//
you're reading...
Economics, International Relations, Politics
ပိုက်ဆံရဲ့ တန်ခိုးနဲ့ အနောက်ပီးတော့ အရှေ့ အလှည့်
ဒါပေမယ့် ၁၉ ရာစုနဲ့ ၂၀ ရာစုက အဖြစ်အပျက်တွေနဲ့ ပြောင်းပြန် အဖြစ်အပျက်တွေကို ခုနှစ်ဆယ့်တစ်ရာစုမှာ ပိုပိုတွေ့ လာရဖွယ်ရှိနေတယ်။ ခုဆိုရင် ကမ္ဘာမှာ ငွေပိုငွေလျှံ အရှိဆုံးနိုင်ငံတွေကို ကြည့်လိုက်ရင် ဂျာမနီမှအပ အားလုံးဟာ အရှေ့ ဘက်မှာချည်းပဲ။ ဒေါ်လာ၊ ယူရို၊ စတာလင် စတဲ့ ငွေကြေးတွေအားလုံးရဲ့ တန်ဖိုးဟာ ယန်း၊ ယွမ်ငွေ၊ ထိုင်းဘတ်၊ စင်္ကာပူ ဒေါ်လာတို့နဲ့ ယှဉ်ရင် သိသိသာသာ တန်ဖိုးကျလာတာ တွေ့ရမယ်။ တနည်းအားဖြင့် အရှေ့ ဘက်ကလူတွေက နှိုင်းယှဉ်ချက်အရ ပိုချမ်းသာလာတယ်။ (သြစတြေးလျက အရှေ့ ဘက်မှာ ရှိပီး သံယံဇာတတွေပေါကြွယ်ဝတဲ့အတွက် တနိုင်ငံထဲ ကွက်ပီး recession မဖြစ်လိုက်ဖူး။) အဲဒီငွေနဲ့ ဘာလုပ်စားလို့ ရမလဲဆိုတာ အနာဂတ်မှာ ပိုပီး သဲကွဲလာမှာဘဲ။ ငွေရဲ့ အခန်းကဏ္ဍဟာ လက်ရှိကမ္ဘာ့စီးပွားရေးပုံစံမှာတော့ အရေးပါနေဦးမှာဘဲ။
တကမ္ဘာလုံးက ကျွမ်းကျင်လုပ်သားတွေ (ဆရာဝန်၊ အင်ဂျင်နီယာ၊ သူနာပြု၊ အိုင်တီသမား) အနောက်နိုင်ငံတွေကို ရွှေ့ ပြောင်းကြတာမှာ အဓိကအချက်တခုက ပိုက်ဆံပဲမဟုတ်လား။ တခြားအလုပ်သမားအခွင့်အရေး အကာအကွယ်ပေးတာတို့ ဘာတို့လည်း ပါမှာပါဘဲ။ ဒါပေမယ့် ပိုက်ဆံက အဓိကအချက်တခုအနေနဲ့ ပါတယ်။ လခချင်းတူရင် ဗမာပြည်၊ ဒါမှမဟုတ် အရှေ့ တောင်အာရှ တနိုင်ငံငံနဲ့ အင်္ဂလန် ဘယ်မှာ အလုပ်လုပ်မလဲလို့ အင်္ဂလန်မှာ အလုပ်လုပ်နေတဲ့ ဗမာတွေကို မေးကြည့်ပါလား။ အနောက်နိုင်ငံတွေကို တကမ္ဘာလုံးက ဦးနှောက်ယိုစီးမှုမှာ အဓိက အချက်က ပိုက်ဆံပဲ။ ခုတော့ ဒီနိုင်ငံတွေရဲ့  ပေးနိုင်အားက ကျလာတဲ့အခါမှာ ဦးနှောက်ယိုစီးမှုဟာ အရှေ့ ဘက်ကို ပြန်ဦးတည်တော့မဲ့ အရိပ်လက္ခဏာတွေ တွေ့ နေရပီ။ ကိုယ့်အတွေ့ အကြုံကို စပြောရရင် ကျွန်တော် ယူကေမှာ ဆရာဖြစ်သင်တန်း ခဏသွားတက်တော့ အာရှတိုက်သားတွေ တော်တော်များများတွေ့ ရတယ်။ အားလုံးနီးပါးက ဘွဲ့ လက်မှတ်ရပီးရင် အရှေ့  အလယ်ပိုင်းတို့၊ အီဂျစ်တို့မှာ သွားအလုပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေချည်းပဲ။ အင်္ဂလိပ်ထဲမှာလည်း သြစတြေးလျကိုလှမ်းစိတ်ကူး နေသူတွေရှိတယ်။
နောက်တခါ တရုတ်ပြည်ကို အလည်ရောက်တုန်း သိခဲ့ရတာတခုက သူတို့ဆီက ကျန်းမာရေးဌာနက ရာထူးကြီးကြီးမားမား ပုဂ္ဂိုလ်တယောက်ဟာ ဂျာမနီမှာ တသက်လုံးနေလာတဲ့ ဟွာချောင်တရုတ်။ အဲဒိတရုတ်ကို တရုတ်ပြည်က ရအောင်ပြန်ခေါ်နိုင်တယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေ ဘယ်နှစ်ခုရှိမလဲ။ သိပ္ပံသုတေသနဆိုတာ ပိုက်ဆံရှိမှ လုပ်နိုင်တာ။ ဒီတော့ ပိုက်ဆံကို အသာထားပီး ကိုယ့်သုတေသန လုပ်ငန်းကိုပဲ တန်ဖိုးထား အာရုံစူးစိုက်တဲ့ သုတေသနသမား တယောက်ဟာ သူကောင်းကောင်း အလုပ်လုပ်လို့ရတဲ့ နေရာကိုရွှေ့ မှာဘဲ။ သုတေသန ရလာဒ်ဆိုတာလည်း ပိုက်ဆံလို အရင်းအနှီးတခု ဖြစ်တဲ့အတွက် အရင်းအနှီးဟာ အရှေ့ ဘက်မှာ ပိုပိုစုလာစရာ ရှိနေတယ်။ တဘက်မှာ ဒီလို သုတေသန၊ အသိပညာ အတတ်ပညာ အရင်းအနှီးတွေကို ဆွဲဆောင်နိုင်ဖို့ အရှေ့ ဘက်ကနိုင်ငံတွေမှာ တကယ့် ပြုပြင်ပြောင်းလဲမှုမျိုးတွေ လုပ်ဖို့လိုကောင်းလိုမယ်။ ဥပမာ ပိုပီး လွတ်လွတ်လပ်လပ် ရေးသား ဖော်ထုတ်ခွင့် ရှိစေရမယ်။
ခုပြောခဲ့တဲ့ ပါဝါချိန်ခွင်လျှာပြောင်းနေတဲ့ ဖြစ်စဉ်ကို ကိုယ်တွေ့အရရော၊ သတင်းစာတွေမှာပါ ကြည့်တတ်ရင် တွေ့ရမှာဘဲ။ ဗြိတိသျှ ၀န်ကြီးချုပ် ကင်မရွန်းရဲ့ အိန္ဒိယ ခရီးစဉ်ကိုကြည့်။ တချိန်က အိန္ဒိယကို ကျွန်ပြုခဲ့တဲ့ ဗြိတိန်ဟာ အိန္ဒိယရဲ့ တနေ့တခြား စီးပွားရေးအရ၊ အလုပ်အကိုင်အရ အရေးပါလာမှုကို အသိအမှတ်ပြုလိုက်ရတာပဲ။ အိန္ဒိယက ဗြိတိန်ကို လိုအပ်တာထက် ဗြိတိန်က အိန္ဒိယကို လိုအပ်မှုက ပိုကြီးတယ်။ ဗြိတိန်နဲ့ အမေရိကန်မှာ ကာကွယ်ရေး ဘတ်ဂျက်လျှော့ချနေရချိန်မှာ ယူကေက လက်နက် ကုမ္ပဏီ BAE Systems အတွက် ပြင်ပဈေးကွက်တွေကိုပဲ ပိုအားကိုးရမဲ့ပုံရှိတယ်။ ခုချိန်မှာတော့ ကင်မရွန်းအစိုးရရဲ့ ပေါ်လစီ အတိအကျကို အထင်အရှား မတွေ့ ရသေးပေမဲ့ မှန်းလို့တော့ ရနေတယ်။ သူ့အစိုးရဟာ ကမ္ဘာကြီးရဲ့ ရေရှည်လမ်းကြောင်းအတိုင်း၊ ပင်မရေစီးကြောင်းအတိုင်း လိုက်ရဖို့ ဆုံးဖြတ် လုပ်ကိုင်လာနေရတာပဲ။ မဟုတ်ရင် ယူကေဟာ ပြတ်ကျန်ခဲ့မှာပေါ့။ ဒီတော့ ၁၉ ရာစုက ဆူပါပါဝါ ယူကေဟာ သူတချိန်က ကျွန်ပြုခဲ့တဲ့ အိန္ဒိယကို ပြန်ကပ်ရတော့မယ့် လက္ခဏာတွေပဲ။ ဘယ်လောက်များ သင်္ခန်းစာ ယူစရာ ကောင်းသလဲ။
နောက် စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတပုဒ်ကိုတော့ မနေ့က Wall Street Journal မှာဖတ်လိုက်ရတယ်။ subscribe လုပ်မထားရင် ဖတ်လို့ရမရမသိဘူး။ ဘာပဲ ဖြစ်ဖြစ် လင့် ပေးလိုက်မယ်။
http://online.wsj.com/article/SB10001424052748704913304575371394036766312.html?mod=WSJEUROPE_hpp_LEFTTopWhatNews
ဟောလိဝုရုပ်ရှင်တွေဟာ အမေရိကန်ကိုချည်း ဗဟိုပြုလို့မရတော့ဘူး။ အရှေ့ ဘက်က နိုင်ငံတွေက ရုပ်ရှင်ဈေးကွက်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဟောလီးဝု ဒါရိုက်တာတွေဟာ အရှေ့ ဘက်ကလူတွေ ကြိုက်မဲ့ ကားမျိုး၊ ဇာတ်လမ်းမျိုးတွေ ပိုပိုရိုက်ရတော့မယ်။ ပိုက်ဆံရဲ့ တန်ခိုး ဘယ်လောက်များကြီးသလဲဆိုတာ။ ဝေးဝေးမကြည့်နဲ့။ ရုပ်ရှင်ဇာတ်လမ်းကြိုက်တဲ့ ဗမာပရိသတ်ကို ခုလက်ရှိကိုရီးယားကားတွေနဲ့ Dynasty တို့လို အမေရိကန် ဒရာမာတွေ ဘယ်ဟာကို ပိုကြည့်မလဲဆိုတာသာ မေးကြည့်။ Friends ထဲမှာ ရယ်နေကြတဲ့ ဒိုင်ယာလော့တွေဟာ အမေရိကန်တွေအတွက် ရယ်စရာ ဖြစ်ချင်ဖြစ်ပေမယ့် အရှေ့  ဘက်ကလူတွေ နားလည်နိုင်တဲ့ ဟာသမဟုတ်ရင် ဒီဇာတ်လမ်းဟာ နောင်ဆို ၀င်ငွေအားပိုကောင်းလာဖို့ ရှိတဲ့ အရှေ့ ဘက်မှာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ဘယ်လောက် ထိန်းထားနိုင်မလဲ။
ဒါကိုကြည့်ရင် ဟောလိဝုက ပရိသတ်ကို dictate လုပ်သလား၊ ပရိသတ်က သူတို့ ကြည့်ချင်တာကို dictate လုပ်တာလားဆိုတာ မေးစရာပဲ။ တချိန်က ကျွန်တော်ပြောခဲ့ဖူးတယ်။ ဘာသာတရားက လူကို ပြုပြင်တယ်ဆိုတာထက် လူက သူ့အကြိုက် စရိုက်နဲ့လိုက်မဲ့ သူဖြစ်စေချင်တာကို ပြောမဲ့ ဘာသာရေးကို ရွေးချယ်ကိုးကွယ်တာမလားဆိုတာ။ ကနေ့ခေတ်က ပိုက်ဆံခေတ်ဆိုတော့ ပိုက်ဆံကို ဘုရားနေရာမှာထား ကိုးကွယ်တဲ့ ပိုက်ဆံဘာသာက ကမ္ဘာမှာ ကိုးကွယ်သူ အများဆုံးလို့ ပြောရမယ်ထင်တယ်။
ဝတုတ်
Discussion
3 thoughts on “ပိုက်ဆံရဲ့ တန်ခိုးနဲ့ အနောက်ပီးတော့ အရှေ့ အလှည့်
  1. စိတ်ဝင်စားစရာပဲ။ သိပ္ပံနဲ့ သင်္ချာ သုတေသနမှာလည်း အရင်ထက်စာရင် အရှေ့ဘက်ကို (နည်းနည်း) ပြန်ယိမ်းလာနေပြီ။ သချာင်္နဲ့ အရှေ့တိုင်း ပတ်သက်ပြီး ရေးထားတာတစ်ခု ရှိသေးတယ်။ သိပ်မကြာခင် ပုံတောင်မှာ တင်ဖြစ်မယ်ထင်တယ်။
    Brain Drain ကိစ္စကလည်း အခုဆို brain drain အစား brain recycle လို့ ပြောနေကြတယ်။ လူငယ်တွေ အနောက်ကိုသွား၊ ပညာ စီးပွားရှာ၊ အသက်ကလေး နည်းနည်း ရလာတော့ မိခင်နိုင်ငံပြန်ကြသတဲ့။ အဲဒါ brain recycle တဲ့၊ (ကျွန်တော် နာမည် မမှတ်မိတော့တဲ့) အာဖရိကန် ပညာတတ်တစ်ယောက် ပြောသွားတာ။
    Posted by ပိုင် (Pi) | 01/08/2010, 17:41
    • မိခင်နိုင်ငံတွေကလည်း ပြန်လာဖို့ အနေအထားတွေ ဖန်တီးပေးနေတာကိုး။ မဖန်တီးလည်း ပြန်မဲ့လူကတော့ ပြန်မှာပါဘဲလေ။ ဒါပေမယ့် များသောအားဖြင့်က အခြေအနေတွေကတွန်းပို့ရာကို သွားကြတာများတာပဲ။
      Posted by zizawa | 01/08/2010, 17:49
  2. ကိုဝတုတ်ပြောတဲ့ အချက်ကို လဆန်းက ဥရောပ ခရီးတိုလေးထွက်တဲ့ အချိန်မှာ သတိထားခံစားမိလိုက် တယ်။ ဒိုင်နမင်ဇင်က အာရှဘက်မှာ ပိုရှိနေသလိုပဲ။ စီးပွားကျပါတယ်ဆိုတဲ့ ဂျပန်တောင် အရှိန်အဟုန်နဲ့ သွားနေသလိုပါပဲ။ ဂျပန်တွေက နည်းပညာနဲ့ ပတ်သက် ရင် နိုင်ငံခြားသားအလုပ်သမားကိုလည်း အခု အတော် လူမွေးလာတယ်။ အထူးသဖြင့် တရုတ်နဲ့အိန္ဒိယက ကျောင်းလာတတ်တဲ့ ထူးချွန်တဲ့ကျောင်းသားတွေကို အင်ဂျင်နီယာနဲ့ အိုင်တီလုပ်ငန်းတွေမှာ ပြန်မွေးတာ များကြတယ်။
    Posted by NNA | 02/08/2010, 01:22
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: