//
you're reading...
Philosophy, Politics

Thoughts on Hobbes Leviathan 5

လူဟာ တခြားအရာတွေထက် အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို အလိုလားဆုံးလို့ Hobbes ကပြောတယ်။ အဲဒိကနေ reason ရဲ့ အကူအညီနဲ့ လူဟာ ‘artificial sovereign’ တခုကို တည်ဆောက်တာလို့ဆိုတယ်။ ဒီ sovereign အောက်မှာဘဲ တရားတယ်၊ မတရားဘူးဆိုတာ အဓိပ္ပါယ်ရှိတယ်လို့ ပြောခဲ့တယ်။ တကယ်တော့ Hobbes က common power ဖြစ်ပေါ်လာပုံကို သမိုင်းဆရာတွေ ခြေရာခံပုံမျိုး လိုက်ကောက်တာ မဟုတ်ဘဲ သူ့ရဲ့ state of nature ဆိုတာ လူတွေအတွက် အစိုးရတခု လိုကိုလိုအပ်တယ်ဆိုတာကို ကျိုးကြောင်းပြဆိုရာမှာ thought experiment အဖြစ်နဲ့ စထားတာ ဖြစ်တယ်။ ဒီ thought experiment ဟာ အပြင်မှာ တကယ်မရှိနိုင်ပါဘူး။ လူဟာ သူပြောသလောက် မဆိုးနိုင်ပါဘူးလို့ တချို့ က စောဒကတက်နိုင်စရာရှိတယ်။ သူတို့ကို Hobbes က ဘယ်လိုပြန်ပြောနိုင်လဲဆိုတော့

Let him … consider with himself, when taking a journey, he arms himself, and seeks to go well accompanied; when going to sleep, he locks his doors; when even in his house he locks his chest; and this when he knows there be laws, and public officers, armed, to revenge all injuries shall be done him; what opinion he has of his fellow subjects, … Does he not there as much accuse mankind by his actions, as I do by my words?

ကဲ ဘယ်နှယ့်ရှိစ။ အာဂ မစ္စတာ Hobbes ပါပဲ။ ဒီတချက်နဲ့တင် သူ့ကို မလေးစားပဲ မနေနိုင်အောင် ဖြစ်သွားရပြီ။

နောက်တခါ ကိုယ့်ဆရာက လူ့ reason ဟာ passion နှစ်ခုမှာ ပိုအားကောင်းတဲ့ passion ကိုရွေးနိုင်ပြီး အဲဒိအတိုင်းဖော်ဆောင်ဖို့ တွန်းအားပေးတယ်လို့လည်း ပြောတယ်။ ဒီတော့ ကိုယ့်ကိုယ့်ကို ဘယ်သူက လာရန်ရှာမလဲဆိုတာ တထိပ်ထိပ် တလန့်လန့်နဲ့ ကျီးလန့်စာစားနေရတဲ့ မလုံမခြုံနေရတာနဲ့ ကိုယ့်အခွင့်အရေးတချို့ ကို အသာဘေးချိတ်ပြီး (စကားမစပ်ဗျာ ပြီးခဲ့တဲ့အခန်းမှာ အခွင့်အရေးတချို့ ကို စွန့်လွှတ်ရမယ် ဆိုတဲ့ အသုံးအနှုန်း ကျွန်တော်သုံးသွားတယ်။ စွန့်လွှတ်ဆိုတဲ့နေရာမှာ အသာဘေးချိတ် ဆိုတာလေးကို အစားထိုးဖတ်ပေးပါ။ Hobbes ကလူဟာ commonwealth ထဲမှာ သူ့အခွင့်အရေးကို စွန့်လွှတ်တာ မဟုတ်ဖူး၊ lay down လုပ်တာတဲ့။ inalienable rights လို့ ပြောချင်တာ။) အခွင့်အရေး အကန့်အသတ်နဲ့ လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနေရတာ ဘယ်ဟာပိုဆိုးသလဲဆိုတာ ချင့်ချိန်ပြီးရင် ဘယ်ဟာကို ပိုအလိုရှိမလဲ။ အဲဒိမှာ သူ့ရဲ့  ဒုတိယ law ရောက်လာတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ကြ၊ အဲ့သလို ကာကွယ်တယ်ဆိုတာလည်း ကိုယ့်လာလုပ်မှာ မကြိုက်တာကို သူများလည်း သွားမလုပ်နဲ့တဲ့။ သမ္မာကျမ်းစာက Do to others what you would have them do to you လို့ပြောတယ်။ Hobbes ကတော့ ဒီစကားကိုပဲ ပြောင်းပြန်ပြောတယ်။ Do not that to another which you wouldn’t have done to yourself တဲ့။

အဲ သဘောတူညီမှု ရပြီးရင် ဒီသဘောတူညီချက်ကို စောင့်ထိန်းရဦးမှာပေါ့၊ မဟုတ်ဖူးလား။ မစောင့်ထိန်းရင် ကတိ covenants မရှိတာနဲ့ ဘာထူးမှာလဲ။ အဲဒိမှာ သူ့ရဲ့ တတိယ law ကိုရေးတယ်။

that men perform their covenants made:

ဒီမှာ မေးစရာ ရှိလာပြီ။ ခုအရင်အခန်းမှာလည်း နည်းနည်းပြောသွားတယ်။ sovereign power မရှိဘဲ state of nature ကလူတွေကို သူတို့ ပေးထားတဲ့ကတိ တည်အောင် ဘယ်လိုလုပ်မလဲ။ sovereign power ဆိုတာ လူတွေက သူတို့ရဲ့ အခွင့်အရေးတွေကို အပ်နှင်းထားတဲ့ artificial assembly။ အဲဒါကြီးရှိမှ covenant ကို စောင့်ထိန်းလို့ရမယ်။ ဒါပေမယ့် အဲဒါကြီးဖွဲ့ဖို့ကို covenant ကို အရင်လိုက်နာရမယ်။ sovereign power ရှိမှ covenant ကိုလိုက်နာဖို့ ဖြစ်နိုင်မယ်။ ဒါပေမယ့် အဲဒိ sovereign power ဖြစ်ဖို့ အရင် covenant ကိုတည်ဆောက်ရမယ်လည်း ပြောတယ်။ ဒါဘယ်လိုလုပ် ဖြစ်နိုငမလဲ။ မြင်ကြသလား မသိဘူး။ တခုတော့ ပြောလို့ရနိုင်တယ်။ Yale တက္ကသိုလ်က ပါမောက္ခလက်ချာကို youtube မှာ နားထောင်ပြီး ခုပြောမဲ့ interpretation ကိုရတယ်။ Yale ဆရာက ဘာပြောလဲဆိုတော့ Hobbes ရဲ့ state of nature ဆိုတာ thought experiment သက်သက်တဲ့။ sovereign power ရဲ့  legitimacy ကို ဘယ်လိုဘယ်ပုံ တည်ဆောက်သလဲဆိုတဲ့အချက်က Leviathan ရဲ့  အဓိက theme လို့ သူကပြောတယ်။ (ဒီအချက်ကို ပထမဒီလောက် သတိမပြုမိဘူး။ သူပြောမှ ပိုသဘောပေါက်လာတယ်။ သူပြောတာကို သဘောလည်းတူတယ်။) တကယ်တမ်း sovereign power ပေါ်လာတာကို သမိုင်းဘာသာရပ်မှာလို အဖြစ်အပျက်တွေကို စီကာစဉ်ကာ ဖော်ပြထားတာမျိုး မဟုတ်တဲ့ သဘောမျိုး သူကပြောတယ်။ ဒီ interpretation ကိုယူမယ်ဆိုရင်တော့ ခုမဖြစ်နိုင်တဲ့ ကိစ္စကို ကျွန်တော်တို့ သိပ်ဦးနှောက်ချောက်မခံဘဲ ကျော်သွားလို့ရနိုင်မယ်ထင်တယ်။

ကဲဒီတော့sovereign power ကို ဘယ်လိုတည်ဆောက်မလဲ။

The only way to erect such a common power is … to confer all (every man) power and strength upon one man, of upon on assembly of men, that may reduce all their wills, by plurality of voices, unto one will:

ကောင်းပြီ။ ဒီတော့ ဒီ common power ရဲ့ တရားဝင်မှုက ဘယ်ကလာသလဲ။ ဘာ့ကြောင့် သူ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာသင့်တာလဲ။ Hobbes ဖြေနိုင်တာက

Justice … that is to say, keeping of covenant, is a rule of reason, by which we are forbidden to do any thing destructive to our life; and consequently a law of nature.

ကိုယ့်ရဲ့ ကတိကိုစောင့်ထိန်းတာဟာ ကိုယ့်အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေမဲ့ လုပ်ရပ်တွေ မလုပ်တာနဲ့ တူတူပဲတဲ့။ ဒီတော့ အလွယ်ပြောရရင် ကိုယ့်အတွက် အကျိုးရှိလို့ကို ဒီကတိကိုစောင့်ထိန်းသင့်တယ်လို့ ပြောချင်တာပေါ့။ (အဲဒိအတွက် တချို့ ဆရာတွေက Hobbes ကို psychological egoist လို့ အဓိပ္ပါယ် ကောက်ကြတယ်။)

ကိုယ့်အခွင့်အရေးတွေကိုsovereign power ကိုအပ်နှင်းလိုက်ပြီဆိုတာနဲ့ ဒါကို ပြန်ယူတာဟာ တနည်းအားဖြင့် sovereign power ကိုဆန့်ကျင်ပြီးလုပ်တာဟာ injustice ဆိုပြီး သူက အဓိပ္ပါယ်ဖွင့်တယ်။ သူ့ sovereign power ဆိုတာကို system of government လို့လည်း တချို့ က interpret လုပ်ကြတယ်။ အလွယ်ခေါ်ရင်တော့ အစိုးရလို့ ခေါ်ရမှာပေါ့။ အစိုးရဟာ သူ့နိုင်ငံသားတိုင်းပေါ် လုပ်ပိုင်ခွင့်အပြည့်အ၀ရှိတယ်။ တနည်းအားဖြင့် အစိုးရဘာလုပ်လုပ် တရားတယ်လို့ အဓိပ္ပါယ်ထွက်တယ်။ (ဒီနေရာမှာ absolute power နဲ့ unlimited power နှစ်ခုကွဲပုံကို နည်းနည်း ရှင်းရင်ကောင်းမယ်။ absolute power ဆိုတာကို အကြွင်းမဲ့အာဏာလို့ အလွယ်ဘာသာပြန်ကြတယ်။ ဒီမိုကရေစီ အစိုးရပဲဖြစ်ဖြစ်၊ ဘာအစိုးရပဲ ဖြစ်ဖြစ် အစိုးရတိုင်းမှာ absolute အာဏာရှိတယ်။ ပြောချင်တာက အစိုးရရဲ့ ဥပဒေတွေ၊ ပြဌာန်းချက်တွေဟာ တတိုင်းပြည်လုံးမှာ ခြွင်းချက်မရှိစေရဘူးလို့ အဓိပ္ပါယ်ရောက်တယ်။ လူတယောက်ကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်မှုမလုပ်ရဆိုရင် ဒါကို အကြွင်းမဲ့ လိုက်နာရမယ်။ အဲ unlimited power အကန့်အသတ်မရှိတဲ့ အာဏာကသာ အာဏာရှင်အစိုးရတွေနဲ့ ဆိုင်တယ်။ Hobbes က sovereign တခုရဲ့ အာဏာဟာ absolute ဖြစ်ရမယ်လို့ ပြောတာဟာ ခုပြောခဲ့တဲ့ ခြွင်းချက်အကန့်အသတ် မရှိတဲ့ အာဏာမျိုးကိုပြောတာ။ နိုင်ငံတော်ကို သစ္စာဖောက်ရင် သမ္မတပဲဖေါက်ဖေါက် သူတောင်းစားပဲဖောက်ဖောက် ဒီအပြစ်ဒဏ်ပဲ ကျခံရမယ်ဆိုတာကို ဆိုလိုချင်တာလို့ နားလည်တယ်။ တနည်းအားဖြင့် သူဟာ အာဏာရှင် စနစ်ကို အားပေးတယ်လို့ ပြောရင်မမှန်ဘူးထင်တယ်။ တခုတော့ရှိတယ်၊ သူက ဒီမိုကရေစီရယ်၊ အာဏာရှင်အစိုးရရယ် သိပ်ဂရုမစိုက်ဖူး။ အစိုးရဖြစ်ရင်ပြီးရောဆိုတဲ့ အမြင်လောက်သာရှိတယ်။) တကယ်တော့ အစိုးရ ဘာလုပ်လုပ် တရားတယ်ဆိုတဲ့ အမြင်ဟာ ကနေ့ခေတ်မှာ ရေပန်းမစားတော့ဘူး။ Hobbes နဲ့စာရင် Socrates ကမှ ပိုပြီးလက်ခံချင်စရာကောင်းသေးတယ်။ သူက justice ဆိုတာ အားပိုကြီးတဲ့လူအကျိုးကို ဆောင်ရွက်မှု ဆိုတဲ့အပြောကို လက်မခံဖူး။ (Republic Book 1)

ဒီတော့ လူဟာ ကိုယ့်အခွင့်အရေးကို sovereign power ကိုအပ်နှင်းပြီးသွားရင် သူ့စကားနားထောင်တာဟာ ကိုယ့်အကျိုးကိုရှေးရှုတဲ့အနေနဲ့ နားထောင်မှုပဲ။ အဲ့သလို နားထောင်တာဟာလည်း တရားတယ် just ဖြစ်တယ်။ ဒါကိုလူ့ရဲ့ reason က ဆင်ခြင်နိုင်တယ်။ ဒီတော့

A just man therefore, is he that taketh all the care he can, that his actions may be all just: and an unjust man, is he that neglecteth it.

ဒါဆိုရင် Hobbes ရဲ့ နိုင်ငံရေးဖီလော်ဆော်ဖီ ပရောဂျက်က ပြီးသလောက်ရှိနေပြီ။ လူတိုင်းလူတိုင်းဟာ အေးချမ်းတဲ့အခြေအနေမှာနေဖို့၊ အမျိုးမျိုးသော ပညာရပ်တွေကို ဆည်းပူးနိုင်ဖို့ဆိုရင် လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်ချင်တာကိုယ်လုပ်မယ်၊ ဘယ်သူမှ ဂရုမစိုက်ဖူးဆိုတဲ့ အမြင်မျိုးထားလို့မရဖူး။ ဒီလိုထားတာဟာ မတရားဘူး၊ reasonable မဖြစ်ဖူး။ သူ့ရဲ့ ပဉ္စမ law မှာဘာရေးလဲဆိုတော့

that every man strive to accommodate himself to the rest.

ဒါဟာsocial contract theory တွေရဲ့ အခြေခံပဲ။ လူတိုင်းလူတိုင်းဟာ တခြားလူတယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အတွက် ကိုယ့်လုပ်ရပ်ကို သတိထားရလိမ့်မယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် post မှာရေးခဲ့ဖူးတယ်။ ကိုယ်က သူများပေါ် စိတ်ယုတ်မာမမွေးရင် ပြီးတာပဲဆိုတဲ့ simpleton အမြင်မျိုးနဲ့ social contract theory ကိုချဉ်းကပ်လို့မရဘူး။ သူများကို စိတ်ယုတ်မာ မမွေးတာ သာဓုခေါ်စရာပဲ။ ဒါပေမယ့် ဒါနဲ့တင် ခိုင်မာအားကောင်းတဲ့ လူ့အဖွဲ့အစည်းတခုကို တည်ထောင်ဖို့ မဖြစ်နိုင်ဖူး။ ကိုယ့်လုပ်ရပ်ဟာ သူများတကာကို ဘယ်လို ထိခိုက်မှုရှိနိုင်မလဲဆိုတာကို စဉ်းစားရမယ်။ ဥပဒေတွေရဲ့ ရည်ရွယ်ချက်ဟာ ဒါပဲ။ စိတ်ကောင်းမွေးတာ မမွေးတာထက် လူတယောက်လုပ်ရပ်ဟာ တခြားလူတွေကို မထိခိုက်စေရဆိုတဲ့ underlying assumption အောက်မှာ ကနေ့ခေတ် ဥပဒေတွေကို တည်ဆောက်ထားတာဖြစ်တယ်။

ဒီတော့ ကိုယ်နေတဲ့လမ်းထဲ၊ ဒါမှမဟုတ် ကိုယ်နေတဲ့ တိုက်ခန်းမှာလာပြီး ဖာခန်းဖွင့်တာကို သူ့ဟာသူဖွင့်တာ၊ သူ့အခွင့်အရေးနဲ့သူ ကိုယ်မသွားရင်ပြီးတာပဲလို့ ပြောလို့မရတော့ဘူး။ ကိုယ့်မှာ ဆယ်ကျော်သက်ရွယ်သမီးတွေ၊ တူမတွေမရှိရင်တောင် ကိုယ့်လမ်းထဲမှာ ဖာခန်းဖွင့်ပြီး ဗြောင် marketing လုပ်နေတာကို ကိုယ့်မှာ ပြောပိုင်ခွင့် ရှိရတယ်။ သူ့မှာ သူလုပ်ချင်တာ လုပ်ပိုင်ခွင့် individual right ရှိသလို ကိုယ့်မှာလည်း သူလုပ်ရပ်ဟာ ကိုယ့်အတွက် အနှောက်အယှက်ဖြစ်မယ်ဆိုရင် တားပိုင်ခွင့် ရှိရမယ်။ တချို့ ကလည်း claim right လို့ ခေါ်တယ်။ ဒါဟာ လူ့ကျင့်ဝတ်ပဲ။ ကျွန်တော်အသည်းအယားဆုံးက ကိုယ်စိတ်ကောင်းထားပြီး ကောင်းတာလုပ်ရင်ပြီးတာပဲ ဆိုတဲ့အပြောပဲ။This is petulant self-righteousness. ဒါဦးနှောက် အလုပ်မပေးချင်သူတွေ ပြီးပြီးရောပြောတဲ့စကားလို့ပဲ သဘောထားတယ်။ ကောင်းတာလုပ်တယ်ဆိုတဲ့နေရာမှာ ကောင်းတယ်ဆိုတာကို ဘာပေတံနဲ့တိုင်းလဲ။ ဘယ်သူ့အတွက် ကောင်းတာလဲ။ စိတ်ကောင်း စေတနာကောင်းနဲ့ လုပ်တဲ့ လုပ်ရပ်တိုင်းဟာ ကိုယ့်အတွက်တော့ကောင်းတယ် (ဘာလို့ဆို အကုသိုလ်စိတ် အခြေခံနဲ့ စတာမဟုတ်လို့) ဒါပေမယ့် သူများအတွက် အန္တရယ်ဖြစ်နေရင် ဘယ်နှယ့်လုပ်မလဲ။ ရှင်သာရိပုတ္တရာ ကိုရင်လေးကို ကမဌာန်းမှားပေးတဲ့ အဖြစ်ကို သတိရကြပါ။ တကယ်က morality ကျင့်ဝတ်ရဲ့ အခြေခံအကျဆုံး အချက်ဟာ ကိုယ့်လုပ်ရပ်ဟာ သူများကို မထိခိုက်စေဖို့ပဲ။

ဒီလောက်နဲ့ပဲ Hobbes ကိုအဆုံးသတ်ချင်တယ်။ ခြုံကြည့်ရရင် လူဟာ state of nature မှာ ဘယ်လိုမှ မနေသင့်ဘူး။ ဒါကိုreason ရဲ့ အကူအညီနဲ့ သိနိုင်တယ်။ ဒါပေမယ့် လူ့သဘာဝဟာ အစည်းအရုံးအသင်းအပင်းနဲ့ နေလို့ရတဲ့ သဘာဝမျိုးမရှိဘူး။ (ဒီနေရာမှာ သူက လူကို political animal လို့ပြောတဲ့ Aristotle တို့နဲ့ အမြင်မတူဘူး။) နောက်လူတိုင်းမှာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ပိုင်ခွင့် inalienable rights တွေရှိတယ်။ ဒီအခွင့်အရေးတွေဟာ sovereign power အောက်မှာတောင်ရှိတယ်။ ဒါပေမယ့် လူဟာ သူ့ရဲ့ ဒီအခွင့်အရေးတွေကို ဘေးချိတ်ထားပါ့မယ်လို့ sovereign power အောက်မှာ ကတိခံကြတယ်။ (lay down ဆိုတဲ့ စကားလုံးကို သုံးတယ်၊ abandon လုပ်တာမဟုတ်) ဒါဟာ social contract theory တွေရဲ့ အခြေခံတွေပဲ။ အစိုးရဆိုတာ commonwealth ဆိုတာ ဒီကတိတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ artifice တခုပဲ။ အစိုးရမှာ absolute power ရှိရေးကို Hobbes ကထောက်ခံတာ ရှင်းရှင်းလင်းလင် မြင်နိုင်တယ်။ ဒါပေမယ့် unlimited power ကိုသူထောက်ခံတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရဘူး။ စိတ်ဝင်စားဖို့ကောင်းတာက Leviathan ရဲ့ နောက်ပိုင်းအခန်းတွေမှာ Hobbes ကဘယ်လောက်ပြောလဲဆိုရင် အစိုးရဟာ ပိုက်ဆံမရှိတဲ့လူတွေအတွက် ပိုက်ဆံရှိသူတွေကို ကောက်လို့ရတဲ့ အခွန်ကနေ subsidize လုပ်ပေးဖို့ကိုတောင် ပြောတယ်။ တနည်းအားဖြင့် welfare state ရဲ့ အခြေခံအဖြစ် မြင်လို့ရတဲ့ စဉ်းစားချက်တွေကိုတောင် အစောကြီးကတည်းက ကြိုပြီး စဉ်းစားနိုင်တာ တွေ့ရတယ်။

လူတွေဟာ အစိုးရစကားကို ဘာပဲဖြစ်ဖြစ် လိုက်နာရမယ်လို့ Hobbes ကပြောတယ်။ ဘာ့ကြောင့်ဆို တရားတယ် မတရားဘူးဆိုတာ အစိုးရမရှိတဲ့အခါမှာ အဓိပ္ပါယ်မရှိဘူးလို့ သူကပြောတယ်။ ပြီးတော့ အစိုးရဘာလုပ်လုပ် တရားတယ်လို့ သူကပြောတယ်။ ဒီနေရာမှာတော့ သူဟာ Socrates လောက် အသိအမြင် တိုးတက်မှုမရှိဘူးလို့ ထင်တယ်။ Socrates က အာဏာဟာ to server the interest of the strong ဆိုတာကို လက်မခံဘူး။ ကနေ့ခေတ်မှာတော့ အစိုးရဆိုတဲ့နေရာမှာ ဥပဒေကို အစားထိုးလိုက်ရင် Hobbes ပြောချင်တဲ့ ဆိုလိုရင်းကို ရတယ်။ နိုင်ငံသားတိုင်းဟာ ဥပဒေကို လိုက်နာရမယ်လို့ ခံဝန်ချက်ပြုရင် တနည်း covenant ပြုရင် ဒါဟာ အစိုးရရဲ့ legitimacy ကိုလက်ခံမှုပဲ။ အစိုးရရဲ့ အဓိကတာဝန်ဟာ လူတွေရဲ့  လုံခြုံမှုကို တာဝန်ယူဆောင်ရွက်ပေးရေးဖြစ်ပြီး ဒီအဓိကတာဝန်ကို ထမ်းဆောင်နိုင်ရင် အစိုးရဟာ legitimate ဖြစ်တယ်လို့ Hobbes ကပြောတယ်။ Locke ကတော့ အစိုးရရဲ့ တရားဝင်မှု legitimacy ဟာ ဒီအဓိကတာဝန်ကို ထမ်းဆောင်နိုင်မှုတင်မကဘူး၊ အုပ်ချုပ်ခံ the governed တွေရဲ့ သဘောတူညီမှု consent ပါရှိမှ တရားဝင်တယ်လို့ ဆိုတယ်။ နောက်ပိုင်း Thomas Paine တို့လို အမေရိကန်နိုင်ငံကို စတည်ထောင်သူများကို Locke ကအများကြီး သြဇာလွှမ်းမိုးခဲ့တယ်။ ဥပဒေဆိုတာ အာဏာရှိတဲ့လူကရေးတာနဲ့ legitimate မဖြစ်ဖူး။ အုပ်ချုပ်ခံတွေရဲ့ သဘောတူညီမှု၊ သူတို့ကို ကိုယ်စားပြုမှုမရှိရင် ဒါဟာ တရားမ၀င်ဘူးလို့ Locke ကဆိုတယ်။ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒိထက်တဆင့်တက်ပြီး လူထုကိုယ်စားပြုမှုမပါဘဲ ရေးဆွဲတဲ့ ဥပဒေဟာ legitimate မဖြစ်ရုံမက ဒါကို တာဝန်အရ ဖီဆန်ရမယ်လို့ ဆိုတယ်။ ဘာ့ကြောင့်တာဝန်ရှိတာလဲဆိုတာ စဉ်းစားကြပါကုန်…

ကဲ Hobbes ကိုခဏနားပြီး (ခဏပဲနားတာနော်) Mr John Locke ဆီ ဆက်ကြရအောင်။

ဝတုတ်

Discussion

2 thoughts on “Thoughts on Hobbes Leviathan 5

  1. lay down နဲ့ abandon က ဘာကွာသလဲ မသိ။ lay down က လိုအပ်ရင် ယာယီ ပြန်ကောက်ပြီး သုံးစွဲနိုင်တယ်လို့ ပြောတာများလား။ နည်းနည်း ပိန်းလို့ ပြောပြစေချင်ပါတယ်။

    တချို့ quote လုပ်ထားတဲ့ ရှေးဆန်တဲ့ အင်္ဂလိပ်စာပိုဒ်တွေက နားလည်ရ နည်းနည်းခက်လို့ (အစအဆုံးမဟုတ်တောင်) အောက်မှာ ခြုံပြီး ပြောပြပေးရင် မပိန်းတပိန်းလူတွေအတွက် အကျိုးများမယ်ထင်ပါကြောင်း ……………..
    (ပုံ- လူပိန်း)

    Posted by မိုးစက်ပွင့် | 01/10/2010, 11:46
    • လူရဲ့ အခွင့်အရေးက inalienable ဆိုတဲ့သဘောကို Hobbes ကလက်ခံတယ်လို့ ယူဆတယ်။ state of nature မှာလူဟာ ကိုယ့်အကျိုးအတွက် ဘာမဆိုလုပ်ခွင့်ရှိသလို sovereign power အောက်မှာလည်း ဒီအခွင့်အရေးတွေဟာ ဆက်ရှိနေတယ်လို့ သူကယူဆတယ်။ From Chpt 14, .. no man can transfer … his right to save himself from death, wounds, and imprisonment, … he cannot conveant thus, unless I do so, or so, I will not resist you, when you come to kill me. For man by nature chooseth the lesser evil, လို့ရေးထားတယ်။ ပြေချင်တာက sovereign power အောက်မှာ လူဟာ state of nature မှာကတည်းက ပါလာတဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်စိတ်ထင်တိုင်း မသုံးဖို့ ကတိခံဝန်ချက်လုပ်တယ်လို့ ယူဆတယ်။ ဒါပေမယ့် ပြောခဲ့သလို ကိုယ့်ကိုလာသတ်ဖို့လုပ်ရင် (ဘယ်သူက လာလုပ်လုပ်) လူဟာ ဒါကို မတွန်းလှန်ပါဘူးလို့ ကတိမခံနိုင်ဘူး။ တနည်းအားဖြင့် တွန်းလှန်ပိုင်ခွင့်ရှိတယ်။ (မူလအပ်နှင်းထားတဲ့ အခွင့်အရေးကို ပြန်ယူတဲ့သဘောပေါ့။) အဖမ်းခံပြီး ညှင်းပန်းနှိပ်စက်ခံပြီးမှ သေမလား၊ ဒါမှမဟုတ် ဒါကိုတွန်းလှန်မလား နှစ်ခုရွေးရရင် လူဟာ သက်သာမယ်ထင်တဲ့ လမ်းကို လိုက်မယ်လို့ Hobbes ကပြောတယ်။ ဒီအခွင့်အရေးဟာ နောက်ပိုင်း Locke ရဲ့ natural right သဘောနဲ့ ဆင်တယ်။ ကနေ့ခေတ်မှာ ဥပဒေအရ လူတယောက်ကို ဖမ်းမယ်ဆိုရင် (သူ့လွတလပ်ခွင့်ကို ရုပ်သိမ်းမယ်ဆိုရင်) လူဟာ ဒါကို ခုခံပိုင်ခွင့်ရှိတယ် (လူ့ရဲ့ natural right လို့ပြောမလား) ဒါပေမယ့် ဒါဟာ ဥပဒေကို ဆန့်ကျင်လုပ်တာဖြစ်တဲ့အတွက် မတရားဘူးလို့ Hobbes ကပြောမယ်။ နိုင်ငံသားတိုင်းက ဒီနိုင်ငံရဲ့ ဥပဒေကို လိုက်နာပါ့မယ်လို့ ကတိခံဝန်ချက်ပြုပြီးရင် ဥပဒေကို ချိုးဖောက်တာဟာ injustice လို့ ပြောရမှာပေါ့။ ဒီဥပဒေဟာ ဘယ်သူက ချမှတ်ချမှတ် Hobbes က သိပ်ဂရုစိုက်ပုံမရဘူး။

      Posted by zizawa | 02/10/2010, 12:10

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: