//
you're reading...
History, Philosophy, Politics

မက်ခီယာဗယ်လီ (၁)

..men ought either to be well treated or crushed, because they can avenge themselves of lighter injuries, of more serious ones they cannot; therefore the injury that is to be done to a man ought to be of such a kind that one does not stand in fear of revenge. –Machiavelli-

 အနောက်တိုင်းက လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ အတွေးအမြင်တွေထဲမှာ မက်ခီယာဗယ်လီ (၁၄၆၉ – ၁၅၂၇)ရဲ့ အရေးအသားတွေထက် အငြင်းပွားစရာ၊ နှာခေါင်းရှုံ့ စရာကောင်းတဲ့ အရေးအသားမျိုး များများစားစား ရှိမယ်မထင်ဘူး။ ကနေ့ချိန်ထိ Machiavellian ဆိုတဲ့ နာမ၀ိသေသနကို ကောက်ကျစ်စဉ်းလဲတာ၊ ဒါမှမဟုတ် ‘အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစား’၊ တခါ ‘ဟိုကွေ့ ဟိုတက်နဲ့လှော် ဒီကွေ့ ဒီတက်နဲ့လှော်’ ခြုံပြောရရင် ကိုယ့်ရည်ရွယ်ချက် ပြည့်မြောက်ရေးအတွက် ဘာကိုမှငဲ့ညှာစရာမလိုဘူးဆိုတဲ့ အယူအဆမျိုး၊ လုပ်ပုံကိုင်ပုံမျိုးတွေအတွက် သုံးနှုန်းတာကိုကြည့်ရင်ကိုပဲ မက်ခီယာဗယ်လီကို အတွေးအမြင်သမိုင်းမှာ ဗီလိန်အဖြစ်၊ လူဆိုးအဖြစ် ဘယ်လောက်တောင် ပုံဖော်ထားခဲ့သလဲဆိုတာ မှန်းကြည့်နိုင်တယ်။

မေးစရာရှိတာက မက်ခီယာဗယ်လီရဲ့ အရေးအသားတွေဟာ ပြောခဲ့သလို မနှစ်မြို့ စရာ ကောင်းရင် ဘာ့ကြောင့် သူ့ကို သူသေပြီး နှစ်ပေါင်းငါးရာနီးပါးလောက်ရှိလာတဲ့ထိ တောက်လျောက် လေးလေးနက်နက် ဖတ်နေ၊ လေ့လာနေသေးလဲ။ ဥရောပ နိုင်ငံရေးနဲ့ လူမှုရေး အတွေးအမြင်အကြောင်းသင်ကြားတဲ့ တက္ကသိုလ်တွေက သင်ရိုးတွေမှာ ကနေ့ထိ သူ့ကိုထည့်ထားတုံးပဲ။ ဒါကိုက မက်ခီယာဗယ်လီ ပြောတဲ့ထဲမှာ လေ့လာချင်စရာ ကောင်းတာတွေ ရှိနေတာ ပြနေတယ်လို့ ယူဆတယ်။ ကိုင်း ဒီတော့ ဒီလေ့လာချင်စရာကောင်းတာတွေ ဘာတွေလဲဆိုတာ နည်းနည်း အသေးစိတ် ကြည့်ရအောင်။

ပထမဆုံးအနေနဲ့ မက်ခီယာဗယ်လီကို ဘယ်ပညာရှင်အမျိုးအစားထဲ ထည့်ရင်ကောင်းမလဲဆိုတာ မေးစရာပဲ။ တချို့ ကသူ့ကို နိုင်ငံရေးဖီလော်ဆော်ဖာ အဖြစ်သတ်မှတ်သလို တချို့ ကလည်း နိုင်ငံရေးသိပ္ပံဆရာ (political scientist) လို့ပြောကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ မက်ခီယာဗယ်လီကို ပြောခဲ့တဲ့ အမျိုးအစားတွေထဲ ထည့်ရတာ ဂွကျတယ်။ ဥပမာ သူနဲ့မရှေးမနှောင်းမှာ လူဖြစ်လာကြတဲ့ Bodin တို့၊ Thomas Hobbes နောက် Locke တို့ဆိုရင် သူတို့ရဲ့  အတွေးအမြင်တွေကိုချပြတဲ့အခါမှာ အဲ့ဒီအချိန်ကာလက ဖီလော်ဆော်ဖာတွေ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ အရင်ဆုံး ကိုယ်ဆွေးနွေးမဲ့ဝေါဟာရတခုခုကို (ဆိုပါစို့၊ rights အခွင့်အရေးတို့၊ နောက် sovereign အချုပ်အခြာ စသဖြင့်) အရင်ဆုံး မေးခွန်းထုတ်၊ အဓိပ္ပါယ်ဖွင့်ကြည့်လိုက်တယ်။ ဥပမာ လူဆိုတာ၊ အချုပ်အခြာဆိုတာ ဘာလဲ၊ လူ့တာဝန်ဟာ ဘာလဲ စသဖြင့် စကြတယ်။ ပြီးတော့မှ လုပ်ရိုးလုပ်စဉ် arguments ကျိုးကြောင်းပြဆိုချက် ထုတ်ပြီး ကောက်ချက်ဆွဲကြတယ်။ ဒါပေမယ့် မက်ခီယာဗယ်လီဟာ အဲဒိခေတ်က ဖီလော်ဆော်ဖာတွေရဲ့ ပြောခဲ့တဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ဖွင့်တာတို့၊ ကျိုးကြောင်းပြဆိုချက်တည်ဆောက်တာတို့ကို လုံးဝ ဂရုမစိုက်ဘူး။ နောက်ပြီး သူဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာမေးခွန်းတွေကို (ဥပမာ အာဏာသိမ်းတာကောင်းသလား)ထိတောင်မထိဘူး။ ဒီတော့ သူ့ကို ဖီလော်ဆော်ဖာဆိုပြီး သတ်မှတ်ရ ခက်တယ်။

အဲ့တော့ သူ့ကို နိုင်ငံရေး သိပ္ပံဆရာလို့ ပြောမလား။ ဒါလည်း ပြောရခက်ပြန်ရော။ ဘာ့ကြောင့်လဲဆိုတော့ သူရေးသားပုံ၊ သူပြောချင်တာကိုချပြပုံဟာ ကနေ့ခေတ်မှာ နိုင်ငံရေးသိပ္ပံဆိုတဲ့ ဘာသာရပ်ကို လေ့လာဆည်းပူးသူတွေ လေ့လာပုံနဲ့ မတူပြန်ဘူး။ (နောက် အဲဒိတုန်းက science ဆိုတဲ့ စကားလုံးကို သဘာဝသိပ္ပံတခုထဲအတွက် သုံးတာ ဖြစ်ပြီး ကနေ့ခေတ်မှာ နားလည်နေတဲ့ social scientist ဆိုတဲ့ ဝေါဟာရဟာ ၁၉ ရာစုနောက်ပိုင်းမှ ပေါ်လာတာဖြစ်တယ်။) ကနေ့ခေတ် နိုင်ငံရေး သိပ္ပံသမားလို့ သတ်မှတ်ထားသူတယောက် သူ့ဘာသာရပ်ကို လေ့လာတင်ပြပုံကို ဥပမာအနေနဲ့ကြည့်ရင် သူဟာ လူ့အဖွဲ့အစည်း တခုခုမှာ အစိုးရနဲ့ လူ့အဖွဲ့အစည်း ဆက်ဆံရေးကို လေ့လာ၊ ပြီးရင် hypothesis တခုခုဆွဲ ၊ ကောက်ချက်ချ၊ ပြီးရင် သူ့ ကောက်ချက် မှန်တယ်ဆိုတာကို အချက်အလက် အကိုးအကားနဲ့ သက်သေထူဖို့ကြိုးစား စသဖြင့်လုပ်ကြတာ ဖြစ်တယ်။ မက်ခီယာဗယ်လီဟာ သူပြောချင်တာတွေကို အချက်အလက် အကိုးအကားနဲ့ ပြခဲ့တာတော့ မှန်တယ်။ (ကြည့်ရတာ သူဟာ သမိုင်း အထူးသဖြင့် အီတလီသမိုင်းနဲ့ ဥရောပရဲ့ အနီးအဝေးကာလက သမိုင်းတွေကို အတော်ကြီး နှံ့နှံ့စပ်စပ် ရှိပုံပဲ။ အီတလီက သမ္မတနိုင်ငံတွေနဲ့ဆိုင်တဲ့ သမိုင်းစာအုပ်တွေလည်း ရေးခဲ့ရုံမက သူ့ရဲ့အစိုးရနဲ့ ပတ်သက်တဲ့ စာအုပ်တိုင်းမှာ သမိုင်းအချက်အလက်တွေကို ပိုင်ပိုင်နိုင်နိုင် ကိုးကားတတ်တာကို သတိပြုမိတယ်။) ဒါပေမယ့် သူဟာ ဒီအချက်အလက် အကိုးအကားတွေကို နိုင်ငံရေး သိပ္ပံသမားတွေ သူတို့ရဲ့ ကောက်ချက်တွေ၊ hypothesis တွေကို မှန်မမှန် စစ်ဆေးဖို့ သုံးပုံမျိုးသုံးတာတော့ မဟုတ်ဖူး။ ဒီတော့ကာ သူ့ကို နိုင်ငံရေးသိပ္ပံသမားတွေထဲ ထည့်ဖို့လည်း ခက်ပြန်ရော။

တကယ်တော့ မက်ခီယာဗယ်လီဟာ ဖလောရင့်သမ္မတနိုင်ငံက အစိုးရအမှုထမ်း သက်သက်ပဲ။ ဒါပေမယ့် ပါချီပါချက် အမှုထမ်းမျိုးတော့ မဟုတ်ဖူး။ ပြောခဲ့သလို သူဟာ ဘယ်လိုလုပ်ရပ်ဟာ တရားတယ်၊ ကောင်းတယ်၊ လူ့တာဝန်ဟာ ဘာဖြစ်သင့်တယ် စတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာမေးခွန်းတွေကို စိတ်ဝင်စားတာ မဟုတ်ဖူး။ သူစိတ်ဝင်စားတာက အစိုးရတခုဟာ ခိုင်မာတောင့်တင်းအောင် ဘာလုပ်ရမလဲ၊ တိုင်းပြည် ရေရှည်တည်တံ့အောင် ဘာလုပ်ရမလဲဆိုတဲ့ အချက်ကိုပဲ စိတ်ဝင်စားတာဖြစ်တယ်။ ကနေ့ခေတ် စကားနဲ့ ပြောရင်တော့ မက်ခီယာဗယ်လီဟာ real politics ဒါမှမဟုတ် no-nonsense politics ကွက်ကွက်လေးကိုပဲ စိတ်ဝင်စားတာ ဖြစ်တယ်။ ဒီအချက်ဟာ မက်ခီယာဗယ်လီနဲ့ သူ့အရင် ဒါမှမဟုတ် သူ့နောက်ပိုင်း နိုင်ငံရေးဆိုင်ရာ အတွေးအမြင်တွေအကြောင်း ရေးသားခဲ့သူတွေကြားကွာတဲ့ အဓိက အချက်တချက်လို့ ထင်တယ်။

သူကိုယ်တိုင်က သမိုင်းကို နှံ့စပ်တဲ့အပြင် ဖလောရင့် အစိုးရအဖွဲ့ထဲမှာလည်း နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ရာကနေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြောခဲ့သလို အစိုးရတခု ခိုင်မာတောင့်တင်းအောင် ဘာတွေလုပ်ရမလဲဆိုတာတွေကို အဲဒိအချိန်က အုပ်ချုပ်မင်းလုပ်နေသူကို အကြံပေးတဲ့အနေနဲ့ သူ့ရဲ့ နံမယ်အကြီးဆုံး စာအုပ်ဖြစ်တဲ့ The Prince ကိုရေးခဲ့တာဖြစ်တယ်။ အဲ့သလို ရေးတဲ့အခါမှာ မက်ခီယာဗယ်လီဟာ လူ့သဘာဝ၊ လူ့အဖွဲ့အစည်းရဲ့  သဘောသဘာဝနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့၊ ဆက်လေ့လာချင်စရာ ကောင်းတဲ့ assumption ယူဆချက်တွေ အများကြီး ချန်ထားပစ်ခဲ့တယ်။ ဒီယူဆချက်တွေကို သူ့ရဲ့ အဓိက စာအုပ်နှစ်အုပ်ဖြစ်တဲ့ ပြောခဲ့တဲ့ The Prince နဲ့ Discourses on Livy ဆိုတဲ့ စာအုပ်နှစ်အုပ်မှာ တွေ့ရတယ်။ ပထမစာအုပ်က အများကြီး ပိုတိုပြီး ပိုနံမယ်ကြီးတယ်။ The Prince ကို Google book မှာ အပြည့်အစုံ ဖတ်လို့ရတယ်။

http://books.google.co.uk/books?id=VIAgG12gh_EC&printsec=frontcover&dq=inauthor:”Niccolò+Machiavelli”&hl=en&ei=SZ9zTKjjD4vDswbP5-CCCQ&sa=X&oi=book_result&ct=result&resnum=1&ved=0CCgQ6AEwAA#v=onepage&q&f=false

နောက်တအုပ်ကတော့ အကုန်ဖတ်လို့မရဘူး။

ကနေ့ခေတ်မှာ လူ့အခွင့်အရေးတို့၊ လူသားချင်း စာနာမှုတို့၊ R2P တို့လို ကြီးကြီးကျယ်ကျယ် (ပြီးရင် များသောအားဖြင့် ဟုတ်တာလည်း မဟုတ်တဲ့) အသုံးအနှုံးတွေကို နားယဉ်နေပြီး သာယာနေသူတွေ အတွက်တော့ မက်ခီယာဗယ်လီရဲ့  အရေးအသားတွေဟာ အတော်လေး အ၀င်ဆိုးမဲ့ စာတွေပဲ။ ဒါပေမယ့် တကယ်တမ်းမှာ မက်ခီယာဗယ်လီ ထုတ်ဖော်ပြသတဲ့ လူ့သဘာဝရှိတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရ ဗြူရိုကရက်တွေဟာ လက်တွေ့လောကမှာ အများကြီးပဲ (အားလုံးနီးပါးလို့တောင် ပြောလို့ရမယ်ထင်တယ်) မဟုတ်လား။

နောက်ပိုင်းအခန်းတွေမှာတော့ The Prince ထဲမှာတွေ့ရတဲ့ လူ့သဘာဝ၊ လူ့အဖွဲ့အစည်းရဲ့  သဘောသဘာဝနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို ဆက်ပြောသွားမယ်။ သိပ်မကြာခင် တင်နိုင်မယ်မျှော်လင့်ရတာပဲ။😀

ဝတုတ်

Discussion

2 thoughts on “မက်ခီယာဗယ်လီ (၁)

  1. ကိုဝတုတ်ရေ… စာမရေးတာ ကြာပေါ့။ မက်ခီယာဗယ်လီဆိုတာနဲ့ ပြေးလာခဲ့တာ။ ကျမတို့ လေ့လာခဲ့ဖူးသလောက် သူက Realpolitik or power politics ကိုဇောင်းပေးခဲ့တာပေါ့နော်။ ကိုဝတုတ်ပြောတဲ့ လက်တွေ့လောကမှာ အများကြီးဆိုတာ မှန်ပါတယ်။ အတိုင်းအတာတခုအထိ ရှိလည်းရှိသင့်ပါတယ်။ ဒါပေမဲ့ ‘end justifies the mean’ ဆိုတဲ့ ကြီးကိုတော့ မနှစ်မြို့နိုင်ဘူးဖြစ်နေတယ်။ အတော်များများကလည်း မက်ခယ်ဗယ်လီယံ ဟေ့ဆိုရင် လိုတာရဖို့အဓိက ဆိုတဲ့ ၀ါဒလို့ပဲ နားလည်ထားကြတာကိုး။ လူတွေအားလုံး အဲဒါကို စွဲမြဲလက်ခံသွားကြမှာကို စိုးရိမ်မိပါတယ်။

    ကိုဝတုတ်ရေးထားတဲ့ အခင်းအကျင်းကို ကြည့်ရတာ မက်ခယ်ဗယ်လီ ရဲ့ တခြားမျက်နှာခြမ်း တွေကို ရေးပြမဲ့ပုံပဲ။ စိတ်ဝင်စားပါတယ်။ လင့်ခ်ပေးထားတဲ့ Prince မူရင်းကို ဖတ်နိုင်လောက်အောင် အချိန်ရော၊ ဘာသာစကား ၀မ်းစာရော မပြည့်တာမို့ ကိုဝတုတ်ရေးလာမဲ့ အနှစ်ချူပ်ပွိုင့်လေးတွေ ကိုပဲ စောင့်ဖတ်ပါမယ်။ အဆင်ပြေရင် အောက်ကပို့စ်လေး ဖတ်ကြည့်ပေးပါဦး။ ဆက်ဆွေးနွေးဖို့အတွက် အထောက်အကူဖြစ်မလားလို့..။
    http://mamasusiemay.blogspot.com/2009/07/blog-post_21.html

    Posted by မိုးစက်ပွင့် | 26/08/2010, 07:08
  2. ဟုတ်တယ် အမရေ။ စာမရေးတာလည်းကြာ၊ ဘလော့တွေ မဖတ်ဖြစ်တာလည်းကြာပြီ။ မကေသွယ် ဘလော့ကိုတောင် တပတ်တခေါက် မရောက်ဖြစ်တော့ ဘယ်သူတွေ ဘာရေးနေမှန်း သတိမထားမိတော့ဘူး။
    ကျွန်တော် စိတ်ကူးထားတာက Machiavelli, Hobbes, Locke, Hume, Rousseau, Bentham, Hegel နဲ့ Marx တို့ရဲ့ အတွေးအမြင်တွေကို intro ဆောင်းပါးတွေရေးမလားလို့ စဉ်းစားနေတာ။ ပြီးအောင် လုပ်ဖြစ်ပါ့မလားတောင် မသိဘူး။😀 အမှန်ပြောရရင် Machiavelli က ကျွန်တော်မပိုင်ဆုံး အကြောင်းအရာပဲ။ သူ့ကို interpret လုပ်တာတွေကလည်း အင်မတန်မှ ကျယ်ပြောတယ်။ မက်ခီယာဗယ်လီကို လစ်ဘရယ်လို့ ပြောသူရှိသလို ဘာအတွေးအခေါ်မှ မရှိတဲ့ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားလို့ ပြောသူတွေလည်းရှိတယ်။ နောက်တခါ တခါမှ မစဉ်းစားဘူးတဲ့ အင်မတန်မှ ထူးဆန်းတဲ့ interpretation တွေလည်း အနည်းအကျဉ်း (တကယ့်ကို အနည်းအကျဉ်း)ဖတ်ရဖူးတယ်။
    မမိုးစက်ပွင့်ရေးတာ ဖတ်ပြီး သဘောကျတယ်ဗျာ။ အဲဒိမှာလည်း အာလူးဖုတ်ခဲ့တယ်။😀 နောက်ပိုင်းရေးမဲ့ အကြောင်းအရာတွေအတွက် အတွေးစတွေကိုလည်း အမဆီကနေ ရလိုက်တယ်။ အဲဒိအတွက် သိုင်းကြူးပါ အမရေ..

    Posted by watote | 26/08/2010, 10:03

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: