//
you're reading...
History, Philosophy, Politics

မက်ခီယာဗယ်လီ (၂)

မက်ခီယာဗယ်လီရဲ့ The Prince ထဲက အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာတာ မလုပ်ခင် အရင်ဆုံး သူ့အကြောင်းနဲ့ သူဖြတ်သန်းခဲ့တဲ့ ခေတ်ကာလက အီတလီပြည်အကြောင်းကို အနည်းအကျဉ်းလောက်ကြည့်ရင် သူ့အတွေးအမြင်ကို လေ့လာရာမှာ တစုံတရာတော့ အထောက်အကူဖြစ်နိုင်မယ်လို့ ယူဆတယ်။

ဒီနေရာမှာ ခုရေးနေတဲ့အကြောင်းအရာနဲ့ တိုက်ရိုက်တော့ မဆိုင်လှပေမယ့် သမိုင်းနဲ့ ပတ်သက်တဲ့ လေ့လာချက်တွေမှာ သတိထားစရာလေးတခုကို ပြောချင်တယ်။ ဘာလို့ဆို မက်ခီယာဗယ်လီတို့ခေတ်က စာတွေမှာ ဒီမိုကရေစီတို့၊ tyranny တို့၊ oligarchy တို့ဆိုတဲ့ စကားလုံးတွေ မကြာခဏတွေ့ရတတ်တော့ ဒီစကားလုံးတွေနဲ့ ပတ်သက်ပြီး သတိပြုစရာလေးတခုကို ပြောချင်တာပါ။

အတိတ်ကအကြောင်းအရာတွေကို လေ့လာတဲ့အခါမှာ အရမ်း အရမ်းကို သတိထားရမဲ့ အချက်တခုက အတိတ်ကို ပစ္စုပ္ပန်က မျက်စိတခုထဲနဲ့ ပြန်မကြည့်မိဖို့ဖြစ်တယ်။ ပြောချင်တာက ကနေ့ခေတ်မှာ ဝေါဟာရတခုကို နားလည်ပုံဟာ အတိတ်မှာ ဒီဝေါဟာရကိုပဲ နားလည်ပုံနဲ့ တူချင်မှတူမယ်။ ဥပမာ သိပ္ပံဆိုတဲ့ ဝေါဟာရကိုကြည့်။ ကနေ့ခေတ်မှာ သိပ္ပံလို့ဆိုလိုက်ရင် ပထမသဘာဝအချက်အလက်တွေကို စူးစမ်းလေ့လာ၊ နောက် သီအိုရီထုတ်၊ ပြီးရင် ဒီသီအိုရီကို မှန်မမှန် လက်တွေ့စမ်းသပ်မှုလုပ်ပြီး စစ်ဆေးအကဲဖြတ် စတဲ့ဖြစ်စဉ်ကြီးတခုလုံးကို သိပ္ပံနည်းလို့ခေါ်ကြတယ်။ အဲဒိနည်းလမ်းကိုသုံးရထားတဲ့ အသိတွေကို စုဆောင်းထားတဲ့ ပညာသိုက်ကြီးကို သိပ္ပံပညာလို့ ယေဘုယျခေါ်ကြတယ်။ ဒါပေမယ့် ဟိုးလွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ရာလောက်က သူတို့ကိုယ်သူတို့ သိပ္ပံဆရာလို့ သတ်မှတ်ထားကြတဲ့ ဘသာဝကိုလေ့လာတဲ့ ပညာရှင်တွေရဲ့ သိပ္ပံနည်းဆိုပြီး လေ့လာလုပ်ကိုင်ပုံတွေဟာ ခုခေတ်သိပ္ပံနည်းဆိုတာနဲ့ ဘာမှမဆိုင်ဘူး။ ဥပမာ ဟိုးလွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ရာက အဂ္ဂိရတ်ထိုးထားလို အတတ်မျိုးကို သိပ္ပံလို့ သတ်မှတ်ခဲ့ကြတာပဲ။ အဲဒိတော့ ကနေ့ခေတ် အဓိပ္ပါယ်ဖွင့်ဆိုပုံနဲ့ အတိတ်ကလူတွေရဲ့ သဘာဝကို စူးစမ်းလေ့လာပုံကို အကဲဖြတ်တဲ့အခါမှာ အတိတ်က သဘာဝကိုလေ့လာသူတွေကို သိပ္ပံဆရာတွေလို့ ပြောဖို့ ခက်သွားရော။ သူတို့စူးစမ်းလေ့လာခဲ့တာတွေကိုလည်း သိပ္ပံပညာလို့ ပြောဖို့ ခက်သွားရော။ ဒါပေမယ့် ကျွန်တော်တို့ ကနေ့ခေတ် သိပ္ပံပညာဟာ အတိတ်က ဆရာ့ဆရာကြီးများက လက်ဆင့်ကမ်းလိုက်တဲ့ အသိတွေကနေ ဖြစ်လာတာပဲ မဟုတ်လား။ သူတို့ဟာ သူတို့ခေတ်သူတို့အခါမှာတော့ သိပ္ပံပညာရှင်တွေပဲ မဟုတ်လား။

အလားတူပဲ အတိတ်က အုပ်ချုပ်ပုံသမိုင်းတွေကို လေ့လာတဲ့အခါ အစိုးရ၊ ဒီမိုကရေစီ၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှု ဆိုတဲ့ ဝေါဟာရတွေကို ကနေ့ခေတ်မှာ နားလည်သုံးနှုန်းပုံနဲ့ ကိုယ်လေ့လာနေတဲ့ကာလမှာ နားလည်သုံးနှုန်းပုံမတူဘူးဆိုတာကို သတိပြုထားရမယ်။

ခုတခါ မက်ခီယာဗယ်လီအကြောင်းပြန်ဆက်ရအောင်။

မက်ခီယာဗယ်လီကို ကနေ့ခေတ်အီတလီနိုင်ငံ အလယ်ပိုင်း Tuscanyက Florence ဖလော့ရင့်မြို့ မှာမွေးတယ်။ (အဲဒိတုန်းက Series A ဘောလုံးပွဲတွေသာရှိရင် သူဟာ Fiorentina ဘောလုံးအသင်းကို အားပေးတဲ့လူ ဖြစ်ချင်ဖြစ်နေမှာ။) သူမွေးတဲ့ အရပ်ဟာ အီတလီတင်မက ဥရောပပြန်လည်ဆန်းသစ်မှု (European Renaissance) စတဲ့ နေရာလို့ သမိုင်းဆရာအတော်များများက ယူဆကြတယ်။ Dante ဒန်တေ၊ Michelangelo မိုက်ကယ်အိန်ဂျလို၊ Leonardo da Vinci လီယိုနာဒိုဒါဗင်ချီ၊ Galileo ဂယ်လီလီယိုတို့တွေ အားလုံးဟာ မက်ခီယာဗယ်လီနဲ့ တနယ်ထဲသားတွေချည်းပဲ။ ဒီလောက်ဆိုရင် ဖလောရင့်တိုင်းသားတွေရဲ့ ‘ဇ’ ကို သတိပြုမိလောက်ရောပေါ့။ အဲဒိအချိန်က အီတလီမှာ republic လို့ခေါ်တဲ့ ကိုယ့်ဟာကိုယ် တသီးတခြားစီ အုပ်ချုပ်နေတဲ့နယ်အဖြစ် မီလန်၊ ဗင်းနစ်နဲ့ ခုဖလောရင့်တို့ ရှိကြတယ်။ အဲဒိထဲမှာ ဖလောရင့်ဟာ ကျန်တဲ့နှစ်နယ်ထက် အုပ်ချုပ်ရေးပိုင်းမှာ ပိုပြီး ဒီမိုကရေစီဆန်တယ် (ပြောချင်တာက အုပ်ချုပ်သူ လူတန်းစားထဲမှာ အုပ်ချုပ်ခံရသူတွေကို ကိုယ်စားပြုမှု ပိုကောင်းကောင်းရှိတယ်)လို့ သမိုင်းဆရာတွေက ယူဆကြတယ်။ citizens နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်တယ်။ (စကားချပ်။ ကနေ့ခေတ် ဆွတ်ဇာလန်က canton တွေလိုများလားမသိ၊) နိုင်ငံသားတွေ ရှိသလို နိုင်ငံသား မဟုတ်သူတွေလည်း အများကြီးပဲ။ ဖလောရင့်ကို တခြားကနေ လာရောက် အခြေချတဲ့လူတွေ တဖြည်းဖြည်းများလာရာမှာ တချိန်မှာ နိုင်ငံသား မဟုတ်တဲ့လူတွေက နိုင်ငံသားတွေထက် အဆ သုံးဆယ်လောက်ထိကို ရှိလာရော။ အဲဒိတော့ အုပ်ချုပ်ရေးပိုင်းမှာ အုပ်ချုပ်သူတွေကို ကိုယ်စားပြုမှုလျော့လာတော့တယ်။

တနည်းအားဖြင့် ဒီမိုကရေစီပုံစံပျက်လာပြီး လူတစုအုပ်ချုပ်တဲ့ tyranny ပုံစံ ဖြစ်လာတယ်။

မက်ခီယာဗယ်လီကို မွေးတဲ့ ဆယ့်ငါးရာစုထဲမှာ အီတလီက republic တွေမှာ ပြည်ပကျူးကျော်မှု (ပြင်သစ်တွေရဲ့ သိမ်းပိုက်မှု) အပါအ၀င် အုပ်ချုပ်မှု အကြိမ်ကြိမ်ပြောင်းတာ တွေ့ခဲ့ရတယ်။ တနည်းအားဖြင့် တည်ငြိမ်မှုမရှိလှဘူး။ တချို့  အုပ်ချုပ်သူများဟာ သူတို့အုပ်ချုပ်စဉ်ကာလမှာတော့ တိုင်းပြည်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့ပေမယ့် တိုင်းပြည်ကို သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး အခြေခံ တခုထဲနဲ့ တည်ဆောက်ခဲ့တာမို့ သူတို့မရှိတော့တဲ့ နောက်ပိုင်းမှာ တခါတည်း အကျဘက်ကို ဦးတည်တော့တာပဲ။ တကယ်တော့ ဒါဟာ အီတလီတင်မကဘူး။ ဗမာပြည်က ပဒေသရာဇ်မင်းတွေရဲ့ သမိုင်းကို ပြန်ကြည့်ရင်ရော အလားတူတွေ့ရတာပဲ မဟုတ်လား။

ဖလောရင့်မှာ အုပ်ချုပ်မှု အကြိမ်ကြိမ်ပြောင်းရာမှာ တချိန်မှာ Savonarola (၁၄၅၂ – ၁၄၉၈)အမည်ရတဲ့ဘုန်းကြီး အုပ်ချုပ်တဲ့ခေတ်ကို ရောက်လာတယ်။ သူ့ခေတ်မှာ ဒီမိုကရေစီပုံစံကို ပြန်ဖော်ဆောင်ပြီး အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ပစ်တယ်။ သူဟာ နိုင်ငံရေးလုပ်တတ်တော့ လူတွေကလည်း သူ့ကိုသိပ်သဘောကျတယ်။ (ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ခပ်ဆင်ဆင်ရယ်လို့ ထင်မိတယ်။ သူနဲ့ သက်ဆင်နဲ့ တူရုံမက အဲဒိတုန်းက ဖလောရင့်က ဖြစ်ပျက်ပုံတွေဟာ မကြာခင်က ထိုင်းမှာ ဖြစ်သွားတဲ့ ပုံတွေနဲ့ အတော့်ကိုတူတာ သတိမပြုမိဘဲ မနေနိုင်ဘူး။) Savonarola သေတဲ့ ၁၄၉၈ ခုနှစ်မှာ မက်ခီယာဗယ်လီဟာ ဖလောရင့်အုပ်ချုပ်မှုအဖွဲ့ထဲ ရောက်လာတယ်။ ဒီတော့ သူရဲ့ careerဟာ၊ ၀န်ထမ်းဘ၀ဟာ ဒီမိုကရေစီအုပ်ချုပ်မှု အဖွဲ့ထဲမှာ စခဲ့တာဖြစ်တယ်။

မက်ခီယာဗယ်လီဟာ နိုင်ငံရေး အတွေးအမြင်တွေအကြောင်း မရေးခင်မှာ သူဟာ ပြောခဲ့သလို အုပ်ချုပ်ရေးအဖွဲ့ထဲက ၀န်ထမ်းသာသာပဲ။ ၀န်ထမ်းသက် ဆယ့်လေးငါးနှစ်အရှိမှာ ဖလောရင့်ကို စပိန်တွေက ၀င်ကျူးကျော်ပြီး Savonarola အရင် tyranny ပုံစံနဲ့ အုပ်ချုပ်နေတဲ့ Medici မင်းဆက်ရဲ့ အဆက်ကို ထီးတင်ပြီး tyranny ပုံစံကို ပြန်အသက်သွင်းတယ်။ အစိုးရသစ်တက်တဲ့အခါ အစိုးရဟောင်းကလူတွေ အရှင်းခံရတဲ့ ထုံးစံအတိုင်း Medici မင်းဆက်ပြန်လာတဲ့အခါမှာ မက်ခီယာဗယ်လီရဲ့ ဝန်ထမ်းဘ၀လည်း ဆုံးခန်းတိုင် သွားတော့တယ်။

မက်ခီယာဗယ်လီဟာ အုပ်ချုပ်မှုအဖွဲ့ထဲ အလုပ်လုပ်ခဲ့ရတာကို အရသာတွေ့ခဲ့ပုံရပြီး အဲဒိရာထူးကို ပြန်လိုချင်တယ်။ တခါ အသစ်တက်လာတဲ့ Medici မင်းဆက်ဟာ တိုင်းပြည်ကို ကောင်းကောင်းအုပ်ချုပ်နိုင်သူ မဟုတ်ဖူးလို့ ယူဆပုံရတယ်။ အဲဒိတော့ သူလုပ်နိုင်တဲ့အလုပ်ကို လုပ်တဲ့အနေနဲ့ Medici ဆီကို တိုင်းပြည် အုပ်ချုပ်မှုနဲ့ ပတ်သက်တဲ့ အကြံပေးလမ်းညွှန်ချက်ကြီးကို ရေးတယ်။The Prince ကို တချို့ က အဲ့သလို interpret လုပ်ကြ၊ အဓိပ္ပါယ်ဖွင့်ကြတယ်။

မက်ခီယာဗယ်လီဟာThe Prince ကို သူ့ကိုအလုပ်ပြန်ပေးဖို့ ရည်ရွယ်ချက်နဲ့ ရေးတာပဲ။ ဒါပေမယ့် သူဟာ ဖော်လန်ဖားစိတ်နဲ့ ရေးတာတော့ မဟုတ်ဖူးလို့ မက်ခီယာဗယ်လီ သမိုင်းဆရာတွေက ပြောကြတယ်။The Prince ကို ဝေဖန်သူတွေက ဒီစာအုပ်ဟာ ယုတ်ညံ့တယ်လို့ ပြောတဲ့လူကများတယ်။ ကျွန်တော့ အမြင်မှာတော့ ဒါဟာ မတရားဘူးလို့ထင်တယ်။ လူတယောက်ဟာ လောကမှာ တကယ်ဟုတ်နေတာ တကယ်ဖြစ်နေတာ တခုကိုပြောတိုင်း သူဟာ ဒါကိုထောက်ခံသဘောကျလို့ ပြောတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဥပမာ မော်စီတုန်းက အာဏာဟာ သေနတ်ပြောင်းဝက လာတယ်ပြောတယ်။ ဒါကို တချို့ ကသဘောမကျဘူး။ ဒါပေမယ့် ဒါတကယ် မဟုတ်ဖူးလား။ အာဏာဟာ သေနတ်ပြောင်းဝက မလာရင် အမေရိကန် အစိုးရဟာ စစ်အေးပြီးသွားတာတောင် စစ်တပ်အတွက် ပိုက်ဆံကို ဘာ့ကြောင့် နှစ်တိုင်းတိုးတိုးသုံးနေလဲ။ အာဏာဟာ သေနတ်ပြောင်းဝကလာတယ်ဆိုတဲ့ စကားမှန်တာက သတ်သတ် ဒီစကားကို ကိုယ်ကထောက်ခံ နှစ်သက်တာက သတ်သတ် ကတ္တားခြားလို့ရတယ်။ ပိုက်ဆံရှိရင် လူရာဝင်တယ်လို့ပြောတာဟာ မှန်သင့်သလောက် မှန်ပေမဲ့ လူယုတ်မာမှ ဒီစကားမျိုးပြောရမှာလား။ စကားတခုကို ပြောတာက သတ်သတ်၊ ကိုယ်ကိုယ်တိုင် လက်ခံယုံကြည်တာက သတ်သတ် ကတ္တားခြားလို့ရတယ်။ ပိုက်ဆံရှိရင် လူရာဝင်တယ်လို့ ပြောတာ (fact) အရမမှားပေမဲ့ ပိုက်ဆံရှိရင် လူရာဝင်တဲ့အတွက်ကြောင့် ပိုက်ဆံကို ရတဲ့နည်းနဲ့ရှိအောင် လုပ်သင့်တယ် ဆိုတာကတော့ အဓိပ္ပါယ် မရှိဘူး။ မှားလည်းမှားတယ်။

မက်ခီယာဗယ်လီရဲ့ The Prince ဟာ ကနေ့ခေတ် အစိုးရအကြံပေးအစီရင်ခံစာတွေလိုပဲ prescriptive ဖြစ်တယ်။ ဆိုလိုတာက ဘာဖြစ်ချင်ရင် ဘာလုပ်ဆိုတာကိုပဲ စိတ်ဝင်စားတယ်။ အသည်းနှလုံးမဲ့တဲ့ အရေးအသားမျိုး၊ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ တွေ့ရတဲ့ impersonal ဖြစ်တဲ့ အရေးအသားမျိုးလို့ တချို့ က ပြောချင်ပြောကြမယ်။ ဒါပေမယ့်လည်း ဒီစာအုပ်ထဲမှာ state နိုင်ငံတော်၊ society လူ့အဖွဲ့အစည်း စတာတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ယူဆချက်တွေကို ဆွဲထုတ်လို့ရတယ်။

ကိုင်းနောက်တခန်းမှာတော့ The Prince ထဲကအကြောင်းအရာတွေကို တကယ်ရေးတော့မယ်။ ဒါနဲ့ The Prince ထဲက အကြောင်းအရာတွေကို စုထားတဲ့ blog တခုကို wordpress က generate လုပ်ပေးထားတယ်။ သိပ်အသုံးဝင်တယ်။ 

http://markabell.wordpress.com/2009/10/28/the-prince/

ဝတုတ်

Discussion

6 thoughts on “မက်ခီယာဗယ်လီ (၂)

  1. “နောက်တခန်းမှာတော့ The Prince ထဲကအကြောင်းအရာတွေကို တကယ်ရေးတော့မယ်။” ဆရာကတော်တော်နောက်တာပဲ။ ပို့စ်နှစ်ပုဒ်ရှိပြီ တကယ်မရေးသေးဖူးလား။ နောက်တစ်ပုဒ်ကျမှ တကယ်ဖတ်တော့မယ်ဗျာ 🙂

    Machiavelli, Hobbes, Locke, Hume, Rousseau, Bentham, Hegel နဲ့ Marx တို့ရဲ့ အတွေးအမြင်တွေကို intro ဆောင်းပါးတွေရေးမယ်ဆိုတော့ ထန်းလျက်အိုးနဲ့လာတိုးပြီထင်တယ်ဗျ၊ အဲဒီလူတွေအကြောင်းကို အင်္ဂလိပ်လိုဖတ်ဖို့ အခက်အခဲရှိနေတာနဲ့အတော်ပဲ။ မဟုတ်ရင် အပြည့်အစုံဖတ်ဖို့က နှစ်နဲ့ချီပြီးအချိန်ယူရမှာ။

    Machiavelli ရဲ့ The Prince ကိုတော့ကြားဖူးနေတာကြာပြီ၊ ဝယ်ဖတ်မလားစဉ်းစားနေတာ ဆရာမိတ်ဆက်ပေးရင်တော့ ကောင်းတာပေါ့ဗျာ။ လက်ရှိအနေထားထိ အကြားနဲ့ဆုံးဖြတ်ရရင်တော့ နိုင်ငံရေးလေ့လာရင် အဲဒီစာအုပ်က အဆုံးသတ်ကွက်လပ်ဖြည့်ပေးမယ့် စာအုပ်တစ်အုပ်သဘောဆောင်မယ်ထင်ပါတယ်။

    ဒါနဲ့ ဆရာ့ဒုတိယကမ္ဘာစစ်နဲ့ဗမာပြည်အခန်းဆက်က ရေစုန်မျောပြီထင်ပါရဲ့🙂

    Posted by မန်းကိုကို | 26/08/2010, 14:33
    • မမျောသေးပါဘူး။ ဆက်ရေးမှာပါ။ အဲဒိဘက်လှည့်ရမှာ ပျင်းနေလို့။ တခုခုမှာ အာရုံတည်ထားရတာ ကျွန်တော့အတွက် သိပ်ခက်တာ။ ကောက်ရိုးမီးဆိုတော့ ဒီလိုပဲပေါ့ဗျာ။ ကျွန်တော်သာ သုတေသန ဒီဂရီတခုခု လုပ်ရင် အနှစ်နှစ်ဆယ်လောက် ကြာသွားနိုင်တယ်။
      ဟဲဟဲ တကယ်ရေးတော့မယ်ဆိုတာ ခုရေးနေတာတွေက တကယ်ရေးနေတာ မဟုတ်ဖူးလို့ အဓိပ္ပါယ်ထွက်သွားရင် အဲ့သလို မယူပါနဲ့လို့ပဲ တောင်းပန်ရတော့မှာဘဲ။ ကျွန်တော်ဆိုလိုတာက နိဒါန်းတယ်ရှည်တဲ့သဘောကို ပြောချင်တာပါ ကိုမန်းကိုရယ်။😀

      Posted by zizawa | 26/08/2010, 15:03
  2. ဖတ်နေပါသည်။

    ဒီအကြောင်းအရာတွေ တကယ်တော့ အလှမ်းဝေးခဲ့ပေမယ့် bro ရေးတာ ဖတ်ရတာ စိမ်းမနေဘဲ နားဝင်နေတယ်။ ဟိုးအရင် post တွေမှာ bro ကို ကျောင်းဆရာလုပ်ဖို့ကောင်းတယ်လို့ ရေးသွားကြတဲ့ comment တွေကို ထောက်ခံရင်း ဖတ်မိတယ်။

    Posted by RITA | 26/08/2010, 15:47
    • အမှန်ပြောရရင် ရေးသာရေးရတာ ဆင်ခေါင်းခွေးမချီနိုင်ဖြစ်နေတယ်လို့ ခံစားရတယ်။

      Posted by zizawa | 26/08/2010, 16:12
      • ကြိုးစားပြီးသာချီကြည့်ပါဆရာရယ်၊ ဒီက ပရွက်ဆိတ်တွေအတွက်ပါ။ နောင်လည်းဖတ်ရမယ့်အရာတွေဆိုတော့ ဗမာလိုအချို့ကြိုသိထားရင် အားသာချက်တစ်ရပ်ပေါ့ဗျာ။

        Posted by မန်းကိုကို | 27/08/2010, 04:16
  3. နားလည်သလောက် ပြောကြည့်မယ်နော်။ ကိုဝတုတ် ဆိုလိုချင်တာက မက်ခီယာဗယ်လီက အပြာနဲ့အ၀ါပေါင်းရင် အစိမ်းရတယ် လို့ပဲပြောခဲ့တယ်။ အစိမ်းဟာ လှသလား မလှသလား မပြောခဲ့ဘူးဆိုပါတော့။အရင်က ကြားဖူးသလောက်နဲ့ သူ့အပေါ် သိပ်တော့ ဘ၀င်မကျသေးပေမဲ့ စောင့်ဖတ်နေပါမယ်။ နောက်အခန်းတွေ ကျရင်တော့ သူ့အကြောင်း၊ သူ့အယူအဆတွေအကြောင်း ပိုပြီးပုံပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

    အကြိုက်ဆုံးစာကြောင်းကတော့ (((((((တချို့  အုပ်ချုပ်သူများဟာ သူတို့အုပ်ချုပ်စဉ်ကာလမှာတော့ တိုင်းပြည်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့ပေမယ့် တိုင်းပြည်ကို သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး အခြေခံ တခုထဲနဲ့ တည်ဆောက်ခဲ့တာမို့ သူတို့မရှိတော့တဲ့ နောက်ပိုင်းမှာ တခါတည်း အကျဘက်ကို ဦးတည်တော့တာပဲ။)))))) လုံးဝ သဘောတူပါတယ်။ မဟာလူသားတယောက် ပေါ်အခြေခံတာထက် မှန်ကန်တဲ့စံနစ်နဲ့ အခြေခံအဆောက်အဦ ပြီးတော့ လူသားအရင်းအမြစ် က ပိုအရေးကြီးသလားလို့။ ဒါမှ flying geese pattern တနည်းအားဖြင့် တဗိုလ်တက်တဗိုလ်ကျစံနစ်နဲ့ (တခြားစကားလုံးရှာမရလို့) ဆက်လက်ရှင်သန်နိုင်မယ်….. အဲဒါလေး အကျယ်ချဲ့ရေးရင် စိတ်ဝင်စားစရာ နေမှာ…. ကိုယ်တိုင်မရေးတတ်လို့ စကားခေါ်သွားခြင်းပါ။

    Posted by မိုးစက်ပွင့် | 27/08/2010, 13:56

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: