//
you're reading...
Economics, Philosophy

ပိုက်ဆံ၊ လက်ငင်းရောင်းသူနဲ့ အကြွေးရောင်းသူ

ဗမာပြည်အပါအ၀င် နိုင်ငံခြားက တချို့ ဈေးဆိုင်တွေမှာ အကြွေးရောင်းသူနဲ့ လက်ငင်းရောင်းသူ ဆိုင်ရှင်နှစ်ယောက်ရဲ့ အခြေအနေကို ယှဉ်ပြထားတဲ့ ပိုစတာကို cashier counter နားကနံရံမှာ ကပ်ထားတတ်တာ တွေ့ဘူးကြမယ်။ လက်ငင်းရောင်းတဲ့လူက ကုလားထိုင်မှာ အခန့်သားထိုင်ပြီး တောက်တောက် ပြောင်ပြောင်၊ စမတ်ကျကျ ၀တ်ထားစားထားတယ်။ သူထိုင်နေတဲ့ စားပွဲပေါ်နဲ့ ကြမ်းပေါ်မှာ ပိုက်ဆံထုတ်ကြီးတွေရှိတယ်။ အကြွေးရောင်းသူမှာတော့ စုတ်တီးစုတ်ဖတ် အ၀တ်အစားနဲ့ ခနော်နီ ခနော်နဲ့ ဖြစ်နေတဲ့ တဲပျက်ထဲမှာ အကြွေးစာရင်းတွေကြည့် ခေါင်းကုပ်နေတဲ့ပုံကို ပြထားတယ်။ တကယ်တော့ ဒီပုံဟာ ပိုက်ဆံရဲ့ သဘောကို နားလည်မှုလွဲစေတဲ့ပုံပဲ။ ဒါကို နည်းနည်းလေး အတွေးဆန့်ကြည့်ရင် သဘောပေါက်နိုင်တယ်။

ပုံရဲ့ အလိုအရ လက်ငင်းရောင်းတာက ကြွယ်ဝချမ်းသာမှုကို ဖြစ်စေပြီး အကြွေးရောင်းတာကတော့ သူ့ရဲ့ ပြောင်းပြန်ရလာဒ်ကို ဖြစ်စေတယ်။ ဒီတော့ လက်ငင်းရောင်းတာနဲ့ အကြွေးရောင်းတာဟာ ကြွယ်ဝချမ်းသာမှုကို ဖန်တီးရာမှာ ဆန့်ကျင်ဘက်လုပ်နည်းနှစ်ခုဆိုတာကို ပြောချင်တာလို့ ကောက်ချက်ချရမယ်။ ဒါပေမယ့် တကယ်တမ်းမှာ လက်ငင်းရောင်းတာနဲ့ အကြွေးရောင်းတာနှစ်ခုဟာ ဘာကွာလို့လဲ။

လက်ငင်းရောင်းတဲ့အခါ ဆိုင်ရှင်ဆီမှာ ငွေသားကျန်ခဲ့ပြီး အကြွေးရောင်းတဲ့အခါမှာတော့ အကြွေးစာရင်းပဲ ကျန်တယ်။ ဒါပေမယ့် ငွေသားဆိုတာကိုက တနည်းအားဖြင့် a form of debt အကြွေးတမျိုးပဲ မဟုတ်ဖူးလား။[1]အဲ့ဒိအတွက် ဆိုင်ရှင်ဆီမှာ ကျန်ခဲ့တဲ့ ငွေသားဆိုတာ ဈေးဝယ်သူတွေထားခဲ့တဲ့ အကြွေးစာရင်းစာရွက်လို အကြွေးစာရင်းတမျိုးပဲ မဟုတ်ဖူးလား။

ငွေသားဆိုတဲ့ အကြွေးနဲ့ ရောင်းစရာပစ္စည်းလက်ကျန်မရှိတော့ပဲ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေပုံရတဲ့ ပိုစတာပေါ်က အကြွေးရောင်းသူဆိုင်ရှင်ရဲ့ အကြွေးကွာတာက ငွေသားဆိုတဲ့ အကြွေးကို ပြန်ဆပ်မယ်ဆိုပြီး ကတိခံထားသူက အဲဒိငွေသားကို ရိုက်ထုတ်ထားတဲ့ ဗဟိုဘဏ်ဖြစ်နေပြီး ဆိုင်ရှင်ရဲ့ အကြွေးကို ပြန်ဆပ်ပါ့မယ်လို့ ကတိခံထားသူတွေကတော့ ရိုးရိုးသာမန်လူတွေ ဖြစ်နေလို့ပဲ။

ဆိုင်ရှင်ဆီကနေ ယူတဲ့အကြွေးဆိုတာ ဈေးဝယ်သူက အာမခံထားတဲ့အကြွေး (၁)

ငွေသားဆိုတာ ဗဟိုဘဏ်တခုက အာမခံထားတဲ့ အကြွေး[2] (၂)

ဒီနေရာမှာ အကြွေးဆိုတာ တချိန်ချိန်မှာ ပြန်ဆပ်ဖို့တာဝန်ရှိတဲ့ပိုက်ဆံလို့ ယေဘုယျအဓိပ္ပါယ်ဖွင့်ထားမယ်။ (၂)ကို (၁)ထက် ပိုအယုံအကြည်ရှိတယ်ဆိုတာ ဗဟိုဘဏ်ရဲ့ ကတိကို ရိုးရိုးသာမန်လူရဲ့  ကတိထက် ပိုအယုံအကြည်ရှိတယ်လို့ အဓိပ္ပါယ်ထွက်တယ်။ ဒါပေမယ့် ဗဟိုဘဏ်ရဲ့  ကတိဟာ ရိုးရိုးသာမန်လူရဲ့ ကတိထက် တကယ်ပဲ ပိုပြီးအယုံအကြည် ရှိထိုက်ရဲ့လား။ ဗဟိုဘဏ်ရဲ့ ကတိကို ပိုအယုံအကြည် ရှိချင်စရာကောင်းတဲ့ အချက်တွေဘာတွေရှိမလဲ။ ပိုအယုံအကြည်ရှိချင်စရာ ဆိုတာထက် ပိုလက်ခံချင်စရာလို့ ပြောတာက ပိုတိကျမယ်။

ဗဟိုဘဏ်တခုကို ဘာ့ကြောင့်အယုံအကြည် ရှိသလဲဆိုတာ ကျွန်တော့အထင်တော့ အတော်ဖြေရခက်တဲ့ မေးခွန်းပဲ။ နောက်တခါ ဗဟိုဘဏ်ရဲ့ ကတိကို အယုံအကြည်ရှိတာ မရှိတာနဲ့ သူ့ကတိကို လက်ခံတာနှစ်ခုဟာ တိုက်ရိုက်ဆက်စပ်မှုမရှိဘူး။ တခုခုကို အယုံအကြည်မရှိလည်း အတင်းလက်ခံခိုင်းရင် လက်ခံရတာမျိုး ရှိတာပဲမဟုတ်လား။ ဗဟိုဘဏ်ရဲ့  ကတိကို အယုံအကြည်ရှိမရှိ မဖြေနိုင်ရင်တောင် သူ့ကတိကို ဘာ့ကြောင့်လက်ခံချင်စရာ ကောင်းသလဲဆိုတာ ဖြေလို့ရနိုင်တယ်။

ဗဟိုဘဏ်ရဲ့ ကတိကိုလက်ခံချင်စရာကောင်းရာမှာ တခုတည်းသောနဲ့ အရေးကြီးဆုံး အချက်ကတော့ ဗဟိုဘဏ်ရဲ့ အာမခံကို လူတိုင်းလူတိုင်းက အသိအမှတ်ပြုပြီး ရိုးရိုးသာမန်ဈေးဝယ်သူရဲ့ အာမခံကိုတော့ လူတိုင်းက အသိအမှတ် မပြုဘူး။ ငွေသားရှိရင် ဒီငွေသားကိုလက်ခံတဲ့ အဖွဲ့အစည်းမှာ တခြားဘာပစ္စည်းကိုမဆို ၀ယ်လို့ရပေမယ့် အကြွေးစာရင်းနဲ့တော့ ဘာမှဝယ်လို့ မရဘူး။ ဒါဟာ ငွေသားရဲ့ ပါဝါပဲ။ ဒါပေမယ့် ဒီပါဝါဟာ လူ့အဖွဲ့အစည်းထဲမှာတင် ဂုဏ်သတ္တိရှိရှာတယ်။ ကိုနန္ဒာနဲ့ သံချောင်း စက်လှေပျက်ပြီး ကျွန်းပေါ်ရောက်လာတော့ သံချောင်းပြောတဲ့ စကားလေးမှတ်မိကြမယ်။ ‘အကို့ ပိုက်ဆံတွေက ဓားတချောင်းလောက်တောင် အသုံးမတည့်ဘူးဆိုတာ’။ (စာအုပ် အလွယ်တကူမရှာချင်လို့ စာသားအတိအကျတော့ ဟုတ်ချင်မှဟုတ်မယ်။)

(၁)နဲ့ (၂)မှာ (၂)ကို ပိုက်ဆံလို့ အလွယ်တကူ ခေါ်ပြီး (၁)ကိုတော့ အကြွေးလို့ခေါ်တယ်။ ပိုက်ဆံဆိုတာ ကိုယ်လိုချင်တာနဲ့ အလဲအလှယ်လုပ်နိုင်တဲ့ ပါဝါရှိတယ်။ ဒါပေမယ့် ပိုက်ဆံရဲ့ ပါဝါဟာ လူ့အဖွဲ့အစည်းကနေ ဆင့်ပွားယူထားတဲ့ ပါဝါသာဖြစ်တယ်။ ပိုပြီးတိတိကျကျပြောရရင် ကနေ့ခေတ် လူ့အဖွဲ့အစည်း၊ အရင်းရှင်ဘူဇွာ လူ့အဖွဲ့အစည်းကနေ ဆင့်ပွားရထားတဲ့ ပါဝါသာဖြစ်တယ်။

ပိုက်ဆံရှိရင် ပါဝါရှိတယ်ဆိုတဲ့စကားဟာ ဒီပိုက်ဆံနဲ့ တခြားလက်တွေ့အသုံးတည့်တဲ့ အရာတွေကို အလဲအလှယ်လုပ်နိုင်တဲ့ အခြေအနေမှာသာ အကြုံးဝင်တယ်။ အဲ့သလို အလဲအလှယ်လုပ်နိုင်စွမ်းရှိတဲ့ အတွက်ကြောင့်သာ ပိုက်ဆံကို ယုံကြည်နိုင်တာ ဖြစ်တယ်။ ဆိုတော့ ဒီအလဲအလှယ်လုပ်နိုင်စွမ်းကို ဘယ်သူက အာမခံပေးထားတာလဲ။ ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီး သိပ်မကြာခင် တရုတ်ပြည်သွားတော့ အမေရိကန်ဒေါ်လာဟာ စိတ်ချရတယ်။ အမေရိကန်အကြွေးတွေကို စိတ်ချလက်ချ ဆက်ဝယ်ကြပါလို့ ပြောတယ်။ တနည်းအားဖြင့် အလဲအလှယ်လုပ်နိုင်စွမ်းကို nation-stateတွေက အာမခံပေးထားတယ်။ nation-state တွေရဲ့ အာဏာစက်ကနေ သီးခြား ကင်းလွတ်ပြီး လွတ်လပ်စွာရပ်တည်နေတဲ့ ဗဟိုဘဏ် (independent central bank, independent monetary policy) ဆိုတာ myth ယုံတမ်းစကားသာသာပဲ။ ပြင်ပလောကမှာ ဘယ်လိုမှ မရှိနိုင်ဘူး။ (Econ 101/102 syllabus ထဲမှာတော့ ရှိချင်ရှိနိုင်တယ်။) ဒီတော့ (၂)ကို နည်နည်းလောက် modify လုပ်ကြည့်ရရင်

ငွေသားဆိုတာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတခုက ကျောထောက်နောက်ခံ ပေးထားတဲ့ ဗဟိုဘဏ်က အာမခံထားတဲ့ အကြွေး (၂ က)

တရုတ်ဆီမှာ အမေရိကန်ဒေါ်လာသန်းပေါင်းသန်းချီ (ထြီလီယံ)ရှိတယ်။ ဒါပေမယ့် ဒါတွေဟာ ကြွယ်ဝမှုအစစ်ပဲလား။ တကယ်တော့ တရုတ်ရဲ့ ဒေါ်လာထြီလီယံချီ ကြွယ်ဝမှုဆိုတာ အမေရိကန်ကသူ့ပိုက်ဆံကို အာမခံနိုင်မှုပေါ်မူတည်တယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်ကစပြီး တရုတ်က အမေရိကန်ကို ကုန်ပစ္စည်းတင်ပို့မှုဟာ မှန်မှန်တက်လာနေတယ်။ တရုတ်စက်ရုံတွေကနေ ထုတ်လိုက်တဲ့ အသုံးအဆောင် ပစ္စည်းတွေဟာ တကမ္ဘာလုံးကို ရောက်သွားပြီး တဘက်မှာ တရုတ်ပြည်ထဲကို အမေရိကန်ဒေါ်လာတွေ ၀င်လာတယ်။ ဒီအမေရိကန်ဒေါ်လာတွေနဲ့ တရုတ်ရဲ့  ကြွယ်ဝချမ်းသာမှုကို တိုင်းတာဖော်ပြတာဟာ ကျွန်တော်တို့ရဲ့ စတိုးဆိုင်နံရံပေါ်က လက်ငင်းရောင်းသူရဲ့ ကြွယ်ဝချမ်းသာမှုကို ငွေစက္ကူတွေအထပ်လိုက်ပြပြီး ဖော်ပြထားပုံနဲ့ ဘာမှ မကွာဘူး။ တရုတ်ဟာ ဒီဒေါ်လာငွေတွေနဲ့ သူအလိုရှိတဲ့ တခြားပစ္စည်းတွေ ၀ယ်နိုင်သရွေ့ တော့ သူ့ကို သူဌေးလို့ခေါ်လို့ရသေးတယ်။ တနည်းအားဖြင့် တရုတ်ချမ်းသာတယ်ဆိုတာ အကြွေးနဲ့ချမ်းသာနေတာပဲ။

ဒီငွေစက္ကူတွေကို ထုတ်ထားတဲ့ ဗဟိုဘဏ်က ဒီပိုက်ဆံတွေဟာ တရားမ၀င်ဘူးလို့ ကြေညာလိုက်တဲ့ခဏမှာ လက်ငင်းရောင်းသူနဲ့ အကြွေးရောင်းသူရဲ့ အခြေအနေဟာ ဘာမှမကွာတော့တဲ့အနေအထားကို ရောက်သွားမှာဘဲ။ ကိုယ်စုဆောင်းထားတဲ့ ပိုက်ဆံတွေ တရားမ၀င်ကြေညာခံရတဲ့ အဖြစ်အပျက်မျိုး တကြိမ်မကကြုံဘူးတဲ့ ကျွန်တော်တို့ရဲ့  နိုင်ငံသားများကတော့ ဗဟိုဘဏ်တခုရဲ့ အာမခံမှုဟာ ဘယ်လောက်ထိ စိတ်မချရသလဲဆိုတာ တခြားနိုင်ငံသားများထက် ပိုသဘောပေါက်နိုင်ဖွယ်ရှိတယ်။ (ဗမာပြည်ကဗဟိုဘဏ်က သူထုတ်ထားတဲ့ ပိုက်ဆံတရားမ၀င်ဘူးလို့ ကြေညာရင် အလွန်ဆုံး အစိုးရကို ကျိန်ဆဲရုံသာကျိန်ဆဲနိုင်ပေမယ့် အမေရိကန်ဗဟိုဘဏ်က အဲ့သလို လုပ်ကြည့်ပါလား။ အဏုမြူစစ်ကျိန်းသေဖြစ်မှာ။) အဲ့တော့ ပိုက်ဆံလေးအပိုအလျှံရှိရင် အမေရိကန်ဒေါ်လာ ၀ယ်သိမ်းထားတတ်ကြတယ်။ ကိုယ်ကိုယ်တိုင် တခါမှမရောက်ဖူးတဲ့ နယူးယောက်မြို့ က ဘယ်လိုလူစားတွေ ဘယ်လိုအုပ်ချုပ်နေမှန်းလဲ မသိရတဲ့ အမေရိကန်ဗဟိုဘဏ်ကထုတ်တဲ့ အစိမ်းရောင်ဒေါ်လာငွေတွေ လဲလဲထားတတ်တယ်။ နည်းနည်းပိုပြီး သံသယရှိတဲ့လူ၊ မေးခွန်းများတဲ့ လူတွေကတော့ ရွှေဝယ်စုထားကြတယ်။ ဒေါ်လာက တချို့ တိုင်းပြည်တွေမှာ အလဲအလှယ်လုပ်လို့ မရပေမဲ့ ရွှေကိုလက်မခံတဲ့ တိုင်းပြည်ကတော့ မရှိဘူးထင်တယ်။ ဒါပေမယ့် ရွှေကိုယ်နှိုက်ကရော ကြွယ်ဝချမ်းသာမှုကို ဖော်ပြနိုင်တဲ့အရာပဲလား။ ရွှေကိုကြွယ်ဝချမ်းသာမှုအဖြစ် လက်ခံကြတယ်ဆိုတာ လူတိုင်းက ရွှေကိုကြွယ်ဝချမ်းသာမှုကို တိုင်းတဲ့အရာအဖြစ် အသိအမှတ်ပြုထားလို့ မဟုတ်ဖူးလား။ သံချောင်းတို့ရောက်သွားတဲ့ကျွန်းပေါ်မှာ ရွှေရဲ့ အသုံးတည့်မှုဟာ ငွေစက္ကူရဲ့ အသုံးတည့်မှုနဲ့ ဘာကွာမလဲ။ ရွှေကိုင်ထားတာ စိတ်ချရတယ်ဆိုတာ လူ့အဖွဲ့အစည်းထဲက လူတိုင်းနီးပါးက ရွှေကို တခြားပစ္စည်းတခုနဲ့ တချိန်မှာ အလဲအလှယ်လုပ်နိုင်တဲ့ ပစ္စည်းအဖြစ် အာမခံထားတဲ့အတွက် မဟုတ်ဖူးလား။ ဒီတော့ နောက်ထပ်အဆိုတခုဖြည့်ကြည့်မယ်။

ရွှေဆိုတာ လူအဖွဲ့အစည်းထဲက လူတိုင်းနီးပါးက အာမခံထားတဲ့အကြွေး (၃)

အကြွေးစာရင်းရယ်၊ ငွေသားရယ်၊ ရွှေရယ်သုံးခုမှာ အာမခံနိုင်မှုအတိုင်းအတာမှာ ရွှေကအကောင်းဆုံးလို့ တချို့ က ယူဆကြပြီး ရွှေကို ultimate money တကယ့်ပိုက်ဆံ စစ်စစ်ပမာ ပြောကြတယ်။ ဒါပေမယ့် ပိုက်ဆံ money ဆိုတာ အလဲအလှယ် exchange လုပ်တဲ့အခါမှသာ သူ့ရဲ့ အဓိပ္ပါယ် ပေါ်လာနိုင်တဲ့အရာဖြစ်ပြီး အလဲအလှယ်ဆိုတာ လူ့အဖွဲ့အစည်းနဲ့သာဆိုင်တဲ့ အရာဖြစ်တယ်။ ပိုက်ဆံဟာ ရုပ်ဝထ္ထုပိုင်းအရ တန်ဖိုးရှိတယ်ဆိုတာ material property (တနည်းအားဖြင့် တခြားအရာတခုနဲ့ လဲလှယ်နိုင်စွမ်းရှိတယ်ဆိုတာ) လူ့အဖွဲ့အစည်းက သတ်မှတ်ပေးထားတဲ့ အတွက်ကြောင့်သာ တန်ဖိုးရှိရတာ၊ social property ကြောင့်သာဖြစ်တယ်။

It has material property only because of its social property.

တကယ်တော့ ပိုက်ဆံတင်မကဘူး။ လူ့အဖွဲ့အစည်းကိုယ်နှိုက်မှာကို material property ရော၊ social property ပါရှိတယ်လို့ အဘိဓမ္မာဆရာကြီး Karl Marx ကဆိုတယ်။ ဒါတွေကိုတော့ နောင်တချိန်ကျမှ ဆက်ရွှီးတော့မယ်။ မူလရေးနေတဲ့ လူမှုရေးနဲ့ နိုင်ငံရေး အတွေးအမြင်တွေဆီကို ပြန်သွားလိုက်ဦးမယ်။

ဝတုတ်


[1] ခုရေးခဲ့တဲ့ ၀ါကျမှာ ‘တနည်းအားဖြင့်’ နဲ့ ‘အကြွေးတမျိုး’ ဆိုတဲ့ စကားစုနှစ်ခုဟာ အရေးကြီးတယ်။ တနည်းအားဖြင့်လို့ ဆိုတဲ့အတွက် တခြားနည်းအရ ဆိုတဲ့ အဓိပ္ပါယ်ထွက်သလား၊ အကြွေးတမျိုးလို့ ဆိုတဲ့အတွက် အကြွေး တမျိုးမက ရှိတယ်လို့ အဓိပ္ပါယ်ထွက်သလားလို့် မေးစရာရှိတယ်။ တကယ်လည်း အဲဒိအဓိပ္ပါယ်ထွက်တဲ့အတွက် ပြောခဲ့သလို သုံးနှုံးခဲ့တာပဲ။

[2] အကြွေးကို အာမခံသူပေါ်လိုက်ပြီး အမျိုးအစားခွဲထားတယ်။

Discussion

6 thoughts on “ပိုက်ဆံ၊ လက်ငင်းရောင်းသူနဲ့ အကြွေးရောင်းသူ

  1. ရွှေကတော့.. ၂ ထောင် တောင် ကျော်အုံးမယ် ဆိုပဲ..။ တမှုံလောက် ၀ယ်ထား အုံးမှ..။း)
    အခု..ကိုဝတုတ် ဘယ်လောက် မြတ်နေပြီလဲ..

    Posted by K | 02/09/2010, 16:22
    • မကေကတော့ ဖြေရခက်တဲ့ မေးခွန်းမေးနေပြန်ပါပြီ။ ဘယ်နှယ့်ဖြေရပါ့။ ရွှေနှစ်ထောင်ကျော်မယ်ဆိုရင် ၀ယ်ထားဖို့ ကောင်းတာပေါ့။🙂

      Posted by zizawa | 02/09/2010, 16:55
  2. ဒါဆို ရွှေဝယ်နိုင်တဲ့ လူတန်းစားကတော့ ချမ်းသာပြီးရင်း ချမ်းသာရင်းပေါ့လေ …… လောကကြီးက မတရားဘူး။
    By the way, ငွေသားက အကြွေးအမျိုးအစား (၂က) ဆိုရင် credit card (or) electronic money က (၂ခ) လား သိချင်ပါတယ်…

    Posted by မိုးစက်ပွင့် | 03/09/2010, 03:26
    • Good question!! But I don’t know the answer. ဆိုပြီး အဖြေပေးရမှာဘဲ မမိုးစက်ပွင့်ရေ..
      ကျွန်တော့အထင်ကို ပြောမယ်နော်။ အကြွေးဝယ်ကဒ်နဲ့ဝယ်တာဟာ ၀ယ်သူကဆိုင်ရှင် ဆီက ချေးတာမဟုတ်ဘဲ credit card ထုတ်ပေးတဲ့ ကုမ္ပဏီ (ပုဂ္ဂလိကဘဏ်တခုခုဆိုပါစို့) ဆီက ချေးပြီးဝယ်တာပဲ။ အဲဒီတော့ ဆိုင်ရှင်နဲ့ဘဏ်ကြားမှာ သတ်သတ် ကြွေးစာရင်းတခု ရှိမယ်၊ ဘဏ်နဲ့ဈေးဝယ်သူကြားမှာ ကြွေးစာရင်းသတ်သတ်ရှိမယ်။
      ဆိုင်ရှင်က ဈေးဝယ်သူထက် ပုဂ္ဂလိကဘဏ်ကိုပိုယုံတယ်။ ဘဏ်က ဆိုင်ရှင်နဲ့ ဈေးဝယ်သူကြားမှာ ၀င် facilitate လုပ်ပေးတာ။ အဲ့ဒိနည်းနဲ့ financial service ငွေကြေး ၀န်ဆောင်မှုပေးတယ်။ ဈေးဝယ်သူရဲ့ အကြွေးကို ဘဏ်က ဆိုင်ရှင်ကိုယ်စား တာဝန်ခံထားရတာမို့ ဘဏ်က risk ပိုယူရတယ်။ အဲဒိအတွက် reward အဖြစ် ဈေးဝယ်သူဆီက အတိုးနှုန်းရတယ်။ အဲ့တော့ credit card အကြွေးက နံပါတ်တစ် အမျိုးအစားပဲ။ ဒါပေမယ့် မြီရှင်က ဒီနေရာမှာ ဆိုင်ရှင်မဟုတ်တော့ဘဲ ပုဂ္ဂလိကဘဏ်ဖြစ်သွားတယ်။ credit card အကြွေးဆိုတာ စားသုံးသူက (တနည်းအားဖြင့် ဈေးဝယ်သူ) အာမခံထားတဲ့အကြွေးပဲ။ တကယ်တော့ credit card အကြွေးတင်မက consumer loan မှန်သမျှဟာ (ပြောချင်တာက personal loan, property mortgage အားလုံး) ဒီအမျိုးအစားထဲမှာ အကြုံးဝင်တယ်ထင်တယ်။
      I hope that answers your question. Credit card အကြွေးကိုထည့်မစဉ်းစားမိဘူး။ ပြန်စဉ်းစားဖြစ်အောင် အကြောင်းဖန်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် အမကြီးရေ။

      Posted by zizawa | 03/09/2010, 12:46
  3. မမိုးစက်ပွင့်ကို အကြောင်းပြန်ရင်း ဒီအကြောင်း ဆက်လေ့လာချင်သူတွေကို အညွှန်းပေးလိုက်ပါရစေ။ ပိုက်ဆံ Money နဲ့ ပတ်သက်ရင်အဖတ်သင့်ဆုံးက ကျွန်တော့အထင်မှာ Karl Max ပဲ။ ဒါပေမယ့်သူက အရမ်းအရမ်းကို abstract ဖြစ်တယ်။ သီအိုရီ ဆန်တယ်။ နေက် Marx က Econonomics ကွက်ကွက်လေးကိုပဲ ကိုင်တာမဟုတ်ဖူး။ Fernand Braudel ရဲ့ သုံးအုပ်တွဲ စာအုပ်က ပိုက်ဆံဖြစ်လာပုံကို သမိုင်းနောက်ခံနဲ့ ရှင်းထားတာ သိပ်ကောင်းတယ်။ စာအုပ်နံမယ်က Civilization and Capitalism တဲ့။ အထူးသဖြင့် ပထမစာအုပ် အခန်း ၇ ကစပြီး ပိုက်ဆံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အများကြီးတွေ့ရတယ်။ ခုနောက်ဆုံးထုတ်ကတော့ Niall Ferguson ရဲ့  The Ascent of Money ဆိုတာ။ ခု Banking Crisis ဖြစ်ပြီးနောက်မှ ထွက်လာတဲ့စာအုပ်။ Ferguson က Harvard historian. အဲဒိစာအုပ်လည်း အင်မတန့် အင်မတန် ဖတ်သင့်တယ်လို့ ထင်တယ်။ သူက modern reader တွေအတွက် ရေးထားတော့ နားလည်ရပိုလွယ်တယ်။

    Posted by watote | 03/09/2010, 13:24
  4. မနေ့ညက ခုရေးခဲ့တဲ့စာနဲ့ ပတ်သက်ပြီး တခုခုကို ဘ၀င်မကျလို့ စဉ်းစားနေတုန်း စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေးတခုရတယ်။ credit card အကြွေးက စားသုံးသူကအာမခံထားရတဲ့ အကြွေးပဲ။ ဒါပေမယ့် စားသုံးသူက ဆိုင်ရှင်ကို အာမခံတာမဟုတ်ဘဲ credit card ထုတ်ပေးထားတဲ့ ပုဂ္ဂလိကဘဏ်ကို ပြန်ဆပ်မယ်ဆိုပြီး အာမခံထားတဲ့အကြွေးဖြစ်တယ်။ ဈေးရောင်းသူနဲ့ဝယ်သူကြားမှာ ၀င်ပြီး facilitate လုပ်ပေးမယ့် ပုဂ္ဂလိကဘဏ်မရှိဘူးဆိုပါစို့။ ဈေးရောင်းသူက ၀ယ်သူကို အကြွေးနဲ့ရောင်းမယ်။ ဒါပေမယ့် ဈေးရောင်းသူက ၀ယ်သူအကြွေးပြန်မဆပ်ရင် သူ့ကိုဥပဒေဘောင်ထဲကနေ ဘာမှလုပ်ခွင့်မရှိဘူး။ အဲဒိတော့ ဥပဒေပြင်ပကနေ လက်စားချေဖို့နည်းလမ်းပဲရှိတယ်။
    ဒါပေမယ့် စားသုံးသူက financial institution တခုခုကို ချေးထားတဲ့ ပိုက်ဆံပြန်ဆပ်မယ်လို့ အာမခံပြီး ပြန်မဆပ်ရင် ကြွေးရှင်ဖြစ်တဲ့ financial institution က (ပုဂ္ဂလိကဘဏ်) စားသုံးသူ (ဈေးဝယ်သူ)ဆီက အကြွေးကို ဥပဒေဘောင်ထဲကနေ ပြန်တောင်းပိုင်ခွင့်ရှိတယ်။ အိမ်ကို bailiff အကြွေးတောင်းသူလွှတ်ပြီး ရစရာရှိတာကို အတင်းပြန်ယူပိုင်ခွင့်ရှိတယ်။ တနည်းအားဖြင့် individuals (လူတယောက်နဲ့တယောက်ကြားမှာ) အကြွေးကတိကို ဥပဒေကအသိအမှတ်ပြုမထားဘဲ တသီးပုဂ္ဂလတွေနဲ့ institutions တွေကြားက အကြွေးကတိကိုသာ ဥပဒေက အသိအမှတ်ပြုထားတယ်။ စိတ်ဝင်စားဖို့ မကောင်းဘူးလား။

    Posted by watote | 04/09/2010, 10:47

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: