//
you're reading...
Philosophy
Thoughts on Hobbes’ Leviathan (1)
Political philosophy မှာ ပလေတိုရဲ့ Republic ရယ်၊ John Rawls ရဲ့ A Theory of Justice ရယ်၊ Hobbes ရဲ့  Leviathan ရယ်သုံးအုပ်ဟာ influential အဖြစ်ဆုံးပဲလို့ မှတ်သားဖူးတယ်။ Hobbes ဟာ Leviathan ကို English Revolution အင်္ဂလိပ်တော်လှန်ရေးကာလမှာ (၁၇ ရာစုလယ်) ရေးပြီး စစ်အပြီးမှာ သူ့စာအုပ်ထွက်လာတယ်။ Machiavelli ရဲ့  အတွေးအမြင်လိုပဲ Hobbes ရဲ့  အတွေးအမြင်ဟာလည်း တော်တော် စိတ်အနှောက်အယှက်ဖြစ်စရာ၊ အငြင်းပွားစရာ၊ မနှစ်သက်ချင်စရာကောင်းတယ်လို့ ယူဆသူတော်တော်များတယ်။ တချို့ က ဒါဟာ တော်လှန်ရေးရဲ့  အနိဌာရုံတွေက သူ့ကို လူ့သဘာဝကို အဆိုးမြင်ဖို့ ဖြစ်လာစေတယ်၊ Leviathan လို စာအုပ်မျိုးရေးဖို့ စေ့ဆော်မှုပေးတယ်လို့ ပြောကြတယ်။ ဒီအပြော ဘယ်လောက် မှန်မမှန်တော့ မသိဘူး။ ဒါပေမယ့် Leviathan ထဲမှာပါတဲ့ social contract theory တင်မက Hobbes ပြောတဲ့ လူ့သဘာဝ human nature ဆိုတာဟာ အင်္ဂလိပ်တော်လှန်ရေးကာလမှာတင်မက သူ့ခေတ်သူ့အခါမှာလည်း ကောင်းကောင်းဆီလျော်မှု ရှိမှာပဲလို့ထင်တယ်။
အင်္ဂလိပ် ပြည်တွင်းစစ်မှာ Royalists ဘုရင့်ဂိုဏ်းနဲ့ Parliamentarians ပါလီမန်ဘက်တော်သားတွေ တဘက်နဲ့ တဘက် အသေအကြေ ချကြတယ်။ Hobbes က နှစ်ဘက်အငြင်းပွားမှုမှာ အခြေခံအကြောင်းရင်းဖြစ်တဲ့ လူတန်းစား အကျိုးစီးပွားပဋိပက္ခကို မြင်ပုံမရဘူး။ ဒီနှစ်ဘက်ဟာ အုပ်ချုပ်မှုနဲ့ ဥပဒေပြုမှုအာဏာကို တဘက်က တဘက်ကို ကန့်သတ်ဖို့ ကြိုးစားနေတယ်လို့ပဲ မြင်တယ်။ နောက်ပြီး အာဏာဆိုတာ ခွဲခြမ်းအပ်တဲ့၊ ကန့်သတ်အပ်တဲ့အရာ မဟုတ်ဖူး၊ တကယ်တော့ ဒီအချက်ကို သဘောမပေါက်ကြလို့ ဘုရင့်ဂိုဏ်းနဲ့ ပါလီမန်ဘက်တော်သားတွေ ရန်ဖြစ်နေတာလို့ သူကယူဆတယ်။ ဒါကို သူ့စာအုပ်မှာ ရေးတယ်။ နှစ်ဘက် ပဋိပက္ခမှာ အပြန်အလှန်တောင်းဆိုနေတာတွေဟာ တကယ်တော့ ရေလိုက်လွဲနေတယ်လို့ သူကယူဆတယ်။ တကယ်တမ်း မေးသင့်တာက အစိုးရရဲ့ မလုပ်မနေလုပ်ရမဲ့ အလုပ်ဟာ essential function ဟာဘာလဲဆိုတဲ့ မေးခွန်းလို့ သူကပြောတယ်။ မက်ခီယာဗယ်လီနဲ့ ကွာတာက မက်ခီယာဗယ်လီက အစိုးရတရပ် ခိုင်မာတောင့်တင်းအောင် ဘာလုပ်ရမလဲဆိုတဲ့ လက်တွေ့ကျတဲ့မေးခွန်းကို တန်းမေးပြီး အကြံပေးခဲ့ပေမယ့် Hobbes ကတော့ ဖီလော်ဆော်ဖီဆန်တဲ့ စောစောကပြောခဲ့တဲ့ မေးခွန်းကို စိတ်ဝင်စားတယ်။ သူ့အဖြေကဘာလဲဆိုတာ သူ့စာအုပ်ကို တိုက်ရိုက်ဖတ်ပြီး ကြည့်မယ်။ ဒါပေမယ့် သူ့အဖြေကို တန်းမကြည့်ခင် ဒီမေးခွန်းကို ကျွန်တော်တို့ ကိုယ့်ဟာကိုယ် အရင်မေးကြည့်ပြီး Hobbes ပေးတဲ့အဖြေနဲ့ ဘယ်လိုကွာမလဲဆိုတာကြည့်ရင် ပိုစိတ်ဝင်စားဖို့ ကောင်းမယ်လို့ ယူဆပါတယ်။
အစိုးရဆိုတာ လိုအပ်သလား။ ဘာ့ကြောင့် မလိုအပ်တာလဲ၊ ဒါမှမဟုတ် လိုအပ်သလဲ။ အစိုးရ မလုပ်မနေလုပ်ရမဲ့ အလုပ်ကဘာလဲ။
အဲဒိမေးခွန်းတွေအတွက် အရင်ဆုံး အခြေအနေတခုကို စိတ်ကူးယဉ်ကြည့်ရအောင်။ thought experiment တခုလုပ်ကြည့်ရအောင်။ နည်းနည်းတော့ crude ဖြစ်တယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ ခလေးတသိုက်ကို တီဗီဂိမ်းစက်တလုံးနဲ့ ချပေးထားမယ်ဆိုပါစို့။ ခလေးတိုင်းက တီဗီဂိမ်းကို မဆော့ရရင် မနေနိုင်အောင် အရမ်းဆော့ချင်ကြတယ်။ ဆော့ပြီဆိုရင်လည်း ဘယ်သူ့ကိုမှ အလှည့်မပေးချင်တော့ဘူး။ ဖြစ်နိုင်ရင် ကိုယ်တယောက်ထဲပဲ ဆော့ချင်ကြတယ်။ ဒီခလေးတသိုက်ကို အုပ်ထိန်းမဲ့လူကြီးလည်း မရှိဘူးဆိုပါစို့။ ဘာဖြစ်မယ်ထင်လဲ။ လုဆော့ကြမှာဘဲ။ အားကြီးတဲ့ခလေးက သူ့လောက်အားမကြီးတဲ့ခလေးကို အနိုင်ကျင့်ပြီး အလှည့်ပေးမှာ မဟုတ်ဖူး။ အနိုင်ကျင့်ခံရတဲ့ ခလေးကလည်း တခြားကလေးတွေနဲ့ပေါင်းပြီး စောစောက သူတို့ကို အနိုင်ကျင့်ထားတဲ့ ခလေးကို ပြန်တွယ်ဖို့ စဉ်းစားချင်စဉ်းစားမယ်။ အဲဒိအခါ စောစောက တခြားခလေးတွေကို အနိုင်ကျင့်ထားတဲ့ ခလေးလည်း တီဗီဂိမ်းကစားရမှာ မဟုတ်တော့ဘူး။ ကျန်တဲ့ခလေးတွေက အုပ်စုဖွဲ့ပြီး ပြန်မတွယ်ရင်တောင် သူ့ကို ဘယ်တော့ ဘာလုပ်လေမလဲဆိုတဲ့ သောကနဲ့ စိတ်ဖြောင့်ဖြောင့် ကစားရမှာ မဟုတ်ဖူး။ အဲ့တော့ ခြုံပြောရရင် ဘယ်သူ့ဘယ်သူအတွက်မှ အကျိုးရှိမှာ မဟုတ်ဖူး။ ဒီတော့ ဘာလုပ်သင့်လဲ။ ကဲအားလုံးကစားချင်တယ်ဆိုတော့ ဒို့တယောက်တလှည့်ကစားကြပေါ့ဆိုပြီး အကြံဖြစ်ချင်လည်း ဖြစ်လာနိုင်စရာ ရှိတယ်။ ဒါပေမယ့် အာမမခံနိုင်ဘူး။ တခါ အလှည့်ကို ဘယ်လိုခွဲတမ်းသတ်မှတ်မလဲ။ သဘောတူ ခွဲတမ်းသတ်မှတ်ပြီးရင်ရော ဒါကိုဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ။ အရေးကြီးဆုံး မေးခွန်းတခုက ဘယ်သူကဒိုင်လူကြီးလုပ်မလဲ။ ခဏနေတော့ ဟေ့မင်းကဘာမို့ ငါ့က မင်းအမိန့်ကို နာခံရမှာလဲဆိုပြီး ရန်ထမဖြစ်ဖူးလို့ အာမမခံနိုင်ပြန်ဘူး။
ဘုရင့်ဂိုဏ်းသားတွေနဲ့ ပါလီမန်ဘက်တော်သားတွေရဲ့ ပဋိပက္ခကို Hobbes က အဲ့သလိုမြင်တယ်။ တကယ်တော့ အင်္ဂလိပ်ပြည်တွင်းစစ်မှာ တဘက်နဲ့တဘက် ချနေသူတွေတင်မဟုတ်ဖူး။ လူ့ရဲ့ သဘာဝကိုက ဒီလိုအခြေအနေမျိုးရောက်လာစေဖို့ တွန်းအားပေးတယ်လို့ Hobbes ကယုံတယ်။ လူ့သဘာဝက ဘာဆိုတာကို သူက definition ထုတ်တယ်။ ပြီးတော့ အဲဒိကနေ နောက်ဆုံး အစိုးရဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အကောင်ကြီး Leviathan ကြီးပဲဆိုတဲ့ ကောက်ချက်ကိုဆွဲတယ်။ ကနေ့ခေတ်မှာ တချို့ က အစိုးရဆိုတာ necessary evil ဆိုပြီးပြောကြတာ ကြားဖူးကြမယ်။ (နောက်ပိုင်းမှာ အဲဒိစကားစုကို ကြိုးစား သရုပ်ခွဲကြည့်မယ်။) အဲဒါ Hobbes ရဲ့ အတွေးအမြင်ကို သူတို့စကားနဲ့ သူတို့ ပြန်ပြောပြကြတာပဲ။ စောစောက တီဗီဂိမ်းနဲ့ ခလေးတွေ ကိစ္စမှာ နောက်ဆုံး ခလေးတွေအားလုံးက စကားနားထောင်မဲ့ လူကြီးတယောက်ယောက် မရှိမဖြစ်လိုတယ်၊ ဒီလူကြီးရဲ့ ကြီးကြပ်မှုအောက်မှာမှ ခလေးတွေဟာ စိတ်အေးချမ်းသာစွာ တီဗီဂိမ်းဆော့နိုင်မယ်လို့ Hobbes ကယူဆတယ်။ ပြောခဲ့သလိုပဲ ခု thought experiment ဟာ crude ဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ့ government နဲ့ပတ်သက်တဲ့ အတွေးအမြင်ကို သဘောပေါက်နိုင်ဖို့ နည်းနည်းတော့ အထောက်အကူဖြစ်မယ်လို့တော့ မျှော်လင့်ပါတယ်။
Leviathan ကို Google books မှာ ဖတ်လို့ရတယ်။ http://books.google.com/books?id=-Q4nPYeps6MC&printsec=frontcover&dq=leviathan+hobbes&hl=en&ei=LTWETP30EsHBswb27qjmCA&sa=X&oi=book_result&ct=result&resnum=1&ved=0CC0Q6AEwAA#v=onepage&q&f=false အကုန်လုံး မဖတ်နိုင်ရင်တောင် Introduction ရယ်၊ နောက် အခန်း ၁၃ ကနေ ၁၈ ထိ အခန်းတွေကို ဖတ်နိုင်ရင် political philosophy နဲ့ဆိုင်တဲ့ သူ့အတွေးအမြင်ကို ကောင်းကောင်းကျက်မိနိုင်စရာ ရှိတယ်လို့ ယူဆတယ်။ အစပိုင်းအခန်းတွေမှာ ပျင်းစရာကောင်းတဲ့ definition တွေနဲ့ ပြည့်နေတယ်။ စကားမစပ် Hobbes ဟာ Aristotle ကို အကြီးအကျယ် လှောင်ပြောင်ဝေဖန်ခဲ့သူ တဦးဖြစ်တယ်။ (ကြည့်ရတာ ဂယ်လီလီယိုတို့ အုပ်စုနဲ့ သွားအပေါင်းအသင်းလုပ်ရာကနေ Aristotle ကို အထင်မကြီးဖို့ ဖြစ်လာပုံရတယ်။)သူဝေဖန်တဲ့ အဓိက အချက်တချက်က Aristotle ဟာ တခုခုကို ရှင်းမပြခင်မှာ အရင်ဆုံး သူရှင်းပြဖို့ ကြိုးစားတဲ့အရာဝထ္ထုရဲ့ function ဒါမှမဟုတ် purpose (ဗမာလို အဆီလျော်ဆုံးဖြစ်အောင် ဘာသာပြန်ရရင်တော့ ဒီအရာဝထ္ထုဘာ့ကြောင့် တည်ရှိနေရသလဲဆိုတာ)ကို အရင်ဆုံး define လုပ်တယ်။ ဒါဟာ သိပ္ပံနည်းမကျဘူးလို့လှောင်တယ်။ ဥပမာ Aristotle က earth ကမ္ဘာဆိုတာဘာဆိုတာ ရှင်းပြတဲ့အခါမှာ စကြာဝဠာဟာ စက်လုံးခွံကြီးပုံဖြစ်တယ်ဆိုတဲ့ empirical observation နဲ့ စတယ်။ စက်လုံးခွံဆိုရင် ဗဟိုရှိရမယ်။ အဲဒိဗဟိုဟာ တခြားမဟုတ်ဖူး။ ကမ္ဘာဘဲ။ တနည်းအားဖြင့် ကမ္ဘာဟာ စကြာဝဠာစက်လုံးခွံ့ကြီးအတွက် ဗဟိုချက်ဆိုတဲ့ တာဝန် (ရည်ရွယ်ချက်)ကို ထမ်းဆောင်ဖို့ ပေါ်လာရတယ်။ ကမ္ဘာဆိုတာ စက်လုံးခွံရဲ့ ဗဟိုချက်ပဲဆိုပြီး စ define လုပ်တယ်။ အဲဒိကနေမှ စကြာဝဠာထဲက ရုပ်ဝထ္ထုအမျိုးအစားတွေ၊ ပုံစံတွေကို ရှင်းပြဖို့ကြိုးစားတယ်။ သူ့အမြင်မှာ Aristotle လုပ်တဲ့ ရည်ရွယ်ချက်အားပြုတဲ့ definition မျိုးဟာ (အင်္ဂလိပ်လို teleological definition လို့ပြောကြတယ်။) သိပ္ပံနည်းမကျဘူးလို့ဆိုတယ်။ တဘက်မှာတော့ သူကိုယ်တိုင်က Aristotle လိုပဲ definition တွေကနေ ပြေးမလွတ်ဖူး။ သူလည်း သူ့ definition နဲ့လာတာပဲ။ အမျိုးအစားနဲ့ အကြောင်းအရာသာကွာသွားတာရှိမယ်။ (တကယ်က Aristotle လုပ်နည်းလုပ်ဟန်ကို အပြစ်ပြောတာ အမြဲတန်းတော့ မမှန်ဘူးထင်တယ်။ ဥပမာ ကနေ့ခေတ်မှာ တချို့ အရာဝထ္ထုတွေကို သူတို့ရဲ့ function လုပ်ဆောင်ချက်၊ တာဝန်၊ ရည်ရွယ်ချက် စတာကို ရည်ညွှန်းပြီး ရှင်းပြရတာပဲ မဟုတ်လား။ ဥပမာ နှလုံးဆိုတာ ဘာလဲလို့ ခန္ဓာဗေဒဆရာ တယောက်ကိုသွားမေးကြည့်။ ပြောခဲ့သလို နှလုံးဘာလုပ်သလဲဆိုတာကို ရည်ညွှန်းပြီး မဖြေရင်ဘယ်လိုဖြေမလဲ။ နှလုံးဆိုတာ သွေးလည်ပတ်မှုကို ထိန်ချုပ်ပေးတဲ့ အင်္ဂါလို့ဖြေကြတာပဲ မဟုတ်လား။)
 အဓိကအကြောင်းအရာကို ပြန်ဆက်ရရင် စောစောကပြောသလို Leviathan ရဲ့  introduction နဲ့ ပြောခဲ့တဲ့ အခန်းတွေကိုဖတ်နိုင်ရင်တောင် မဆိုးဘူး။ ဒါပေမယ့် သူ့ introduction က နိဂုံးချုပ်နဲ့တူနေတယ်။ အဲ့ဒါကိုဖတ်ကြည့်ပြီး သူဘာပြောမလဲဆိုတာ မှန်းလို့ မရဘဲ ပြောခဲ့တဲ့ အခန်းတွေကို ဖတ်ပြီး introduction ကိုပြန်ဖတ်မှ အဓိပ္ပါယ်ပေါက်မဲ့ပုံမျိုး ဖြစ်နေတယ်။ သူ့ရဲ့ political philosophy ကိုနားလည်ဖို့ရာမှာ လူ့သဘာဝနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ယူဆချက်တွေ assumptions တွေကနေ စရင်လည်း ရမယ်လို့ထင်တယ်။
ဒီတော့ သူယူဆတဲ့ လူ့သဘာဝကဘာလဲ။ ဒီနေရာမှာ လူ့သဘာဝဆိုတာ အင်္ဂလိပ်စကား human nature ကို တိုက်ရိုက်ဘာသာပြန်လိုက်တာပဲ။ ဗမာမှာက လူ့သဘာဝလို့ပြောလိုက်ရင် ဘယ်အရပ်မှာဖြစ်ဖြစ် လူတိုင်းမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက်၊ သဘောကို ဆိုလိုချင်တာ။ ဒါပေမယ့် Hobbes ပြောချင်တဲ့ လူ့သဘာဝဆိုတာ လူတွေကို ‘သဘာဝအရိုင်း’မှာ ထားထားရင် တွေ့ရတဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားကိုပြောချင်တာ ဖြစ်တယ်။ လူ့အဖွဲ့အစည်းထဲမှာတွေ့ရတဲ့ လူ့အကျင့်စရိုက်၊ အပြုအမူနဲ့ သဘာဝအရိုင်းမှာရှိတဲ့ အကျင့်စရိုက်မတူဘူး၊ လူ့အဖွဲ့အစည်းဟာ သဘာဝ မဟုတ်ဖူး၊ လူတွေက သူတို့အတတ်နဲ့ ထွင်ထားတဲ့ artificial လူလုပ်အရာတခုလို့ သူကပြောချင်တာ။ ဒီတော့ သူပြောတဲ့ သဘာဝအရိုင်းကလူကို ဘယ်မှာတွေ့နိုင်မလဲ။ ဒီမေးခွန်းကို Hobbes ကဘယ်လိုဖြေနိုင်မလဲဆိုတတော့ ‘လွယ်ပါတယ်ကွာ။ မွေးကတည်းက ယဉ်ပါးပြုပြင်မခံရတဲ့ uncultured လူကိုကြည့်’ လို့ဖြေနိုင်စရာ ရှိတယ်။ သူ့အဆိုအရ သဘာဝအတိုင်းရှိတဲ့လူ၊ အပြုအပြင်မခံရတဲ့လူဟာ လူ့အဖွဲ့အစည်းနဲ့ အံဝင်တဲ့လူ မဟုတ်ဖူး။ (ဒါများ ဘာထူးဆန်းလဲလို့ ပြန်တောင်မေးချင်စရာ :D)
 … all men, because they are born in infancy, are born unapt for society… wherefore man is made fit for society not by nature but by education. (De Cive, Chapter 1)
 ဒီစာကြောင်းအရ လူဟာ မွေးစမှာ လူ့အဖွဲ့အစည်းနဲ့အံမ၀င်ပေမဲ့ ပညာရေး education ကနေ လူကိုအံဝင်အောင် လုပ်ယူလို့ရတယ်လို့ သူကယူဆတယ်။ (ဒီနေရာမှာ သူပြောတဲ့ ပညာရေးဆိုတာကို ကျဉ်းကျဉ်းလေး အဓိပ္ပါယ်မပြန်စေချင်ဘူး။) Hobbes ပြောတာကို နည်းနည်း paraphrase လုပ်ကြည့်ရင် men in the state of nature သဘာဝကလူဆိုတာ education ပညာရေးမရှိတဲ့လူကို ပြောချင်တယ်လို့ အဓိပ္ပါယ်ထွက်တယ်။ Agreed??
Hobbes ရဲ့ လူ့သဘာဝကို နားလည်ဖို့ သူ့စာအုပ်ထဲကနေ တိုက်ရိုက်ဖတ်ကြည့်မယ်။ အမှန်က ဒီအကြောင်းအရာတွေကို De Cive (On Citizen လို့ အဓိပ္ပါယ်ရတယ်) ကအခန်း ၁ နဲ့ Leviathan အခန်း ၁၃ မှာတွေ့ရတယ်။ အခန်းတွေက အရှည်ကြီး မဟုတ်ဘူး။ ဒါပေမယ့် သေချာ အချိန်ယူဖတ်ပြီး တပိုဒ်ချင်းစီ interpret လုပ်ရတာ ပျော်ဖို့ကောင်းတယ်။ ဒါကို နောက်အခန်းတွေမှာ လုပ်တာပေါ့။ http://books.google.com/books?id=WssPvaw7qEcC&printsec=frontcover&dq=De+Cive+hobbes&hl=en&ei=5cWETIHVEoHKswaRiIGbBQ&sa=X&oi=book_result&ct=book-thumbnail&resnum=1&ved=0CC8Q6wEwAA#v=onepage&q&f=false
De Cive ကိုလည်း ကံကောင်းထောက်မစွာပဲ Google books မှာ ဖတ်လို့ရတယ်။
 အခုတော့ ဒီမှာပဲခဏရပ်ဦးမယ်။
Discussion
2 thoughts on “Thoughts on Hobbes’ Leviathan (1)
  1. An easy introduction to Hobbes and his Leviathan can be read
    in Philip Ball’s “Critical mass: how one thing leads to another”.
    Machiavelli’s the prince, derivative and contemporary work
    are still relevant today. When I read a Machiavelli’s claim that
    while Turks are harder to conquer easier to be ruled compared
    to Frenchmen made me realize that Burmese are close to Turks.
    We still are looking forward to saviors and benevolent leaders
    while we may forget that scrutinizing the actions and kicking
    the sorry asses of politicians will be primary responsibilities of
    free citizens.
    Posted by Aung | 24/10/2010, 06:59
    • Thanks for the suggesstion. I just googled his name and it would be interesting to see a science writer’s interpretation of Hobbes.
      Posted by zizawa | 24/10/2010, 22:45
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: