//
you're reading...
History, Philosophy, Politics

မက်ခီယာဗယ်လီ (၃)

ဆိုပါစို့၊ အဖွဲ့အစည်း တခုခုထဲမှာ နှစ်ပေါင်းများစွာကြာ အမှုထမ်းခဲ့ပြီး သမိုင်းလည်း ကျေတဲ့လူတယောက်က သူ့အတွေ့အကြုံတွေကို ဘာစိတ်ခံစားမှုမှ မပါဘဲ ပြန်ပြောပြမယ်ဆိုရင် နားမထောင်ချင်တဲ့လူ ဘယ်သူများရှိမလဲ။The Prince ကိုအနိမ့်ဆုံး အဲ့သလို အတွေ့အကြုံရှင်းလင်းတဲ့ စာအုပ်အဖြစ်ယူမယ်ဆိုလည်း မမှားဘူးထင်တယ်။

Medici အုပ်ချုပ်ရေးအဖွဲ့ထဲ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ မက်ခီယာဗယ်လီဟာ အစိုးရဆိုတာ government ဆိုတာ၊ state ဆိုတာ ဘာကိုခေါ်သလဲ၊ သူ့သဘာဝက ဘယ်လိုလဲဆိုတာ သူ့အတွေ့အကြုံကနေ ကောင်းကောင်းပြောပြနိုင်တယ်။

The Prince ဆိုတာ တိုင်းပြည်တခုကို အုပ်ချုပ်မင်းလုပ်သူ ဘယ်သူ့ကိုမဆို မက်ခီယာဗယ်လီက ရည်ရွယ်ချင်ပုံရတယ်လို့ နားလည်မိတယ်။ အဲဒိထဲမှာ သူဟာလူ၊ လူ့အဖွဲ့အစည်း၊ အစိုးရရဲ့ သဘောသဘာဝကို သမိုင်းနဲ့ မျက်မှောက်လောကက အဖြစ်အပျက်တွေကို ဥပမာအနေနဲ့ ပေးပြီးတော့ ချပြတယ်။ ဘာ့ကြောင့် ဒီလိုသဘောသဘာဝ ရှိတယ်၊ ဒီလို သဘောသဘာဝမျိုးရှိသင့်လား (ဥပမာ လူတွေအတွက် အစိုးရဆိုတာ ရှိသင့်လား၊ လိုအပ်သလား) ဆိုတဲ့ မေးခွန်းကို လုံးဝကို ထည့်မစဉ်းစားဘူး။

The wish to acquire is in truth very natural and common, and men always do so when they can, and for this they will be praised not blamed; (p31)

သူ့နောက်ပိုင်း Hobbes တို့၊ Rousseau တို့က သူ့ရဲ့ လူ့သဘာဝ၊ အုပ်ချုပ်မင်းလုပ်သူရဲ့  သဘာဝကို သူတို့ရဲ့ philosophy system ထဲမှာ ထည့်သွင်း အသုံးချတာကို သတိပြုမိတယ်။ ဥပမာ ရူဆိုးက ဘာပြောလဲဆိုတော့ အစိုးရဆိုတာ ပြည်သူလူထုရဲ့  အစေခံပဲ၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတာမို့၊  ပြည်သူလူထုက မကြိုက်ရင် ဖြုတ်ချခွင့်ရှိတယ်လို့ ဆိုတယ်။ တနည်းအားဖြင့် ရူးဆိုးက လူတွေက အစိုးရကို ဘာ့ကြောင့် ‘ဖြုတ်ချခွင့်’ ရှိသလဲဆိုတာ ကျိုးကြောင်းပြဆိုမှုလုပ်တယ်။ (အဲပြောခဲ့သလောက်တင်တော့ မဟုတ်ဘူးပေါ့၊ နောက်ပိုင်း သူ့အကြောင်းရေးတဲ့အခါမှ ပိုပြီး အသေးစိတ်ပြောတော့မယ်။) အလားတူပဲ Hobbes က အုပ်ချုပ်သူ (sovereign, commonwealth, leviathan စတဲ့ ဝေါဟာရတွေကိုသုံးတယ်။) ရှိမှ ဥပဒေဆိုတာ ရှိနိုင်မယ်၊ ဥပဒေတွင်းမှာမှ လူဟာ တရားမျှတမှုဆိုတာ အဓိပ္ပါယ်ရှိမယ်၊  စိတ်အေးချမ်းသာစွာနေနိုင်မယ်။ လူတိုင်းလူတိုင်းဟာ စိတ်အေးချမ်းသာစွာနေချင်တာ သဘာဝပဲ။ နေလည်းနေချင့်သင့်တယ်။ အဲဒိအတွက် အစိုးရဆိုတာ ရှိကိုရှိရမယ်လို့ Hobbes က စနစ်တကျ ကျိုးကြောင်းပြတယ်။ မက်ခီယာဗယ်လီက ကောက်ချက်ချတဲ့အခါ အဲ့သလို စနစ်တခုကို လိုက်နာတာမျိုး မတွေ့ရဘူး။

ပြောခဲ့သလို မက်ခီယာဗယ်လီဟာ အစိုးရတရပ် ခိုင်မာအားကောင်းအောင် ဘာလုပ်ရမလဲဆိုတာကိုသာ အဓိက စိတ်ဝင်စားတာဖြစ်ပြီး အဲဒိအစိုးရဟာ တိုင်းတပါးက လာအုပ်ချုပ်တဲ့ အစိုးရလား၊ အာဏာသိမ်းတက်လာတဲ့ အစိုးရလားဆိုတာကိုလည်း သူကစိတ်မ၀င်စားဘူး။ ဘာနဲ့တူလဲဆိုတော့ ပင်လယ်ထဲ ငါးရှာထွက်မဲ့ လူတယောက်ကို ငါးများများရချင်ရင် ဘာလုပ်ဘာလုပ်ဆိုပြီး လမ်းညွှန်ချက်ပေးသလိုပဲ။ သူများအသက်သတ်တာ ကောင်းမကောင်းဆိုတာ ထည့်ပြောမနေတဲ့ လူစားမျိုးပဲ။ သူ့မတိုင်ခင်လောက်ထိက နိုင်ငံရေးနဲ့ဆိုင်တဲ့ အရေးအသားတွေမှာ theology ဘာသာရေးကို ထည့်စဉ်းစားကြတယ်။ ဥပမာ အုပ်ချုပ်သူဟာ ဘုရားသခင်ရဲ့  ကိုယ်စားလှယ်ဖြစ်တယ်၊ လူဆိုတာ ဟိုးအာဒမ်နဲ့ဧ၀လက်ထက်ကစပြီး ယုတ်မာတယ်၊ အပြစ်မကင်းစင်တဲ့လူ၊ မကောင်းမှုမှာ မွေ့လျော်သူဖြစ်တယ်၊ သူ့ကို အထိန်းအကွပ်မရှိ ဒီတိုင်းလွှတ်ပေးထားရင် သူဟာ ဘုရားသခင်နဲ့ ပိုဝေးလိမ့်မယ်။ ဒါ့ကြောင့် သူ့ကို ဘုရားသခင်နဲ့ နီးစပ်အောင် ထိန်းကွပ်ဆုံးမဖို့ အုပ်ချုပ်မင်းလုပ်သူများမှာ တာဝန်ရှိတယ် ဆိုတဲ့ အမြင်မျိုးက အလယ်ခေတ်မှာ တွေ့ရတဲ့ အမြင်မျိုး။ ဒါပေမယ့် မက်ခီယာဗယ်လီက အုပ်ချုပ်သူတယောက်ကို အကြံပေးတဲ့အခါ ဒီသမားရိုးကျလမ်းကြောင်းတွေအတိုင်း မလိုက်ဘူး။ ဒါ့ကြောင့်လည်း သူ့ကို လောကီသီးသန့်သမား secularist အဖြစ် မြင်ကြတယ်။

The Prince မှာ အစပိုင်းရေးနေတာတွေဟာ ပြောခဲ့သလို လူတယောက်က ကိုယ့်ကို တရင်းတနှီး လာအကြံပေးနေသလိုပဲ။ ဥပမာ

..’men ought either to be well treated or crushed, because they can avenge themselves of lighter injuries, of more serious ones they cannot; therefore the injury that is to be done to a man ought to be of such a kind that one does not stand in fear of revenge.’ (p26)

နောက်

From this a general rule is drawn which never or rarely fails: that he who is the cause of another becoming powerful is ruined. (p33)

တကယ်တော့ ဒီလိုအပြောမျိုးတွေကို အဖွဲ့အစည်းမှာ အလုပ်လုပ်တဲ့ သာမန်လူတွေဆီကတောင် ကြားဖူးကြမှာဘဲ။ အတိုင်းအတာတခုထိ မှန်သလို သူ့ရဲ့  လူ့သဘာဝနဲ့ ပတ်သက်ပြီး ပြောထားတဲ့ ယူဆချက်နဲ့လည်း ကိုက်ညီမှုရှိတယ်။ ဒီမိုကရက်တစ်ပါတီထဲ သမ္မတလောင်းရွေးချိန်မှာ ဟီလာရီကလင်တန်က အိုဘားမားကို လူကြိုက်များအောင် လုပ်ပေးတာဟာ သူ့သေတွင်းသူတူးတာ မဟုတ်ဖူးလား။ ဟီလာရီ ကလင်တန်ဟာ အိုဘားမားကို ပုဂ္ဂိုလ်ရေးအရ ခင်မင်သဘောကျချင်ကျမယ်၊ ဒါပေမယ့် ပြိုင်ဘက်အဖြစ် စဉ်းစားတဲ့အခါမှာ ဒီပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ဘေးချိတ်ရတာပဲ။

တနည်းအားဖြင့် မက်ခီယာဗယ်လီရဲ့ လူဟာ လူမဟုတ်တဲ့လူ (ဒါမှမဟုတ် happy ending တွေ၊ romantic ဇာတ်လမ်းတွေကြိုက်တဲ့လူတွေဖြစ်စေချင်တဲ့ လူမျိုးမဟုတ်တဲ့လူ) လို့ ပြောရလေမလား။

Nothing personal, but business is business ဆိုတဲ့ စကားစုကို စာဖတ်သူတို့လည်း တချိန်မဟုတ် တချိန်ကြားဖူးကြမယ်။ ကိုယ်ဟာ အဖွဲ့အစည်းတခုထဲမှာ နေရာတနေရာ ယူထားတယ်ဆိုပါစို့၊ အဲ့ဒိအခါမှာ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် လုပ်ငန်းစဉ်တွေကို ပြည့်မှီအောင် လုပ်ဖို့က အဓိကလား။ လူတကာရဲ့ မျက်စိထဲမှာ ကိုယ့်ကိုယ်ကို Mr or Ms nice guy/lady အဖြစ် ပုံဖော်ဖို့က အဓိကလား။ ပထမဟာက အဓိကဆိုရင် အဖွဲ့အစည်းထဲ အံမ၀င်တဲ့လူကို ဖယ်ရမှာဘဲ။ အဲ့သလို ဖယ်တဲ့အခါမှာ ကိုယ်ဟာ ကိုယ့်သဘောနဲ့ကိုယ်လုပ်တာ မဟုတ်ဘဲ အဖွဲ့အစည်းရဲ့ တာဝန်ရှိသူအဖြစ်နဲ့ လုပ်တာ။

အဲ့သလို လူကို သူယူရတဲ့ role ဒါမှမဟုတ် form နဲ့ ရိုးရိုးလူ ဒါမှမဟုတ် content ကိုခွဲတာကို မက်ခီယာဗယ်လီဆီမှာ တွေ့ရတယ်။ ဒီလိုခွဲတာဟာ လူကို တနည်းအားဖြင့် ကိုယ့်ကိုယ်ကို alienate လုပ်ခိုင်းတာပဲ။ နောက်ပိုင်းမှာ Karl Marx အကြောင်းပြောရင် ဒီသဘောကို အများကြီးထပ်တွေ့ရမယ်။ ဒါပေမယ့် ဒီသဘောကို မက်ခီယာဗယ်လီဆီမှာ စတွေ့ရတယ်လို့ ထင်တယ်။ သူ့နောက်ပိုင်းက လူ့သဘာဝ၊ လူပအဖွဲ့အစည်းနဲ့ဆိုင်တဲ့ အတွေးအမြင်တွေမှာ The Prince ထဲက ယူဆချက်တွေကို ဟိုတချက် ဒီတချက် တွေ့ရတယ်။ အဲဒိအတွက်ကြောင့်ပဲ သူ့ကို ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မိတယ်။

လူတယောက်ဟာ သူ့ကိုယ်သူ ကိုယ်စားမပြုဘဲ တခြား personality တခုကို ၀င်ယူပြီး လုပ်ရတာ လွယ်တဲ့အလုပ်မဟုတ်ဖူးလို့ မက်ခီယာဗယ်လီက ယူဆပုံရတယ်။ အဲ့သလို ၀င်ယူပြီး အောင်အောင်မြင်မြင်လုပ်နိုင်တဲ့လူတွေကို သူဟာ သိပ်လေးစားတယ်။ ဒါ့ကြောင့်သူဟာ တိုင်းပြည်တပြည်ကို တည်ဆောက်နိုင်တဲ့သူ nation builder တွေကို သိပ်သဘောကျတယ်။ သူသာ နှစ်ဆယ်ရာစုထဲမှာ အသက်ထင်ရှားရှိမယ်ဆို တူရကီက ကမာအတာတပ် Kemal Ataturk ဟာ သူ့ဟီးရိုးဖြစ်နိုင်တယ်။ တကယ်လည်း ကိုယ့်စရိုက်နဲ့ မကိုက်တဲ့ role တခုကို လူတယောက်ဟာ ဘယ်လောက်ကြာကြာ ယူနိုင်မလဲ။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးကနေထွက်ပြီး နိုင်ငံရေးသမားတွေ လုပ်တာကိုင်တာတွေကို ဘေးကနေဆဲမယ်လို့ ပြောတဲ့စကားကိုကြည့်ရင် သူဟာ သူယူထားရတဲ့ role ကို ရေရှည်ယူချင်သလား၊ ယူနိုင်မလားဆိုတာ မှန်းကြည့်နိုင်တယ်။

မက်ခီယာဗယ်လီက တိုင်းပြည်တွေဘာ့ကြောင့် ပျက်ကိန်းဆိုက်လာသလဲ၊ အုပ်ချုပ်သူတွေ ဘာ့ကြောင့်အင်အားချိနဲ့လာသလဲဆိုတာ သူ့အတွေ့အကြုံအရ သိတာတွေကို သေချာ ရှင်းပြတယ်။ ဒါနဲ့စကားမစပ်၊ တိုင်းပြည်တွေ ပျက်ကိန်းဆိုက်တာနဲ့ အုပ်ချုပ်သူတွေ အင်အားချိနဲ့လာမှု ဆက်စပ်မှုရှိလား။ မက်ခီယာဗယ်လီကတော့ ဆက်စပ်မှုရှိတယ်လို့ ယူဆတယ်။ ဒီတော့ တိုင်းပြည်ပျက်ကိန်းမဆိုက်အောင် အုပ်ချုပ်မင်းလုပ်သူဟာ သူ့အင်အားမချိနဲ့အောင် ဘာမဆိုလုပ်ရမယ်၊ တနည်းအားဖြင့် နံမယ်ကြီး စကားစုဖြစ်တဲ့ End justifies means လို့ဆိုတယ်။ ဒီစကားဟာ အတော် မနှစ်မြို့ စရာ စကားပဲ။ မက်ခီယာဗယ်လီကို တင်တဲ့ စွဲချက်တွေထဲမှာ ဒီအချက်ဟာ အတော်လေး လေးနက်တယ်။ ဒီနေရာမှာ ကြုံလာလို့ မက်ခီယာဗယ်လီကို ခဏဘေးချိတ်ပြီး အဲဒိစကားကို နည်းနည်းလောက် ရွှီးကြည့်ရအောင်။

ဒီစကားကို ဘယ်လိုသဘောရကြလဲ။ အဓိပ္ပါယ်ဖွင့်နည်းတခုက ကိုယ်လိုချင်တာ ရမယ်ဆိုရင် ရအောင်လုပ်တဲ့ဘယ်နည်းလမ်းမဆို တရားတယ်ဆိုတာ ဖြစ်တယ်။ ends က (in theory) အားလုံးအတွက် ကောင်းမဲ့ ends မျိုးဖြစ်နေရင် အဲဒိ ends ကိုရဖို့ အတွက်သုံးတဲ့ နည်းလမ်းတွေကို မတရားဘူး ပြောမလား။ တချို့ ကိစ္စတွေမှာ လုပ်ရပ်တခုလုပ်လိုက်လို့ အများကြီးမှ အများကြီး အကျိုးရှိသွားစေဦး၊ ဘယ်လိုမှ မလုပ်အပ်တဲ့ အလုပ်တွေရှိတယ်။ ဥပမာတွေ ပေးရရင်တော့ အများကြီးပဲ။ ကိုယ့်မိဘကိုယ်ပြန်သတ်မှ ထီးနန်းရမယ်ဆိုရင် ဒီလုပ်ရပ်မျိုးဟာ ဘယ်လိုမှ မလုပ်အပ်တဲ့ အလုပ်မျိုးပဲ။ မိဘမှအပ တခြားလူတယောက်ယောက်ကို သတ်လို့ ထီးနန်းရမယ်ဆိုရင်ရော၊ ဒီအလုပ်ဟာ မလုပ်အပ်တော့ဘူးလား။ ပျော့ညံ့တဲ့ လူတယောက်ကို၊ ဒါမှမဟုတ် လူတစုကို စတေးပစ်လိုက်ပြီး ခိုင်မာတောင့်တင်းတဲ့ သာယာဝပြောတဲ့ နိုင်ငံတော်ကို တည်ထောင်နိုင်မှာ သေချာရင်ရော အဲ့သလို လုပ်မလား။ သာယာဝပြောမှုဆိုတဲ့ ends က ဒီပျော့ညံ့တဲ့ လူတစုကို ဖယ်ရှားပစ်တဲ့ လုပ်ရပ်ကို တရားတဲ့လုပ်ရပ် ဖြစ်စေလား။ မောင်ရှင်တယောက်ကို ပင်လယ်ထဲ ပစ်ချလို့ ကျန်တဲ့လူတွေအားလုံး အသက်ဘေးက လွတ်မယ်ဆိုလို့ မောင်ရှင်ခမျာ စတေးခံရတယ်။ (ဇီဇ၀ါကတော့ မောင်ရှင်က မောင်သေဖြစ်သွားတယ်ဆိုပြီး ဘေးကနေ ၀င်ပြောတယ်။ :D)

(ဒါပေမယ့် သူလည်း မနာပါဘူး။ သေတဲ့အချိန်ကနေ ခုထိ ၀ါဝင်တိုင်း မုန့်ဆန်းတီးရတယ်။ ဒါက နောက်ပြောတာ။) မောင်ရှင် အဲ့သလိုစတေးခံရတာကို မတရားဘူးလို့ မခံချင်ဖြစ်ပြီး အလကားနေရင်း သူ့ကို နတ်ရာထူးပေး ရှိခိုးတာလည်း ဖြစ်နိုင်တာပဲ။ ဒီတော့ကာends justifies means ဆိုတာ မဟုတ်သေးဘူး ဆိုတာကဟုတ်ပါပြီ၊ ဒါပေမယ့် ပြောခဲ့တဲ့ends က သွားရည်ယိုစရာကောင်းလောက်တာမျိုးဆို ဘယ်လိုပြောမလဲ။ ဥပမာ လူသတ်တာ မကောင်းဘူး။ ဒါပေမယ့် ဦးစောဟာ ဗိုလ်ချုပ်ကို သတ်ဖို့လုပ်နေတာ ကိုယ်က သိနေပြီ။ ဦးစောကို သတ်ဖို့လည်း အခွင့်အရေး ပေးနေပြီ။ ဦးစောကို သတ်မလား။ အဲဒီလို သတ်တာ မဟုတ်သေးဘူးလို့ပြောမလား။

ဒီနေရာမှာ Jeremy Bentham တို့ရဲ့ Utilitarian အုပ်စုကို ခဏဆွဲခေါ်ချင်တယ်။ Bentham ကဘာပြောလဲဆိုတော့ ‘စိတ်ချမ်းသာမယ်ဟာဆို ဘာမဆိုလုပ်သာလုပ်’ Do anything that promotes happiness လို့ပြောတယ်။ မက်ခီယာဗယ်လီက ‘တိုင်းပြည်ရေရှည်တည်တံ့အောင် အုပ်ချုပ်တဲ့သူ အင်အားတောင့်တင်းစေမဲ့ဟာဆို လုပ်သာလုပ်’ Do anything that strengthens the State’s power more firmly’လို့ပြောတယ်။ ဘင်သမ်ပြောတာက နားထဲအ၀င်မဆိုးဘူး။ မက်ခီယာဗယ်လီပြောတာက  အ၀င်ဆိုးတယ်။ ဒီစာကြောင်းနှစ်ကြောင်းကို ယှဉ်ဖတ်ကြည့်ရင် ဘင်သမ်တို့အုပ်စုဟာလည်း တနည်းအားဖြင့် ends justifies means ကို လက်ခံသူတွေပဲ။ တခုပဲကွာတာက သူတို့ရဲ့ends ဟာ happiness စိတ်ချမ်းသာမှုဖြစ်ပြီး မက်ခီယာဗယ်လီအတွက် ends ကတော့ အုပ်ချုပ်သူ အင်အားတောင့်တင်းမှုဖြစ်တယ်။

နောက်ပိုင်းမှာThe Prince ထဲက မက်ခီယာဗယ်လီရဲ့ State ရဲ့ သဘောသဘာဝတွေကို ဆက်ကြည့်မယ်။ ရေးခဲ့သလောက်ဟာ စုံတယ်လို့ မခံစားရဘူး။ ဒါပေမယ့် လောလောဆယ်မှာ ဒိထက်စုံအောင်လည်း မရေးတတ်ဘူး။ မက်ခီယာဗယ်လီဟာ ကိုယ်ပိုင်တဲ့ အကြောင်းအရာ မဟုတ်တော့ ကျွန်တော့ထက် ပိုသိတဲ့လူ၊ ပိုပြောနိုင်တဲ့လူများ ၀င်ဖြည့်စွက်ပေးသွားရင် ကျေးဇူးတင်ပါမည်။

ဝတုတ်

Discussion

2 thoughts on “မက်ခီယာဗယ်လီ (၃)

  1. တကယ်က နေ့စဉ်ဘ၀ထဲမှာရော
    အကြောင်းအရာအမျိုးမျိုးထဲမှာ
    ဒီအချက်နဲ့ပတ်သက်လို့ အမြဲဒွိဟဖြစ်ခဲ့ရတာတွေ
    လုပ်ရခက်ခဲ့တာတွေအများကြီးရှိပါတယ်။
    ကိုဝတုတ်ရဲ့ဒီပို့စ်ကိုဖတ်တော့ ခေါင်းထဲတခုလင်းသွားတယ်
    လိုရင်းပွိုင့်ကို ကွဲကွဲပြားပြားသွားမြင်တယ်
    ညီမတော့ End justifies means ကိုထောက်ခံတယ်
    ဒါပေမဲ့တကယ်ကြုံလာလို့ဆုံးဖြတ်ခဲ့ရတဲ့အခါတွေဆို
    တွေဝေရတာတွေ မျက်နှာနာရတာတွေရှိတယ်။
    လောကကြီးမှာ အဖက်ဖက်ကကောင်းအောင်
    ဥပမာဆိုရရင်
    ဦးစောကိုလည်းအရင်ကြိုမတားဆီးချင်ဘူး
    ဗိုလ်ချုပ်ကိုလည်း လုပ်ကြံမခံရစေချင်ဘူး
    ကြားဝင်ဖြောင့်ဖျလို့လည်းမရဘူး
    စတဲ့အားလုံးအဆင်ပြေမယ့်နည်းလမ်းမျိုးဟာ
    လက်တွေ့ကျ အကောင်ထည်ဖော်ရခက်တာမျိုးပါ။
    ဒီလိုအချိန်မျိုးဆိုရင်တော့ End justifies meansကိုပဲ
    ခပ်ပြတ်ပြတ်ရွေးလိုက်တာ ကောင်းမယ်လို့ယူဆမိတယ်။

    Posted by KNSL | 27/08/2010, 01:59
  2. Ko Wa-To-Te,

    How are you? Hope you are very well. Just one thing I want to add that once Nehru said, “The ruler must rule. The British did”. It probably means that Nehru himself didn’t act like a ruler. Ronald Seagal, the writer of the book called “The Crisis in India” mentioned in his book that, in those days many Indian politicians including Nehru in the cabinet were still working like politicians, not rulers of India. Any way, I truly enjoy your writings and please keep going. By the way, don’t forget to continue about WW II things.

    All the best,
    Zaw Min

    Posted by Zaw Min | 27/08/2010, 04:33

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: