒေါ်လာ၊ လူနီ၊ အော်ဇီဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရင်းဂစ်၊ ရုသျှရူဘယ်နဲ့ (မကောင်းတတ်လို့) ပေါင်စတာလင်ကို သာမည ငွေတွေအဖြစ် ထည့်ပေးထားတယ်။

Therefore, the determination of the basket of currencies to trade weights is based. U.S., Eurozone, Japan and South Korea is currently China’s most important trading partners, corresponding to the dollar, euro, Japanese yen, Korean won will naturally become the main currencies in the basket. In addition, Singapore, Malaysia, Russia, Australia, Canada, Thailand and other countries and also a larger proportion of China’s trade, the currencies of these countrie

ဒီပိုက်ဆံတွေအားလုံးဟာ တရုတ်နဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံတွေချည်းပဲ။ တကယ်တော့ အနောက်နိုင်ငံတွေက တရုတ်ကို ဒိထက်မက ပိုလုပ်စေချင်တာ။ bandwidth ကိုပိုကျယ်စေချင်တယ်။ freely float ကတော့ တရုတ်ကလည်း အရူးမှ မဟုတ်တာ၊ လုပ်မှာ မဟုတ်ဖူး။ သူများမြှောက်ပေးတိုင်း၊ ချိမ်းခြောက်တိုင်း လုပ်ရရင် သူ့တိုင်းပြည် အကုန် အလုပ်လက်မဲ့ ဖြစ်ပြီး အုံကြွပေါက်ကွဲလာမှာ။ မလုပ်လို့ အပြစ်ပြောရင်လည်း ပြောတဲ့ကောင်က မစဉ်းစားဘဲ မျှမျှတတမကြည့်ဘဲ ပြောတာ။ [အဲ့ဒိပြောတဲ့ထဲမှာ ဘောဂဗေဒ နိုဘယ်ဆုရတဲ့ Paul Krugman ဆိုတဲ့ ငတပါတယ်။ လောလောဆယ် LSE မှာ ဖဲလိုးလား၊ ဘာလား။ ခပ်ကြောင်ကြောင်ပဲ။ နိုဘယ်ဆုကလည်း တခါတခါ ခပ်ကြောင်ကြောင်တွေကို ပေးတာကလား။ တခါတခါ အယ်ကယ်ဒဲမစ်ဆိုသူတွေကို market ဘယ်လို အလုပ်လုပ်သလဲ သိရအောင် ကွင်းဆင်းလေ့လာခိုင်းဖို့ကောင်းတယ်။ အမေရိကန်မှာ LTCM (Long-term capital management)ဆိုတဲ့ hedge fund တခုရှိဖူးတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေါ်လာတာ။ အဲဒိ hedge fund ကိုကြီးကြပ်သူများကတော့ (အဟမ်း) ဘောဂဗေဒနိုဘယ်ဆုရှင်ပါတယ်၊ သင်္ချာတို့၊ သိပ္ပံတို့က PhD တွေပါတယ်။ ဒါပေမယ့် ဆယ်နှစ်တောင်မခံလိုက်ပါဘူး။ 1997 အာရှစီးပွားရေးအကျပ်အတည်း နောက်ဆက်တွဲအဖြစ် ၁၉၉၈ မှာ ရုသျှအစိုးရက သူ့အကြွေးတွေကို default လုပ်တော့ အဲဒိ LTCM လည်းစုန်းစုန်းမြုတ်တော့တာပဲ။ နိုဘယ်ဆုရတဲ့ ဘောဂဆရာတွေ၊ Harvard တို့၊ MIT တို့က PhD တွေတော်ပုံများပြောပါတယ်။]

အနောက်နိုင်ငံကလူတွေ ဖိအားပေးတာမပေးတာ အသာထား၊ တရုတ်အတွက်က ဒါကို လုပ်သင့်နေပြီ။ ပထမအချက်အနေနဲ့ တရုတ်ပြည်ထဲမှာ stimulus package ကနေ hot money တွေအရမ်းကို ၀င်လာတယ်။ သိတဲ့အတိုင်း ၂၀၀၈ ၂၀၀၉ မှာ တကမ္ဘာလုံး စီးပွားရေး ဖွံ့ဖြိုးမှုနှုံးကျတော့ တရုတ်က GDP ကိုထိန်းဖို့ သူ့နိုင်ငံထဲက ဘဏ်တွေကို ပိုက်ဆံအပြတ် ချေးခိုင်းတယ်။ ဘဏ်တွေကလည်း ပျော်ပျော်ကြီးချေးတယ်။ ပျော်ပျော်ကြီးမှ တကယ့်ကို ပျော်ပျော်ကြီး ချေးတာ။ ၂၀၀၉ တနှစ်လုံးမှာ သူ့ရဲ့ money supply တလတလ year on year figure က တလကို ၂၀ ကနေ ၃၀ ရာခိုင်နှုံးထိရှိတယ်။

၂၀၀၈ နှစ်ကုန်မှာ ဘဏ်တွေကထုတ်ချေးငွေနဲ့ နောက်လေးလအကြာထုတ်ချေးငွေက ၆ ဆကွာတယ်။ တဘက်မှာ တရုတ်အစိုးရက ဘဏ်တိုးနှုံးကို ဟိုးအောက်ကိုနှိမ့်ထားတော့ တရုတ်က (real interest rates) အနုတ်ပြနေတယ်။ ဆိုလိုတာက အလွယ်ပြောရရင် ငွေဖောင်းပွမှုနှုံးက ဘဏ်တိုးနှုံးထက် အများကြီးမြင့်နေတယ်။ ဒီတော့ လူတွေက ဘဏ်မှာ cash မထားတော့ဘူး။ အဲဒိပိုက်ဆံတွေက ဘယ်ရောက်ကုန်လဲဆိုတော့ real estate တွေဆီကိုရောက်ကုန်တယ်။ ဟောင်ကောင်တို့၊ ရှန်ဟိုင်းတို့က အိမ်ဈေးတွေဟာ မနှစ်က တနှစ်ထဲမှာ တကယ့်ကို ကြောက်ခမန်းလိလိတက်တာ။ အိမ်တွေတင်မက ဆိုင်ခန်းဈေးတွေလည်း အဆမတန်တက်တာပဲ။ လူတွေကို ပိုက်ဆံနဲ့ speculate လုပ်အောင် အားပေးအားမြှောက်ပြုနေတာပဲ။ နောက် money supply ကများလွန်းတဲ့အခါ inflation ကနောက်ကလိုက်လာတယ်။ ဈေးတွေ ခုန်ခုန်တက်တယ်။ တဘက်မှာ ရတဲ့ လစာက အဲ့သလောက် လိုက်မတက်ဘူး။ အကျိုးဆက်အားဖြင့် မကြာသေးခင်က တရုတ်က စက်ရုံတွေမှာ အလုပ်သမားတွေ ဆန္ဒပြတာတွေ တွေ့လာရတာပဲ။

ဒီတော့ တရုတ်ကငွေဖောင်းပွမှုကိုလည်း လျှော့ဖို့ အဖုံးလေးနည်းနည်းလှပ်ဖို့လိုလာတယ်။ အဲဒိမှာ ခု managed float system ကိုပြောင်းတာပဲ။ ခုစနစ်ကိုပြောင်းတဲ့အခါ တရုတ်ပိုက်ဆံဟာ ကျိန်းသေပေါက် အားကောင်းလာမှာဘဲ။ ၂၀၀၅ ကနေ ၂၀၀၈ တုန်းက ဒီပုံစံကို ပြောင်းတော့ သုံးနှစ်အတွင်းမှာ သူ့ပိုက်ဆံက ၂၅ % လောက်ထိ တက်လာတယ်။ ခုလည်း တက်မှာဘဲ။ အဲဒိအခါတရုတ်တွေရဲ့ ဝယ်နိုင်အားက ပိုကောင်းမယ်။ ဥပမာ အရင်က တရုတ်ပိုက်ဆံ တရာနဲ့ သံရိုင်း တခွက်စာရရင် ခုဆို တခွက်ကျော်ကျော်ရမယ်။ အကျိုးဆက်အားဖြင့် သူ့နိုင်ငံထဲမှာ ကုန်ဈေးနှုံး ပြန်ကျလာဖို့ရှိတယ်။ နောက်တရုတ်ရဲ့  အဓိက ကုန်သွယ်ဘက်နိုင်ငံတွေကလည်း ကျေနပ်တယ်။ သူတို့က တရုတ်ကို ပစ္စည်းပိုရောင်းနိုင်တော့မယ်လို့ မျှော်လင့်နေတယ်။ အထူးသဖြင့် ထိုင်းတို့၊ မလေးရှားတို့၊ သြစတြေးလျတို့က သိပ်သဘောကျတယ်။ ဒီနိုင်ငံတွေရဲ့ monetary policy ဟာ တရုတ်သြဇာအောက်ကို လုံးလုံးရောက်နေတာ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဥပမာ အော်ဇီဆိုရင် အဓိကက သထ္ထုတွေ ထုတ်တာ။တရုတ်က hard commodity ၀ယ်အားနဲ့ သူ့ရဲ့ GDP ကလိုက်ပြောင်းရတာကိုး။ အဲဒိအတွက်ကြောင့်ပဲ မနှစ်က Aussie ဗဟိုဘဏ်က ဘဏ်တိုးနှုံးတွေကို လေးလလောက်လားမသိဘူး ဆက်တိုက်မြှင့်ခဲ့ရတာ။ ထိုင်းတို့၊ မလေးတို့ဆိုလည်း အလားတူပဲ။ ဒီနိုင်ငံတွေက သူတို့ရဲ့ ဘဏ်တိုးနှုံးကို တရုတ်ဘဏ်တိုးနှုံးနဲ့ ဟန်ချက်ညီသွားနေရတာ။ တရုတ်ငွေက မတက်ဘဲ သူတို့ငွေက တက်ရင် သူတို့ export ထိခိုက်မယ်။ တဘက်မှာ ကိုယ့်ငွေကို တရုတ်နဲ့ဟန်ချက်ညီအောင် လိုက်ချထားရတော့ သူတို့နိုင်ငံတွေထဲမှာ inflation ကလိုက်လာတယ်။ သိပ်ဒုက္ခရောက်တယ်။ အဲဒိတော့ တရုတ်ငွေတန်ဖိုးတက်တာ သူတို့က သိပ်မြင်ချင်ကြတာ။

ကြည့်ရတာ အိုကေမှာ စိုပြေနေပုံပဲ။ လောလောဆယ်မှာ Dow Future ဟာ ဈေးမဖွင့်ခင်မှာကို စောစောက ပွိုင့် ၁၀၀ နီးနီးလောက်ထိ တက်နေတာ။ ဒီမနက် အာရှဈေးကွက်မှာလည်း ၀ယ်ထားတဲ့လူတွေအိုကေမယ့်နေ့ဖြစ်ပုံရတယ်။ ဒါပေမယ့်လည်း market ဆိုတာ zero-sum game ပါခင်ဗျာ။ ဗမာပြည်မှာ market economy ကိုသွားချင်တယ်လည်းပြောတယ်။ နောက် win win situation လည်းပြောတယ်။ အဲဒိထဲမှာ အစိုးရ အတိုက်အခံတွေလည်းပါတယ်။ basic economics လောက်မှ မသိဘဲ နိုင်ငံရေး လုပ်ချင်ကြတယ်။ ဒင်းတို့ တက်လာရင် အသုံးမကျတဲ့နေရာမှာ နအဖနဲ့ သိပ်ကွာမယ်မထင်ဘူး။ သူတို့က လူအထင်ကြီးအောင် win win strategy တို့၊ ဂိမ်းသီအိုရီတို့လို ဘိုစကားလုံးတွေလည်း လှိုင်လှိုင်ကြီးသုံးပြတတ်သေးတယ်။ သေချာ သွားမေးကြည့်၊ ဘာမှသိတဲ့ကောင်တွေမဟုတ်ဖူး။ ဒါပေမယ့်လည်း ရေဒီယိုတွေမှာတော့ ဒီမောင်တွေက မြန်မာ့အရေး ကျွမ်းကျင်သူတွေချည်းပဲ။ ဘာတွေကျွမ်းလည်းတော့ မသိဘူး။

အဲတော့ ပြ(သကြီး)နာက ဘာတွေရှိနိုင်လဲ။ လောလောဆယ်မှာတော့ မသဲကွဲသေးဘူး။ အရှုံးဘက်မှာ နေရမယ့်လူတွေက ခုအမေရိကန်တို့၊ ဥရောပတို့မှာ နေနေတဲ့လူတွေ။ တရုတ်တွေ၊ အာရှတိုက်သားတွေရဲ့ ပိုက်ဆံတွေ တန်ဖိုးမြင့်ပြီး ၀ယ်နိုင်အား တက်တယ်ဆိုတာ၊ အနောက်နိုင်ငံကလူတွေရဲ့ ဝယ်နိုင်အား ကျတာနဲ့တူတူပဲ။ မန်ချက်စတာ ယူနိုက်တစ်ကို ၀ယ်ဖို့ တရုတ်က အရင်က ယွမ်သန်းရှစ်ထောင်လောက် သုံးရရင် ခုဆိုအဲဒိပိုက်ဆံနဲ့ မန်ချက်တင်မကဘူး။ နောင်ဆို ဘတ်ကင်ဟမ်နန်းတော်ပါ

အဆစ် ရနိုင်မယ်။ (ဒါကတော့ နည်းနည်းပိုပြောတာပါ) နောက် တရုတ်ကို capital inflow ဘယ်လောက်တက်လာမလဲ။ လောလောဆယ်တော့ ဒါလည်း ဘယ်သူမှ သေချာမသိသေးဘူး။ သေချာတာတခုကတော့ တရုတ်ပိုက်ဆံဟာ ခုလက်ရှိကနေ တန်ဖိုး ကျိန်းသေတက်မှာဘဲ။ ဒီတော့ တရုတ်ပိုက်ဆံကို ၀ယ်ပေတော့၊ ဒါမှမဟုတ် ထိုင်းဘတ်၊ မလေးရင်းဂစ်၊ စင်္ကာပူဒေါ်လာ၊ ကိုရီးယားဝမ် ဒီပိုက်ဆံတွေအကုန်လုံးဟာ ပေါင်စတာလင်တို့၊ ဒေါ်လာတို့နဲ့ လဲလှယ်နှုံးမှာ ကျိန်းသေတက်လာမှာဘဲ။ တရုတ်ပိုက်ဆံကို fx market ကနေ ၀ယ်လို့မရသေးဘူး။ ဒါပေမယ့် futures account ရှိရင် CME မှာ renminbi ကို ၀ယ်လို့ရပါကြောင်း။ တချိန်ကျရင် (နောင် အနှစ်လေးငါးဆယ်လောက်ကျရင်) အင်္ဂလိပ်မတွေ၊ အမေရိကန်မတွေ ဟောင်ကောင်တို့၊ ကိုရီးယားတို့မှာ ခလေးသွားထိန်းချင် ထိန်းနေရမှာ။ အဲဒါကြောင့် ကိုယ့်ခလေးတွေကို ခုချိန်မှာ ဥရောပ ဘာသာစကားတွေထက် အရှေ့ တိုင်းက စကားတွေ၊ အထူးသဖြင့် တရုတ် ဂျပန် ကိုရီးယားကို တတ်အောင်သင်ပေးတာက ထမင်းစားရဖို့ ပိုအလုပ်ဖြစ်နိုင်တယ်လို့ပြောတာ။

ဒီကိစ္စဟာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေပဲ။ တထိုင်တည်းနဲ့လဲ ပြောလို့ကုန်မှာ မဟုတ်ဖူး။ နောက်ပိုင်း ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို ဆက်ရေးပါအုံးမယ်။

ဝတုတ်

Discussion

7 thoughts on “China China China!!!

  1. အညွှန်းကိန်းတွေ.. ငွေကြေးဈေးကွက် အကြောင်းတွေတော့.. ဗဟုသုတ ရရုံ မြည်းစမ်းသွားတယ်..။ ဂရိ အကျပ်အတည်း နဲ့.. အရင်းရှင် စနစ်.. အက်ကွဲ သံ တွေ ကိုတော့.. စိတ်ဝင်တစား..ကျေးဇူးတင်စွာ ဖတ်သွားတယ်။ မေ ၁၇ တိုင်းမ် မဂ္ဂဇင်းပါ..ဆောင်းပါး နဲ့ တွဲဖက် လိုက်တော့.. ပိုပြီး ရှင်းလင်းသွားတယ်။ ကိုဝတုတ်..စာသင်ဖို့ ကောင်းတယ်။း)

    Posted by K | 21/06/2010, 05:21
    • ဆလိမ် ဆရာကြီး ခေါင်းလောင်းတီးပေါ့။ လူငယ်တွေရဲ့ ဦးနှောက်ကို ဖျက်ဆီးဖို့ ကျွန်တော်လည်း ဆရာသိပ်လုပ်ချင်တယ်။🙂

      Posted by zizawa | 21/06/2010, 07:52
  2. အပေါ်က စာဖတ်သူ “K” ပြောတဲ့ “ကိုဝတုတ် စာသင်ဖို့ ကောင်းတယ်” ဆိုတာကို အပြည့်အ၀ ထောက်ခံပါတယ်။ Clean float နဲ့ dirty float အကြောင်းကို အခုမှ ကြားဖူးတယ်။ စီအန်အန်က မရှင်းမရှင်းရေးလို့ မေးလိုက်မိတာ အမေးမှန်သွားတယ်။

    “တရုတ်ဟာ သူများက ဖိအားပေးလို့ လုပ်ရတယ်ဆိုတဲ့ ပုံစံမျိုး မရောက်အောင် သိပ်သတိထားတယ်။”

    စီအန်အန့် အလိုအရ ဂျီ-၂၀ အစည်းအဝေး မတိုင်ခင် နည်းနည်း လိုက်လျောပြတဲ့ သဘောဆိုတာ ဟုတ်သလား။ ထားပါတော့။ ကိုယ့်အချိန်ဇယားနဲ့ ကိုယ်လုပ်ပေမယ့် ဖိအားကြောင့် လုပ်တာပါလို့ သတင်းဌာနတွေက ပြောချင်ပြောနိုင်တာပဲကိုး။

    “အဲဒိ hedge fund ကိုကြီးကြပ်သူများကတော့ (အဟမ်း) ဘောဂဗေဒနိုဘယ်ဆုရှင်ပါတယ်၊ သင်္ချာတို့၊ သိပ္ပံတို့က PhD တွေပါတယ်။ ဒါပေမယ့် ဆယ်နှစ်တောင်မခံလိုက်ပါဘူး။”

    သချာင်္ပါရဂူ တစ်ယောက်ကို hedge fund တစ်ခုက ဘာကြောင့် လိုတယ်ဆိုတာ အခုထိ ကောင်းကောင်း နားလည်လို့ မရသေးဘူး။ အဲဒီပါရဂူက statistics နဲ့ ပါရဂူဘွဲ့ ရခဲ့တာဆိုရင်တောင် ဘာ့ကြောင့် အဲဒီလောက် ပါရဂူအဆင့်ထိ လိုသလဲမသိ။ “ငါတို့အဖွဲ့မှာ ဘယ်ကျောင်းက ထွက်တဲ့ ဘာပါရဂူကြီး ပါတယ်ကွ” လို့ ကြွားရရုံကလွဲရင် သင်္ချာပါရဂူတစ်ယောက်ဟာ hedge fund တစ်ခုအတွက် ဘယ်နေရာမှာမှ တကယ် အသုံးမ၀င်ဘူး ထင်တယ်။ ကိုဝတုတ်ပြောသလို ဈေးကွက်ကို တကယ်နားလည်တဲ့သူတွေပဲ လိုမှာမဟုတ်ဘူးလား။ အဲဒီ ပါရဂူတွေက ဘာသွားလုပ်တာပါလိမ့်။😀

    “အဲဒါကြောင့် ကိုယ့်ခလေးတွေကို ခုချိန်မှာ ဥရောပ ဘာသာစကားတွေထက် အရှေ့ တိုင်းက စကားတွေ၊ အထူးသဖြင့် တရုတ် ဂျပန် ကိုရီးယားကို တတ်အောင်သင်ပေးတာက ထမင်းစားရဖို့ ပိုအလုပ်ဖြစ်နိုင်တယ်လို့ပြောတာ။”

    စိတ်ချ၊ ကလေးတင်မဟုတ်ဘူး၊ လူကြီးပါ အရှေ့တိုင်းစာ တော်တော်တတ်နေပြီ။ တရုတ်သီချင်းတွေ၊ ကိုရီးယား ဇာတ်လမ်းတွဲတွေနဲ့ ဟုတ်တော့ ဟုတ်နေပြီ။ အနည်းဆုံးတော့ စားသောက်ဆိုင်မှာ သူတို့ဘာသာစကားနဲ့ မှာနိုင်အောင် ကြိုးစားရမယ်။ ကျွန်တော့်အတွက်တော့ အဲဒါ အရေးအကြီးဆုံးပဲ။😀

    Posted by ပိုင် (Pi) | 21/06/2010, 21:26
    • အာ.. သင်္ချာတို့၊ ရူပတို့က PhD တွေကို quantitative analysts (Quants လို့လည်း သိကြတယ်၊) အဖြစ် hedge funds တွေကသိပ်ကို လိုချင်ကြတာပေါ့။ hedge funds တွေကလည်း strategy အမျိုးမျိုးရှိတယ်။ Quants တွေကို အဓိကသုံးတဲ့နေရာကတော့ ကျွန်တော် သိသလောက် arbitrage strategy သုံးတဲ့ funds တွေလို့သိတယ်။ arbitrage ဆိုတာ ပစ္စည်းတမျိုးထဲကို (company stocks, currencies, commodities etc) ဈေးနှစ်ခုမှာ တပြိုင်နက်ဝယ်ရောင်းလုပ်တာ။ ဥပမာ ဆိုပါစို့။ တပေါင်ကို လောလောဆယ် ဗမာငွေ ၁၆၀၀ပေါက်တယ် (တပေါင်ဝယ်ဖို့ ဗမာငွေ ၁၆၀၀ ကျပ်ပေးရတယ်) တချိန်ထဲမှာ တပေါင်ကို ၁.၆ ဒေါ်လာပေါက်နေတယ်။ ဒေါ်လာနဲ့ ဗမာငွေ ၀ယ်ရင် ၁၁၀၀ ရတယ်ဆိုပါစို့။ ဈေးကွက်နှစ်ခုမှာ ဗမာငွေက ဈေးနှစ်မျိုး ဖြစ်နေပြီ၊ ဒီမှာတင် arbitrage opportunity ပေါ်လာတာပဲ။ ကျွန်တော်က ဗမာပြည်ကနေ တပေါင်ဝယ်လိုက်မယ် (အဲဒိအတွက် ဗမာပြည်ကက ကျွန်တော့် account ကနေ ကျပ် ၁၆၀၀ ထွက်သွားပြီး လန်ဒန်က account ထဲကို တပေါင်ရောက်လာမယ်)။ အဲဒိ တပေါင်ကို ဒေါ်လာလဲတော့ ကျွန်တော့်ဆီမှာ ၁.၆ ဒေါ်လာရရော။ ဒီ ၁.၆ ဒေါ်လာကို ဗမာငွေပြန်လဲတဲ့အခါ (၁.၆ times ၁၁၀၀ = ၁၇၆၀ ကျပ်)ရတယ်။ ဒီမှာတင် တပေါင်လဲတိုင်း ကိုယ်ကအသားတင် ၁၆၀ မြတ်နေပြီ။ အဲဒိ opportunity တွေကျွန်တော် ခဏခဏတွေ့တယ်။ ဒါပေမယ့် ပိုက်ဆံရှာရတဲ့ အလုပ်မှာ သိပ်မမွေ့လျော်လို့၊ ပိုက်ဆံရှာရတဲ့ အလုပ်မှာ ဖျင်းလွန်းလို့ လက်တွေ့ အမြတ်ရတဲ့ထိ မကြိုးစားဖြစ်ဖူး။ commodity exchange တွေမှာကျတော့ commodity တမျိုးထဲ၊ ဥပမာ ဂျူံရဲ့ futures contract တွေမှာ တချို့ က ဇန်န၀ါရီ expire ရှိမယ်၊ တချို့ က ဇွန်၊ စက်တင်ဘာ စသဖြင့် ရှိမယ်။ expiry နှစ်မျိုးရှိတာကို ဈေးကွက်နှစ်ခု အဖြစ်ယူရင် ဒီ expiry date နှစ်ခုမှာ ဈေးပုံမှန်မဟုတ်တဲ့အချိန်မှာ တခုကိုဝယ်၊ တပြိုင်နက်ထဲမှာ နောက်တခုကိုရောင်းရင် risk-free အမြတ်ရတာပေါ့။ ဒီလို price anomaly ဖြစ်တာ သိပ်မြန်တယ်၊ နောက်တခြား assumption တွေ (ဥပမာ expiry ရက်နှစ်ခုကြားမှာ interest rates တသမတ်ထဲရှိမလား) ကိုလည်း သူ့ model ထဲထည့် စဉ်းစားရသေးတယ်။ modeling အလုပ်တိုင်းမှာ quants တွေမပါလို့ မရဘူး၊ အဓိကက ဒီနေရာတွေမှာ သုံးတာပေါ့။ နောက်တခါ company stocks တွေထဲက dual-listed stocks တွေ၊ ဥပမာ ခုကွိုင်စားနေတဲ့ BP ဆိုရင် လန်ဒန်ရော၊ ညူးယောက်ရော နှစ်ခုစလုံးမှာ တပြိုင်တည်း list လုပ်ထားတယ်။ ဒီတော့ arbitrage opportunity ကရှိနိုင်တယ်။ quants တွေက အင်မတန်အားကောင်းတယ်ဆိုတဲ့ ကွန်ပြူတာ ပရိုဂရမ်တွေ သုံးပြီး ဒီ price anomaly ဖြစ်တာကို လိုက်ရှာတယ်လို့ အကြမ်းနားလည်ထားတယ်။
      ကျွန်တော်ကတော့ hedge funds အတော်များများဟာ အဲ့သလို technology ကိုစုပြုံအားကိုးပြီး common sense မသုံးဘူးလို့ ထင်တယ်။ တချို့ ဆို basic economics common sense တောင်မရှိကြဘူး။ ဒါကိုယ်တွေ့နော်။
      LTCM ပွင့်တဲ့ကိစ္စက တကယ်က MIT က PhD တွေနဲ့လည်း ဆိုင်ချင်မှ ဆိုင်မှာပါ။ ကိုယ်ပြောချင်တဲ့ ပွိုင့်ကို အားကောင်းစေချင်လွန်းလို့ ဘယ်လိုဘွဲ့ပဲရရ လွဲနိုင်တာပဲ၊ မျက်စိမှိတ် ယုံလို့မရတာပြောချင်တာ။ တခါတခါကျ သူတို့ ပါးစပ်ကနေ အရူးစကား ထွက်ထွက်လာတတ်တာကို ပြချင်လွန်းလို့ ပြောလိုက်တာ။ ဥပမာ fed ဥက္ကဌ Bernanke ဆို အမေရိကန်က inflation နဲ့ ပတ်သက်ပြီး ဘယ်လိုပြောဖူးလဲဆိုတော့ အမေရိကန်တွေ အမေရိကန် ပစ္စည်းပဲ ၀ယ်ရင် inflation ကိုကြောက်စရာမလိုဘူးဆိုတဲ့ သဘောမျိုးပြောသွားတာ ကျွန်တော်ကိုယ်တိုင်ကြားရတယ်။ ၂၀၀၈ နှစ်ကုန်လောက်က ထင်တယ်။ အမေရိကန်လုပ်မော်တော်ကား တိုင်ယာတွေကို အမေရိကန်တွေပဲဝယ်ရင် တိုင်ယာဈေးတွေ တက်မှာ မကြောက်ရဘူးလို့ ပြောချင်တာ။ အမေရိကန်မှာ consumer spending ကျလာတော့ ကားတိုင်ယာတွေအ၀ယ်ကျမယ်။ တဘက်မှာ spare capacity အများကြီးရှိနေတော့ တိုင်ယာဈေးတက်လာနိုင်မယ့် အားတွေကို ထိန်းထားတဲ့သဘောမျိုးပြောတာ။ ဒါပေမယ့် ဒီလောက် globalize ဖြစ်နေတဲ့ ခေတ်ကြီးမှာ အမေရိကန် တိုင်ယာတွေဈေးပေါရင်၊ ဥရောပ၊ အာရှက တိုင်ယာရောင်းတဲ့လူတွေက သူတို့ စက်ရုံတွေ ပိတ်ပြီး အမေရိကန်ကပဲ မှာရောင်းတော့မှာပေါ့ဗျ။ အဲဒိအခါ အမေရိကန်က တိုင်ယာတွေ ဈေးမတက်ပဲ နေပါတော့မလား။ အဲတော့ oversea demand ကိုထည့်မစဉ်းစားပဲ ပြောတာ။ ဒါ အမေရိကန် ဗဟိုဘဏ်ဥက္ကဌနော်။ 
      ခုလည်း အဲ့သလို non-sense တွေ၊ bullshit တွေကို ဗဟိုဘဏ် ဥက္ကဌတွေ၊ ပေါ်လစီ ချတဲ့ ဗျူရိုကရက်တွေ၊ စားဖားနိုင်ငံရေးသမားတွေဆီက တချိန်လုံးကြားနေရတာပဲ။ နောက်တခုက မတရားအနိုင်ကျင့်မှုတွေမှာ academia ကလူတွေပတ်သက်နေတာ ခုထိ တချိန်လုံးတွေ့နေရတယ်။ အင်ဒိုနီးရှားဆို ဆူဟာတိုလက်ထက်မှာ အင်ဒိုနီးရှားစီးပွားရေးကို ဖျက်ဆီးသွားတာ UC Berkeley ကငနဲတွေ။ Wiki မှာ Berkeley Mafia ဆိုပြီး ရှာကြည့်။ တဘက်မှာ Freeport McMoRan တို့ဆို အင်ဒိုနီးရှားကနေ ဘီလီယံပေါင်းများစွာ သဲ့ထုတ်သွားတာ။ ကျွန်တော်တို့ တိုင်းပြည်လည်း တနေ့ ဒီလို အဖြစ်မျိုးကြုံလာနိုင်စရာ မြင်နေတယ်။ ပြောရရင်တော့ အရှည်ကြီးပဲဗျာ။ လူချင်းဆုံတဲ့အခါကျ ပိုပြောကြတာပေါ့။
      မကေရော၊ ပိုင်ရော ကျွန်တော် ဒီမှာ နှစ်နှစ်ဆရာလုပ်ဖူးတယ်။ A level သင်္ချာသင်တာ။ ကျွန်တော့်ကျောင်းသားတွေ ကျွန်တော့်ကို ပေးတဲ့ feedback တွေကိုတော့ နောက်ကြုံတော့မှ ကြွားတော့မယ်။

      Posted by zizawa | 22/06/2010, 07:04
      • အင်း ကျွန်တော်ပြောတာ လောသွားလို့ဖြစ်မယ်။ ကျွန်တော် နားမလည်ဘူး ပြောတာက ဘာ့ကြောင့် PhD အဆင့်အထိ လိုသလဲ ဆိုတာကိုပါ။ Quants တွေ လိုတာကို လက်ခံပါတယ်၊ ဒါပေမယ့် quants တွေဟာ ဘာ့ကြောင့် PhD အဆင့် သင်္ချာအထိ လိုသလဲဆိုတာကို နားမလည်ဘူး။ ကြည့်ရတာက hedge fund တွေ လက်တွေ့ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ထဲထဲဝင်ဝင် တစ်ခါမှ မမြင်ဖူးတော့ စာတွေ့နဲ့ပဲ မှန်းပြောရလို့ ကျွန်တော် နားမလည်တာဖြစ်လိမ့်မယ်။

        လောလောဆယ် ကျွန်တော့် အသိကျဉ်းကျဉ်းလေးနဲ့ မြင်တာက hedge fund တွေ၊ investment fund တွေ၊ ဘာဘာညာညာတွေ စတဲ့ ဈေးကွက်ထဲမှာ နဖူးတွေ့ ဒူးတွေ့ စီးပွားရှာနေတဲ့ ကုမ္ပဏီတွေအတွက် လိုတဲ့ သင်္ချာက မဟာဘွဲ့ရ quants တွေ လုပ်နိုင်မယ်လို့ မြင်တယ်။ (Think tank တွေ ဘာတွေအတွက်တော့ PhD တွေ လိုချင် လိုမှာပေါ့လေ။ အဲဒါတွေက ကျွန်တော်နဲ့ ပို ဝေးသေး။) ဒါ ကျွန်တော် သိတဲ့ နည်းနည်းလေးပေါ်ကို အခြေခံပြောတာပါ။

        Financial math တစ်တန်းတိတိ ယူဖူးတယ်။ သင်တဲ့လူက investment fund တစ်ခုက partner။ MIT ထွက် ဘာဘာညာညာ bigshot ပေါ့။ သူ့ဆရာဟောင်း ဌာနမှူးက ပြန်ပြီး တကူးတက “ပင့်” ထားလို့ လာသင်ပေးနေတာ။ ဒါပေမယ့် အတန်းထဲမှာ သူသင်တာရော၊ သူလက်တွေ့ ရုံးမှာ လုပ်တယ်လို့ ပြောတာရော၊ သူပြတဲ့ primary literature ဆိုတာတွေရောက အမှန်က အပေါင်းအနုတ် အမြှောက်အစားပဲ။ (ရှင်းအောင် အတိသယ လုပ်ပြောတာပါ။ လွယ်တယ်လို့ ပြောတာမဟုတ်။ ခက်ပါတယ်၊ ပညာလည်း ပါတဲ့နေရာ ပါပါတယ်။ ဒါပေမယ့် math background အနေနဲ့က advanced undergrad/master အဆင့်နဲ့ ရတယ်လို့ မြင်မိတယ်။ အဲဒီအတန်းကို undergrad တွေလည်း ယူနိုင်တာပဲ၊ ယူနေကြတာပဲ။ ဆိုလိုတာက an undergrad is as good as a master/PhD student for that purpose.)

        Financial math မှာ PhD လုပ်နေတဲ့ သူတွေ၊ ရပြီးတဲ့သူတွေ ပြောတဲ့ seminar တွေကို captive audience အနေနဲ့ တက်ခဲ့ရတုန်း တွေ့ဖူးသလောက်က သူတို့ သုတေသန လုပ်နေတာတွေကို hedge fund တစ်ခုမှာ ဘယ်လို အသုံးချမယ် ဆိုတာ သိပ်မမြင်ဘူး။ သူတို့လုပ်တာ တခြားကိစ္စတွေလို့ ထင်မိတယ်။ ဥပမာ ကိုဝတုတ်ပြောတဲ့ arbitrage။ ဒီ PhD သမား ဆရာ့ဆရာတွေက သူတို့ talk အစပိုင်းက ပထမဆုံး aixom/assumption ဆယ်ခုအတွင်းမှာ We assume that there is no arbitrage/We ignore arbitrage because if it exists, somebody has already exploited it ဆိုတာ အမြဲပါတယ်။ (ကျန် talk တစ်ခုလုံးမှာ အိပ်ငိုက်ချင် ငိုက်မယ်၊ ဒီ arbitrage ဆိုတာကိုတော့ talk အစပိုင်းမှာ ပြောကြလွန်းလို့ မှတ်မိနေတယ်။ :D) ကိုဝတုတ် ပြောသလို quants တွေကို arbitrage strategy သုံးတဲ့ hedge fund တွေက အသုံးများတယ်ဆိုရင် အဲဒီ fund တွေ အနေနဲ့ arbitrage ကို ထည့်မတွက်တဲ့ (တွက်စရာမလိုတဲ့) အခြေအနေကို သုတေသနလုပ်ကြသူ PhD တွေကို quant တွေ အဖြစ် ဘာ့ကြောင့် ခန့်ချင်မှန်း သိပ်စဉ်းစားလို့ မရဘူး။

        Wall street မှာ quant လုပ်ခဲ့ဖူးသူတစ်ယောက် လစာတိုး ရာထူးတက်ဖို့ မဟာတန်း လာတက်တာကို တွေ့ဖူးတယ်။ ဌာနမှာ financial math master ယူပြီး wall street ကို (quant လုပ်ဖို့ပဲ) ပြန်သွားတယ်။ ကျွန်တော်က PhD ဆက်မယူဘူးလားမေးတော့ သူပြောတာကတော့ မလိုဘူးတဲ့။ ဒါကျွန်တော်သိတာ အကုန်ပဲ။ သိသလောက်တော့ PhD တွေ hedge fund မှာ ဘာလို့ လိုသလဲ သဘောမပေါက်။ (PhD သမားက စီးပွားရှာချင်လို့ hedge fund ကုမ္ပဏီထောင်တာ နားလည်လို့ရတယ်၊ ဒါပေမယ့် hedge fund က သူ့ဆီမှာ quant လုပ်ဖို့အတွက် PhD တွေကိုမှ ဘာ့ကြောင့် လိုချင်လဲဆိုတာ သိပ်မရှင်းဘူး။ ဖြစ်နိုင်တာတစ်ခုက ကျွန်တော်တို့ သချာင်္မှာ အလက်လုပ်မဲ့ PhD တွေ ပေါလွန်းလို့ dime a dozen ရတယ်ဆိုပြီး hedge fund တွေက ခန့်တာဖြစ်နိုင်တယ်။😀 အခု ကျွန်တော်ပြောတာ အဲဒီ ဌာနမှူးကြားရင်တော့ ကျွန်တော် သေချာပေါက် အဆဲခံရမယ်။ :D)

        အခုပြောတာတွေက ကျွန်တော်တွေ့ဖူးတဲ့ ဖြစ်ရပ် သုံးခု specific ကနေ generalize လုပ်သလို ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော် အခုပြောသမျှဟာ BS ဖြစ်နိုင်တယ်။ အဲဒီတော့ ရပ်လိုက်တော့မယ်။
        စကားမစပ် On BS လို short and slick စာအုပ်တွေ သိသေးရင် ညွှန်းပါဦး။ ဒီနေ့ပဲ ဘတ်စ်စီးရင်း စောင့်ရင်း ဖတ်တာ ဖတ်ပြီးသမျှ ကျွန်တော် တော်တော် သဘောကျတယ်။ ရှိသေးရင် လုပ်ပါဦး။

        A level သချာင်္ဆရာ အတွေ့အကြုံတွေ လူချင်းတွေ့ဖြစ်ရင် ကြွားပါ။ လက်ဖက်ရည်သာတိုက်၊ ဘယ်လောက်ကြာကြာ ထိုင်ကို နားထောင်မယ်။🙂

        Posted by ပိုင် (Pi) | 22/06/2010, 23:06
      • ‘သူပြတဲ့ primary literature ဆိုတာတွေရောက အမှန်က အပေါင်းအနုတ် အမြှောက်အစားပဲ။ (ရှင်းအောင် အတိသယ လုပ်ပြောတာပါ။ လွယ်တယ်လို့ ပြောတာမဟုတ်။ ခက်ပါတယ်၊ ပညာလည်း ပါတဲ့နေရာ ပါပါတယ်။ ဒါပေမယ့် math background အနေနဲ့က advanced undergrad/master အဆင့်နဲ့ ရတယ်လို့ မြင်မိတယ်။ အဲဒီအတန်းကို undergrad တွေလည်း ယူနိုင်တာပဲ၊ ယူနေကြတာပဲ။ ဆိုလိုတာက an undergrad is as good as a master/PhD student for that purpose.)’

        အဲဒါ အတိအကျပဲ။ ကျွန်တော်လည်း ပိုင်မြင်သလိုပဲ မြင်တယ်။ quant တွေသုံးတဲ့ သင်္ချာက PhD အဆင့်လောက်ထိ မလိုဘူးထင်တာပဲ။ ခန့်တာက အကြောင်းအမျိုးမျိုး ရှိမှာပေါ့။ Hedge funds တွေမှာသုံးတဲ့ programming တွေအတွက် သင်္ချာ PhD တွေခန့်တာ လိုတာထက် ပိုနေသလားလို့။ နောက်တခုက arbitrage မရှိဘူးဆိုတဲ့ assumption က option formula ကိုရှင်းပြတဲ့အခါမှာ derive လုပ်တဲ့အခါမှာ သုံးတဲ့ assumption တခု ပဲ။ ဒါပေမယ့် လက်တွေ့မှာ arbitrage opportunity တွေ ကနေ့ market ထဲမှာကို ရှိနေတယ်။ ခဏပဲ (စက္ကန့်ပိုင်းပဲ ခံချင်ခံမယ်) ခံချင်ခံမယ်။ နောက် institutions တွေလောက်သာ ဒါကို အမြတ်ထုတ်နိုင်တာ။ အကြောင်းရင်းတခုကတော့ ဥပမာ fx market မှာဆို bid offer spread ကသူတို့အတွက်က မရှိသလောက်ပဲ။ Currency arbitrage ဥပမာ တခုကို နောက်တခါ တွေ့ရင်ပြမယ်။

        နောက်တခါ fund management industry မှာ အလုပ်လုပ်နေတဲ့ထဲမှာ တခါတခါ ကျွန်တော်စဉ်းစားမိတယ်၊ ဘွဲ့တောင် လိုရဲ့ လားလို့။ တော်တော်များများက common sense လောက်နဲ့ အလုပ်ဖြစ်နေတယ်ထင်တယ်။ ဒါပေမယ့် research minded ဖြစ်တဲ့လူ၊ နောက် research အတွေ့အကြုံရှိတဲ့လူတွေက ရေရှည်မှာ လက်တွေ့ အကျိုးရှိတာကတော့ အမှန်ပဲ။ PhD သမားတွေက ဒီနေရာမှာ လက်တွေ့သုံးလေးနှစ်လောက် အချိန်ကုန်ခဲ့တော့ ရိုးရိုး undergrad ထက် generally ပြောရရင် သာနိုင်တာပေါ့။ ဥပမာ ယူကေရဲ့ housing industry ကိုသေချာ research လုပ်ပြီး အိမ်ဈေးတွေကို short လုပ်သင့်မသင့် ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ ပြောခဲ့တဲ့ quality research တွေကို အဓိက အားကိုးရတယ်၊ ဒီတော့ PhD ကို သူ့ research အတွေ့အကြုံအရ ပိုသာတယ်လို့ ဆုံးဖြတ်ပြီး သူနဲ့ non-research degree သမားနဲ့ဆို ပထမလူကို ဦးစားပေးတာပဲ။ ဒါပေမယ့်လည်း တခါတခါ ဘာဘွဲ့မှ မရဘဲ research အတွေ့အကြုံပိုင်းမှာ trained researcher တွေထက် ပျံနေအောင်သာတဲ့လူတွေ တွေ့နေရတာပဲ။

        ဒီနေရာမှာ ကြုံလို့ ကုမ္ပဏီကြီးတွေ အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ သိတာလေးတွေ ပြောရအုံးမယ်။ ကုမ္ပဏီကြီးတွေက HR မှာ အလုပ်လုပ်တဲ့လူက အလုပ်ကို ကိုယ့်ကိုယ်ပိုင် အလုပ်လို သဘောထားလုပ်တာထက် သူ့ကိုခိုင်းတဲ့ဟာကို တာဝန်ကျေပွန်စွာ၊ အပြစ်ကင်းစွာ လုပ်ဖို့ကို အဓိကထားရတာပဲ။ တခါတခါ ရိုးရိုးဘွဲ့  ပဲရတဲ့လူ ဒါမှမဟုတ် ဘွဲ့အသေးလေးကို မထင်မရှားတက္ကသိုလ်တခုက ယူလာတဲ့လူက ဘွဲ့ကြီးတခုကို တက္ကသိုလ်ကြီးတခုက ယူလာတဲ့လူထက် ပေးထားတဲ့ အလုပ်ကြော်ငြာအတွက် ပိုသင့်တော်ချင် သင့်တော်နေတာ။ HR ကလူက သူလည်းသိတယ်။ ဒါပေမယ့် အလုပ် description မှာ ပထမလူက ဘောင်မ၀င်ရင် သူ့ကိုပယ်ပြီး သူ့လောက်မသိတဲ့လူ၊ မသင့်တော်တဲ့လူကို အလုပ်ပေးလိုက်တာပဲ။ ဘာလို့လဲဆိုတော့ ‘မတော်တဆ ကိုယ်က risk ယူပြီး ပထမလူကိုပေးလိုက်လို့ နောက်ပိုင်း ဒီလူနဲ့ ပတ်သက်ပြီး တခုခုဖြစ်ရင် ကိုယ့်ကို အပြစ်ပြောမှာပေါ့တဲ့။’ အဲ့တော့ ဘယ်သူကမှ အပင်ပန်းခံပြီး တယောက်ချင်းရဲ့  အရည်အချင်းကို လိုက်ကြည့်မနေဘဲ box tick လုပ်လိုက်တာပဲ။ ကိုယ်ကိုယ်တိုင်က ကုမ္ပဏီသေးသေးလေးရဲ့ boss ဆိုရင်တော့ ဘယ်သူက ကိုယ့်အလုပ်အတွက် အကောင်းဆုံး ဖြစ်မလဲဆိုတာ ပိုသိနိုင်တာပေါ့။

        Posted by zizawa | 23/06/2010, 09:02
  3. ဝင်ရှုပ်ပြန်ပြီ ကိုဝတုတ်ရေ့၊

    peg ဆိုပြီး စလိုက်တာနဲ့ ကျနော့်မှာ မျက်ဖြူစလန်နေပြီဆိုတော့လည်း ဒီကိုရောက်တိုင်း ဆောင်းပါးကို မျက်စောင်းပဲ ထိုးနေနိုင်တာ ခုမှပဲဝင်မေးဖြစ်တော့တယ်။ နားကန်းတစ်လုံးမှ မသိပေမယ့် အနာဂါတ်မှာ ယောင်မှားပြီး political economy ဘာသာရပ်တွေများ ယူမိမှားစရာဖြစ်လောက်အောင် စိတ်ဝင်စားတာကလည်း ရှိနေလို့ပါ။

    အရင်ကတော့ hedge fund စတာတွေကို အန်ကယ်ဘိုဘိုကျော်ငြိမ်းက သူ့ဆောင်းပါးမှာ မိတ်ဆက်ရေးထည့်ထားလို့ စဖတ်ဖူးပေမယ့် ဘာတွေမှန်းမရေရာသေးပါဖူး။ သိချင်တာက မြန်မာပြည်လိုနေရာမျိုးမှာ ဈေးကွက်စီးပွားရေး စဖွင့်ပြီဆိုရင် stock market တွေမပါပဲ စသွားလို့ ရမလား၊ ခုလည်း substitute သဏ္ဍာန်မျိုး စနစ်တစ်ခုရှိတယ်ထင်ပါတယ်။ အဲဒါတွေက အလုပ်ဖြစ်နိုင်ပါ့မလား၊ process တွေက ဘယ်လိုရှိမလဲ၊ ရှိနိုင်မလဲ၊ သိထားတာတွေက ဘယ်လိုလဲ၊ မဟုတ်ရင်လည်း ဘယ်လိုထင်သလဲ နည်းနည်းတော့ သဘောထားသိချင်ပါတယ်။ မေးခွန်းတွေက စီးပွားရေးနောက်ခံမရှိတာမို့ အမေးနွားကျောင်းသား ပုံစံမျိုးဖြစ်နေရင်တော့ သည်းခံပါဗျာ။

    ကျနော့ နောက်ခံက စက်ရုံ၊ အလုပ်ရုံ လုပ်သက် ဆယ်စုနှစ်တစ်နှစ်နီးပါးနဲ့ ကုပ္မဏီတစ်ခုမှာ untrained personal assistant အနေနဲ့ နှစ်နည်းနည်းလောက်ပဲ ရှိတော့ ဘဝအတွေ့အကြုံတွေပဲ အဓိကဖြစ်နေတာကိုး၊ ကိုဝတုတ်အကြောင်းကတော့ (သောကြာသား) ပြောရင်း ပေါ်လာမယ်ထင်ပါတယ်။

    ကျနော့် ရည်မှန်းချက်က နောက်နှစ်လောက်ဆို ဘလော့ကို upgrade လုပ်ပြီး သိထားတာလေးတွေကို data base ပိစိကွေးလေးလိုလုပ်ပြီး မိတ်ဆက်အနေနဲ့ သိလိုသူတွေ လိုသလိုလာထုတ်ကြည့်နိုင်ဖို့ပါ။ ကိုဝတုတ်ဘလော့ (အဲ၊ မဇီဇဝါရဲ့ဘလော့) မှာလည်း ကျနော့်အနေနဲ့ မသိသေးတာကို ရှာဖတ်စရာ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ကိုယ်ကြိုက်တာ လိုက်ရှာဖို့ရာကျတော့ နည်းနည်းလက်ဝင်မယ်လေ။ ဒီသဘောကိုပဲယူပြီး ကျနော်က ကိုယ်တတ်နိုင်သလောက် စီစဉ်ပေးထားတဲ့ ဗဟုတုတလေးတွေကို သိလိုသူတွေ ရှာဖတ်လို့လွယ်အောင် လုပ်ပေးထားချင်တာပါ။ စိတ်ပါရင်လည်း လုပ်ပါလားဗျာ၊ မသိကြသူတွေ၊ ဗဟုသုတ တိုးပွားဖို့ ဝေဌခံရဖို့ စောင့်နေကြတဲ့ အခွင့်အရေးမဲ့နေသူတွေ အများကြီးရှိပါတယ်။ ဒီလိုလုပ်တာဟာလည်း အုတ်တစ်ချပ် သဲတစ်ပွင့် နိုင်ငံတည်ဆောက်ရာမှာ၊ အပြောင်းအလဲလုပ်ဖို့ အုတ်မြစ်ချကြရာမှာ ပါဝင်သလိုပါပဲ။

    ပါဠိစကားတစ်လုံးမှမပါတဲ့ တရားတွေဆိုတော့ နည်းနည်းများ ပေါ့နေမလားမသိဖူး၊ ဒီလောက်ပဲ တော်ပါဦးမယ်ဗျားး-)

    Posted by မန်းကိုကို | 29/06/2010, 02:25

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: