//
you're reading...
Philosophy

Crito 6 (final part)

Socrates: ‘သူတို့က ဘယ်လိုပြောနိုင်လဲဆိုတော့ “Socrates သင်နဲ့ဒို့ကြားက သဘောတူညီချက်ကို ဒို့ဘက်က အတင်းအကြပ် သဘောတူခိုင်းတာလည်း မဟုတ်ဖူး၊ နောက်ပီးတော့ တိုတောင်းတဲ့ကာလအတွင်းမှာ သင့်ကို ဒို့နဲ့ သဘောတူညီချက်ချုပ်ဆိုဖို့ အတင်းကောက်ကာငင်ကာ ဆုံးဖြတ်ခိုင်းခဲ့တာလည်း မဟုတ်ဖူး။ စဉ်းစားဖို့ နှစ်ခုနှစ်ဆယ်ကျော် အချိန်ရခဲ့တဲ့ ဒီသဘောတူညီချက်ကို သင်ချိုးဖောက်တော့မှာလား Socrates။ အဲဒိ နှစ်ခုနှစ်ဆယ်ကျော်အတွင်းမှာ ဒို့ကို သင်စိတ်တိုင်းမကျရင်၊ ဒါမှမဟုတ် သင်နဲ့ဒို့ကြားက သဘောတူညီချက်ကို မတရားဘူးလို့ ယူဆရင် သင်ဟာ တခြားကို ထွက်သွားချင် ထွက်သွားလို့ရတယ်။ Lakedaimonia နဲ့ Crete နှစ်ခုစလုံးမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုရှိတယ်လို့ သင်ပြောဖူးတယ်။ အဲဒိနှစ်ခုထဲက တခုခုကို သင်သွားလို့ရတာပဲ။ ဒါမှမဟုတ်လည်း ဒေသတွင်းက တခြားမြို့ ပြနိုင်ငံ တခုခုကို သင်သွားလို့ရတာပဲ။ မျက်မမြင်၊ မသန်မစွမ်းဖြစ်နေတဲလူတွေ၊ ငတုံးငအတွေ တောင် ဒို့ကို မကြိုက်ရင် ဒို့ဆီကနေ ထွက်သွားလို့ရသေးတာပဲ။ ( သင်ဆို ဒီကနေ ကြိုက်တဲ့အချိန်ထွက်သွားဖို့ ပိုတောင်မှ ဖြစ်နိုင်သေးဆိုတာကို ပြောချင်တာ။ စကားမစပ် Plato ကို ဖီလော်ဆော်ဖီတင်မက literature စာပေလေ့လာသူတွေပါ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ ဖတ်လည်း ဖတ်ကြတယ်လို့ သိရတယ်။ ခုစာကြောင်းကို ဗမာလို ဘာသာပြန်လိုက်ပေမဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ၀ါကျ လေးက ရွတ်ကြည့်ရတာ အင်မတန်မှ ကာရန်မိတယ်လို့ ခံစားရတယ်။ 53 a မှာရှိပါတယ်။ … but you left it less than the lame and the blind and the other disabled people. တဲ့။ ကျွန်တော်ကတော့ လှတယ်လို့ ထင်တယ်။🙂 Plato ကို literature ရှုဒေါင့်ကဖတ်လည်း အင်မတန်ဖတ်လို့ ကောင်းမယ်ထင်ပါကြောင်း။) ဒီတော့ အေသင်ကနေ သင်ထွက်မသွားတာဟာ ငါတို့ ဥပဒေတွေ (we the laws) အုပ်ချုပ်ပုံတွေကို သင်ဟာ တခြားလူတွေထက်ကို သဘောကျလို့ပဲ။ ဥပဒေမရှိတဲ့ နိုင်ငံကို ဘယ်သူကများ စိတ်တိုင်းကျမလဲ Socrates။ ဒီတော့ သင်သဘောတူထားတဲ့ သဘောတူညီချက်ကို မစောင့်ထိန်းဖူးလား Socrates။ ဒို့ပြောတာကို လက်ခံရင်တော့ သင်စောင့်ထိန်းမှာပဲ။

သဘောတူညီချက်ကို သင်တနည်းနည်းနဲ့ ချိုးဖောက်ပီဆိုရင် သင်နဲ့ သင့်မိတ်ဆွေတွေ အတွက် ဘယ်လိုအကျိုးကျေးဇူးဖြစ်မလဲဆိုတာ စဉ်စားကြည့် Socrates။ သင့်မိတ်ဆွေတွေ သင်နဲ့အတူ ပြည်ပြေးဖြစ်မယ်၊ နိုင်ငံသား အဖြစ်ကလည်း စွန့်လွှတ်ခံရမယ်၊ သူတို့ ပစ္စည်းဥစ္စာတွေလည်း အသိမ်းခံရမှာ အထင်အရှားပဲ။ ဒီကနေ သင် Thebes ပဲဖြစ်ဖြစ်၊ Magara ပဲဖြစ်ဖြစ် သင်သွားပီဆိုပါစို့၊ သင်ဟာ အဲဒိမြို့ ပြအစိုးရတွေရဲ့ ရန်သူဖြစ်မှာဘဲ။ ကိုယ့်မြို့ ပြကို ဂရုစိုက်လေးစားတဲ့လူတိုင်းက သင့်ကို ဥပဒေကို ဖျက်ဆီးသူအဖြစ်နဲ့ သံသယနဲ့ ဆက်ဆံကြမှာဘဲ။ အဲ့ဒိအခါကျရင် (ဥပဒေကို ဖျက်ဆီးတဲ့ အခါ) သင့်အမှုက ဂျူရီလူကြီးတွေရဲ့  စီရင်ချက် မှန်တယ်ဆိုတာ အတည်ပြုရာရောက်မှာဘဲ။ ဘာလို့လဲဆိုတော့ ဥပဒေတွေကို ဖျက်ဆီးသူကို လူငယ်တွေကို ဖျက်ဆီးသူအဖြစ်၊ လူမိုက်အဖြစ်သဘောထားကြမှာမို့လိုဘဲ Socrates။

ကောင်းကောင်းမွန်မွန် အုပ်ချုပ်နေတဲ့ နိုင်ငံတွေကနေ၊ ယဉ်ကျေးမှုအမြင့်ဆုံး လူ့အဖွဲ့အစည်းကနေ (most civilized people) သင်ထွက်ပြေးမလား Socrates။ အဲဒီလို ထွက်ပြေးပီးနောက်မှာ ဘ၀ဟာ နေချင်စရာရော ကောင်းသေးရဲ့ လား Socrates။ သူတို့နဲ့ (Crete က civilized people ကိုပြောချင်တာ) သင်အဆက်အဆံလုပ်ဦးမလား၊ လိပ်ပြာသန့်သန့် စကားပြောနိုင်ပါ့ဦးမလား Socrates။ သူတို့နဲ့ စကားပြောပီဆိုဦးတော့၊ သင်ဘာပြောမလဲ။ လူသားတွေအတွက် အကောင်းဆုံးပိုင်ဆိုင်မှုဆိုတာ virtue၊ justice၊ ဥပဒေတွေလို့ သင်ဒီမှာ ပြောခဲ့တယ်မလား။ သင်ကိုယ်တိုင် ဥပဒေတွေကို ချိုးဖောက်ပီးသကာလ သင့်ရဲ့ တရားမှုနဲ့ ဆိုင်တဲ့ အမေးအဖြေတွေကို သင် သိက္ခာရှိရှိနဲ့ လုပ်နိုင်ပါဦးမလား Socrates။

နောက်ဆုံး ဒီနိုင်ငံတွေမှာ သင်မနေနိုင်ဘဲ Crito ရဲ့ မိတ်ဆွေတွေရှိတဲ့ Thessaly ကိုသွားပီ ဆိုပါစို့၊ အဲဒိမှာ ဘာဥပဒေစိုးမိုးမှုမှမရှိ၊ လုပ်ချင်ရာလုပ်နေကြတာ။ အဲဒိရောက်ရင် အဲဒိကလူတွေက သင့်ရဲ့ ထောင်ကနေပြေးတဲ့ စွန့်စားခန်းကို ၀မ်းသာအာရ နားထောင်ချင် နားထောင်လိမ့်မယ်။ သင်ရုပ်ဖျက်ပီးတော့ပဲဖြစ်ဖြစ်၊ လယ်သမားယောင်ဆောင်ပီး ဖြစ်ဖြစ်၊ ဒါမှမဟုတ် ၀ရမ်းပြေးတွေ လုပ်လေ့ရှိသလို ခေါင်းပေါင်းစွပ်ကြီးဆောင်းပြီး သင်ထွက်ပြေးလာတဲ့ ဇာတ်လမ်းတွေကို အူလှိုက်အသည်းလှိုက် သဘောကျချင်ကျမယ်။ ဒါပေမယ့် လူ့ဘ၀မှာနေဖို့ အချိန်သိပ်မကျန်တော့တဲ့ အသက် ခုနှစ်ဆယ်ကျော် အဖိုးကြီး တယောက်က သေရမှာကြောက်လွန်းလို့ အကြီးမြတ်ဆုံး ဥပဒေတွေတောင် ချိုးဖောက်ရဲပါလားလို့ မပြောတဲ့လူ ဘယ်သူများရှိမလဲ Socrates။ (.. will no one say that an old man, who probably only has a short time left in his life, was so greedy in his desire to live that he dared to violate the greatest laws?) သင်က ဘယ်သူကိုမှ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ရင်တော့ သင့်ကို အဲ့သလိုမျိုး လာပြောချင်မှ လာပြောမှာ။ ဒါပေမယ့် သူများ စိတ်အနှောက်အယှက်ဖြစ်အောင် သွားလုပ်လို့တော့ သင်နဲ့ပတ်သက်ပီး သင့်ကိုသိက္ခာကျစေမဲ့ အပြောမျိုးတွေကို သင်အများကြီး ကြားရပါလိမ့်မယ်။ လူတိုင်းကို ဖော်လံဖားပီး (sucking up everyone လို့ရေးတယ်။) ကျွန်တယောက်လိုပဲ သင်နေရမှာပဲ Socrates။ Thessaly ကို သင်ဟာ ထမင်းတလုပ်အတွက် သွားတာကလွဲပီး တခြားဘာဖြစ်နိုင်ဦးမလဲ Socrates။ နောက်ပီး justice တရားမှုတို့၊ တခြား virtues တွေအကြောင်း သင်ဟောခဲ့၊ ပြောခဲ့တာတွေကရော ဘယ်ရောက်ကုန်ပလဲ Socrates။

သင့်ခလေးတွေကို ထောက်ထားပီး သူတို့ကို လူလားမြောက်အောင် ပြုစုစောင့်ရှောက်ဖို့၊ ပညာသင်ပေးဖို့ လူ့ဘ၀မှာ သင်နေချင်သေးတယ် ဆိုဦးတော့၊ သူတို့ကို Thessaly ကို ခေါ်သွား၊ ပြီးရင် နိုင်ငံခြားသား အဖြစ်နဲ့ အဲဒိက အကျိုးအမြတ်တွေကို ခံစားစေဦးမလို့လား Socrates။ ဒါမှမဟုတ် သင်က အဲဒိမှာရောက်နေပီး သင့်ခလေးတွေကို အေသင်မှာ သင့်မိတ်ဆွေတွေက စောင့်ရှောက်တာမျိုးဆိုရင်ရော ဘာပြောမလဲ။ သင်ပြောသလို သင့်မိတ်ဆွေတွေဟာ တကဲ့ မိတ်ဆွေကောင်းတွေဆိုရင် သင်ဘယ်အရပ်မှာနေနေ သူတို့က သင့်ခလေးတွေကို ပြုစုစောင့်ရှောက်ပေမပေါ့။

ဒီတော့ သင့်ကို လူလားမြောက်စေခဲ့တဲ့ ဒို့ပြောတာကိုယုံစမ်းပါ Socrates။ justice တရားမှု ထက် ကိုယ့်အသက်၊ ကိုယ့်ခလေးတွေ၊ တခြားဘာကိုမှ ရှေ့ တန်းမတင်ပါနဲ့ Socrates။ တခြားအရာတခုကို တရားမှုထက် ရှေ့ တန်းတင်တာဟာ သင်တင်မက သင့်မိတ်ဆွေတွေ အတွက်ပါ ခုဘ၀တင်မက၊ နောင်ဘ၀အတွက်ပါ ကောင်းတယ်လို့ ယူဆလို့ မရပေဘူး။ ခုအတိုင်းဆို သင်ဟာ ကျုပ်တို့ (the laws) က မတရားလုပ်လို့ ထွက်ပြေးတာမျိုး မဟုတ်ဘဲ၊ အေသင်နိုင်ငံသားတွေရဲ့ မတရားမှုကြောင့်ထွက်ပြေးတာမျိုးပဲ။ (This sentence is odd I think. ပြောချင်တာက Socrates ကို အပြစ်ဒဏ်ချတာဟာ အေသင်မြို့ သားတွေကို ကိုယ်စားပြုထားတဲ့ အေသင်အုပ်ချုပ်ရေးအဖွဲ့။ ဒီအဖွဲ့က မတရားလုပ်လို့ ကိုယ်က ဥပဒေကို (မတရား ပြန်လုပ်ပီး) ချိုးဖောက်ပီး ထွက်ပြေးတာဟာ ကောင်းတဲ့လုပ်ရပ် မဟုတ်ဖူးလို့ ဆိုလိုချင်ပုံရတယ်။ စစ်အုပ်စုကို ဆန့်ကျင်ရှုံ့ ချတာဟာ၊ ကိုယ့်နိုင်ငံကို ဆန့်ကျင်ရှုံ့ ချတာ မဟုတ်ဖူးလို့ ပြောရမယ်ထင်တယ်။ ဗမာပြည်ကနေ အစိုးရ စကော်လာရှစ်နဲ့ နိုင်ငံခြားလာ ပညာသင်တယ်။ ပီးတော့ အစိုးရက စစ်အစိုးရမို့ ကိုယ့်နိုင်ငံကိုယ်မပြန်တာ တရားတယ်လို့ ဆင်ခြေတက်သူများ စဉ်းစားစရာပါ။ ဒါဟာ အစိုးရကို ထိခိုက်စေတာထက် ကိုယ့်ပြည်သူလူထုကို ထိခိုက်စေတာဆိုရင် ဒီလုပ်ရပ်ကို Socrates သာ ခုသက်ရှိထင်ရှားရှိရင် တရားတဲ့ လုပ်ရပ်လို့ ပြောမယ်မထင်ဘူး။) ဒီလိုမျိုး ကိုယ့်သိက္ခာ ကိုယ်မငဲ့ဘဲ ထွက်သွားပီဆိုရင်၊ တနည်းအားဖြင့် မတရားလုပ်ခံရလို့ မတရားပြန်လုပ်တယ်ဆိုရင်၊ ဒို့နဲ့ သင်နဲ့ကြားက သဘောတူညီချက်ကို ဖောက်ဖျက်ပြီ ဆိုရင် သင်အသက်ရှင်နေတုန်းမှာ သင့်ဘ၀ကို စိတ်ချမ်းချမ်းသာသာနဲ့ မနေနိုင်အောင် ငါတို့က လုပ်မှာဘဲ။ နောက်ပီးသင်ဟာ ဒို့တွေကို ဖျက်ဆီးပြီဆိုရင် ဒို့ရဲ့ သွေးရင်း ညီအကိုဖြစ်တဲ့ တခြားအရပ်က ဥပဒေတွေကလည်း သင်ဟာ ဒို့တွေကို သင့်ကိုယ်စွမ်းရှိသမျှ ဖျက်ဆီးခဲ့သူဆိုတာ သိနေတော့ သင့်ကို ကောင်းကောင်းမွန်မွန် လက်ခံမှာ မဟုတ်ဖူး။ ဒီတော့ ဒို့ပြောတာကိုကျော်ပြီး Crito သင့်ကို ဖျောင်းဖြနေတာကို နားမယောင်နဲ့ Socrates။”

‘ဒီတော့ Crito ရေ။ ခုငါပြောတဲ့ စကားတွေဟာ ဘုရားပွဲမှာ တီးကြမှုတ်ကြတဲ့ ပလွေသံ၊ ဗုံသံတွေလို ငါ့နားထဲမှာ၊ ကိုယ်ထဲမှာ ပဲ့တင်ရိုက်နေတယ်။ ဒီစကားတွေကလွဲပြီး တခြား ဘာကိုမှ ငါမကြားနိုင်တော့ဘူး။ (This is a careless and lazy translation. What is written is this: … what I seem to hear them, just as the mystic hears the strains of pipes, and the sound of their arguments ring so loudly in my head …) ဒီတော့ ငါအခုလက်ခံထားတဲ့ အမြင်ကို ဆန့်ကျင်ပြီး ပြောမယ်ဆိုရင် ငါနားထဲလည်း ၀င်မှာမဟုတ်ဖူး။ ခုငါပြောတာထက် ပိုပြီးရှင်းပြနိုင်မယ်လို့ မင်းရိုးရိုးသားသား ယုံတယ်ဆိုရင် ပြောပေတော့ Crtio။’

Crito: ‘ပြောစရာမရှိပါဘူး Socrates။ ကျုပ်ဘာမှ မပြောနိုင်ပါဘူး။’

Socrates: ‘ဒါဆိုလည်း ခုတိုင်းပဲ ရှိစေတော့ Crito။ နတ်ဘုရားတွေ ဖြစ်စေချင်တဲ့ လမ်းကိုပဲ လိုက်ကြတာပေါ့ကွာ။’

ပြီးပါပြီ။

Discussion

10 thoughts on “Crito 6 (final part)

  1. လူသားတွေအတွက် အကောင်းဆုံးပိုင်ဆိုင်မှုဆိုတာ virtue၊ justice၊ ဥပဒေတွေ…

    နားလည် လေးနက် မိတယ်။ နှစ်ပေါင်း ၄၀၀ လောက် အကြာမှာ.. ရောမ အာဏာပိုင် တွေ ရှေ့.. အယူခံ မ၀င်ပဲ.. အသေခံ ခဲ့ တဲ့.. ယေရှူ ကို လည်း သတိရ သွားတယ်။ နောက်ခံ အကြောင်းအရာ တွေ မတူ ကြပေမဲ့..လူအများ ရဲ့ အသဲနှလုံး ကို ဆွဲယူ သိမ်းကျုံး နိုင်သူ တွေ။

    အခုလို..အချိန်ပေး ဘာသာပြန်ပေး လို့.. ဖတ်ဖြစ်သွား တာ.. ကျေးဇူးပဲ.. ကိုဝတုတ်ရေ။

    Posted by K | 21/10/2010, 12:13
  2. သေရမှာ ကြောက်လွန်းလို့ ဆိုတဲ့ စကားစုနေရာမှာ သူ့ဘ၀ကို တပ်မက်အားကြီးလွန်းလို့ ဆိုပီး အစားထိုးလိုက်ရင် မူရင်း အင်္ဂလိပ်ဘာသာပြန် အဓိပ္ပါယ်နဲ့ ပိုနီးစပ်မယ်ထင်ပါတယ်။ ဒီတော့ ‘… သူ့ဘ၀ကို တပ်မက်အားကြီးလွန်းလို့ အကြီးမြတ်ဆုံး ဥပဒေတွေတောင်…’ ဆိုရင်ပိုသင့်မယ်ထင်ပါကြောင်း။

    Posted by zizawa | 21/10/2010, 13:58
  3. Crito မှာ အဓိက ဆွေးနွေးစရာ အကြောင်းအရာက What is the basis of political obligation? ဆိုတဲ့ မေးခွန်းပဲ။ ဗမာလို ပြောရရင် ဥပဒေကို လိုက်နာဖို့ ၀တ္တရားခေါ်ခေါ် တာဝန်ခေါ်ခေါ် ခံဝန်ချက်ခေါ်ခေါ် ဒီ obligaion ဆိုတာ ဘယ်ကလာလဲလို့ မေးရမယ်ထင်တယ်။ Crito ကို ကိုးကားပြီးပဲ ဖြစ်ဖြစ်၊ တခြား ရှုဒေါင့်ကပဲ ဖြစ်ဖြစ် ဒီမေးခွန်းကို စိတ်ဝင်စားသူများ ဖြေမယ်ဆိုရင်ဖြင့် လေးလးနက်နက် ဂရုတစိုက် နားထောင်ဖို့ အသင့်ရှိပါကြောင်း…
    ဘယ်သူ့ကိုမှ ဆရာလုပ် ပြောနိုင်တဲ့ အရည်အချင်း မရှိပါ။ ဒါပေမယ့် ဒီမေးခွန်းတွေကို စိတ်ဝင်စားသူ စာဖတ်သူတို့ အမြင်၊ ကျိုးကြောင်းပြဆိုချက်ကို တကယ်ပဲ ကြားချင်ပါတယ်။ ဒီမိုကရေစီတောင်းနေတဲ့ ဒို့ဗမာတွေ မညံ့ပါဘူးဆိုတာ အတည်ပြုချင်ရုံ သက်သက်ပါ။

    Posted by zizawa | 22/10/2010, 10:54
  4. အလုပ်က၊ကျောင်းက stress တွေတခဏ သက်သာအောင် ဘာအလုပ်မှမလုပ်ပဲ နှစ်ရက်သုံးရက်လောက် ဖတ်ချင်တဲ့စာဖတ်၊ ကြည့်ချင်တဲ့တီဗီအစီအစဉ်တွေထိုင်ကြည့်အရင်း အချိုရှာသကာတွေ့ဆိုသလို ကိုယ်ဆွေးနွေးချင်တဲ့ အကြောင်းအရာကို ဆွဲတင်မေးမြန်းလာတာတွေ့တော့ တတ်စွမ်းသလောက် ပြောဆိုဆွေးနွေးချင်စိတ်ဖြစ်လာတယ်။
    What is the basis of political obligation?
    ဒါကို ဥပဒေကိုလိုက်နာဖို့တာဝန်ဆိုတာထက် ကျနော်က ပိုမိုကျယ်ပြန့်တယ်လို့ထင်တယ်။ political obligation ဆိုတာ ဥပဒေလို သတ်သတ်မှတ်မှတ်၊ စာပေထက်တင် ထားတဲ့လိုက်နာရမယ့် အရာတွေတင်မကပဲ၊ ပိုမိုကျယ်ပြန့်တဲ့ ethical ပိုင်းဆိုင်ရာ၊ လူ့အဖွဲ့အစည်းအသိုင်းဝိုင်းမှာ အစဉ်လာအားဖြင့် တန်ဖိုးထားလိုက်နာကျင့်သုံးလာတဲ့ norms တွေ၊ အသိတရားနဲ့ လက်တွေ့ကျင့်ကြံလိုက်နာအပ်တဲ့ ထုံးတမ်းစဉ်လာတွေ၊ လူ့အဖွဲ့စည်းတစ်ရပ် စည်ပင်ဝပြော ဖွံ့ဖြိုးဖို့ ပုဂ္ဂလိက အကျိုးထက် ပိုမိုကျယ်ပြန့်တဲ့ တအုပ်စု၊တနယ်မြေ၊ တပြည်နယ်၊ တနိုင်ငံကနေ တမျိုးနွယ်လုံးအကျိုးကိုဦးစားပေးရမယ်ဆိုတဲ့ inherent obligation တွေဟာ political obligation ဖြစ်မယ်လို့ တွေးမိတယ်။ ဥပမာ။ ပျားတို့ လောကမှာ ပျားဘုရင်မဟာ အခြားပျားတွေထက် အခွင့်ထူးတွေခံစားပြီး ကြီးမားဖွံ့ဖြိုးလာအောင် ကျွေးမွေးစောင့်ရှောက်ခြင်းခံခဲ့ရတယ်။ လုပ်သားပျားတွေရဲ့ အထက်မှာနေရာ ရတယ်။ အဲဒီအတွက် သူ့ရဲ့ political obligation ကတော့ ပျားမျိုးဆက်ကိုထိန်းသိမ်းဖို့၊ သူ့ရဲ့ ပျားအဖွဲ့အစည်းစည်ပင်အောင် လုပ်ဖို့ တာဝန်တွေသူ့အလိုလိုရှိလာတယ်။ ဒါဟာ ပြဌာန်းထားတဲ့ ဥပဒေမဟုတ်ပေမယ့်၊ လောက ကိုထိန်းညှိထားတဲ့ ၀တ္တရားတွေပါ။

    ရုတ်တရက်အမြင်အားဖြင့် ပရဟိတ သဘောဆောင်တဲ့တရားပေမယ့် နှစ်နှစ်ကာကာတွေးကြည့်တော့ ကိုယ့်အတ္တ (ego ကို အရပ်သားစကား အတ္တ လို့သုံးရတာ သိပ်မကျေနပ်လှဘူး ဒါပေမယ့် အခြားကောင်းတဲ့စကားလုံးလဲ မသိဘူး) အတွက် ကိုယ့်အကျိုးစီးပွားကာကွယ်ဖို့ အတွက်ပဲ စောင့်ထိမ်းလိုက်နာရမယ့် ၀တ္တရားတွေရှိနေတာဖြစ်တယ်။ လူတွေဟာ ထင်သာမြင်သာရှိတဲ့ အကျိုးတရား တစ်ကျပ်ဖိုးကိုပဲ အသေလဲ ကာကွယ်ချင်ကြတယ်။ ထင်သာမြင်သာမရှိပေမယ့် ရေပေါ်မှာ ထိပ်ပိုင်းလေးတင်ပေါ်နေပေမယ့် ရေအောက်မှာ ထုနဲ့ထည်နဲ့ ရှိနေတဲ့ ရေခဲတောင်ကြီးလောက် အကျိုးတရားတွေအတွက်တော့ ကာကွယ်ရကောင်းမှန်းသိသူ နည်းလှတယ်။ နိုင်ငံတနိုင်ငံရဲ့ ယိုယွင်းနေတဲ့ စံနစ်ကြီးတခုလုံးကို ပြုပြင်ဖို့အားထုတ်တာဟာ ရေခဲတောင်ကြီးလောက် အကျိုးတရားကိုကာကွယ်ရာကြပေမယ့် လက်တွေ့မှာကျတော့ လတ်တလော ကြွေးပူဆပ်နိုင်ဖို့၊ အများလျှပ်စစ်မီးမရချိန် မိမိအိမ်မီးလင်းစေဖို့၊ ဓါတ်မြေသြဇာနဲ့ လောင်စာခွဲတမ်းလေးရစေဖို့ စတဲ့ အကျိုးတရားများလောက်ကိုသာ ကာကွယ်ကြဖို့ ဦးစားပေးမိတတ်ကြတယ်။ ဒီလိုနဲ့ကိုယ်ကာကွယ်လိုတဲ့ interest ဟာ သိပ်ကျဉ်းမြောင်းလာတော့ egocentric အသွင်ဆောင်လာတဲ့အခါမှာ စောင့်ထိန်းရမယ့် political obligation တွေကို မစောင့်ထိန်းတဲ့ သဘောသက်ရောက်သွားတယ်။

    Crito ကို ကိုးကားပြောရလျှင်တော့ Socrates ဟာ သူပြေးလို့ရနိုင်ပါလျက် သူ့တပည့်ကို အမျိုးအမျိုးလှည့်ပတ်ပြော ပြီး သူမပြေးရတဲ့အကြောင်းကို justify လုပ်နေတာဟာ တကယ်တော့ သူ့အကျိုးစီးပွားကို ကာကွယ်ရင်း သူ့လူ့ဘောင်အဖွဲ့အစည်းကိုပါ ကာကွယ်သွားတယ်လို့ ဆိုရလျှင် လွန်မယ်မထင်ဘူး။ သူ့အပေါ်မတရားလုပ်ခံနေရမှန်း သူကောင်းကောင်းသိပေမယ့်၊ အဲဒီအချိန်က သူ့လူ့အဖွဲ့အစည်းကို အုပ်မိုးထားတဲ့ အစဉ်အလာတွေ၊ norms တွေ နဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေကို သူတစ်ယောက်အတွက်ကြောင့် ဟန်ချက်ပျက်သွားမှာ၊ distort ဖြစ်သွားမှာကို လိုလားဟန်မတူဘူး။ တစ်ဖက်မှာလဲ သူ့ကိုအပြစ်တင်ကဲ့ရဲ့ပြောဆိုလာမှာတွေကို မခံချင်တဲ့ သူ့အတ္တလဲ ပါကောင်းပါနိုင်တာပေါ့။
    ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ စနစ်ကို အဦးဆုံး စတင်ကျင့်သုံးခဲ့တဲ့ သူ့ရဲ့ city state အတွက် သူ့ရဲ့ ၀တ္တရားကို အသက်ပေးစောင့်ထိမ်း သွားခဲ့လို့ ယခုအခါမှာ တကမ္ဘာလုံးလိုက်နာကျင့်သုံးဖို့ standard တခုအဖြစ် ဆင့်ကဲပြောင်းလဲလာတဲ့ political ideology တစ်ခုအဖြစ်တိုးတက်လာသလားလို့တောင် ထင်မိတယ်။ အခုခေတ်အခါမှာ တိုးတက်လှတဲ့ ဥရောပနိုင်ငံများမှာ လွတ်လပ်ဖွံ့ဖြိုးသော (အတွေးအခေါ်အားဖြင့်) လူ့အဖွဲ့အစည်းအားကောင်းနေတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ခန့်က စံနမူနာအဖြစ်ပြသွားခဲ့သူတစ်ယောက်ရဲ့ လွှမ်းမိုးမှု မပါဘူးလို့ ဘယ်သူငြင်းနိုင်မလဲ မဟုတ်ဘူးလား။

    Posted by Nanda | 22/10/2010, 15:07
    • ကိုနန္ဒပြောတာ အင်မတန် စိတ်ဝင်စားဖို့ကောင်းသလို စိတ်ပါလက်ပါ ရေးသွားတာ သိပ်ကျေးဇူးတင်ပါတယ်။ ကိုနန္ဒပြောသလို political obligation ဆိုတာ ဥပဒေထက် ကျယ်ပြန့်တယ်ဆိုတာကို လုံးဝသဘောတူပါတယ်။ ကျွန်တော် paraphrase လုပ်တာ ပျက်တက်တက်ဖြစ်ပြီး မပြည့်မစုံဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ထောက်ပြပေးတာကို ကျေးဇူးပါ။ နောက်အောက်ပိုင်းမှာ ဆက်ပြောသွားတာတွေ အကုန်လုံးဟာ သေချာစဉ်းစားဆွေးနွေးထိုက်တယ်လို့ ယူဆပါတယ်။ ကိုနန္ဒဆွေးနွေးတာကို သဘောကျလို့ ကျွန်တော်လည်း ပြန်ဆွေးနွေး ကြည့်ပါမယ်။
      ပထမဆုံအနေနဲ့ political obligation ဆိုတဲ့ စကားရပ်ကို သေချာအဓိပ္ပါယ်တိကျအောင် သဘောတူ သတ်မှတ်သင့်တယ်ထင်ပါတယ်။ တခုခုလုပ်ဖို့ obligation ရှိတယ်ဆိုတာ အဲဒိတခုခုကို လုပ်သင့်တယ်လို့ အဓိပ္ပါယ်တန်းမထွက်ဖူး။ (ဆက်ရှင်းပြပါမယ်၊ ခဏလေးစောင့်ပါ။) အင်္ဂလိပ်လိုဆို obligation-judgement ကနေ ought-judgement ကိုတန်းသွားလို့ မရဘူး။ တခုခုလုပ်ဖို့ oblgation ရှိတယ်ဆိုတာ အဲဒိတခုခုကို လုပ်ဖို့ဟာ ကိုယ့်ဆန္ဒပေါ် မမူတည်ဘဲ၊ လိုအပ်ချက်တခုအရ လုပ်တာလို့အဓိပ္ပါယ်ထွက်တယ်။ ဥပမာ အသက် ၁၈ နှစ်ပြည့် စစ်မှုမထမ်းမနေရ ဥပဒေရှိတဲ့ နိုင်ငံမှာ ၁၈ နှစ်ပြည့်ရင် စစ်မှုထမ်းတာကို လိုအပ်ချက်တခုအဖြစ် လုပ်ရတယ်။ တချို့ စစ်မှုထမ်းရမှာကို ၀မ်းသာနိုင်သလို၊ တချို့ ဝမ်းမသာနိုင်ဘူး။ ဒါပေမယ့် ဒီလိုအပ်ချက်ကို လုပ်ဆောင်မှုဟာ ကိုယ့်ဆန္ဒပေါ်မမူတည်ဘူး။
      [ought to ဆိုတာကတော့ စဉ်းစားဆုံးဖြတ်မှုတွေရဲ့ ရလာဒ်ကို ပြောချင်တာ။ ought-judgement ဆိုတာ တနည်းအားဖြင့် အကြံပေးတဲ့ အဓိပ္ပါယ်ဆောင်တယ်။ စစ်သားတယောက်ဟာ အထက်အရာရှိရဲ့ အမိန့်ကို နာခံဖို့ obligation အမြဲရှိတယ်။ တဘက်မှာ Ought he to obey his superior’s order under any circumstances? (လောလောဆယ် ought to ကို ဗမာလို ‘သင့်တယ်’ လို့ ဘာသာပြန်ထားလိုက်မယ်။) ကိုယ့်အထက်အရာရှိက ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတယောက်ကို ဘက်နက်နဲ့ မသေမချင်းထိုးသတ်ဆိုရင်ရော ဒီအမိန့်ကို နာခံသင့်လား။ obligation တခုထဲက လူတယောက်ကို လုပ်ရပ်တခုကို လုပ်ဖို့ ပြည့်စုံတဲ့ အကြာင်းပြချက်မျိုးမပေးဘူး။ ဒါ့အပြင် စစ်သားဟာလည်း လူဖြစ်တဲ့အတွက် လူတိုင်းစောင့်ထိန်းရမဲ့ moral duty ဆိုတာရှိသေးတယ် မဟုတ်လား။ moral duty နဲ့ obligation ထိပ်တိုက်တွေ့ရင် ဘယ်ဟာကိုရွေးလဲ။ ဒီနေရာမှာ ought-judgement ၀င်လာတယ်။ ဒီတော့ စောစောက စစ်သား ဥပမာကနေ obligation-judgement နဲ့ moral duty မဆိုင်ဘူးဆိုတာ တွေ့ရမယ်။ ဒါတင်မက obligation တခုထဲနဲ့ လုပ်ရပ်တခုကို လုပ်ဖို့ ဆုံးဖြတ်တာ မပြည့်စုံနိုင်ဘူးဆိုတာ သိရတယ်။]
      ပြန်ကောက်ရရင် x ကိုလုပ်ဖို့ obligation ရှိတယ်ဆိုတာ x ကိုလိုအပ်ချက်အရလုပ်တာ၊ (လုပ်သင့်တာဖြစ်ချင်ဖြစ်မယ်၊ ဒါက မဆိုင်ဘူး။) x ကိုလုပ်ဖို့ အကြောင်းပြချက်ရှိတယ်။ (ဒါပေမယ့် အဲဒိအကြောင်းပြချက်ဟာ တိကျပြတ်သားတဲ့ အကြောင်းပြချက်တော့ ဟုတ်ချင်မှဟုတ်မယ်။)
      polticial obligation ဆိုတာ ပြောခဲ့တဲ့ obligation တမျိုးပဲ။ အရင်ဆုံး ကျွန်တော်တို့ ဆွေးနွေးချက်ကို ထိထိမိမိဖြစ်အောင် ဘောင်ခပ်ချင်ပါတယ်။ ခုကျွန်တော်ပြောမဲ့ obligation ကို ဥပဒေဆိုတာနဲ့ ပဲ အရင် ဥပမာပေးကြည့်မယ်။ နိုင်ငံတနိုင်ငံထဲမှာ ရောက်နေတဲ့လူတိုင်းဟာ အဲဒိနိုင်ငံရဲ့ ဥပဒေကို လိုက်နာဖို့ obligation ရှိတယ်။ ဥပမာ ဥပဒေက လူသတ်တာကို တားဆီးထားတဲ့အတွက် လူမသတ်ရဘူး။ ဒါ့အပြင် ကိုယ့်လုပ်ရပ်ဟာ သူများတကာ အသက်ဆုံးရှုံးတာမျိုး မဖြစ်ရောအင် စောင့်ထိန်းရမဲ့ obligation ရှိတယ်။ (ကိုယ်ကိုယ်တိုင်ကလည်း လူသတ်တာကို နှစ်သက်ချင်မှ နှစ်သက်မယ်၊ ဒါက မဆိုင်ဘူး။) ဒီတော့ ဥပဒေကိုစောင့်ထိန်းလိုက်နာရမဲ့ obligation က ဘယ်ကလာမလဲ။ အဲဒိမှာ ကိုနန္ဒပြောတဲ့ ‘လူ့အဖွဲ့စည်းတစ်ရပ် စည်ပင်ဝပြော ဖွံ့ဖြိုးဖို့ ပုဂ္ဂလိက အကျိုးထက် ပိုမိုကျယ်ပြန့်တဲ့ တအုပ်စု၊တနယ်မြေ၊ တပြည်နယ်၊ တနိုင်ငံကနေ တမျိုးနွယ်လုံးအကျိုးကိုဦးစားပေးရမယ်ဆိုတဲ့’ စဉ်းစားချက်က အကြောင်းပြချက်တခုလို့ ပြောရမယ်ထင်တယ်။ ဒီအချက်ကို သဘောတူပါတယ်။ Socrates ကထွက်မပြေးဖို့ ဆုံးဖြတ်ရာမှာ အဓိကအကြောင်းပြချက်တခုက သူ့လုပ်ရပ်ဟာ အေသင်ရဲ့ ဥပဒေတွေကို အင်အားချိနဲ့စေမယ်လို့ ယုံတယ်။ နောက်သူဟာ အေသင်မြို့ ပြနဲ့ just agreement ရှိတယ်။ အဲဒါကတော့ သူ့ကို မြို့ ပြက တသက်လုံး စောင့်ရှောက်ခဲ့တယ်၊ အပြန်အလှန်အားဖြင့် သူဟာ မြို့ ပြရဲ့  ဥပဒေတွေကို လိုက်နာရမယ်လို့ သဘောထားတယ်။ ဒါ့ကြောင့် ဒီဥပဒေတွေရဲ့  အမိန့်ကို ချိုးဖောက်တာဟာ ပြောခဲ့တဲ့ ဥပဒေတွေကို အင်အားချိနဲ့စေပီး ဒါ့ကြောင့် အေသင်မြို့ ပြကို အင်အားချိနဲ့စေတယ်၊ ဒါဟာ မတရားဘူးလို့ သူကအကြောင်းပြပီး မပြေးတာလို့ နားလည်တယ်။ ဒီအဖြစ်အပျက်မှာ political obligation နဲ့ moral duty တထပ်ထဲကျတယ်လို့ ကျွန်တော်က သဘောပေါက်တယ်။ (အမြဲတန်းကျချင်မှ ကျမယ်။ သွေးဆာနေပီး အလိုရမက်တခုထဲနဲ့ စစ်လိုက်တိုက်နေတဲ့ ကိုယ့်နိုင်ငံတော်အစိုးရက တခြားနိုင်ငံတနိုင်ငံကို အဏုမြူဗုံးကြဲဖို့ ကိုယ့်ကို တာဝန်ပေးရင် moral duty နဲ့ political obligation တထပ်ထဲကျမယ်မထင်ဘူး။ ထားပါတော့။)
      ဒါပေမယ့် ကိုနန္ဒရဲ့  သူ့နောက်က စာပိုဒ်က ပြောစရာရှိတယ်။ အဲဒါကတော့ political obligation တိုင်းဟာ နောက်ဆုံးမတော့ အတ္တကို အခြေခံသွားကြတာချည်းပဲဆိုတာ။ အဲဒါကတော့ မမှန်ဘူး၊ သေချာပေါက်ကြီးလို့ ယူဆပြီး မပြောသင့်ဘူး ထင်တယ်။ အနောက်တိုင်းက political philosophersတွေထဲမှာ ကျွန်တော် သိသလောက် David Hume နဲ့ တချို့  Marxists တွေ လောက်ကလွဲလို့ ကျန်တဲ့လူတွေဟာ အဲ့သလို psychological egoist အမြင်မျိုးရှိကြတယ်။ (စကားမစပ် ကျွန်တော်တို့ တိုင်းပြည်မှာ ဒီအရာရာ အတ္တအခြေပြု အမြင်ကို သေချာ မစဉ်းစားဘဲ သံယောင်လိုက်ပြောသူတွေ အများကြီးပဲ။ အင်တာနက်မှာ အရေမရ အဖတ်မရ ငြင်းရတာတွေ အချိန်ကုန်လို့ နံမယ် မတပ်တော့ဘူး။) အဲဒိအမြင်ကို ခုအခွင့်အလမ်းရတုန်း နည်းနည်းလောက် ပြောကြည့်ချင်တယ်။ ပထမတချက်အနေနဲ့ လုပ်ရပ်တခုကို justify လုပ်တဲ့အခါတိုင်းမှာ ပြုလုပ်သူ agent က သူ့ကိုယ်သူအခြေပြု စဉ်းစားရတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အခြေပြုစဉ်းစားတယ်ဆိုတာ၊ ကိုယ့်အကျိုးစီးပွားကိုပဲ အခြေပြုစဉ်းစားတယ်ဆိုတဲ့ အဓိပ္ပါယ် (လုံးဝ လုံးဝ)မထွက်ဖူး။ ဟုတ်တယ်နော်၊ ဥပမာ တခုကို စဉ်စားကြည့်မယ်။ အဆိုတခုကို ချရေးကြည့်မယ်။
      အဆို ၁။ ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ recycle လုပ်တာဟာ ကိုယ့်အကျိုးရှိလို့လုပ်တဲ့ လုပ်ရပ်သာဖြစ်တယ်။ (ဒါ typical အတ္တအခြေပြုအမြင်)
      အိုကေ အဲဒိအမြင်ဟာ not necessarily true ဆိုတာကို ကျွန်တော်ခုသက်သေပြမယ်။
      သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ recycle လုပ်တယ်ဆိုတာ ဒါကိုယ့်အသိနဲ့ ကိုယ်စဉ်းစားပြီး လုပ်တာ။ အဲ့သလို လုပ်တဲ့အတွက် ကမ္ဘာကြီး ကျန်းကျန်းမာမာနဲ့ ရေရှည်တည်တံ့ပြီး နောက်ဆုံး ကိုယ်လည်း အကျိုးရှိနိုင်မယ်။ ဒါပေမယ့် recycle လုပ်မှုတိုင်းဟာ ကိုယ့်အကျိုးရှိလို့ လုပ်တဲ့လုပ်ရပ်သာဖြစ်တယ်လို့ ပြောနိုင်တဲ့ အထောက်အထား လုံလုံလောက်လောက်မရှိဘူး။ ‘ကမ္ဘာကြီး ရေရှည်တည်တံ့စေဖို့’ ဆိုတာ recycle လုပ်ရာမှာ အကြောင်းပြချက်အနေနဲ့ ပေးတာ။ ဒါပေမယ့် ဒါကို အကြောင်းပြချက် အနေနဲ့ ပေးရုံသက်သက်နဲ့ လုပ်ရပ်တိုင်းဟာ အတ္တကို အခြေခံတယ်ဆိုတာ invalid argument. လော်ဂျစ်ကယ် မဖြစ်ဖူး။ ကမ္ဘာကြီး ရေရှည်တည်တံ့ရေးကို ပဓာနလိုလားပြီး recycle လုပ်တာရော မရှိနိုင်ဘူးလား။ သိပ်ရှိနိုင်တာပေါ့။ ကိုယ်ကလူတိုင်းရဲ့  စိတ်နေစိတ်ထားမှ မသိနိုင်တာ။ Therefore အဆို ၁ is false.
      အဲဒိတော့ ကျွန်တော်တို့ ပြောနေတာကို ပြန်ကောက်ရရင် ကိုယ်ဟာ ကိုယ့်နိုင်ငံထဲက နိုင်ငံရေးစနစ်ကောင်းမွန်မှန်ကန်ဖို့ ၀တ္တရားကို လိုက်နာဆောင်ရွက်မှုဆိုတာ ကိုယ့်အတွက် အကျိုးရှိရုံသက်သက်ကြောင့်တင်လို့ ပြောလို့မရတော့ဘူး။
      Crito နဲ့ ပတ်သက်ပြီး ကိုနန္ဒပြောခဲ့တာတွေကတော့ consensus အမြင်ပဲ။ ကျွန်တော်လည်း ခြုံပြောရရင် သဘောတူပါတယ်။ Socrates ရဲ့ အတ္တလည်း ပါကောင်း ပါနိုင်ပါတယ်။ ဒါပေမယ့် ဒါကို Crito ထဲမှာ အဓိကအချက်တွေ အနေနဲ့ မတွေ့ရကြောင်းပါ။
      ခုလို ကျွန်တော်စိတ်ဝင်စားတဲ့ အကြောင်းအရာကို စိတ်ဝင်စားတာချင်းတူတာ သိရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ဆွေးနွေးခွင့်ရတဲ့အတွက်လည်း ကျေးဇူးပါခင်ဗျ။

      Posted by zizawa | 22/10/2010, 17:52
  5. ကိုနန္ဒရေးတာနဲ့ ကျွန်တော်ဖြေတာ နှစ်ခုကို နောက်တခေါက်ပြန်ဖတ်ကြည့်ပီး ခုဟာကို ထပ်ရေးဖြစ်တယ်။ ကိုနန္ဒပြောသလို Socrates က သူထွက်မပြေးတာဟာ သူ့အကျိုးစီးပွားကို ကာကွယ်တယ်ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော့ အမြင်မှာ အဲ့သလို မမြင်ဘူး။ Crito ထဲမှာ Socrates ဟာသူ့အကျိုးစီးပွားကို ဦးစားပေး ကာကွယ်တယ်ဆိုတဲ့ အမြင်မျိုး မရဘူး။ တခုတော့ ရှိတာပေါ့လေ။ သူ့ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ မပြေးတဲ့အတွက် သူ့ဂုဏ်သိက္ခာကျတာဟာ သူ့အကျိုးစီးပွား ထိခိုက်တယ်လို့ ပြောချင်ပြောလာနိုင်တယ်။ ဒါပေမယ့် ကျွန်တော့ စိတ်ထဲမှာ အဲဒါ ဘယ်ဟာမဆို အကျိုးစီးပွားကို အခြေခံတာချည်းပဲ ဆိုတဲ့ undemonstrated အဆိုတခုကို axiom အဖြစ်နဲ့ ယူထားလို့ ဒီလိုကောက်ချက်မျိုး ချပစ်တယ်လို့ ယူဆတယ်။ အဲဒိ အဆိုကို ကျွန်တော်က သံသယရှိတယ်။ အထက်မှာ ပြောခဲ့သလို necessarily true proposition တခုလို့ မထင်ဘူး။

    Posted by zizawa | 22/10/2010, 20:45
    • မှန်တယ်ဗျ။ ကျနော်လဲ သူထွက်မပြေးရချင်းအကြောင်းရင်းဟာ သူ့အကျိုစီးပွားကို ကာကွယ်ရင်း သူ့လူ့ဘောင်ကို ကာကွယ်သွားရာ ရောက်ကောင်းရောက်နိုင်မယ်လို့ ပြောမဲ့အစား၊ သူ့လူ့ဘောင်ကိုကာကွယ်ရင်း တစ်လက်စတည်း ကျွဲကူးရေပါဆိုသလို သူမဖြစ်ချင်တဲ့ သူ့ကို နောက်လူအများက အပြစ်တင်ကဲ့ရဲ့ချင်း ဆိုတဲ့ အဖြစ်မှ ရှောင်လွှဲ လိုတဲ့ အတ္တစိတ်လဲ ပါကောင်းပါနိုင်ပါရဲ့လို့ ကိုယ့်ဖာသာပဲ ကောက်ချက်ချလိုက်မိတယ်လို့ ပြောသင့်တယ်။
      (‘ကမ္ဘာကြီး ရေရှည်တည်တံ့စေဖို့’ ဆိုတာ recycle လုပ်ရာမှာ အကြောင်းပြချက်အနေနဲ့ ပေးတာ။ ဒါပေမယ့် ဒါကို အကြောင်းပြချက် အနေနဲ့ ပေးရုံသက်သက်နဲ့ လုပ်ရပ်တိုင်းဟာ အတ္တကို အခြေခံတယ်ဆိုတာ invalid argument. လော်ဂျစ်ကယ် မဖြစ်ဖူး။ ကမ္ဘာကြီး ရေရှည်တည်တံ့ရေးကို ပဓာနလိုလားပြီး recycle လုပ်တာရော မရှိနိုင်ဘူးလား။ သိပ်ရှိနိုင်တာပေါ့။ ကိုယ်ကလူတိုင်းရဲ့  စိတ်နေစိတ်ထားမှ မသိနိုင်တာ။ ) ဆိုတာနဲ့ ပတ်သက်လို့ ကိုယ်တိုင်လဲ အတ္တအခြေပြုဝါဒ အတိုင်းတွေးမိနေသလား ဆိုတာ ပြန်ဆန်းစစ်ပေမယ့် မသဲကွဲဘူးဖြစ်နေတယ်။
      ဥပမာဗျာ။ The world after 20 years later would be nothing to do with you! နောင် အနှစ်နှစ်ဆယ်မှာ ကမ္ဘာကြီး ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ကျုပ်တို့နဲ့ မဆိုင်တော့ဘူးဆိုတဲ့ အခြေအနေရပ်တခုနဲ့ ကြုံလာပြီဆိုပါစို့။
      အဲဒိအခြေအနေမှာ Recycle လုပ်ခြင်း ပတ်ဝန်းကျင် သဘာဝ တရားကို ထိန်းသိမ်းခြင်းတို့ဟာ အဓိပ္ပါယ်ရှိသော၊ ကောင်းသော လုပ်ရပ်အနေနဲ့ ကျနော်တို့တတွေ ခံယူကျင့်ကြံနိုင်ကြပါအုံးမလား ။ ဒါဟာ မေးခွန်းထုတ်စရာကောင်းတယ်ဗျ။
      ကျနော် ကတ်သပ်ပြောနေသလိုတော့ ဖြစ်နေမလားပဲ ( မထင်မှတ်ပဲ ကိုယ်က ပြောဆိုမိတဲ့ အရာဖြစ်လေတော့ မထူးဇတ်ခင်းပြီး ကြိုးစားကာ counter argue လုပ်တယ်ပဲ သဘောထားလိုက်ပါဗျာ ) ။ဒီ approach ကတော့ အတွေးအခေါ်ထက် character ပိုင်းဆိုင်ရာ နဲ့ ပိုပတ်သက်တဲ့ မေးခွန်းများ ဖြစ်လေမလားပဲ။
      လူသားတွေဟာ အခြေခံအားဖြင့် မိမိရဲ့ interest နဲ့ တစ်စုံတစ်ရာ ဆက်စပ်မှုရှိတဲ့ အရာတွေအတွက်ပဲ အဓိက ဦးစားပေးလုပ်ဆောင်လေ့ရှိပြီး ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘူး လို့ သေချာနေတာတွေအတွက် ဘယ်လိုပြုမူ တုံ့ပြန်တတ်ကြသလဲ ဆိုတဲ့ behavior ကို ပိုနားလည်ဖို့ လိုအပ်မယ်လို့ ထင်မိတယ်။

      Posted by Nanda | 22/10/2010, 21:12
      • ‘ဥပမာဗျာ။ The world after 20 years later would be nothing to do with you! နောင် အနှစ်နှစ်ဆယ်မှာ ကမ္ဘာကြီး ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ကျုပ်တို့နဲ့ မဆိုင်တော့ဘူးဆိုတဲ့ အခြေအနေရပ်တခုနဲ့ ကြုံလာပြီဆိုပါစို့။
        အဲဒိအခြေအနေမှာ Recycle လုပ်ခြင်း ပတ်ဝန်းကျင် သဘာဝ တရားကို ထိန်းသိမ်းခြင်းတို့ဟာ အဓိပ္ပါယ်ရှိသော၊ ကောင်းသော လုပ်ရပ်အနေနဲ့ ကျနော်တို့တတွေ ခံယူကျင့်ကြံနိုင်ကြပါအုံးမလား ။ ဒါဟာ မေးခွန်းထုတ်စရာကောင်းတယ်ဗျ။’

        သိပ်ကောင်းတဲ့ မေးခွန်းပေါ့ဗျာ။ ကတ်သပ်ပြောနေတယ်လို့လည်း မမြင်မိပါဘူး။ အနာဂတ်မျိုးဆက်အတွက် ကျွန်တော်တို့ ဘာတာဝန်ရှိလဲ၊ ဘာလုပ်ပေးစရာရှိလဲဆိုတာ classic question in moral philosophy ပဲ။ ဒါပေမယ့် moral philosophy နဲ့ တိုက်ရိုက် မဆိုင်ပေတဲ့ ရှုဒေါင့်တခုကနေ ကျွန်တော်တင်ပြပါရစေ။ အဲဒါက personal identity ဆိုတဲ့ concept တခုနဲ့ ဆိုင်တယ်။ ကနေ့ဝတုတ်ဟာ နောက်အနှစ်နှစ်ဆယ်ဝတုတ်နဲ့ တယောက်ထဲပဲလားဆိုတဲ့ မေးခွန်းဟာ လွယ်မယောင်နဲ့ သေချာစဉ်းစားကြည့်ရင် အလွယ်တကူ အဖြေမပေးနိုင်ဘူးလို့ ထင်တယ်။ အလားတူပဲ၊ ကနေ့ လူ့အဖွဲ့အစည်းဟာ နောင်အနှစ်နှစ်ဆယ် လူ့အဖွဲ့အစည်းနဲ့ identical ဖြစ်သလားဆိုတဲ့ မေးခွန်းဆို အဖြေပေးဖို့ ပိုခက်ဦးမယ်။ အဲဒိမေးခွန်းကို ကျွန်တော်တို့တွေ တိတိကျကျ မဖြေနိုင်ရင် အနာဂတ်အတွက် လုပ်နေတာဟာ ဘယ်သူ့အတွက် လုပ်နေသလဲဆိုတဲ့ မေးခွန်းဟာ ဖီလော်ဆော်ဖာတွေကို စုတ်ပြတ်သပ်သွားစေနိုင်တဲ့ မေးခွန်းမျိုးပဲ။ နောင်အနှစ်နှစ်ဆယ်က ကမ္ဘာကြီးဟာ ကနေ့ကမ္ဘာကြီး မဟုတ်တော့ဘူးဆိုရင် ကျွန်တ်ေတို့လုပ်ရပ်တွေဟာ အဲဒိကမ္ဘာကြီးနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ ကြောက်စရာကောင်းတဲ့ result တခုထွက်လာမယ်။ မနက်ဖန် ၀တုတ်နဲ့ ဒီနေ့ဝတုတ် တယောက်ထဲ မဟုတ်ရင် ဒီနေ့ဝတုတ်ရဲ့ လုပ်ရပ်အတွက် မနက်ဖန်ဝတုတ်က တာဝန်ယူစရာ လိုသလား၊ ဒါမှမဟုတ် မနက်ဖန်ဝတုတ်အတွက် ဒီနေ့ဝတုတ်ကလည်း တာဝန်ယူစရာ လိုသလားဆိုတာ ဖြေရသိပ်ခက်သွားပီ။ ကျွန်တော်ကတော့ ဒီမေးခွန်းကိုမဖြေနိုင်တာဟာ သိပ်ကြောက်စရာကောင်းတယ်လို့ ထင်တယ်။ ဖြစ်နိုင်တာက ကျွန်တော်တို့ရဲ့ mindset ဟာ continuity ကိုတောင့်တတယ်။ အဲဒိတောင့်တမှု အခြေခံနဲ့ပဲ ခုဝတုတ်နဲ့ နောင်အနာဂတ်က ၀တုတ်ဟာ တယောက်ထဲလို့ ယူဆလိုက်ကြတာဖြစ်ဖွယ်ရှိတယ်လို့ တချို့ philosopher တွေကဆိုတယ်။ (Derek Parfit’s personal identity) တကယ်မှာ ဒီ continuity ကို ကျွန်တော်တို့ ဘယ်သို့ သက်သေပြမလဲ။ ဒါဟာ metaphysics နဲ့ epistemology နယ်ပယ်ထဲ ရောက်သွားပီ။
        ခုကိုနန္ဒမေးခွန်းကို အကြောင်းပြုပီး ဖြေဖြစ်လိုက်တာက ဖီလော်ဆော်ဖီက အကိုင်းအခက်တွေဟာ တခုနဲ့တခုဆက်စပ်မှု ရှိပါလားဆိုတာကို မထင်မှတ်ဘဲ လက်တွေ့ပြဖို့ အခွင့်အရေးရသွားတယ်။ ကျွန်တော်တို့ စတဲ့မေးခွန်းက moral philosophy ဒါမှမဟုတ် ethic ကနေစလိုက်တာပဲ။ ဒါပေမယ့် ဒီမေးခွန်းကို သေချာဒေါင့်စုံအောင် ဖြေနိုင်ဖို့က metaphysics နဲ့ epistemology ရဲ့ အကူအညီကိုပါ လိုပါလားဆိုတာ ဒီဥပမာမှာ အထင်အရှားတွေ့ရတယ်။ ဒီဥပမာထွက်လာအောင် အကြောင်းဖန်ပေးတဲ့အတွက် ကျေးဇူးအထူးဗျို့ ။
        အဲမူလမေးခွန်းကို တတ်သမျှ ဆက်ရရင် လုပ်ရပ်တခုကို လုပ်သင့်မသင့်မှာ (လာပြန်ပီ သင့်ဆိုတဲ့ စကားလုံး၊ တတ်နိုင်ဘူး :)) စဉ်းစားပုံတခုက consequentialist approach ခေါ်မလား။ လုပ်ရပ်တခုရဲ့  အကျိုးဆက်ကိုကြည့် ဆုံးဖြတ်နည်းတနည်း (utilitarian တွေနဲ့ အဓိကဆိုင်တယ်)၊ နောက်တခုက purist approach (Kant နဲ့ နီးစပ်မယ်ထင်ပါတယ်)။ လုပ်ရပ်တခုဟာ ကောင်းမကောင်းဆိုတာ အကျိုးဆက်ထက် ဒီလုပ်ရပ်ကိုယ်နှိုက်မှာ တွေ့နိုင်တယ်လို့ ဆိုကြတယ်။ အဲ့ဒိတော့ recycle လုပ်တာဟာ ဘယ်ထဲမှာ အကြုံးဝင်နိုင်မလဲ။ ကိုနန္ဒပြောတဲ့ character နဲ့ဆိုင်တယ်ဆိုတာ Kant အပါအ၀င် ၁၉ ရာစုက ဂျာမန်ဖီလော်ဆော်ဖီနဲ့ အများကြီး နီးစပ်တယ်ထင်ပါတယ်။
        လူသားတွေဟာ အခြေခံအားဖြင့် ကိုယ့်အကျိုးစီးပွားနဲ့ တစုံတရာ ဆက်စပ်မှုရှိတာတွေကိုပဲ အဓိက ဦးစားပေးလုပ်ဆောင်လေ့ရှိတာ empirically မှန်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့ စိတ်ထင်မှာ (ကတ်သပ်ပြောတယ် မထင်ပါနဲ့) ဒီအမြင်ဟာ နည်းနည်းတော့ simplistic ဖြစ်တယ်။ necessary truth အဖြစ် ယူလို့မရဘူး။ ဥပမာ ကျွန်တော်ကြေးအိုးသွားသောက်တယ်၊ ဆိုင်နားမှာ တောင်းစားနေတဲ့ သားအမိနှစ်ယောက်ကို တွေ့တယ်။ ကိုယ်ကိုယ်တိုင် အမေတခုသားတခု ကြီးလာသူဖြစ်လေတော့ အလိုလိုဂရုဏာဝင်ပီး သူတို့ကို ကြေးအိုးခေါ်တိုက်ဖို့ ဆုံးဖြတ်တယ်။ ဒီဆုံးဖြတ်ချက်မှာ ဘယ်လို self-interest အခြေခံနဲ့ လုပ်သလဲဆိုတာ စဉ်းစားလို့မရဘူး။ ကျွန်တော့လုပ်ရပ်အတွက် ဘယ်လို reason ပေးမလဲ။ David Hume က ကျွန်တော့ ဆုံးဖြတ်ချက်ကို တခြားဖီလော်ဆော်ဖာတွေထက် စိတ်တိုင်းကျဖွယ် အဖြေပေးနိုင်တယ်။ Hume က symathy ဆိုတဲ့ concept ကိုယူတယ်။
        ကောင်းတယ်ဗျာ။ ဒီလိုမျိုး မေးပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ဆက်ရေးဖို့ အားရှိတယ်။ အဲ ကိုနန္ဒကို ကျွန်တော် အဖြေတခုခုကို တိတိကျကျ မပေးနိုင်သေးဘူး။ ကျွန်တော်ကိုယ်တိုင် စဉ်းစားနေတဲ့ အဆင့်မှာဘဲ ရှိသေးပီး တိကျတဲ့ အဖြေတခု ဘယ်တော့မှ မရနိုင်တာမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ self-interest ကို counter လုပ်ထားတဲ့ thought experiment တခု ကျွန်တော်စောစောကပဲ စဉ်းစားမိတယ်။ မိန်းမက ဘေးနားမှာ တောက်တောက်တောက်တောက် လုပ်နေရင် အခန်းထဲမနေနဲ့၊ အပြင်ထွက်ဆိုလို့ ကျွန်တော်လည်း ရပ်ရပါတော့မယ်ခင်ဗျာ။ အဲဒါကို ရှေ့ တပတ်ကျမှ ကျွန်တော်သေချာရေးကြည့်မယ်။
        မေးခွန်းများအတွက် ကျေးဇူးပါ။

        Posted by zizawa | 22/10/2010, 22:07
  6. ပိတ်ရက်မှာ အစအဆုံး အေးအေးဆေးဆေး လာဖတ်သွားပါတယ်။ ဆွေးနွေးချက်တွေကိုလည်း ဖတ်သွားပါတယ်။ အားထုတ်ပြီး ဘာသာပြန်ထားရသူ သိအောင် ဖတ်ကြောင်းပြောသွားတာပါ။

    မတရားမှုတစ်ခုကို မတရားမှုနောက်တစ်ခုနဲ့ ချေဖျက်ဖို့ မသင့်ကြောင်း အဆင့်ဆင့် rationalise လုပ်သွားပုံက ဆက်တွေးစရာပါ။

    ကို သူရက The world after 20 years later would be nothing to do with you! ဆိုတဲ့ ဥပမာကို ပေးသွားတယ်။ အခြားတစ်ဖက်က ပြန်ကြည့်ရင် ယနေ့ခေတ် မျိုးဆက်တချို့အတွက် The actions 20 years before are nothing to do with us! လို့ အခြေအနေတွေ ဖြစ်နေသလား ဆိုတာကိုလည်း စဉ်းစားမိပါတယ်။ အဲဒါဟာ လက်တွေ့မှာ reality ဖြစ်နေရင် တချို့သော action တွေဟာ ဆီလျော်မှုရှိပါသေးရဲ့လား။ အဲဒီအခါမှာ အဲလိုဆုံးဖြတ်ပုံ justify ဖြစ်မဖြစ် ဘယ်သူတွေက ဘယ်ရှုထောင့်က ကြည့်ရမှာလဲ ဆိုတာ ဆက်စဉ်းစားရင် အရှည်ကြီးပဲ မဟုတ်လား။

    လောလောဆယ်တော့ တွေးကြည့်တဲ့ အဆင့်ပါပဲ။

    Posted by pandora | 23/10/2010, 04:33
  7. ဆောရီး… ကိုနန္ဒ လို့ပြောတာပါ။ ဘယ်က သူရ ဖြစ်သွားလဲမသိ။🙂

    Posted by pandora | 23/10/2010, 04:34

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: