//
you're reading...
Burma, Burmese

ဗမာပြည်ပေါက် ပြုတ်မနူးများ ဖတ်ရန်

Li Xiaobo ဟာအင်မတန်မှ လေးစားဖို့ ကောင်းတဲ့လူ။ ဒါဟာ သူနိုဘယ်ဆုရလို့၊ ရမှ ပြောတဲ့စကား မဟုတ်ဖူး။ ဘာ့ကြောင့်လဲဆိုတော့ တရုတ်ပြည်မှာ လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်သူတွေရဲ့ ဘ၀ဟာ ကျွန်တော်တို့ဆီက မင်းကိုနိုင်တို့လို သူရဲကောင်းတွေထက် အများကြီး ပိုသွေးပျက်စရာကောင်းတဲ့ အခြေအနေရှိတယ်။
ဗမာပြည်မှာ စစ်အုပ်စု ယုတ်မာရက်စက်တာ၊ တကိုယ်ကောင်းဆန်တာ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ထားနဲ့ လုပ်နေတာတွေက သိပ်ထင်ရှားတော့ ရိုးရိုးသားသားနဲ့ ကြည့်မြင်တတ်တဲ့သူတယောက်အတွက် (ဘိုလိုဆိုရင် observant ဖြစ်တယ်လို့ ပြောမလား) က စစ်အုပ်စုဟာ အဖြူလား၊ အမဲလား သဲကွဲတယ်။ ဒီတော့ ဗမာပြည်မှာ စစ်အုပ်စု လက်အောက်က လွတ်မြောက်ဖို့ ဘုရားအလောင်း စိတ်ဓာတ်မျိုးနဲ့ ထောင်မကြောက်၊ တန်းမကြောက် တိုက်ပွဲဝင်နေသူတွေကို morally conscientious ဖြစ်တဲ့လူ ဘယ်သူမဆို ကြည်ညိုလေးစားဖို့ မခက်ဖူး။


တဘက်မှာ တရုတ်ပြည်ဟာ ဗမာပြည်ထက် စီးပွားရေးပိုင်းမှာ အများကြီးဖွံ့ဖြိုးတယ်။ တရုတ်ခေါင်းဆောင်တွေက သူတို့လည်း စားတယ်။ လူထုပေါ်လည်း စားဝတ်နေရေးပိုင်းမှာ အတိုင်းအတာတခုထိ ကောင်းကောင်းတာဝန်ကျေတယ်။ အဲ့သလို အဖွဲ့အစည်းမျိုးမှာ နိုင်ငံရေးကို စိတ်မ၀င်စားဖို့ ပိုဖြစ်နိုင်တယ်။ အဲ့သလို အဖွဲ့အစည်းမျိုးမှာ တရားမျှတမှုအတွက်၊ လူ့အခွင့်အရေးအတွက် တောင်းဆိုလှုပ်ရှားတဲ့လူတွေကို ထောက်ခံမှုဟာ ကျွန်တော်တို့ ဗမာပြည်လို အဖြူအမဲ သဲကွဲလွန်းတဲ့ နိုင်ငံတွေလောက် အားကောင်းနိုင်မယ် မထင်ဘူး။ ကိုယ့်လူ့အဖွဲ့အစည်းထဲမှာ တရားမျှတမှု၊ လူ့အခွင့်အရေး စတဲ့ values တွေအတွက် တိုက်ပွဲဝင်တဲ့ လူတယောက်ကို ဒီအဖွဲ့အစည်းထဲကလူတွေက ဖာသိဖာသာ သဘောထားတာ၊ ဖြစ်ကတတ်ဆန်းပြောတာဟာ ဖိနှိပ်ချုပ်ချယ်သူတွေရဲ့ လုပ်ရပ်ထက်တောင် ပိုရက်စက်၊ အောက်တန်းကျသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ယုံကြည်တဲ့ တန်ဖိုးတွေကို သစ္စာရှိရှိ ထိန်းသိမ်းသွားဖို့ဆိုတာ အင်မတန်မှ သတ္တိကောင်းပြီး၊ ဇွဲရှိတဲ့ စိတ်ဓာတ်ခိုင်မာတဲ့ သူရဲကောင်းမျိုးမှ ဖြစ်နိုင်တယ်။ ကျွန်တော့အထင် Liu Xiaobo ဟာအဲ့သလို သူရဲကောင်းမျိုးဘဲ။ ဒါ့ကြောင့် အင်မတန်မှ လေးစားဖို့ကောင်းတဲ့လူလို့ ပြောခဲ့တာ။
ဒို့တိုင်းပြည်မှာလည်း ဒီလို သူရဲကောင်းတွေ မရှားပါဘူး။ ဦးဝင်းတင်၊ မင်းကိုနိုင်၊ ဇာဂနာ (not in any particular order) စတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအပြင်၊ ငယ်ငယ်ကတခဏ ဆုံတွေ့ဖူးတဲ့ ထောင်အနှစ်ငါးဆယ်ကျော် ကျခဲ့တဲ့ မျိုးမင်းထိုက် (သူ့ကို သူငယ်ချင်းလို့ ခေါ်ရမှာ ကိုယ့်ဟာကိုယ် ရှက်လို့၊ လိပ်ပြာ မလုံလို့ မခေါ်တော့ပါဘူး။) တို့လို ပုဂ္ဂိုလ်တွေ စစ်အစိုးရရဲ့  ယုတ်မာရက်စက်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တာဟာ ပြည်သူလူထုဟာ သူတို့ဘက်မှာ ရှိနေတယ်ဆိုတဲ့ မှန်ကန်တဲ့ယုံကြည်ချက်က အများကြီးထောက်ကူပေးထားလို့ဖြစ်တယ်။ မဟုတ်ရင် ရူးဖို့ပဲ ရှိတော့တာပေါ့။
ခုဆိုရင် ဗမာပြည်ထဲမှာ ပြည်ပက aid money တွေအကြောင်းပြုပြီး အင်ဂျီအိုတွေ အစုံပေါ်လာတယ်။ အဲဒိတော့ တချို့ အတွက် ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ဖို့ အရင်ကထက် အခြေအနေ ပိုပေးတယ်။ ဘွတ်ဘက်ရွှတ်ရှက်လောက် ပြောနိုင်ပီး အထက်အရာရှိကို အောက်ကြို့ နိုင်ရင်ကိုပဲ ထမင်းတလုပ်ရှာစားဖို့ ဖြစ်နိုင်တဲ့ အခြေအနေမျိုးရှိလာတယ်။ တချို့ လဲ ပြည်တွင်းထဲ မဟုတ်ဘဲ ပြည်ပထွက်ပြီး ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ပြီဆိုရင်ပဲ ဘယ်သူမှ ကိုယ့်လောက် မသိ၊ မတတ်ဖူးလို့ အလိုလို သွေးနားထင်ရောက်ပြီး ဗောဓိသတ္တတောင်မှ သွားတန်းညှိလို့ရ ညှိကြမဲ့ပုံရှိတယ်။ တိုင်းပြည်ကောင်းအောင် သူတို့ကပဲ ဦးဝင်းတင်တို့၊ မင်းကိုနိုင်တို့၊ ဇာဂနာတို့ထက် ပိုအလုပ်ဖြစ်အောင် လုပ်ပေးနိုင်သလို အရှက်မရှိပြောကြတယ်။
တကယ်တော့ ဘုရားသခင်တောင် သူ့အစွမ်းအစသူသိဖို့ ကမ္ဘာကြီးဖန်ဆင်းခဲ့ရသေးတာပဲ။ (ဘုရားသခင်က အားအားယားယား ဖန်ဆင်းတာမဟုတ်ဖူးလို့ ဟေဂယ်က ဆိုလိုတယ်။ ဟေဂယ်က လူ (လူဆိုတာထက် Geist စိတ်ပဲခေါ်ခေါ် ရှင်သန်နေတဲ့အရာတခုခု) ဟာ ကိုယ်ဘာဆိုတာကို ပြင်ပ medium တခု အကူအညီနဲ့သာ သိနိုင်တယ်လို့ ဆိုတယ်။ အလွယ်ဆုံးဥပမာပေးရရင် ကိုယ်ဘာဆိုတာ မှန်ရဲ့ အကူအညီနဲ့သာ သိနိုင်မယ်လို့ ပြောရမယ်ထင်တယ်။) ထမင်းတလုပ်ရှာစားနိုင်တဲ့ အရည်အချင်း (အရည်အချင်းဆိုတာက မြင့်ပါသေးတယ်။ skill ပဲဆိုပါစို့။) ဆိုတာလည်း ဒီ skill ကို သုံးတဲ့လူရှိမှ၊ သုံးတဲ့ လူ့အဖွဲ့အစည်းရှိဦးမှ ထမင်းစားလို့ရတယ်၊ တနည်းအားဖြင့် ကိုယ့် skill တခုထဲနဲ့ ဘာမှ မပြီးဘူးဆိုတာကို ထမင်းတလုပ် ရှာစားနိုင်လောက်တာနဲ့တင် သွေးနားထင်ရောက်နေတဲ့ ဗမာပြည်ပေါက်/ပြည်ထဲက ပြုတ်မနူးတွေက မေ့နေကြတယ်။ ရှက်စရာကောင်းလိုက်ပါဘိ။

ဝတုတ်

Discussion

9 thoughts on “ဗမာပြည်ပေါက် ပြုတ်မနူးများ ဖတ်ရန်

  1. “ကိုယ့်လူ့အဖွဲ့အစည်းထဲမှာ တရားမျှတမှု၊ လူ့အခွင့်အရေး စတဲ့ values တွေအတွက် တိုက်ပွဲဝင်တဲ့ လူတယောက်ကို ဒီအဖွဲ့အစည်းထဲကလူတွေက ဖာသိဖာသာ သဘောထားတာ၊ ဖြစ်ကတတ်ဆန်းပြောတာဟာ ဖိနှိပ်ချုပ်ချယ်သူတွေရဲ့ လုပ်ရပ်ထက်တောင် ပိုရက်စက်၊ အောက်တန်းကျသေးတယ်။”
    အဲ့ဒါဖတ်ပြီး စိတ်ထဲ တော်တော်ထိထိခိုက်ခိုက်ဖြစ်ရတယ်။ ကျနော်တို့လူ့အဖွဲ့အစည်းမှာလည်း အဲ့ဒါမျိုးတွေက တဖြည်းဖြည်းများလာနေသလားလို့ ။ ဘေးထိုင်ဘုပြောတွေပေါ့။ ကိုဝတုတ်ပြောတဲ့ ပြုတ်မနူးတွေကြောင့်လည်း ဒါမျိုးတွေဖြစ်လာနေကြတာလို့ ယူဆတယ်။ (တခြားအကြောင်းတွေကြောင့်လည်း ရှိပါမယ်)
    ကျန်းမာပျော်ရွှင်ပါစေ။

    Posted by zaw zaw | 15/10/2010, 10:32
  2. ဒီစာရေးပီးမှ ဟေဂယ်ထက်ကောင်းတဲ့ ဥပမာတခု သွားစဉ်းစားမိတယ်။ အဲဒိ ဥပမာက ဆရာကြီး Karl Marx ဆီကလာတာ။ သူကဘာပြောလဲဆိုတော့ လုပ်အားက အဖ၊ သဘာဝက အမိတဲ့။ နှစ်ခုလုံးရှိမှ ကုန်ပစ္စည်း၊ ကုန်ထုတ်လုပ်မှုဆိုတာ ဖြစ်လာနိုင်တာ။ သံရိုင်းကို၊ ကာဗွန်၊ အလူမီနီယံစတာတွေနဲ့ သင့်တင့်တဲ့ အချိုးအဆအတိုင်း ပေါင်းစပ်ရင် သံမဏိရတယ်။ ဒါဟာ သဘာဝက အမှန်တရား။ ဒီအမှန်တရားကို (သိပ္ပံပညာ) ကိုရှာတွေ့တာက လူ့အသိ (လုပ်အား)။ ဒါပေမယ့် ဒီအသိတခုထဲနဲ့ သံမဏိဖြစ်မလာဘူး။ သံမဏိ ဖြစ်လာဖို့ သံရှိရတယ်၊ ကာဗွန်ရှိရတယ်။ အလားတူပဲ ကိုယ့် skill တခုထဲနဲ့ ထမင်းစားလို့ မရဘူး။ ရော်ဘင်ဆန်ကရူးဆိုးတောင် ကျွန်းပေါ်မှာ သစ်ပင်၊ ပန်းပင်၊ အကောင်ပလောင်ရှိလို့သာ ၀ထ္ထုစာအုပ်ထဲရောက်လာသေးတာပဲ။ သူ့တယောက်ထဲ အစွမ်းနဲ့ မဟုတ်ဖူး။

    Posted by watote | 15/10/2010, 10:53
  3. ကနေ့ခေတ် နဝေတိမ်တောင် ဂျာလစ်တွေ၊ ပရောဂျက်ရှာ အိုင်တီသမားတွေ၊ အတွက်အချက် အတိုင်းအထွာလောက်သာသိတဲ့ အင်ဂျင်နီယာလောက၊ ဆရာဝန် လောက၊ တခါ ဂူဂယ်က proposal sample တွေ၊ template တွေကို copy ကူးပြီး ကိုယ်တတ်ထားပြုထားတာနဲ့ ရောသမမွှေပြီး proposal တင်တာလောက်သာ လုပ်တတ်တဲ့လောကမှာ ဒီလို ပြုတ်မနူးတွေကို ပိုတွေ့ရဖွယ်ရှိတယ်။ ကိုယ်အပါအ၀င် ဘယ်သူမဆို တ၀မ်းတခါး သင့်ရာ အသက်မွေးကြရတာပဲ။ တလွဲဆံပင်ကောင်းပြီး သွေးနားထင်ရောက်စရာ မရှိဘူး။ အဲ့သလို ဖြစ်တဲ့လူတွေကသာ ရှက်စရာကောင်းတယ်။

    ဆရာကြီးမှိုင်းကို ကိုးကားပီး နွံ့နစ်ရှာတောင် ကျွန်ခေတ်ငါတကောင်ဟဲ့လို့ စွာဟောင်နေသူများလို့ ခေါ်ရင်လည်း သင့်မယ်ထင်ပါတယ်။

    Posted by watote | 15/10/2010, 10:59
  4. ခွေးတောမှာ လူရာဝင်တာပါဗျား)

    Posted by Bo Bo | 15/10/2010, 11:18
  5. အတီတေက သာမန် လက်ပြောင်း လက်လွှဲလုပ်ကာ ရယူခဲ့သော အမြင်တချို့(ပညာရပ်ဟု လက်ခံထားသော အမြင်အချို့)အပေါ်တွင် ပြန်လည် စိစစ်စော ကြောမှု မရှိဘဲ ကျေနပ် သာယာကာ မနေသင့်တော့ပါ။ အတ္တ ကြီးမား၍ ငါမှသာ ပညာတတ်ဟု လက်ခံ ထားတတ်ပြီး ထိုသို့ ကျေနပ်သာယာကာနေခြင်းမှာ (ဖှင်နွန်၏စကားအရ ဆိုရသော်) “နိုင်ငံတွင်းရှိ လူလတ်တန်းစားတို့၏ အသိပညာ အရာတွင် ပျင်းရိနေကြခြင်း”(၃၂) သာ ဖြစ်ပေတော့မည်။ ပညာရှင်/ပညာ ရှိတို့၏ အားထုတ်ခြင်း နည်းပါးသော အဖြစ်အတွင်း၌ သာယာ နေနိုင်ခြင်းသည် ပင်လျှင် ပညာရပ် ဆိုင်ရာ နယ်ပယ် အတွင်း လူပေါက် ပန်းဈေးတို့ ၀င်၍ ဖျာဝင် ခင်းနိုင်ရန် အားပေးနေ သည်ကဲ့သို့ ဖြစ်နေလေသည်။ ပြန်လည် စိစစ်ကြည့်လေသော် ပညာရှင်/ပညာရှိတို့၏ တာဝန် ပေါ့လျော့မှုသာ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

    http://www.shweamyutay.com/index.php?option=com_content&view=article&id=1693:2009-11-02-07-32-49&catid=90:2008-06-08-19-55-01&Itemid=682

    Posted by Bo Bo | 18/10/2010, 19:22
  6. အနုပညာ၊ ရသပညာတည်း ဟူသော ပညာရပ်၏ ပရိဝုဏ်အတွင်းမှ အနု ပညာကို အနက်ဖော်မည်ဆိုသော် ကျီးနှင့် ဘုတ်တို့၏ အပြန် အလှန် ရိုသေမှု စနစ်အရ ချီးမြှင့်ထားသော ဂုဏ်ထူးဆောင် လက်မှတ်များ၊ ဂုဏ်ထူးများပင် မလို။ တကယ်တတ်ရန်သာ လိုပါသည်။ တကယ်တတ်ရန်(နားလည်ရန်)အတွက် စနစ်တကျ လေ့လာမှု လိုအပ်ပါသည်။စနစ်တကျ လေ့လာမှု ဆိုသည်မှာလည်း နှစ်ရက်နှင့် တစ်မွန်းတည့်ဖြင့် ပြီးသည် မဟုတ်ပါ။ စနစ်တကျ လေ့လာမှုကသာလျှင် စနစ်ကျသော သိမှု အခြေခံများကို ပေးနိုင်သည်။ စနစ်တကျ လေ့လာမှုကသာ ထောက်ထောက်ထားထား ပြဆိုနိုင်သည်။ စနစ်တကျ လေ့လာ မှုမရှိဘဲ အထောက်အထား မပါ ထင်ရာရေးသော အရေး အသားများမှာ ဓားမရေကျ သုံးမရကဲ့သို့ ဖြစ်နေသည် သာမက ပညာရပ် အသီးသီးကို သိက္ခာ မရှိအောင် သေးသိမ်အောင် ပြုနေ ခြင်းသာ မည်ပေတော့သည်။

    http://www.shweamyutay.com/index.php?option=com_content&view=article&id=2252:2010-05-26-07-08-28&catid=90:2008-06-08-19-55-01&Itemid=682

    Posted by Bo Bo | 18/10/2010, 19:28
  7. မြန်မာစာပေ လောကတွင် အနုပညာ၊ ရသပညာ၊ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့် တရားပညာတို့၏ အခြေခံများကိုမျှ ကွဲကွဲပြားပြား မသိသေး သည့် မောင်မစ္စကများ ထင်ရာ ရေးနေကြသည်မှာ များလွန်းလှသည်။ ထိုအရေးအသားမျိုး များသည် လူမျိုး(နှင့်၊ လူမျိုးစုများ ကို အခြေခံပြုသော နိုင်ငံတော်)၏ သိက္ခာကို ထိပါး၍ သိမ်ငယ် စေတတ်သည်။ ထိုထိုသော အရေးအသားမျိုးများကို သက်ဆိုင်ရာတို့က ဂရုဓမ္မ စိုက်ကာ ဖတ်ရှုစိစစ်ရင်း ထိန်းကွပ်ကြပ်ညှပ် ပေးသင့်လှပေသည်။

    http://www.shweamyutay.com/index.php?option=com_content&view=article&id=2433:2010-07-29-06-25-05&catid=90:2008-06-08-19-55-01&Itemid=682

    Posted by Bo Bo | 18/10/2010, 19:30
  8. တရုတ်ပြည်မှာ လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်သူတွေရဲ့ ဘ၀ဟာ ကျွန်တော်တို့ဆီက မင်းကိုနိုင်တို့လို သူရဲကောင်းတွေထက် အများကြီး ပိုသွေးပျက်စရာကောင်းတဲ့ အခြေအနေရှိတယ်။

    I dont agree with you on above paragraphs. Imprisonment in Burma is one of the worst situation in the world.

    Posted by Tin Maung Win | 22/10/2010, 08:26
    • ဗမာပြည်က ထောင်တွေဟာ ကမ္ဘာမှာအဆိုးဆုံးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အဓိက ကျွန်တော်ပြောချင်တာက တရုတ်နဲ့ ဗမာ နိုင်ငံရေတက်ကြွလှုပ်ရှားသူတွေကို ယှဉ်လိုက်ရင် ဗမာပြည်က မင်းကိုနိုင်တို့၊ ဇာဂနာတို့ကို လူထောက်ခံဖို့က လျှူရှောက်ဘိုတို့ကို ထောက်ခံဖို့လောက် မခက်တာကို ပြောချင်တာပါ။ လူထောက်ခံမှုရဖို့ ခက်တဲ့ အနေအထားမှာ ရောက်နေတာက ထောက်ခံမှုရဖို့ လွယ်တဲ့ အနေအထားမှာ ရောက်နေတာထက် ပိုသွေးပျက်စရာကောင်းတာကို ပြောချင်တာပါ။

      Posted by zizawa | 22/10/2010, 21:15

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: