//
you're reading...
Philosophy, Politics

Thoughts on Hobbes’ Leviathan (2)

လူဆိုတာ နိုင်ငံရေး သတ္တ၀ါလို့ Aristotle နဲ့ ခေါမ (ဂရိ)တွေက ပြောကြတယ်။ (ပြောချင်တာက လူဟာအစည်းအရုံး၊ အသင်းအပင်းဖွဲ့ဖို့ စိတ်ဆန္ဒဟာ မွေးကတည်းက ပါလာတယ်လို့ ပြေချင်တာ။) Hobbes က ဒီစကားကို ကြားတဲ့အခါ ထပ်သရီးဆိုပြီး တုံ့ပြန်မလားမသိဘူး။ လူဆိုတာ မွေးကတည်းက ကောင်းတယ်ထင်တာကိုလိုချင်တယ်၊ မကောင်းဘူထင်တာကို မလိုချင်ဘူးဆိုတဲ့ အသိကလွဲပြီး ဘာအသိမှ ပါလာတာမဟုတ်ဖူး၊ (ဝေးဝေးမကြည့်နဲ့ တီဗီဂိမ်းနဲ့ဆော့နေတဲ့ ခလေးတွေကိုကြည့်လို့ သူက ပြန်ပြောကောင်းပြောမယ်။) လူဟာ သူ့သဘာဝကပေးတဲ့အသိနဲ့သူ လူ့အဖွဲ့အစည်းတခု မတည်ဆောက်တတ်ဖူးလို့ Hobbes ကဆိုတယ်။ De Vice အခန်း ၁ နဲ့ Leviathan အခန်း ၁၃ ကအကြောင်းအရာတွေဟာ တူတူပဲ။ ဒီတော့ Leviathan အခန်း ၁၃ ကိုပဲ ဖတ်တော့မယ်လို့ စိတ်ကူးရတယ်။ Hobbes က ဘာရေးလဲဆိုတော့

Nature hath made men so equal, in the faculties of body, and mind; … one man can thereupon claim to himself any benefit, to which another may not pretend, as well as he. 

ဆိုတော့ လူကို ဘုရားသခင်က ဖန်ဆင်းတာ မဟုတ်ဖူးလို့ ပြောချင်တာပေါ့။ Hobbes ကို atheist လို့ပြောကြတယ်။ ဟုတ်လည်းဟုတ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒိခေတ်က atheism ကို တရားဝင်လက်ခံပိုင်ခွင့်မရှိဘူး။ အဲဒိတော့ သူဟာ God ဆိုတဲ့ အသုံးအနှုန်းကို သူ့စာအုပ်ထဲ ထည့်ရေးရတယ်။ ဒါပေမယ့် ဖတ်ကြည့်ရင် ဒါဟာတမင်သက်သက် ၀တ်ကြေတန်းကြေ ထည့်ထားရတဲ့ အသုံးအနှုန်းဆိုတာ သိပ်သိသာတယ်။ နောက်တခါ ဒီစာပိုဒ်မှာ စိတ်ဝင်စားဖို့ကောင်းတာက လူတိုင်းဟာ တန်းတူပဲတဲ့။ ကနေ့ခေတ်မှာ All men are created equal ဆိုတဲ့ စကားဟာ အထူးအဆန်းမဟုတ်တော့ဘူး။ ဒါပေမယ့် ဥရောပမှာ ၁၇ ရာစုအလယ်လောက်ကတော့ ဒါဟာ အင်မတန်မှ တိုးတက်မှုရှိတဲ့အမြင်လို့ ပြောရမယ်။ သူပြောတဲ့ တန်းတူပဲဆိုတာ ဗလချင်းတူတာ၊ ဥာဏ်ရည်ချင်းတူတာ၊ သင်ယူတတ်မြောက်နိုင်စွမ်းရှိတာချင်းတူတာကို ပြောချင်တာ။ (တယောက်နဲ့တယောက် ဗလချင်း၊ ဥာဏ်ရည်ချင်း အတိအကျတော့ ဘယ်တူပါ့မလဲ။ လူတိုင်းဟာ သူမသာ ကိုယ်မသာတွေချည်းပဲလို့ ကိုယ့်ဆရာက ပြောချင်တာ။ သာမန်လူတွေဆိုတဲ့ စကားစုမှာ ဒီအဓိပ္ပါယ်ကပါနေပြီးသား။ အိုင်းစတိုင်းတို့၊ ဟာကြူလီတို့၊ ယူစိန်ဘော့တို့၊ စီရော်နယ်ဒိုတို့၊ ကက်သရင်းဇီတာဂျုံး(စ)တို့ကို ဖယ်ပြီးရင် ကျန်တဲ့လူတွေဟာ ရိုးရိုးသာမန်လူတွေချည်းပဲလို့ သူကဆိုလိုတာဖြစ်တယ်။) လူတိုင်းလူတိုင်းဟာ တယောက်နဲ့တယောက် ရုပ်ပိုင်း၊ စိတ်ပိုင်းမှာ ဘာမှမကွာရုံသာမက လူတိုင်းလူတိုင်းက ကိုယ်ဟာသူများထက် သာအောင်လုပ်နိုင်တယ် ဆိုတဲ့ အထင်ရှိရမှာလည်း တူတူပဲတဲ့။ လူတိုင်းဟာ ထင်တလုံးနဲ့နေတဲ့လူတွေချည်းပဲလို့ ပြောချင်တာ။

That which may perhaps make such equality incredible, is but a vain conceit of one’s own wisdom, which almost all men think they have in a greater degree, than the vulgar; that is, than all men but themselves, and a few others, whom by fame, or for concurring with themselves, they approve. … For they see their own wit at hand, and other men’s at a distance.

သူများတော်တာကို မမြင်ဘဲ ကိုယ်တော်တာကိုသာ မြင်တတ်ကြတဲ့လူဟာ  ကိုယ်လိုချင်တာရအောင် ယူနိုင်မယ်လို့ ထင်တဲ့အပိုင်းမှာလည်း တယောက်နဲ့တယောက် သွားတူကြမှာပေါ့။

From this equality of ability, ariseth equality of hope in the attaining of our ends.

ဒီကောင်တောင် ဒီလောက်လုပ်နိုင်တာ ငါရောဘာလို့ မလုပ်နိုင်ရမှလဲ။ အပြေးသမားတိုင်း၊ ဘောလုံးအသင်းတိုင်းကတော့ ယူစိန်ဘော့တို့၊ မန်ချက်စတာ ယူနိုက်တစ်တို့ ဘယ်ဖြစ်နိုင်မလဲ။ အဲ့တော့ သူတို့နဲ့တော့ သွားပြိုင်ကြမှာမဟုတ်ဖူး။ ဒါပေမယ့် အပြေးသမားတိုင်း၊ ဘောလုံးအသင်းတိုင်းမှာ မင်းတောင် ချံပီယန်ဖြစ်သေးရင် ငါတို့ရော ချံပီယန်ဘာလို့ မဖြစ်ရမှာလဲဆိုတဲ့စိတ်မျိုး မ၀င်စရာအကြောင်းရှိမလား။ Hobbes ကတော့ မရှိနိုင်ဘူးလို့ ထင်တယ်။ တဆက်ထဲမှာ အဲ့သလို စိတ်ဖြစ်တာနဲ့ ကွိုင်တက်ဖို့ ဖြစ်လာပြီလို့ သူကပြောတယ်။

And therefore if any two men desire the same thing, which nevertheless they cannot both enjoy, they become enemies; and in the way to their end, endeavor to destroy, or subdue one another.

ကျွန်တော်တို့ရဲ့ တီဗီဂိမ်းလုတဲ့ ခလေးတွေကို ကျေးဇူးပြုပြီး မျက်စိထဲ ပြန်မြင်ယောင်ကြည့်လိုက်ပါ။ ဒါဆိုရင် Hobbes ပြောတာကို သဘောမပေါက်စရာ မရှိဘူး။ ပိုသဘောပေါက်ချင်ရင် မယ်စကြာဝဠာပြိုင်ပွဲဝင်နေတဲ့ ကောင်မလေးတွေ၊ ဒါမှမဟုတ် တီဗီတွေမှာလာတဲ့ အမျိုးမျိုးသော talent show ပြိုင်ပွဲဝင်တဲ့သူတွေကို မေးကြည့်။ စောစောလေးတင်က ပြောခဲ့တဲ့ အချက်ကို Hobbes က ပိုပြီးdramatize ဖြစ်အောင် ရေးပုံက

…if one plant, sow, build, or possess a convenient seat, others may probably be expected to come prepared with forces united, to dispossess, and deprive him, not only of the fruit of his labor, but also of his life, or liberty. And the invader again is in the like danger of another.

ဒီတော့ ကိုယ့်ကိုယ်ကိုယ် သူများထက်မညံ့ဘူးလို့ ထင်ကြတဲ့ လူတိုင်းလူတိုင်းဟာ အပြိုင်အဆိုင်ကနေ ရန်ဖြစ်ဖို့ ဖြစ်လာတယ်လို့ Hobbes ကပြောတယ်။ တကယ်တော့ အပြိုင်အဆိုင်တခုတဲတင်မကဘူး။ ကိုယ်ကသူများထက်သာတယ်ဆိုတာ ပြချင်တဲ့စိတ်နဲ့လည်း ရန်ဖြစ်နိုင်တာပဲတဲ့။ နောက်ဆုံးဘယ်လောက်ထိတောင်လဲဆိုရင် ကိုယ်က ကိုယ့်ဟာကိုယ် အေးအေးနေရင်တောင် ပြသနာရှာချင်တဲ့လူက ကိုယ့်လာဒုက္ခပေးမယ့် ဖြစ်နိုင်ချေက ရှိနေတာပဲတဲ့။

So that in the nature of man, we find three principal causes of quarrel. First, competition; secondly, diffidence; thirdly, glory.

တချို့ ကတော့ Hobbes ဟာ တမင်သက်သက် အပိုပြောလွန်းအားကြီးတယ်ထင်မယ်။ ကိုယ်ထင်တာကို မပြောခင် နောက်ထပ် thought experiment လေးတခု လုပ်ကြည့်ရအောင်။

ခုဆိုရင် လူတိုင်းလူတိုင်းဟာ ကိုယ်ရေးချင်တာကို အင်တာနက်ပေါ်မှာ ဘလော့အနေနဲ့ (အကန့်အသတ်မရှိ) ပျော်ပျော်ကြီး ရေးနိုင်တယ်။ ဒီတော့ အားရှိပါးရှိကိုရေးကြတာပေါ့။ အကယ်၍သာ နည်းပညာဆိုင်ရာ အကန့်အသတ်ကြောင့် ဘလော့ကို ရေးချင်တိုင်းရေးခွင့် မရှိဘူး။ ခုရေးနေတဲ့ ဘလောဂါတွေအားလုံးအတွက် တရက်ကို ဘလော့နေရာ တနေရာပဲ ရမယ်ဆိုရင် ဘာဖြစ်မလဲ။ ဟေ့နင်တို့မရေးနဲ့၊ ငါပဲရေးမယ်၊ နင်တို့ငါ့လောက် ရေးတတ်လို့လား။ အောင်မာ နင်ကဘာမို့လဲ။ ငါလည်းရေးမှာဘဲ။ ဘယ်ရမလဲ… ဒန်ဒန့်ဒန်…. ဘာဖြစ်ကြမယ်ထင်လဲ။

အကန့်အသတ်နဲ့ မဟုတ်ဘဲ လှခွင့်၊ တော်ခွင့်ရှိကြတာတောင် (ဆိုလိုတာက တယောက်ထဲ လှနိုင်၊ တော်နိုင်တာ မဟုတ်ဘဲ လူတိုင်းလှနိုင်၊ တော်နိုင်ကြတာတောင်) သူကငါ့လောက်လှလို့လား၊ တော်လို့လားလို့ ဖြစ်ကြသေးတာပဲ။ (လူတိုင်းကတော့ လှတဲ့ တော်တဲ့နေရာမှာ Catherine Zeta-Jones တို့၊ Einstein တို့ကိုတော့ ယှဉ်နိုင်မှာမဟုတ်ဖူး။ ဒါပေမယ့် သူတို့ကို ဖယ်လိုက်ပြီး တခြားပြိုင်လို့ရတဲ့လူတိုင်းကို စိတ်ထဲလိုက်ပြိုင်မိကြမှာဘဲလို့ Hobbes ကပြောတယ်။ လူဆိုတာ ကိုယ်နဲ့ မတိမ်းမယိမ်းက လူလောက်ကိုပဲ မနာလိုစိတ် ပွားတာ။ ကိုယ့်ထက်အပုံကြီးလှတာ၊ တော်တာ ဘယ်လိုမှငြင်းလို့မရတဲ့လူကို မနာလိုစိတ်ပွားဖို့ အဝေးကြီးပဲ။ ဗမာပြည်က မင်းသား၊ မင်းသမီးသစ်လေးတွေက Brad Pitt တို့၊ Catherine Zeta-Jones တို့ထက် သူတို့နဲ့သက်တူ ရွယ်တူ တန်းတူ မင်းသားသစ်၊ မင်းသမီးသစ်လေးတွေကိုပဲ မနာလိုဖြစ်ဖို့ ရှိတယ်။) အဲ အဲ့သလိုမဟုတ်ဘူး ဆိုရင်တော့ စော်ကားမိတဲ့အတွက် ခွင့်လွှတ်ပါလေ ဦးသူတော်တို့ ဒေါ်သူတော်တို့ရေ။ (ဒါဟာ ဘလော့လောကမှာလည်းရှိ၊ ဆရာဝန်လောက၊ ကျောင်းဆရာလောကမှာလည်းရှိ၊ သရုပ်ဆောင်မော်ဒယ်လောကမှာလည်းရှိ၊ အမျိုးမျိုးသော ၀န်ထမ်းလောကမှာလည်းရှိ ဟုတ်တယ်မလား။)

အဲဒိတော့ နောက်ဆုံး သတ်ကြ၊ ပုတ်ကြ၊ တိုက်ကြ၊ ခိုက်ကြ အခြေအနေကိုရောက်ရောလို့ Hobbes ကပြောတယ်။ ဒါဟာ state of nature သဘာဝအနေအထားမှာ (ဆိုလိုတာ လူ့အဖွဲ့အစည်းထဲ မဟုတ်တာ) ရှိတဲ့ လူရဲ့ အခြေအနေပဲ။

…during the time men live without a common power to keep them all in awe, they are in that condition which is called war; and such a war, as is of every man, against every man. For WAR, consisteth not in battle only, or the act of fighting; but in a tract of time, wherein the will to contend by battle is sufficiently known:

ဒီစာသားတွေကို ဖတ်ရတိုင်း ကျွန်တော်တော့ ကောင်းလိုက်တာလို့ စိတ်ထဲဖြစ်မိတယ်။ every man is enemy to every manဆိုတာ Hobbes ရဲ့ နံမယ်ကြီး quotation ပေါ့။ နောက်တခါ စစ်ဆိုတာ စစ်မြေပြင်မှာ တကယ်တိုက်ကြ၊ ခိုက်ကြတာကိုတင် ပြောတာမဟုတ်ဖူး။ တဘက်နဲ့ တဘက် တိုက်ဖို့ခိုက်ဖို့ ဆန္ဒရှိနေရင်ကို ဒါကို စစ်ဖြစ်နေတယ်လို့ သူကပြောတယ်။ Cold War စစ်အေးတိုက်ပွဲဆိုတာ ဒါမျိုးမဟုတ်ဖူးလား။ ဒီတော့ သဘာဝအခြေအနေမှာဆိုရင်

… there is no place for industry; because the fruit thereof is uncertain: and consequently no culture of the earth; no navigation, nor use of the commodious building; no instruments of moving, … , no knowledge of the earth; ..

ချုပ်ပြောရရင် လူဟာ ဘယ်လိုနေရလဲဆိုတော့ (အကြိမ်ကြိမ်ကိုးကားခံရတဲ့ Hobbes ရဲ့  နောက်ထပ် quote တခု)

…continual fear, and danger of violent death; and the life of man, solitary, poor, nasty, brutish, and short.

ကနေ့ခေတ်မှာ လူတွေအတွက် သုံးစွဲစရာပစ္စည်းက လူတိုင်းအတွက် အတိုင်းအတာတခုထိ လုံလုံလောက်လောက် ရှိကြတယ်။ နောက်ကိုယ်က ဒီပစ္စည်းရှိမှ နေလို့ဖြစ်တာမျိုးလည်း မဟုတ်ရင် Hobbes ပြောတာ နည်းနည်းအလွန်အကျွံဖြစ်တယ်လို့ စိတ်ထဲ ဖြစ်ချင်ဖြစ်မိမယ်။ ဒါပေမယ့် သဘာဝဘေးအန္တရယ် တခုခုကြောင့် ကိုယ့်အသက် ဆက်ရှင်သန်ဖို့ ဘာမဆိုလုပ်ရတော့မဲ့ အနေအထားမျိုးကို တီဗီထဲမှာဘဲ ဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် ကြုံဘူး၊ တွေ့ဘူးကြမှာဘဲ။ ဝေးဝေးမကြည့်နဲ့။ ခုဆို ကမ္ဘာမှာ ပါးစပ်ပေါက်တွေလည်း တိုးလာပြီ။ ဒီအတွက် စားနပ်ရိက္ခာဖူလုံမှုဟာ ပိုတောင်အရေးကြီးလာတယ်။ အဲဒိအတွက် တခြားနိုင်ငံတွေမှာ အထူးသဖြင့် အာဖရိကမှာ စိုက်ပျိုးမြေတွေကို ခုကတည်းက စရံသတ်နေကြရပြီ။ သမိုင်းပြန်ကြည့်ရင်လည်း တိုင်းပြည်တပြည်မှာ စားစရာလုံလုံလောက်လောက်မရှိရင် ကိုယ့်မှာလည်း အင်အားရှိရင် တခြား တိုင်းပြည်တခုခုကို အင်အားသုံးဝင်သိမ်းတာပဲ။ အရင်ကလည်း ၀င်သိမ်းတယ်။ ခုလည်း သိမ်းနေတယ် (အီရတ်ကိုကြည့်)။ နောင်လည်း သိမ်းဦးမှာဘဲ။

Hobbes ရဲ့ arguments တွေကို ရေးပြီးသလောက်ပြန်ကောက်ရရင်

၁။ လူဟာ တယောက်နဲ့ တယောက် လုပ်ရည်ကိုင်ရည်ချင်း မကွာကြဘူး။

၂။ အဲ့တော့ သူဒါကိုရအောင် ယူနိုင်ရင် ကိုယ်ကလည်း ဘာလို့ရအောင် မယူနိုင်ရမှာလဲ ဆိုတဲ့စိတ်ဝင်လာတယ်။

၃။ နှစ်ယောက်စလုံးက လိုချင်တာတူနေရင် တယောက်နဲ့ တယောက်ရန်သူဖြစ်လာပြီး တယောက်ပျက်စီးရာ ပျက်စီးကြောင်းကို တယောက်ကကြံရော။

အကျိုးဆက်အဖြစ်state of nature မှာ လူ့ဘ၀ဟာ ဘယ်လိုမှ နေချင်စရာမကောင်းဘူး။ အမျိုးမျိုးသော အသိပညာ၊ အတတ်ပညာတွေလည်း ဖွံ့ဖြိုးနိုင်မှာမဟုတ်ဖူးတဲ့။ ဒီလိုအခြေအနေမျိုးမှာ မတရားမှုဆိုတာလည်း ရှိမှာမဟုတ်ဖူးတဲ့။

To this war of every man against every man … nothing can be unjust. The notions of right and wrong, justice and injustice have there no place. Where there is no common power, there is no law: where no law, no justice.

မက်ခီယာဗယ်လီလိုမဟုတ်ဘဲ Hobbes ဟာ ဖီလော်ဆော်ဖာဆိုတော့ justice ဆိုတဲ့ သဘောတရားကိုပါ စိတ်ဝင်စားတယ်။ နောက်ဆုံးစာကြောင်းကို ကြည့်ရအောင်။ common power အားလုံးနဲ့ အကြုံးဝင်တဲ့ အာဏာမျိုး (တီဗီဂိမ်းကစားနေတဲ့ ခလေးတသိုက်ကြားမှာ အားလုံးက စကားနားထောင်မဲ့လူကြီး) မရှိရင် ဥပဒေဆိုတာ မရှိဘူး။ ဥပဒေမရှိရင် justice တရားမျှတမှုဆိုတာလည်း မရှိဘူးတဲ့။ ဥပဒေမရှိရင် တရားမျှတမှု မရှိဘူးဆိုတာ ဥပဒေရှိတိုင်းလည်း တရားမျှတမှုရှိမယ်လို့ အဓိပ္ပါယ် မထွက်ဘူး။ necessary နဲ့ sufficient condition ကို ပြန်အမှတ်ရကြပါလေ။ ဒီတော့ တရားမျှတမှုဆိုတာ common power ရှိမှသာ၊ ဥပဒေရှိမှသာ ရှိနိုင်မယ်လို့ Hobbes ကပြောတယ်။

နောက်မှဆက်ဦးမယ်။

ဝတုတ်

Discussion

3 thoughts on “Thoughts on Hobbes’ Leviathan (2)

  1. (((((ဒါဆိုရင် – common power က လူနှစ်ဦးကြားက လောဘတိုက်ပွဲကို ဖြေရှင်းဖို့ ပေါ်လာတာပေါ့နော်။ သူကိုယ်တိုင် တတိယလူအဖြစ် ၀င်လုနေရင် ဒုက္ခပါဘဲ။)))))

    သက်သက် ကိုဝတုတ်ဆီက argument တွေ ထပ်ထွက်လာအောင် စ တာပါ။
    Thomas Hobbes ရဲ့ Leviathan ကို အခုလို ရှင်းရှင်းလေး ရေးပြတာ ကျေးဇူးတင်ပါတယ်။ အရင်တုန်းက ကျမရဲ့ favorite ဖြစ်ခဲ့တဲ့ John Locke နဲ့ Rousseau တို့ကို လည်း စောင့်ဖတ်နေပါမယ်။

    Posted by မိုးစက်ပွင့် | 07/09/2010, 12:49
    • မမိုးစက်ပွင့်ပြောတာ နီးစပ်တယ်။ တတိယလူက ၀င်လုင် ခလေးတွေက ဘာမှ မလုပ်သာဘူး ဆိုတာတော့ ဘယ်တရားမလဲ။😀 နောက်ပိုင်းကျမှ Hobbes ကို ဆွမ်းကြီးလောင်းတာပေါ့။ သိပ်မကြာပါဘူး။ နောက်တပုဒ်လောက်ဆို သူ့ကို ဆော်ပလော်တီးလို့ ရတော့မှာပါ။ ခုတော့ သူပြောတာကို သေချာ အဓိပ္ပါယ်ပြန်လိုက်ဦးမယ်။

      Posted by zizawa | 07/09/2010, 13:40
  2. By the way, I found this lecture on Hobbes on Youtube. Hope you find this helpful.

    Posted by watote | 11/09/2010, 21:49

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: