//
you're reading...
History, Philosophy, Politics

မက်ခီယာဗယ်လီ (၄)

မက်ခီယာဗယ်လီ အဓိကစိတ်ဝင်စားတဲ့ အကြောင်းအရာဟာ အစိုးရတရပ် ခိုင်မာတောင့်တင်းအောင် ဘာလုပ်ရမလဲဆိုတာ ဖြစ်တယ်လို့ အရင်အပိုင်းတွေမှာ တကြိမ်မကပြောသွားခဲ့တယ်။The Prince ထဲမှာ တိုင်းပြည်တပြည်မှာ အုပ်ချုပ်မင်းလုပ်မဲ့သူ တယောက်ကို အုပ်ချုပ်သူအနေနဲ့ ဘာတွေလုပ်သင့်လဲဆိုတာကို အကြံပေးထားသလို Discourses on Livy မှာလည်း ရေရှည်တည်တံ့မဲ့ အစိုးရတခု ဖွဲ့စည်းသင့်ပုံတွေကို သူ့အတွေ့အကြုံကို အခြေခံပြီး ရှင်းပြခဲ့တယ်။The Prince ကို republic မဟုတ်တဲ့ (အင်္ဂလိပ်လိုသုံးတဲ့ အသုံးအနှုန်းကတော့ principalities လို့သုံးတယ်) တိုင်းပြည်တွေအတွက် ရည်စူးပြီး နောက်တအုပ်ကတော့ Republic တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်တွေကို ရည်ရွယ်ရေးတာလို့ မက်ခီယာဗယ်လီက ဆိုတယ်။

နှစ်အုပ်စလုံးရဲ့ အဓိက theme ကတော့ ပြောခဲ့သလိုပဲ နိုင်ငံတနိုင်ငံ ဒါမှမဟုတ် တိုင်းပြည်တပြည် ရေရှည်တည်တံ့အောင် ဘာတွေလုပ်သင့်သလဲဆိုတဲ့ အချက်ပဲ။ ဒါကိုက မက်ခီယာဗယ်လီရဲ့ အစိုးရနဲ့ ပတ်သက်တဲ့၊ လူ့အဖွဲ့အစည်း၊ လူ့သဘာဝနဲ့ ပတ်သက်တဲ့ အတွေးအမြင်ဟာ ရှေ့ နောက်ညီတယ်၊ coherent ဖြစ်တာကို ပြနေတယ်။

ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာကThe Prince မှာ မက်ခီယာဗယ်လီဟာ republic နဲ့ monarchy ဘယ်ဟာကောင်းလဲဆိုတာ မေးခွန်းထုတ်မနေဘဲ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်မဲ့ လူတယောက်ဟာ တိုင်းပြည်ကို ခိုင်မာတောင့်တင်းအောင် ဘာတွေလုပ်သင့်သလဲဆိုတာကိုပဲ ပြောသွားပြီးDiscourse ထဲမှာတော့ သူဟာ ဘယ်လို အစိုးရမျိုးကို လိုလားသလဲဆိုတာတွေ့ရတယ်။ မက်ခီယာဗယ်လီဟာ ဖြစ်နိုင်ရင် representative government ဒီမိုကရေစီအစိုးရကို လိုလားတယ်။ သူ့ရဲ့  အကြောင်းပြချက်က ဒီမိုကရေစီအစိုးရတွေဟာ အာဏာရှင်အစိုးရတွေထက် ပိုပြီးရေရှည်တည်တံ့နိုင်တယ်။ ဒီမိုကရေစီ အစိုးရတခုကို ပြည်ပအစိုးရတွေက အလွယ်တကူ မသိမ်းပိုက်နိုင်ဘူးလို့လည်း သူယူဆတယ်။ သူပြောချင်တဲ့ ဒီမိုကရေစီအုပ်ချုပ်ပုံဆိုတာ အာဏာဟာ လူတစုလက်ထဲမှာသာ စုနေတာမျိုး မဟုတ်ဘဲ တိုင်းပြည်ထဲက institutions တွေတခုနဲ့တခု check and balance လုပ်ထားနိုင်တဲ့ ပုံစံမျိုးကို ဆိုလိုတယ်လို့ ယူဆတယ်။Discourse Book I, Chapter 2 မှာ ဒါကိုသေချာ ရှင်းပြထားတယ်။

I conclude all these forms of governments are pestilential: The three good ones do not last long, and the three bad ones are evil. Those who know hot to construct constitutions wisely have identified this problem and have avoided each one of these types of constitution in its pure form, constructing a constitution with elements of each. They have been convinced such a constitution would be more solid and stable, would be preserved by checks and balance,

မက်ခီယာဗယ်လီ ပြောတဲ့ three good ones ဆိုတာ monarchy, aristocracy နဲ့ democracy ကိုပြောတာဖြစ်ပြီး three bad ones ကတော့ tyrannies, oligarchies နဲ့ anarchies ကိုပြောချင်တာ။ ကနေ့ခေတ် စာဖတ်သူတွေကတော့ ဆက်ဒမ်ဟူစိန် အစိုးရကို အမေရိကန်နဲ့ အင်္ဂလိပ် ဘာ့ကြောင့်အလွယ်တကူ ၀င်သိမ်းဖြိုချသွားနိုင်သလဲဆိုတာ ဆက်စပ်စဉ်းစားကောင်း စဉ်းစားမိမယ်။

ကြည့်ရတဲ့ပုံက မက်ခီယာဗယ်လီဟာ မတတ်သာလို့သာ Medici မင်းဆက်ရဲ့ ဒီမိုကရေစီ မကျတဲ့ အုပ်ချုပ်ပုံကို လက်ခံလိုက်ရပုံရပြီး ဖြစ်နိုင်ရင် representative အစိုးရမျိုးကိုသာ အလိုရှိတယ်လို့ ယူဆရတယ်။The Prince ကိုရေးတဲ့အခါမှာ သူအလုပ်ပြန်လိုချင်လို့ ရေးတယ်ဆိုပေမဲ့ တဘက်မှာ လောလောဆယ် ဖြုတ်ချလို့လည်း မရတဲ့ Medici မင်းကို မတတ်သာတဲ့အဆုံး ဘယ်လိုအုပ်ချုပ်ပုံ အုပ်ချုပ်နည်းဟာ အကောင်းဆုံးဖြစ်လိမ့်မယ် ဆိုတာကိုသာ အကြံပေးခဲ့တာဖြစ်တယ်။ သူ့တိုင်းပြည်အတွက် သူဒါပဲလုပ်နိုင်တော့တယ်လို့ စဉ်းစားပုံရတယ်။

နောက်မေးစရာတခုက မက်ခီယာဗယ်လီဟာ ခိုင်မာတဲ့ အစိုးရတရပ်ကို သူဘာ့ကြောင့် အလိုရှိရသလဲ။ ဒါမှမဟုတ် လူတွေဟာ security တည်ငြိမ်အေးချမ်းမှုကို ဘာ့ကြောင့် အလိုရှိသလဲ။ ခက်တာက အဲဒိမေးခွန်းအတွက် မက်ခီယာဗယ်လီက စာအုပ်နှစ်အုပ်စလုံးမှာ အဖြေပေးမသွားဘူး။ သူ့စိတ်ထဲမှာ ဒီအချက်ဟာ ရှင်းပြစရာ မလိုဘူးလို့ သဘောထားပြီး အဲ့ဒိအတွက် ဘာလုပ်ရမလဲဆိုတာတွေကိုပဲ ရေးသွားတယ်။

ဒါပေမယ့် မှန်းကြည့်လို့တော့ရတယ်။ မက်ခီယာဗယ်လီ Prince ကို ရေးချိန်မှာ အီတလီက သမ္မတနိုင်ငံတွေဟာ လျော့တိလျော့ရဲနဲ့ ခိုင်ခိုင်မာမာ မအုပ်ချုပ်နိုင်တော့ဘူး။ မက်ခီယာဗယ်လီရဲ့ အစိုးရနဲ့လူရဲ့ သဘောသဘာဝနဲ့ ပတ်သက်တဲ့ ယူဆချက်တခုက တိုင်းပြည်ထဲမှာ လူတဦးချင်းစီ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားလာတာဟာ တိုင်းပြည်တပြည်လုံး ပျက်စီးပြီး အင်အားချိနဲ့ဖို့ ဖြစ်လာတယ်လို့ သူကယုံတယ်။ သူပြောချင်တဲ့ morality ဆိုတာ lack of responsibility တာဝန်မဲ့ခြင်းကို ပြောချင်တာ။ နိုင်ငံသားတွေက ကိုယ့်တာဝန်ကိုယ်မသိဘူး။ ကိုယ့်တိုင်းပြည်ပေါ်ရှိသင့်ရှိအပ်တဲ့ တာဝန်ကို မသိဘူး၊ မကျေဘူးလို့ မက်ခီယာဗယ်လီက မြင်တယ်။ ဒီတော့ မက်ခီယာဗယ်လီက နိုင်ငံခေါင်းဆောင်တယောက်ဟာ prince တယောက်ဟာ တိုင်းသူပြည်သားတွေ တိုင်းပြည်ပေါ်တာဝန်သိလာအောင် လုပ်ရမယ်၊ မဟုတ်ရင် အားလုံး ဒုက္ခရောက်ကုန်မယ်လို့ ယူဆတယ်။ အဲ့သလို လုပ်နိုင်တဲ့ ဘယ်ခေါင်းဆောင်ကိုမဆို သူကသဘောကျတယ်။ အဲ့သလို လုပ်နိုင်တဲ့ လုပ်ရပ်မှန်သမျှဟာ တရားတယ်လို့ သူကယူဆတယ်။ အဲဒါကြောင့်သာ end justifies mean လို့ ပြောလာတာ။

ဒီနေရာမှာ လူတွေ (အဲ နိုင်ငံသားတွေလိုပြောရင် ပိုမှန်မယ်ထင်တယ်) ကျင့်ဝတ် ပျက်ပြားလာပုံကို မက်ခီယာဗယ်လီ ရှင်းပြပုံဟာ စိတ်ဝင်စားဖို့ကောင်းသလို ကျွန်တော့ အထင်မှာတော့ လက်တွေ့မြင်နေရတာတွေနဲ့ ကိုက်ညီမှုရှိတယ်တောင် ထင်တယ်။Discourse Book I Chapter 1 မှာ

Men act either out of necessity or free choice. Since it seems that men are the most admirable where they have the least freedom of choice, one must consider whether it might not be better to choose an infertile region for the construction of a city… its inhabitants will be forced to be industrious and prevented from being self-indulgent, so that they will be more united, having less occasion for conflict because of the poverty of their land.

ဗမာပြည်ဟာ လူဦးရေးလည်းနည်းတယ်၊ မြေဆီသြဇာကောင်းတဲ့မြေတွေလည်းရှိတယ်။ ဒီတော့ ဒီလူမျိုးဟာ သိပ်ပင်ပင်ပန်းပန်းကြီးလုပ်စရာ မလိုဘဲ စားလို့သောက်လို့ရနေတယ်။ ဒီအချက်ဟာ ကျွန်တော်တို့လူမျိုးကို အရာရာကို ခပ်ပေါ့ပေါ့၊ ခပ်အေးအေးသဘောထားတဲ့ စိတ်မျိုး၊ အကျင့်မျိုးရှိစေတယ်ဆိုတဲ့ အပြောကို တကြိမ်မကကြားဘူးတယ်။ ဒါကို လက်ခံရင် မက်ခီယာဗယ်လီရဲ့ အပေါ်က စာပိုဒ်ကိုသဘောပေါက်မိမှာဘဲ။ (တခုတော့ ရှိတာပေါ့။ မက်ခီယာဗယ်လီရဲ့ morality က ကျွန်တော်တို့နားလည်နေတဲ့ ကိုယ်ကျင့်စာရိတ္တနဲ့ မတူဘူး။ တကယ်က morality ဆိုတဲ့စကားထက် ethic ဆိုတဲ့ စကားက အရင်ပေါ်တယ်။ ဥပမာ Aristotle ရဲ့ ကျင့်ဝတ်အကြောင်းရေးတဲ့ စာအုပ်နံမယ်က Nicomachean Ethic လို့ခေါ်တယ်။ Ethic ဆိုတာ ဂရိစကားလုံး ethos ကလာတယ်။ လူ့ရဲ့  အကျင့်စရိုက် character ကိုရည်ညွှန်းတာ။ အလွယ်ပြောရရင် စိတ်ကောင်းရှိတာမရှိတာကို ရည်ညွှန်းတာဖြစ်ပြီး  morality ဆိုတဲ့စကားလုံးကတော့ လူ့အကျင့်စရိုက် character သက်သက်ကိုပြောတာမဟုတ်ဖူး။ လူတဘက်သားပေါ် သက်ရောက်မှု ရှိနိုင်တဲ့ ကိုယ့်ရဲ့ ပြုမူလုပ်ကိုင်ပုံ behavior ကိုရည်ညွှန်းတာဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်မှုရှိတယ်။ တဘက်သားပေါ် စာနာစိတ်ဆိုတာနဲ့ နည်းနည်းနီးစပ်မယ်ထင်တယ်။ ဒီတော့ မေးစရာက စိတ်ကောင်းရှိတာမရှိတာနဲ့ morally responsible ဖြစ်တာနှစ်ခုက တိုက်ရိုက်ဆက်စပ်သလား။ စိတ်ကောင်းရှိတဲ့လူတွေဟာ morally responsible မဖြစ်တဲ့ လုပ်ရပ်တွေ လုပ်မိနိုင်သလား။ ထားပါတော့။)

ပြန်ကောက်ရရင် မက်ခီယာဗယ်လီက morality ကင်းမဲ့တယ်ဆိုတာ ကိုယ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းပေါ် တာဝန်ကင်းမဲ့မှုကို ဆိုလိုတာ။ ဒါပေမယ့် လူဟာ လူ့အဖွဲ့အစည်းပေါ် ဘယ်လိုတာဝန်တွေထားရှိအပ်သလဲဆိုတာတော့ ဖတ်ခဲ့ရသလောက် သူ့စာတွေမှာ မတွေ့မိဘူး။ တွေ့သူများ ထောက်ပြနိုင်ပါ၏။

နောက်တခုက သူဟာတိုင်းပြည်ရေရှည်တည်တံ့ရေးကို နိုင်ငံသားတွေရဲ့  အကျိုးစီးပွားနဲ့ ဆက်စပ်ထားတယ်။ ဆိုလိုချင်တာက တိုင်းပြည်တည်တံ့ရေးသက်သက်ကို end in itself အနေနဲ့ လက်ခံတာ မဟုတ်ဖူးလို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ Roman Empire နဲ့ Roman Republic နှစ်ခုမှာ Roman Republic ကိုပိုသဘောကျတယ်၊ Discourse မှာသူဟာ republic ကို ပိုမြတ်နိုးသဘောကျတယ် ပိုဖြစ်စေချင်တယ်ဆိုတာ အထင်အရှားတွေ့ရတယ်။ Julius Caesar နဲ့ အောင်မြင်ကျော်ကြားမှုပိုင်းမှာ သူနဲ့ (JC)ဘယ်လိုမှ မနှိုင်းယှဉ်သာလောက်အောင် နိမ့်တဲ့ Caesar Borgia နှစ်ယောက်မှာ သူဟာ Caesar Borgia ကိုအများကြီး ပိုအထင်ကြီး ပိုသဘောကျတယ်။ The Prince ကိုရေးတဲ့အခါမှာ Caesar Borgia ကို အာရုံယူရေးတယ်လို့ ဆိုကြတယ်။ Caesar Borgia ဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ။ http://en.wikipedia.org/wiki/Cesare_Borgia Caesar Borgia အကြောင်းသိချင်သူများအတွက်လင့်ပေးလိုက်ပါတယ်။ သူဟာ တိုင်းပြည်ခိုင်မာကြီးထွားရေး သက်သက်ကိုသာ မြင်ချင်တဲ့သူဆိုရင် Roman Empire နဲ့ Julius Caesar ကိုပိုသဘောကျသင့်၊ အထင်ကြီးသင့်တာပေါ့။ ဒါပေမယ့် အဲ့သလိုမဟုတ်ဖူး။

နောက်တခါend justifies means ဆိုတာနဲ့ ပတ်သက်လို့ စဉ်းစားစရာတခုလောက် စဉ်းစားကြည့်စေချင်တယ်။ ပြောခဲ့တဲ့end justifies means ဟာ မှားတယ်ဆိုပါစို့။ (end doesn’t justify means ဆိုပါစို့) မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဟာ အားလုံးလိုချင်တဲ့end တခုဆိုရင် အဲဒိပန်းတိုင်ကို ရောက်စေမဲ့ ဘယ်လုပ်ရပ်ဟာ မတရားဘူးလဲ။

end justifies mean မှာ ends က ဘယ်လို ends မျိုးလည်းဆိုတာ ရှိသေးတယ်။ ends က public benefits အတွက်ဆိုရင်ရော အဲဒိ ends ကိုရအောင်လုပ်တဲ့ လုပ်ရပ်တွေကို မတရားဘူးလို့ ပြောမလား။ ခုဆိုရင် ဗမာပြည်တပြည်လုံးက သံယံဇာတတွေအားလုံးကို အင်အားရှိတဲ့ လူတစုက လက်ဝါးကြီးအုပ်ထားလိုက်ပြီ။ ဥပဒေက ဒီလူတွေရဲ့ ပိုင်ဆိုင်မှုကို အကာအကွယ်ပေးထားမယ်။ ဒီလိုအနေအထားမျိုးရှိတဲ့ တိုင်းပြည်မှာ လူများစုကို ထမင်းကျွေးဖို့ ဒီလုလက်တဆုပ်စာ မတရား အပိုင်စီးထားတဲ့ သံယံဇာတတွေကို သင့်တော်တဲ့ ဝေခြမ်းမှုမျိုးပြန်လုပ်မှ ရမယ်ဆိုပါစို့။ အဲသလို အလုပ်ဖြစ်မဲ့ မျှတတဲ့ distribution မျိုးရဖို့ (end) ဒီလူတွေရဲ့ ပိုင်ဆိုင်မှုကို တနည်းတဖုံ ပြန်တောင်းခံနိုင်မဲ့ လုပ်ရပ်မျိုးဟာ(means) ဟာ မတရားဘူးလို့ ပြောမလား။

မက်ခီယာဗယ်လီရဲ့ အတွေးအမြင်ဟာ နှာခေါင်းရှုံ့  ချင်စရာဆိုရင်တောင် သူ့အတွေးအမြင်က နှာခေါင်းရှုံ့ ချင်စရာလား။ ဒါမှမဟုတ် သူမြင်ခဲ့တဲ့ လူ့သဘာဝ၊ လူ့အဖွဲ့အစည်းရဲ့ သဘာဝကိုယ်က နှာခေါင်းရှုံ့ စရာဖြစ်ပြီး ကျွန်တော်တို့တွေ ကိုယ်တိုင်က ဒါကိုလက်ခံရခက်နေတာလားဆိုတာ ပြန်စဉ်းစားကြည့်သင့်တယ်။ ခုမက်ခီယာဗယ်လီအကြောင်း ရေးခဲ့တာဟာ မပြည့်စုံဘူးလို့ သဘောရတယ်။ ဒါပေမယ့် ဒီမှာဘဲ အတောသတ်ပြီး နောက်ကျန်တဲ့လူတွေကို ဆက်ကြည့်တော့မယ်။ မက်ခီယာဗယ်လီကို နောက်ပိုင်း ထပ်သုတေသနလုပ်ရင် ခုပြောခဲ့တာတွေထက် ပိုပြီးသင့်တော်တဲ့ interpretation တွေထွက်လာမှာဘဲ။ အဲဒိအခါကျမှ ထပ်ဖြည့်တာပေါ့။

ခုတော့ Thomas Hobbes ကိုကြည့်ကြမယ်။

Discussion

4 thoughts on “မက်ခီယာဗယ်လီ (၄)

  1. end justifies mean မှာ ends က ဘယ်လို ends မျိုးလည်းဆိုတာ ရှိသေးတယ်။ ends က public benefits အတွက်ဆိုရင်ရော …
    If so…
    How about right is might.

    I like to advice you to describe about sea wolf.
    (Jacklondon’s book sea wolf)

    Posted by Bo Hnin | 05/09/2010, 00:47
    • I haven’t read it. Cd you tell us a bit more? Do you mean right means might? The powerful has the right to do xxxx by virtue of its might? Is that what you mean, sir?

      Posted by zizawa | 05/09/2010, 01:05
  2. End justifies means ကို မကြိုက်ရတာက End က အရေးမကြီးလို့ မဟုတ်ပါဘူး။ ရည်မှန်းချက်ပန်းတိုင်က အရေးကြီးပါတယ်။ ကိုယ်ဘာဖြစ်ချင်သလဲဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို မူတည်ပြီး၊ ဘာတွေလုပ်သင့်သလဲဆိုတဲ့ လမ်းကြောင်းကို ရွေးချယ်ရပါတယ်။ End guides means လို့ ပြောရင် လက်ခံနိုင်ပါတယ်။

    သို့သော်လည်း “to justice or injustice, to humanity or cruelty … စတာတွေကို ဂရုစိုက်နေစရာမလိုဘူး (Discourse- Chapter XLI)” ရည်ရွယ်ချက် ကောင်းရင်ပြီးရော ဘာလုပ်လုပ် မှန်တယ်, တရားတယ် ဆိုတဲ့ အမြင်ကို မကြိုက်တာပါ။ သူ့နိုင်ငံကို ပြင်သစ်နဲ့ စပိန်ရဲ့ သြဇာခံဘ၀က လွတ်မြောက်ချင်တယ်, အုပ်ချုပ်သူတွေဟာ တာဝန်ယူစိတ် ပိုရှိစေချင်တယ်, အာဏာရှင်စနစ်မျိုးထက် စည်းကမ်းရှိပြီး ခိုင်မာတဲ့ Republic စနစ်မျိုး ပေါ်ပေါက်စေချင်တဲ့ မက္ခိယာဗယ်လီရဲ့ ရည်ရွယ်ချက် ပန်းတိုင်တွေက ကောင်းပါတယ်။ သဘောကျပါတယ်။ သို့သော် ဘာလုပ်လုပ် တရားတယ်ဆိုတဲ့ အမြင်မျိုးတွေကြောင့် သူ့အရေးအသားတွေက အာဏာရှင်တွေက ပိုပြီးသဘော ကျစေခဲ့ပါတယ်။ မူလရည်ရွယ်ချက်တွေ ကောင်းပေမယ့် ရွေးချယ်တဲ့ လမ်းကြောင်းမှားနေရင် လိုရင်းပန်းတိုင်ကို မရောက်နိုင်ပါဘူး။ ရောက်လု နီးနီးဖြစ်ခဲ့ရင်လည်း အရှည် တည်တံ့နိုင်မှာ မဟုတ်ပါဘူး။

    Posted by ဧရာ | 05/09/2010, 10:35
    • ကိုဧရာရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်ပြည့်ဖို့ ဘာလုပ်လုပ်တရားတယ်ဆိုတာဟာ လက်ခံရခက်တယ်။ ရည်မှန်းချက်က ကောင်းနေရင်တောင် တချို့ လုပ်ရပ်တွေဟာ ဘယ်လိုမှမတရားဘူး။ ဥပမာ ကိုယ့်လူမျိုးတွေ အားလုံးလွတ်လပ်ဖို့ ကြားထဲက ဘာမှမဆိုင်တဲ့၊ ကိုယ့်လူမျိုးတွေကို ဖိနှိပ်မှုအတွက် အပြစ်မရှိတဲ့ လူတွေကို ဖမ်းဆီးသတ်ဖြတ်မှ ရမယ်ဆိုရင်တောင် ဒီဖမ်းဆီးသတ်ဖြတ်မှုဟာ ဘယ်လိုမှ မတရားဘူး။ ဒါပေမယ့် တဘက်မှာ စိတ်ဝင်စားစရာ counter ဥပမာတွေပေးလို့ရတယ်။ ဆိုပါစို့ စတာလင်ဂရက်တိုက်ပွဲကို ဆိုဗီယက်က အနိုင်တိုက်ရတဲ့အခါ စစ်နိုင်ဖို့က အဓိကပဲ။ အဲဒိအတွက် ပေးဆပ်ရတဲ့ တဦးချင်းလွတ်လပ်ခွင့်တွေ၊ ဆုံးရှုံးမှုတွေဆိုတာ စာဖွဲ့လို့တောင်မရဘူး။ လူတိုင်းလူတိုင်း စစ်မှုမထမ်းချင်ရင် မထမ်းဘဲ နေပိုင်ခွင့်ရှိသင့်တယ်။ တဘက်မှာ တချို့ အခြေအနေတွေမှာ ဒီလိုအခွင့်အရေးမျိုးတွေကို ပိတ်ပင်တဲ့အလုပ်ကို မတရားဘူးလို့ ပြောရခက်သွားပြန်ရော။ လူသတ်တာ မတရားဘူး။ ဒါပေမယ့် တော်လှန်ရေးလုပ်ဖို့ ပြင်နေတဲ့အချိန်မှာ အားလုံးဒုက္ခရောက်စေမဲ့ အရေးကြီးတဲ့ လျှို့ ဝှက်ချက်တွေကို ရန်သူ့ဘက် သတင်းသွားပေးမဲ့လူတယောက်ကို သတ်တာကို မတရားဘူးလို့ ပြောရခက်တယ်။ တခုတော့ ရှိတာပေါ့။ ဒီလုပ်ရပ်ဟာ မတရားဘူးဆိုတာကို လက်ခံပြီး မတရားတဲ့အလုပ်ကို မတတ်သာလို့ လုပ်ရတယ်လို့ ပြောချင်ပြောပေါ့။ တဘက်ကလည်း လူတအုပ်လုံးကြီးအသတ်ခံရမဲ့ကိစ္စကို သိသိနဲ့ မတားဆီးဘဲ ခွင့်ပြုထားတဲ့လုပ်ရပ်ကရော တရားသလားလို့ ပြန်ပြောလို့ရတယ်။ ဖီလော်ဆော်ဖီမှာ သိပ္ပံမှာလို ယတိပြတ် အဖြေတခု ထုတ်နိုင်ဖို့ကလည်း ခက်သားပဲ။ ဘာပဲဖြစ်ဖြစ် ကိုဧရာရဲ့ မျှမျှတတရှိတဲ့ မှတ်ချက်တွေအတွက် ကျေးဇူးပါ။

      Posted by zizawa | 05/09/2010, 11:26

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: