//
you're reading...
ပေါက်ပေါက်ရှာရှာ
ပေါက်ပေါက်ရှာရှာ (၄)
ဝါဒဖြန့်မှု propaganda ဆိုတာ ရည်ရွယ်ချက် တခုခုအတွက် လူ့အသိုင်းအ၀ိုင်းတခုရဲ့  ယုံကြည်မှု ဒါမှမဟုတ် ထင်မြင်ယူဆချက် ဒါမှမဟုတ် စိတ်နေစိတ်ထား ဒါမှမဟုတ် စဉ်းစားပုံကို (၀ါဒဖြန့်သူ) လိုချင်တဲ့ လမ်းကြောင်းပုံစံတခုပေါ်ရောက်အောင် ကြိုးပမ်းမှုလို့ အဓိပ္ပါယ်ဖွင့်ကြည့်မယ်။
ဒီအဓိပ္ပါယ်ဖွင့်မှုဟာ ပြည့်စုံချင်မှ ပြည့်စုံမယ်။ ဒါပေမယ့် ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုမှုကို ရလာအောင် အဘိဓာန်တွေ၊ အွန်လိုင်းစွယ်စုံကျမ်းတွေကို လိုက်ကြည့်ပြီး အားလုံးမှာ အကြုံးဝင်တဲ့ အချက်တွေကို ပါဝင်အောင် ဖွင့်ဆိုကြည့်ထားတာ ဖြစ်တယ်။
နောက် ‘၀ါဒဖြန့်မှု’ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တချို့  ကိုလည်း သတိပြုမိတယ်။ စာဖတ်သူလည်း သတိပြုမိပြီးသား ဖြစ်ချင်ဖြစ်မှာပါ။
ပထမအချက် အနေနဲ့ ၀ါဒဖြန့်တယ်ဆိုကတည်းက ဘယ်သူ့ကို ပစ်မှတ်ထား ၀ါဒဖြန့်တာလဲ ဆိုတဲ့အချက်ပဲ။ တနည်းအားဖြင့် ဒီစကားလုံးကို သုံးပြီဆိုကတည်းက ကံဝထ္ထု object တခုခုနဲ့ အဲဒိကံဝထ္ထုကို ပြုသူနဲ့ ဆက်စပ်ထားတဲ့ relation တခုခုကို ဖော်ပြပြီးသား။ [ဥပမာ လင်မယား ဆိုတဲ့စကားလုံးလိုပေါ့။ လင်မယားဆိုတာ လူနှစ်ယောက်ရဲ့ တိကျတဲ့ ဆက်သွယ်မှုကို ဖော်ပြတဲ့စကားလုံး။ ဒီလူနှစ်ယောက်ရယ်၊ သူတို့ကို ဆက်သွယ်ထားမှုရယ် မရှိဘဲ လင်မယား ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်မရှိဘူး။] ၀ါဒဖြန့်မှုမှာလည်း ၀ါဒဖြန့်ဖို့ ရည်ရွယ်ထားတဲ့ လူတစု (ကံဝထ္ထု)ရယ်၊ ၀ါဒဖြန့်မယ့်လူရဲ့  ရည်ရွယ်ချက်ရယ် (ကတ္တားနဲ့ ကံကိုဆက်သွယ်ထားမှု)မပါဘဲ ၀ါဒဖြန့်တဲ့ စကားလုံးဟာ ဘာအဓိပ္ပါယ်မှ မရှိဘူး။
ဒုတိယအချက်အနေနဲ့ ၀ါဒဖြန့်တယ်ဆိုတာ ရည်ရွယ်ချက် ရှိရှိလုပ်တဲ့ အလုပ်ကိုခေါ်တာ။ လူတယောက်ရဲ့ ထင်မြင်ယူဆချက်ကို ပြောင်းသွားစေပေမယ့် ၀ါဒဖြန့်မှု မြောက်တယ်လို့ ပြောလို့မရတဲ့ လုပ်ရပ်တွေရှိနိုင်တယ်။ ဥပမာ ‘ဟဲ့ဟဲ့ နင်သိပြီးသွားပြီလား၊ အဲဒိမင်းသားကို ဟိုဆေးခန်းမှာ တွေ့လိုက်တယ်။ သူ့မှာ xxxx ရောဂါရှိနေတယ်၊ သိလား။ ဆေးခန်းမှာ အလုပ်လုပ်တဲ့ လူက ငါ့အသိဟဲ့။’ ဆိုတဲ့ စကားမျိုး။ ဒီစကားကြားပြီးနောက်မှာ နားထောင်တဲ့လူက အဲဒိမင်းသားပေါ် အရင်လေးစားနေရာကနေ အထင်အမြင် သေးသွားနိုင်တယ်။ ဒါပေမယ့် ပြောတဲ့လူက အထင်အမြင် သေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာဖြစ်ချင်မှ ဖြစ်မယ်။ သူကိုယ်တိုင်က ဒါမျိုးပြောရတာ အာတွေ့လို့၊ ဘယ်သူမှ မသိသေးဘူးလို့ သူထင်တဲ့အရာကို ဦးဦးဖျားဖျား သိလိုက်ရတာကို ဂုဏ်ယူပြီး ပြောတာလည်း ဖြစ်နိုင်တာပဲ။ ဒီတော့ ဒါဝါဒဖြန့်မှု မြောက်ချင်မှ မြောက်မယ်။ ဒါပေမယ့် ပြောတဲ့ ရည်ရွယ်ချက်က နားထောင်တဲ့လူရဲ့  ထင်မြင် ယူဆချက်ကို ပြောင်းအောင် လုပ်နေတာဆိုရင်တော့ ဒါဝါဒဖြန့်မှုမြောက်တယ်။ သူပြောနေတဲ့ အကြောင်းအရာက တစိတ်တပိုင်း ဒါမှမဟုတ် အကုန်လုံးမှားနိုင်တယ်။ ဒါကအရေးမကြီးဘူး။ အရေးကြီးတာက နားထောင်တဲ့လူ ထင်မြင်ယူဆချက် ပြောင်းသွားစေဖို့ ဖြစ်တယ်။
ဒီတော့ ၀ါဒဖြန့်မှုတခု အောင်မြင်လား မအောင်မြင်လားဆိုတာကို ဘယ်လိုတိုင်းမလဲ။ ၀ါဒဖြန့်မှုဟာ ရည်ရွယ်ချက် တခုခုနဲ့ လုပ်တဲ့ကြိုးပမ်းမှု ဖြစ်လေတော့ ဒီကြိုးပမ်းမှု အောင်မြင် မအောင်မြင်ဆိုတာကို ပြောခဲ့တဲ့ ရည်ရွယ်ချက် ပြည့်မပြည့်ကို ကြည့်ပြီး တိုင်းနိုင်တာပေါ့။
‘ဟေ့ ငါတို့နေနေတဲ့ လူ့အဖွဲ့အစည်းဟာ သတင်းလွတ်လပ်ခွင့်အပြည့်ရှိတယ်။ ဒို့ဆီမှာ ဘာဝါဒဖြန့်မှုမှ မရှိဘူး’ ဆိုတဲ့ စကားကို လေ့လာကြည့်ရအောင်။ ဒီအပြောအရ ဒီအဖွဲ့အစည်းမှာ တကယ်ပဲ ၀ါဒဖြန့်မှု မရှိတာ ဖြစ်နိုင်သလို၊ ဒါမှမဟုတ် ၀ါဒဖြန့်မှုဟာ တော်လွန်း၊ အောင်မြင်လွန်းအားကြီးလို့ ၀ါဒဖြန့် ခံရတဲ့သူက သူဝါဒဖြန့်ခံနေရမှန်း မသိတာလည်း ဖြစ်နိုင်တယ်။ တွေးတာ တူတဲ့လူတွေ များနေတဲ့ လူ့အဖွဲ့အစည်းမှာ ၀ါဒဖြန့်မှုတွေမရှိဘူးဆိုတာထက် ၀ါဒဖြန့်မှုက ကောင်းလွန်းနေတာ ဖြစ်နိုင်တယ်။ Great men think alike ဆိုပြီးပြောကြတယ်။ ဒါဆိုရင် great men တွေဟာ ပုံစံခွက် တခုထဲက ထွက်လာတာလည်း ဖြစ်နိုင်တာပဲ။ အားလုံးက ဒီမိုကရေစီကို အကောင်းပြောနေပြီဆိုရင် ဒီအကောင်းပြောနေတဲ့ အချက်တချက်တည်းကိုကြည့်ပြီး ဒီမိုကရေစီကို သံသယ ဖြစ်သင့်နေပြီ။ အားလုံးက Nelson Mandela ကို ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး၊ ကမ္ဘာ့မီးရှုး တန်ဆောင်ကြီးဆိုပြီး ချီးကြူးနေရင် ဒီတချက်တည်နဲ့တင် သူ့ကို ပိုပြီး သံသယရှိတဲ့ မျက်စိနဲ့ ကြည့်သင့်နေပြီလို့ ထင်တယ်။ ဘယ်လိုသဘောရပါသနည်း…
ဝတုတ်
Discussion
11 thoughts on “ပေါက်ပေါက်ရှာရှာ (၄)
  1. If someone you are interviewing comes in with a glowing reference from present employer , be wary . His/her present employer cannot wait to get rid of him/her .
    😛
    Posted by tint oo | 27/06/2010, 07:42
    • lol… ကိုတင့် ခင်ဗျားကို ကိုမန်းကိုကမေးနေတယ်၊ ဘယ်ပျောက်နေလဲတဲ့။
      Posted by zizawa | 27/06/2010, 07:58
      • In my weekday computer , your site cannot be read . that is why .And computer in weekend work cannot type in Burmese . That is why . 😛
        Posted by tint oo | 27/06/2010, 08:14
  2. ကိုဝတုတ်
    ဆောင်းပါးထဲက စိတ်ဝင်စားတဲ့ အချက်နှစ်ချက်ကို ကိုယ်မြင်သလို ၀င်ဆွေးနွေးချင်ပါတယ်။
    (၁) ၀ါဒဖြန့်တာ ကောင်းသလား၊မကောင်းဘူးလား။
    Propaganda ၀ါဒဖြန့်တာကတော့ လူမှုအဖွဲ့အစည်းတိုင်းမှာ မကင်းနိုင်ဘူးလို့ ထင်ပါတယ်။ အတုံးလိုက်ဖြန့်တာနဲ့ ပါးပါးလေးဖြန့်တာပဲ ကွာမှာပါ။ ရာဇ၀တ်မှုဆိုတာ လူ့အဖွဲ့အစည်းတိုင်းနဲ့ မကင်းသလိုပဲပေါ့။ ၀ါဒဖြန့်တာ ကောင်းမကောင်းဆိုတာကတော့ ၀ါဒဖြန့်သူ (သို့မဟုတ်) အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် ( motive) ၊ပြီးတော့ အကျိုးသက်ရောက်မှု (Impact) နဲံ့ပဲ တိုင်းတာသင့်တယ်လို့ ထင်ပါတယ်။
    ယေဘုယျအားဖြင့် ၀ါဒဖြန့်တယ်ဆိုတဲ့ စကားလုံးကိုကြားရင် ကျွန်မတို့စိတ်ထဲမှာ negative sense ကို ခံစားမိနေစေပါတယ်။ ဒါပေမဲ့ ၀ါဒဖြန့်တိုင်း မကောင်းတာ တော့မဟုတ်ဘူး ထင်ပါတယ်။ ဘုရားကလည်း သူ့ရဲံ အနိစ္စ၀ါဒတို့ ၊ မေတ္တာဝါဒ တို့ကို (မကျွတ်မလွတ်သေးသောသူများ)ကို ပစ်မှတ်ထားပြီး ဖြန့်ခဲ့တာပဲလေ။
    propaganda ရိုးရိုးကတော့ အန္တရာယ်နည်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းပါး အဆုံးပိုင်းမှာ ရေးထားသလို ဖြန့်ထားတဲ့ ၀ါဒအပေါ် ပြန်လည် ဆန်းစစ်ခွင့်ရှိနေလို့ပဲ။
    အပေါ်ကဥပမာကို ပြန်ကောက်ရရင် ဘုရားက (ကာလာမသုတ်)မှာ ဟောခဲ့သလို သူဖြန့်တဲ့ဝါဒကို ဆန်းစစ်ပြီးမှ ယုံဖို့ ပြောခဲ့လို့ပါ။ နောက်ပြီး ဒီနေ့ မီဒီယာတွေရဲ့ ၀ါဒဖြန့်မှုတွေကိုဆိုရင်လည်း အလားတူပဲ ဆန်းစစ်ပြီး ယုံဖို့ပဲ လိုတာပါ။
    (၂) လူတိုင်းကတညီတညွတ်တည်းချီးကျူးနေရင် သံသယ၀င်သင့်သလား။
    ဟုတ်ကဲ့ – ၀င်သင့်ပါတယ်။ ရွှေစစ်ရင် မှတ်ကျောက်တင်ခံနိုင်မှာပါ။ အချိန်တခုမှာ အဖြေမပေါ်ရင်လည်း နောင် အချိန်ကာလတစ်ခုမှာ သိလာကြမှာပါ။ ဒါပေမဲ့ လူအများကြီးထောက်ခံရုံနဲ့ သူ့မှာ ဆိုးတာတွေရှိကိုရှိရမယ်လို့ တထစ်ချမယူဆပဲ အစွဲကင်းကင်းနဲ့ ဆန်းစစ်တာကတော့ အကောင်းဆုံးလို့ ထင်ပါတယ်။
    ကျမကော်မန့်က ဆောင်းပါးနဲ့ ဘောင်မ၀င်ရင် ခွင့်လွှတ်ပါ။ သက်ဆိုင်မှုရှိရင်တော့ နောက်ထပ် ဗဟုသုတရစေမဲ့ ကိုဝတုတ်ရဲ့ အမြင်နဲ့ ရှင်းပြချက်လေးတွေ ကြားချင်ပါသေးတယ်။
    Posted by မိုးစက်ပွင့် | 27/06/2010, 08:25
  3. မ susie,
    ဘောင်ဝင်ပါတယ်ခင်ဗျာ။ ဆိုင်လည်းဆိုင်ပါတယ်…
    နောက်တခုက မ susie (ဗမာလို ဘယ်လိုပေါင်းရမလဲ မသေချာလို့ပါ) ပြောသလို ဘုရားက လက္ခဏာရေး သုံးပါးကို ၀ါဒဖြန့်တယ်ဆိုတာ ဟုတ်သလား။ ကျွန်တော်ကတော့ အဲ့သလို မထင်မိဘူး။ လူ့အဖွဲ့အစည်းတခုလုံးကို ရည်ရွယ်ချက် တခုခုအတွက် အမြင်ပြောင်းသွားအောင် လုပ်တယ်ဆိုတာထက်၊ ကျွတ်ထိုက်တဲ့လူတဦးချင်းကို၊ ဒါမှမဟုတ် အစုလိုက်ကို ဒီလိုဒီလို ကျင့်ကြံမယ်ဆိုရင်တော့ မင်းတို့ဆန္ဒရှိသလို ကိလေသာတွေ ချုပ်ငြိမ်းမှာဘဲလို့ နည်းလမ်းပြခဲ့တာလို့ပဲ ကျွန်တော်တော့ နားလည်ထားတယ်။ သူကိုယ်တိုင်က သူ့နံမယ်နဲ့ ဘာသာအယူတခု၊ ဂိုဏ်းဂဏတခု ထောင်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ သိထားတယ်။ ဒီတော့ ကျွန်တော်တို့ နားလည်နေတဲ့ ၀ါဒဖြန့်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ မကိုက်ညီဘူးထင်တယ်။ anyway…
    နောက်တခုက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ၀ါဒဖြန့်တာမျိုးလည်း ရှိနိုင်တာပဲ။ အဲဒါကို အများစုလည်း လက်ခံနိုင်တယ်။ ကျွန်တော်ကတော့ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ အလုပ်ထက် အမှန်ကို ပြောတာကိုပဲ ပိုလိုလားတယ်။ ပုံဂံမင်းနေပြည်တော်ဆိုပြီး တခမ်းတနား ပြောနေရေးနေတဲ့ နန်းတော်ဟာ တကယ်တော့ ပိစိညှောက်တောက်လေးလို့ ပြောလိုက်လို့ လူတွေ စိတ်ဓာတ်ကျချင်လည်း ကျသွားနိုင်တာပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ မှန်တာကိုပဲ သိချင်တယ်။
    အမပြောတဲ့ နောက်ဆုံးစကားကိုတော့ (အစွဲကင်းကင်းနဲ့ ဆန်းစစ်တာကတော့ အကောင်းဆုံးလို့ ထင်ပါတယ်။) အပြတ်သဘောတူပါတယ်။ ကျွန်တော် အဓိက ပြောချင်တာကလည်း ဒါပဲ။ ကိုယ့်ဟာကို စဉ်းစားဆုံးဖြတ်ဖို့၊ ဆင်ခြင်တုံတရားကို အားကိုဖို့ကိုပဲ အဓိကပြောချင်တာပါ။
    ဒါပေမယ့် ကျွန်တော့်အတွေ့အကြုံအရ အရာရာကို သံသယနဲ့ ကြည့်တတ်သူတွေဟာ သူများတွေ မစဉ်းစားမိတာတွေကို စဉ်းစားမိနိုင်ဖို့ အခွင့်အလမ်း ပိုများတယ်။ နောက်ပြီး ဘယ်နေရာကစ ဆန်းစစ်ရမလဲဆိုတဲ့ သဲလွန်စအတွက်က များသောအားဖြင့် ပြောခဲ့သလို လူတွေ သဘောထားအမြင် တထပ်ထဲကျနေတဲ့ အခါမျိုးတွေမှာ ရတတ်တယ်။
    truthfully,
    Posted by watote | 27/06/2010, 09:26
  4. The arguments are jumpy and I know it’s vulnerable to a slightest jolt. Maybe I’m playing fast and lose. The conclusions are not spelt out carefully. Perhaps I should have taken a bit more time before it’s posted. I have already seen some serious shortcomings here.. Perhaps I’m overworked and bullshiting is taking its toll.. This piece is not up to a good standard. Apologies to my dear readers if you are disappointed.
    Posted by watote | 27/06/2010, 19:17
    • ကိုယ့်အပြစ်ကိုယ်ပြန်မြင်သူဟာ မတော်ရင်တောင်မှ မညံ့တော့ဖူးဗျ၊ ကျနော်လည်း ဖတ်ပြီးခြေလှမ်းနည်းနည်း ကျဲတယ်လို့ထင်မိပေမယ့် အခြားခုန်အုပ်မယ့် ကျားကြီးတွေကို စောင့်ပြီးမှ ပေါ်လာတဲ့အချက်တွေအပေါ်မူတည်ပြီး ဝင်ရေးမလားလို့ အဟဲ၊ ခုထိတော့ အကောင်ငယ်လို့ ဆက်ဝပ်နေကြတော့ ကိုယ်ပဲ ခုန်ထွက်လိုက်ရတော့တယ်။
      propaganda ဆိုတော့ အခုကျနော်တို့ ကိုဝတုတ်တို့ လုပ်နေကြတာပဲလေ၊ ကိုယ့်အမြင်၊ အထင်နဲ့ အသိတွေကို တစ်ယောက်နဲ့ တစ်ယောက်ဆီ တွန်းပို့နေကြတာပါပဲ။ အောင်မြင်မှုအတိုင်းအတာကတော့ အခြေခံအုတ်မြစ် တည်တာလောက်လုပ်ချင်တဲ့ လက်ရှိအနေအထားမှာ သိပ်ပြဿနာမရှိသေးလို့ထင်တယ်၊ သိပ်မတွေးမိသေးဖူး။
      “မိုးစက်ပွင့်” ဆွေးနွေးတာတွေကျတော့ မှားတော့မမှားပေမယ့် အသုံးအနှုန်းပဲနည်းနည်း ပြောချင်ပါတယ်။ propaganda ဟာ marketing လုပ်သလိုပါပဲ၊ လွန်သွားပြီး လျှပ်ပေါ်လော်လီတယ်လို့ လူမှုအသိုင်းဝိုင်းနဲ့ ယဉ်ကျေးမှုက လက်ခံတဲ့အဆင့် ရောက်သွားတဲ့အခါ မှိုင်းတိုက်၊ အယုံသွင်း၊ အပင်းရှိုဆိုတဲ့စကားတွေ ဖြစ်လာပါတယ်၊ တစ်ခါ လူတစ်ဦးရဲ့ ဆန့်ကျင်ဘက် အခြားတစ်ဦးဆိုရင်တော့ အဲဒီအနေအထားဆီ အမြန်ဆုံးပုဂံလုံးနှုန်းနဲ့ ရောက်သွားတတ်တာပေါ့ဗျာ။ ကိုယ်ဆိုရင်တော့ “လက်နက်အင်အား၊ လူအင်အားမမျှပဲ တွန်းလှန်တိုက်ခိုက်” ပြီး၊ ရန်သူဆိုရင်တော့လည်း “စွမ်းရည်ပြောင်မြောက်စွာနဲ့ ချေမှုန်း” တာပေါ့လေ။
      ဘာတွေပြောပြော ကိုဝတုတ်က အခြေခံစကားလုံးအဓိပ္ပါယ်နဲ့ အောင်မြင်မှုတွေကို အာရုံပြုထားတော့ ကျနော်က အပေါ်ယံအကျိုး အကြောင်းတွေနဲ့ လမ်းလွဲအောင် လာလုပ်နေတယ်ဆိုကြပါစို့။ တစ်ခုပဲရှိတာက “ဝါဒ” ကို ဘယ်လိုဖွင့်ဆိုမလဲဗျ၊ အရင်ကရေးခဲ့ဖူးတာများ ရှိခဲ့သလားတော့ မသိဖူး။
      အရင်ပြောခဲ့ဖူးသလို ကျနော်က ခလေးတန်းပြန်တက်နေရတော့ စကားတစ်လုံးစီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ သူ့ရဲ့ပတ်သက်ရာဝန်းကျင်တွေက စိတ်ဝင်စားစရာကောင်းလာတယ်ဗျ။ ဥပမာ – လူထု ဆိုရင် လူတိုင်းအလွယ်ပြောကြတာပဲ၊ ဒါပေမယ့် ဆရာက ပတ်သက်တဲ့စာအုပ်ပေးဖတ်ခါမှ သောက်ကျိုးနည်း လို့ပြောရမလိုဖြစ်နေတယ်။ ခုထိနားမလည်သေးလို့ ပို့စ်တောင် မရေးဖြစ်သေးဖူး။ နားလည်လာတာတွေကို ပို့စ်ရေးတာလည်း ဒိုင်ယာရီတစ်ခုပဲ မဟုတ်လား။
      လမ်းပြန်တည့်ရရင်တော့ great men think alike ဆိုတာကတော့ အရမ်းကြီးကို simplify လုပ်လိုက်တာလို့ မြင်ပါတယ်။ ဒီမိုကရေစီစနစ်ကျပြန်တော့ စနစ်တွေထဲက အကောင်းဆုံးလို့ ပြောရမယ်ထင်ပါတယ်။ အပြည့်စုံဆုံးဆိုရင်လည်း မှားချင်မှမှားအုံးမယ်။ ပြည့်စုံတဲ့စနစ် လို့စပြောရင်တော့ မှားပြီပေါ့။ ဒီမိုကရေစီစနစ်ကို mob rule လို့ခေါ်တာ၊ ရွေးကောက်ပွဲတွေ ကျင်းပနေကြတာကြောင့် ရေတိုလုပ်ရပ်တွေအပေါ် အာရုံစိုက်ကြပြီး ရေရှည်အတွက် လုပ်ဖို့ အဟန့်အတားတွေလို ဖြစ်လာတာ၊ ငွေအား လူအားနဲ့ populism တွေတွဲသုံး အာဏာရှင်ဆန်ဆန် တက်လာကြတာတွေကို မတားဆီးနိုင်ကြတာ စသည်ဖြင့်တော့ အားနည်းချက်တွေရှိပါတယ်။
      မင်ဒဲလားကတော့ ကိုယ်ပိုင်သီးသန့်ဘဝ(private life)ရှိပေမယ့် အများနဲ့သက်ဆိုင်တဲ့ဘဝ (public life) ထဲကိုဝင်လာလှုပ်ရှားတဲ့အတွက် ကိုဝတုတ်ရဲ့ ဆန္ဒလိုပဲ public scrutiny ဘောင်ထဲ အပြစ်ရှာတာခံရမယ့် လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာခုထိတော့ အပြစ်ရှာလို့ မရကြသေးတာ(မတွေ့သေးတာ၊ အောင်မြင်စွာဖုံးထားနိုင်သေးတာ) တော့ အမှန်ပါ။ ဒီခေတ်မှာ အများဆိုင်ဘဝထဲ ဝင်လာသူတွေအားလုံး အများကနေ သူ့အကြောင်းအားလုံး သိသင့်တယ်လို့ ဆိုပေမယ့် ကိုယ်ပိုင်အမြင်အရတော့ အချို့ကိစ္စတွေမှာ မသိတာတစ်ချို့ဟာ ဘယ်တော့မှမသိသင့်ပါဘူးဗျာ။ ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိရတာ မနိပ်လှပါ။ ရောချတာတော့ မဟုတ်ပါ။
      တစ်ခါထပ်ပြောရရင်တော့ ရောချတာ မဟုတ်ပါဖူး ဆိုကတည်းက ကျနော်ရောချနေတာပါ။ ဒါကလည်း လူမသိဖူးထင်လောက်တာတွေ လျှောက်ပြောပြီး ကြောင်သွား၊ အထင်ကြီးသွားအောင်လုပ်တဲ့ အမေရိကန်တွေရဲ့ shock and awe tactic လိုပေါ့ဗျာ၊ အချို့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒီဆိုဒ်မှာတော့ မရမှန်းသိပါတယ်ဗျာ။ တစ်ခါမှတ်မှတ်ရရ သုံးဖူးတာက Bangkok Post မှာပါ၊ Max Muller ဆိုတဲ့ မြန်မာပြည်အနှံ့ရောက်ဖူးပြီး မြန်မာပြည်အကြောင်း စာအုပ် ၃-၄ အုပ်တောင်ရေးဖူးတယ် ဆိုသူနဲ့ ကွန်မင့်အကွက်မှာ သွားငြင်းမိတာကိုး။ သူကမြန်မာပြည်ကို လူတွေ အထင်မှားနေကြတယ်ဆိုပြီး စွတ်ငြင်းနေလို့ နောက်ဆုံး ရခိုင်စတည်တဲ့ လွန်ခဲ့တဲ့ နှစ် ၄၀၀၀-၆၀၀၀ ကနေ ပြည်တွင်းစစ်၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အစုံခေါင်းစဉ်တပ်ပြီး ဗုံးတစ်လုံးကြဲပစ်လိုက်တာ ငြိမ်သွားတယ်ဗျ။ ဒါနဲ့ သူ့စာအုပ်တွေကို မြန်မာပြည်မှာရော ထိုင်းနိုင်ငံပါမက နိုင်ငံတကာမှာ ဝယ်လို့ရတယ်ဆိုပဲ။ သိရင်လည်းထည့်ပြောကြပါအုံး။
      ကဲဗျာ ကိုဝတုတ်ဆီမှာ လာရေးတာနဲ့ ကိုယ့်ပို့စ်တစ်ပုဒ်စာ ဦးနှောက်ထဲကနေ ထွက်သွားပြီဗျာ၊ နားပါအုံးမယ်။
      Posted by မန်းကိုကို | 28/06/2010, 05:40
      • ဆရာမန်းရေ
        ကျွန်တော်ကတော့ ကျွန်တော်လုပ်တဲ့ အလုပ်ကို propaganda လို့မမြင်သလို ဒါတွေဟာ propaganda လည်းမဟုတ်ပါဘူး။ လူတဦးတယောက်ရဲ့ အကြောင်းအရာ တခုခုပေါ် အမြင်ပြောင်းသွားဖို့ ရည်ရွယ်ချက်နဲ့ စာရေးနေတာ မဟုတ်ပါ။ မှန်တာကိုသာရေးမယ်ဆိုတဲ့ စိတ်ဆန္ဒတခုပဲ ရှိပါတယ်။ ဒီလိုပြောလို့ အမှန်တွေချည်းပဲ ထွက်မယ်ဆိုတဲ့ အဓိပ္ပါယ် မရပါ။ မှားနိုင်တာတွေ ရှိသလို၊ အရည်မရ အဖတ်မရတွေ၊ အညံ့စား စာတွေလည်း ပါမှာပါ။ နောက်တခါ ကိုယ်နဲ့ သဘောမတူတဲ့ လူတွေကိုလည်း အတင်းမတူတူအောင် လုပ်ဖို့ ဆန္ဒမရှိပါ။ ကိုယ်တန်ဖိုးထားတဲ့ အယူအဆတွေကို လာတိုက်ခိုက်တဲ့အခါမှသာ ကာကွယ်တာမျိုးလုပ်ချင်တာပါခင်ဗျ။
        truthfully,
        Posted by zizawa | 28/06/2010, 07:42
    • ကိုဝတုတ်ရေ၊ စကားမှားသွားရင်တော့ ဆောရီးဗျာ၊ တစ်ခုရှိတာက ကိုဝတုတ်မှာ ကိုယ်သိတာကို ဝေမျှလိုစိတ်၊ မသိသေးသူကို သိစေလိုတဲ့စိတ်တော့ ရှိမယ်ထင်ပါတယ်။(အချို့အဆိုးမြင်တတ်သူတွေအတွက်တော့ ဆရာကြီးလုပ်လိုတဲ့စိတ်ပေါ့ဗျာ၊)၊ သိသူတွေချည်းဆိုရင်တော့လည်း ကျနောတို့ဘလော့တွေမှာ သာကြောင်းမာကြောင်းစာတွေနဲ့တင် ပြည့်နေကြမယ်ထင်ပါတယ်။
      ကျနော်လည်း ကျနော့်အမြင်၊ အသိတွေကို အခြားသူတွေ လက်ခံဖို့ရယ်မဟုတ်ပေမယ့် အနည်းဆုံးကြားဖူးသွားကြမယ်ဆိုရင် (ဥပမာ ဗမာတွေပေါ့ဗျာ) အော်၊ လောကမှာ ဒါတွေလည်းရှိတယ်ပါလား ဆိုတာမျိုးလေး ပေးလိုက်ချင်တာပါ။ စိတ်ပြောင်းအောင်မလုပ်ပဲ အမြင်ပြောင်းသွားနိုင်တာမျိုးကို မျိုးစေ့ချပေးလိုက်ချင်တာပါ။ ကိုဝတုတ်လည်း တိုင်းရင်းသားတွေအကြောင်း ကြီးမှပိုသိလာရသလိုပေါ့၊ အသိများလာတော့ စိတ်သဘောထားနည်းနည်းတော့ ကွာသွားတာပဲ မဟုတ်လား။ အဲဒါမျိုးကို ကျနော်က အပျော့စား ဝါဒဖြန့်တာမျိုးနဲ့ နည်းနည်းလောက် နှိုင်းလိုတာပါ။ အသိပညာဗဟုသုတ ဖြန့်တာနဲ့ ရောသွားမလားတော့ မပြောတတ်ဖူး၊ ကျနော့အမြင်ကတော့ ကြားထဲမှာ ပါးပါးကလေးပါ။ လူ့လောကကို ပုံသွင်းတဲ့ အရာလေးတွေထဲက တစ်ပိုင်းလို့ပဲ ဆိုရမလား အဲ၊ လုပ်ပါဦးဆရာရဲ့။
      ဒါနဲ့ ကျနော့်ဘလော့မှာလာမေးထားတာ ဟိုမှာတော့ဖြေထားပါတယ်။ ကဲ၊ တခါထဲ ကူးထည့်ပေးလိုက်မယ်ဗျာ။
      “ကိုဝတုတ်ရေ “Iron web” သို့မဟုတ် “Iron net from sky” လို့တော့ထင်ပါတယ်၊ ကြည့်ထားတာက တစ်နှစ်ကျော်ပြီမို့ သွားထပ်ဌားကြည့်မှ သေချာပါမယ်။
      လေကွဲကျည်တွေ ပြည်တွင်းစစ်မှာ မသုံးရဖူးရယ်လို့တော့ ကြားဖူးပါတယ်၊ ခုပြောမှ နိုင်ငံတကာဥပဒေတွေဖက် လှည့်လေ့လာဖို့ လက်တို့သလိုဖြစ်တာ ကျေးဇူးတင်ပါတယ်။ ရှာဖို့မေ့သလိုလည်း ဖြစ်နေလို့ပါ။ မြန်မာပြည်မှာလည်း အရင်က ပြည်မတပ်တွေ KNU ကို လာတိုက်စဉ်က ပုခုံးထမ်းပစ်ရတဲ့ လေကွဲကျည်တွေ သုံးခဲ့လို့ နှစ်လက်အမိအရသိမ်းပြီး ထိုင်းဖက်က သတင်းနဲ့စာနယ်ဇင်းတွေကို ခေါ်ပြခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။
      နောက်တစ်ခုက ဒုံးကျည်ရဲ့ ဖွဲ့စည်းပုံပါ။ cluster bomb လိုအလုပ်လုပ်တာလား၊ မဟုတ်ရင်လည်း primary payload ကနေ လေထဲမှာ တိုက်ရိုက်ပေါက်ကွဲ ထိခိုက်စေသလားလည်း သေချာအောင်ထပ်ကြည့်ရပါအုံးမယ်။ ပထမအမျိုးအစားက ပိုသေချာပါတယ်။ သေချာတာတော့ မြေပေါ်ရောက်မှ (ထိပေါက်) ပေါက်တာတော့ မဟုတ်ပါဘူး။”
      Posted by မန်းကိုကို | 28/06/2010, 12:42
    • “မှားနိုင်တာတွေ ရှိသလို၊ အရည်မရ အဖတ်မရတွေ၊ အညံ့စား စာတွေလည်း ပါမှာပါ။”
      ပုဂ္ဂိုလ်ခင်ရင် တရားမင်တယ်လိုလား မသိပါဘူးဗျာ၊ ခုထိ အဲဒီစာကြောင်းကဟာတွေ တစ်ချက်မှ မမြင်မိပါဘူး။ (“မြှောက်နေပါပြီဘုရာ့” ဆိုတဲ့ ယမမင်းကြီးကို သူ့လက်ထောက်က သတိပေးတဲ့စကားလေးတော့ သွားကြားယောင်မနေနဲ့ဗျ နော)။ ကျနော်လည်း ပြန်တွေးကြည့်တယ်၊ ငါ ပဲချက်လိုက်တာ ချဉ်ပေါင်နဲ့ပါ ရောမိလို့ ဘလော့ပိုင်ရှင် မချိအောင် ထိလိုက်မိသလားလို့။
      သတိရမိတာက မြန်မာပြည်မှာ ကားသမားတွေအတွက် ယာဉ်မမောင်းဖို့ အခြေအနေတွေကို သတိပေးတဲ့အထဲမှာ မူးတာအပြင် “ကြောင်စီစီ ဖြစ်နေသောအခါ” ဆိုပြီးပါတာတွေ့မိပါတယ်။ ကျနော်လည်း လူသားပေမို့ တခါတရံ mood swinging ရှိပြီး သာမန်သတိမြဲတဲ့အချိန်မှာ လုပ်ခဲတာတွေကို လုပ်ခဲ့မိတာမျိုးတွေအများကြီး ရှိခဲ့သဗျ။ လူတစ်ယောက်က လူသားတွေမှာ bio circle သဘောမျိုးဆိုလားပဲ၊ အမှားများများ ကံမကောင်းတဲ့နေ့မျိုးနဲ့ ဘာလုပ်လုပ် အဆင်ပြေတတ်တဲ့နေ့မျိုးတွေ လှည့်ပတ်နေကြတာကို အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းလိုရှိတယ်ဆိုတာ မှတ်သားဖေါ်ထုတ်ဖို့ ကြိုးစားခဲ့ဖူးတယ် လို့တော့ကြားဖူးပါတယ်။
      အတိုချုပ်ရရင်တော့ဗျာ၊ ကိုဝတုတ်ကို ခြေလှမ်းကျဲတယ်ပြောတာဟာ မှားတယ်လို့ မဆိုလိုပါဘူး၊ ပြောချင်တာတွေ တစ်ခုနဲ့တစ်ခု ခုန်ပေါက်ပြီးရောက်သွားသလိုမျိုးကို ဆိုလိုတာပါ။ ခပ်ညံ့ညံ့တွေ ရေးချင်းရေး ကျနော်ကရေးမှာပါ။ မအားတဲ့အချိန်မှာ ဘာမှမဟုတ်တဲ့ မှတ်ချက်တွေကို စိတ်မကြေပွဲ ထပ်တင်ထားတာသာကြည့်ပါ။ ဒီကြားထဲ ဘာရေးရမှန်းမသိလို့ ဒုံးပျံတွေအကြောင်း လွယ်လွယ်ရေးလိုက်ကာမှ အချိန်ယူရေးထားခဲ့တဲ့ စာတွေထက်တောင် လူတွေကလာဖတ်သေးတယ်ဗျား။
      ကျနော့်စာတွေနဲ့ ဒီဘလော့မှာပြည့်နေပြီ၊ ခဏနားအုံးမှထင်တယ်။
      Posted by မန်းကိုကို | 29/06/2010, 03:00
  5. ခြောက်ပစ်ကင်း သဲလဲစင်တယ်လို့ ပြောတဲ့ကိစ္စမျိုးရှိတယ်လို့ ပြောခဲ့ရင် အဲဒီကိစ္စဟာ သွေးရိုးသားရိုး (normal) တော့ ဖြစ်နိုင်မယ် မထင်ပါဘူးဗျာ။ ခုခေတ်မယ် သံသယ၀ါဒီတွေ ပိုများလာသလားတော့ မပြောတတ်ဘူး။ အပေါင်းအသင်းထဲ မှာလည်း အဲလိုယူဆတဲ့လူမျိုး များတယ်။ (စာရေးသူအမြင်နဲ့ ခပ်ဆင်ဆင်ဖြစ်တယ်ထင်မိလို့ ချရေးမိတယ်။ အကျယ်တော့ မပြောလို)
    Posted by အလှတရား | 29/06/2010, 15:15
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: