//
you're reading...
Philosophy
Reflections on Descartes 1
Good sense is, of all things among men, the most equally distributed တဲ့။ Discourses on Method ပထမဆုံးအခန်းကို Descartes က ပြောခဲ့တဲ့ စာကြောင်းနဲ့ စဖွင့်တယ်။
http://books.google.com/books?id=XnX3xsR_cvcC&printsec=frontcover&dq=descartes+discourse+on+method&hl=en&ei=LHLBTIvOBoiCOr-xsaUM&sa=X&oi=book_result&ct=result&resnum=1&ved=0CCwQ6AEwAA#v=onepage&q&f=false
Descartes နဲ့ ပတ်သက်ရင် Discourses on Method ရယ်၊ Meditations on the First Philosophy ရယ်၊ Principles of Philosophy ရယ် သုံးအုပ်ဟာ သူ့ ဖီလော်ဆော်ဖီကို နားလည်ဖို့ရာ ဖတ်သင့်ဆုံးစာအုပ်တွေလို ဆိုကြတယ်။ ကံကောင်းထောက်မစွာပဲ Meditations ကိုလည်း အွန်လိုင်းမှာ ဖတ်လို့ရတယ်။
http://books.google.com/books?id=t4r9iLV2ZXYC&printsec=frontcover&dq=descartes+meditations+on+first+philosophy&hl=en&ei=C3XBTLWaB8qfOsTHwcoL&sa=X&oi=book_result&ct=result&resnum=2&ved=0CDIQ6AEwAQ#v=onepage&q&f=false
(Meditations ကို လက်တင်ကနေ အင်္ဂလိပ်လို ဘာသာပြန်သူတွေထဲက John Cottingham ဟာ Descartes နဲ့ ပတ်သက်ရင် ဒီမှာတော့ authority ရှိတဲ့လူပဲ။ ဒီတော့   ခုစာမှာ Meditation နဲ့ ပတ်သက်ပီး ကိုးကားတဲ့အခါ သူ့စာအုပ်ကိုပဲ ကိုးကားမယ်။)
သူ့ရဲ့ နံမယ်ကြီး Cogito Ergo Sum အင်္ဂလိပ်လို I’m thinking, therefore I exist ဆိုတဲ့ ကောက်ချက်ကို သူဘယ်လိုရောက်လာသလဲ ဆိုတာကို Mediations မှာ အကျယ်ချဲ့  ဆွေးနွေးထားတယ်။ ဒင်း ဒီကွန်ကလူးရှင်းကို ဘယ်လိုရောက်လာသလဲဆိုတာ ကျွန်တော်တို့လည်း ဥာဏ်စွမ်းရှိသလောက် ခြေရာခံကြည့်ရအောင်။ စဉ်းစားရမှာ၊ ခေါင်းရှုပ်ခံရမှာ မကြောက်သူများ ဆက်ဖတ်ပေရော့ ..
ပထမဆုံးမေးစရာက အိုကေ မစ္စတာ Descartes ခင်ဗျား ပြောတဲ့ good sense ဆိုတာ ဘာကိုပြောတာပါလဲခင်ဗျာ။ အဲဒါက … power of forming a good judgment and distinguishing the true from the false, which is properly speaking what is called good sense or reason, is by nature equal in all men. လို့ ဆရာသမားက ဖြေတယ်။ လူတိုင်းလူတိုင်းဟာ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိတဲ့နေရာမှာ တူတူပဲလို့ ပြောတာ Descartes အပြင် သူ့ခေတ်သူ့အခါ ဘယ်သူများရှိဦးမလဲ။ ကျွန်တော် အစောပိုင်းက ရေးထားတဲ့ Thomas Hobbes ကို ဖတ်ဖြစ်တယ်ဆိုရင် Hobbes လည်း ဒီလိုပြောတာကို မှတ်မိ သတိပြုမိမှာပဲ။ ဒါစိတ်ဝင်စားဖို့ မကောင်းဘူးလား။
လူတိုင်းလူတိုင်းဟာ သူမသာ ကိုယ်မသာတွေချည်းပဲဆိုတဲ့ အမြင်ဟာ ရီနေးဆင့်ခေတ်မှာ တဖြည်းဖြည်း အစပျိုးလာတာကို အဲဒိခောတ်မှာ ပေါ်ခဲ့တဲ့ ဖီလော်ဆော်ဖာတွေရဲ့  အရေးအသားတွေမှာ တွေ့ရတယ်။ နောက်ပိုင်း Locke တို့ (Locke ကတော့ အားလုံးဟာ အာဒမ်က ဆင်းသက်လာတာချည်းဆိုတော့ တကောင်နဲ့တကောင် သိပ်မကွားဘူးတဲ့။) ရူးဆိုးတို့ဆီမှာဆို ဒီအမြင်ဟာ ပိုတောင်မှ စွဲစွဲမြဲမြဲ ဖြစ်လာသေးတယ်။ (ခုဆိုရင် ဒါဟာ axiomatic ဖြစ်တယ်လို့တောင်၊ တနည်းအားဖြင့် ဒီအမြင် မှန်ကန်တယ်ဆိုတာ ထပ် argue လုပ်စရာမလိုတော့ဘူး လို့တောင် သဘောထားနေကြပြီ။)
ဒါဟာ ဘာကိုပြလဲဆိုတော့ Descartes ရဲ့ ဖီလော်ဆော်ဖီဟာ ၁၇ ရာစုက ခုနှစ်သက္ကရာဇ် တခုမှာ သူ့ဟာသူ ခေတ်နဲ့ အဆက်အစပ်မရှိ ကောက်ကာငင်ကာနဲ့ ပေါ်ထွက်လာတာ မဟုတ်ဘဲ သူ့ဖီလော်ဆော်ဖီဟာ နောက်ပိုင်းမှာ Scientific Revolution သိပ္ပံတော်လှန်ရေးလို့ ကင်ပွန်းတပ်ကြတဲ့ အဲဒိကာလက အသိပညာပိုင်းဆိုင်ရာ တော်လှန်ပြောင်းလဲမှု ဖြစ်စဉ်ကြီးထဲက အစိတ်အပိုင်း တခုသာ ဖြစ်တယ်လို့ ယူဆရမှာဖြစ်တယ်။ Descartes က သူ့အခေါ်  new knowledge, new science အတွက် ပြင်သစ်နဲ့ ဟော်လန်မှာ တလှည့်စီနေပီး အုတ်မြစ်ချနေချိန်မှာ အင်္ဂလန်မှာ Francis Bacon၊ နောက် အီတလီမှာ ဂယ်လီလီယိုတို့တွေဟာ ပြောခဲ့တဲ့ new science အတွက် အခြေခံတွေကို သူတို့နည်းသူတို့ဟန်နဲ့ တည်ဆောက်နေချိန်ဖြစ်တယ်။ ဒီတော့ Descartes ရဲ့ ဖီလော်ဆော်ဖီကို သေသေချာချာ ဆုပ်ကိုင်မိဖို့ရာ သူလူဖြစ်ကြီးပြင်းတဲ့ ခေတ်ကာလက အသိပညာပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေကိုပါ ယှဉ်တွဲကြည့်မှာ ရနိုင်မယ်။
Cogito Ergo Sum ဆိုတဲ့ ကောက်ချက်ကို ရောက်လာစေတဲ့ Descartes ရဲ့  ဖီလော်ဆော်ဖီ ပရောဂျက်က ပြောခဲ့သလို new philosophy ဒါမှမဟုတ် new science ကိုသေချာ တည်ဆောက်ဖို့ဖြစ်တယ်။ (အဲဒိကာလမှာ new ဆိုတဲ့ နံမယ်နဲ့ စာအုပ်တွေ အများကြီးထွက်တယ်။ Francis Bacon က သူ့စာအုပ်ကို Novum Organum လောဂျစ်သစ်လို့ ဘာသာပြန်ရမယ်ထင်တယ်၊ Kepler က သူ့စာအုပ်ကို Astronomia Nova (New Astronomy) လို့နံမယ်ပေးတယ်။ Galileo ရဲ့  နံမယ်ကြီးစာအုပ်ကိုလည်း Two New Sciences လို့ခေါ်တဲ့အပြင် လက်တင်စကား nova အင်္ဂလိပ်လို new ပါတဲ့စာအုပ်တွေ အများကြီးမှ အများကြီးထွက်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုလံဘပ်(စ)ကလည်း အဲဒိကာလလောက်မှာဘဲ new world ကမ္ဘာသစ်လို့ခေါ်တဲ့ အမေရိကတိုက်ကြီးကို ရှာတွေ့တယ်။)
ဆိုတော့ မေးစရာက Descartes တို့ ဘေကွန်တို့ အပါအ၀င် အဲဒိခေတ်က ဖီလော်ဆော်ဖာတွေဟာ ဘာ့ကြောင့် အသစ်ကိုရှာဖို့ အကြောင်းဖန်လာရတာလဲ။ နောက်ပီး သူတို့က သူတို့လေ့လာ အုတ်မြစ်ချနေတာကို new philosophy လို့ခေါ်လေတော့ old philosophy ကရော ဘယ်သူ့ကို ပြောတာလဲ။ အဖြေကတော့ old philosophy ဆိုတာ ယေဘုယျပြောရရင် Aristotle နဲ့ ပတ်သက်တဲ့ ဖီလော်ဆော်ဖီအုံကြီးတခုလုံးကို ဆိုလိုတာ ဖြစ်ပြီး (အဲဒိထဲမှာ Aristotle နဲ့ Catholicism ရောသမမွှေထားတဲ့ Scholastic philosophy ဆိုတာအပြင်၊ ကမ္ဘာဗဟိုပြု နက္ခတ္တဗေဒ စံနစ်၊ Aristotle ရဲ့ လောဂျစ် အဲဒါတွေ အားလုံးပါတယ်။ Hobbes တို့ Aristotle ကို တန်းညှိတာလည်း ဒီခေတ်မှာဘဲ။) Aristotle ကို စစိန်ခေါ်တာ နက္ခတ္တဗေဒမှာဖြစ်ပြီး သူနဲ့ တော်လမီတို့ရဲ့  စကြာဝဠာပုံစံကို နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ အစားထိုးခဲ့နိုင်ခဲ့တာက ကော်ပါးနီးကပ်ရဲ့  နေ၀န်းဗဟိုပြု စကြာဝဠာပုံစံဖြစ်တယ်။
ဒီတော့ Descartes ကိုမဆက်ခင် အဲဒိခေတ်ကာလက အသိပညာတိုးတက်ဖြစ်ပေါ် ပြောင်းလဲမှုတွေကို ခဏလောက် ကြည့်ရင်သင့်မယ်ထင်ပါတယ်။ သိပ္ပံသမိုင်းမှာ အထင်ရှားဆုံး စာအုပ်တွေထဲ တအုပ်အပါအ၀င်ဖြစ်တဲ့ ‘အာကာသ၀ထ္ထုပစ္စည်းများ ရွေ့  လျားလည်ပတ်ပုံ’ အင်္ဂလိပ်လို ‘On the Revolutions of Celestial Objects’ ဆိုတဲ့ စာအုပ်ကို ၁၅၄၃ မှာထွက်လာတယ်။ ကော်ပါးနီးကပ် ပုံစံကို အစပိုင်းမှာ လက်ခံသူ မရှိသလောက်ဘဲ။ အစပိုင်းမှာ ကက်သလစ် အာဏာပိုင်တွေရဲ့  ပိတ်ပင်မှုကြောင့်မဟုတ်ဘဲ သူ့အယူအဆဟာ အဲဒိအချိန်က လူတွေရဲ့  common sense နဲ့က လုံးဝဖီလာ ဖြစ်နေတယ်။ Aristotle ရဲ့  နက္ခတ္တပုံစံဟာ သူ့ရဲ့  ရူပဗေဒပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး (ဒီအကြောင်းတွေကို ခုရေးရင် အများကြီးကို ပေရှည်မှာမို့ နောင်တချိန်အတွက် ထားထားလိုက်ပါတယ်။) သူ့ရူပဗေဒကို အစားထိုးနိုင်မဲ့ ရူပဗေဒသစ် မပေါ်သေးတဲ့အချိန်မှာ ကော်ပါးနီးကပ်ပုံစံကို လက်ခံရတာ အဲဒိခေတ်က ပညာရှင်တွေအတွက် အဓိပ္ပါယ်သိပ်မရှိဘူး။ နောက်ပိုင်း ဂယ်လီလီယိုက ကော်ပါးနီးကပ်ပုံစံနဲ့ သင့်တော်တဲ့ ရူပဗေဒကို စဖော်ထုတ်တော့မှ ကော်ပါးနီးကပ်ပုံစံကို လက်ခံနိုင်တာဖြစ်တယ်။ ကော်ပါးနီးကပ်ပုံစံမှာ ကမ္ဘာဟာ သူ့ဝင်ရိုးပေါ်မှာ တရက်တပတ်ကျ လည်တယ်လို့ ဆိုတယ်။ အဲဒါဆို ပစ္စည်းတခုကို လေထဲမြှောက်တင်လိုက်ရင် မြှောက်တင်တဲ့ အချိန်နဲ့ ပြန်ကျတဲ့အချိန်ကြားမှာ ကမ္ဘာက ရွေ့ သွားတဲ့အတွက် အဲဒိပစ္စည်းဟာ ပစ်လွှတ်လိုက်တဲ့ နေရာအောက်တည့်တည့်ကို ကျစရာအကြောင်းမရှိဘူး။ ဒါပေမယ့် လက်တွေ့ မှာ အောက်တည့်တည့်ကို ပြန်ကျတာ ဘယ်လိုမှ မငြင်းနိုင်ဘူး။ အဲဒိတော့ ကော်ပါးနီးကပ်ပြောတာဟာ relative motion သဘောကို မသိသူတွေ အတွက်က ရယ်စရာဖြစ်နေတယ်။
ကော်ပါးနီးကပ်သေပီးနောက်မှာ သူ့ပုံစံကို လက်ခံသူထဲမှာ ဂယ်လီလီယိုဟာ အထင်ရှားဆုံးပဲ။ ဂယ်လီလီယိုဟာ မှန်ပြောင်းကို သူ့ဟာသူထွင်ပီး ကောင်းကင်ကိုကြည့်တယ်။ အဲဒိမှာ သူဟာ Aristotle ရဲ့ စကြာဝဠာနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို မှောက်လှန်ပစ်နိုင်တဲ့ တွေ့ ရှိချက်တွေအများကြီးတွေ့ တယ်။ လဟာ Aristotle ပြောသလိုစင်းလုံးချော ၀ထ္ထုမဟုတ်ဘဲ အဖုတွေ၊ အချိုင့်တွေ၊ တောင်တွေ ရှိတာတွေ့တယ်။ နောက်တခါ သူဟာ ဂျူပီတာ (ကြာသပတေးဂြိုလ်) ရဲ့  ဂြိုလ်ရံလလေးလုံးကို တွေ့ပီး ဒီလတွေဟာ ကြသပတေးဂြိုလ်ကို လှည့်ပတ်သွားလာနေတာကို သေချာ ပြသနိုင်ခဲ့တယ်။ နောက်တခါ သူဟာ ဗီးနပ်(စ) (သောကြာဂြိုလ်) ရဲ့  မျက်နှာပြင်ဟာ ကျွန်တော်တို့ရဲ့ ဖိုးရွှေလမင်းလိုပဲ အဆန်း၊ အဆုတ်ရှိတာကို တယ်လီစကုပ် အကူအညီနဲ့ ပြနိုင်ခဲ့တယ်။ ဒါတွေအားလုံးက ဘာကိုပြလဲဆိုတော့ အရာအားလုံးဟာ ကမ္ဘာကို ဗဟိုပြုလည်ပတ်နေတယ်ဆိုတဲ့ Aristotle ရဲ့ အတွေးအမြင်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ နောက်ပိုင်း Kepler က သူ့ရဲ့  ဥပဒေသ သုံးခုနဲ့ ရှိရှိသမျှ ဂြိုလ်ငါးလုံးစလုံးရဲ့ လှည့်ပတ်သွားလာပုံကို စိတ်တိုင်းကျအောင် ရှင်းပြနိုင်ပီးနောက်မှာ ကော်ပါးနီးကပ်ပုံစံကို ဘယ်သူမှ သံသယ မရှိကြတော့ဘူး။
ကော်ပါးနီးကပ် စာအုပ်ထွက်ပီး နှစ်ငါးဆယ်အကြာမှာ Descartes ကိုမွေးတယ်။ သူဟာ ဂယ်လီလီယိုတို့၊ ဘေကွန်တို့ထက် နည်းနည်းပဲ ငယ်တယ်။ ပြောရရင် ခေတ်ပြိုင်တွေပဲ။ ဒီတော့ ကော်ပါးနီးကပ်တို့၊ ဂယ်လီလီယိုတို့က စလိုက်တဲ့ တော်လှန်ရေးကြောင့် နောက်လူတွေဟာ အမြင်သစ်၊ အတွေးသစ်ကို လမ်းကြောင်းသစ်ဖောက်ရမယ်ဆိုတဲ့ အမြင်က အဲဒိခေတ်က အသိပညာ လေထုထဲမှာ ပြန့်နေတယ်။
အဲဒိခေတ်ကာလတွေဟာ Descartes အပါအ၀င် သူနဲ့ ခေတ်ပြိုင်တွေအတွက် လမ်းကြောင်းသစ်ဖောက်ဖို့ အရမ်းကို အာသီသပြင်းပြနေတဲ့အချိန်ပဲ။ Meditations ပထမဆုံးစာပိုဒ်မှာ ဘယ်လိုရေးလဲဆိုတော့ 
… I was convinced that I must once for all seriously undertake to rid myself of all the opinions which I had formerly accepted, and commence to build anew from the foundation.
တွေ့လား။ နောက်ပိုင်းအခန်းတွေမှာ Descartes ပြောတဲ့ foundations တွေဘာဆိုတာ၊ အဲဒိကနေ I’m thinking, therefore I exist ကို သူဘယ်လိုရောက်သွားသလဲဆိုတာ ဆက်ကြည့်ကြတာပေါ့။
Discussion
One thought on “Reflections on Descartes 1
  1. ဖတ်သွားပါတယ်။ အခင်းအကျင်းပဲ ရှိသေးတယ်။
    နောက်အခန်းတွေ မျှော်နေပါမယ်။😀
    Posted by လရောင်လမ်း | 24/10/2010, 11:53
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: