ဖင်ယားတယ်ဆိုတဲ့ စကားကို စာဖတ်သူတို့ ကိုယ်တိုင် တချိန်မဟုတ် တချိန်သုံးဖူးကြမယ်၊ ဒါမှမဟုတ် သူများသုံးတာ ကြားဖူးကြမယ်မှတ်ပါတယ်။ ဖင်ယားမှုနဲ့  ထောင်ကျတယ်၊ ဖင်သွား(လာ)ယားတယ်၊ ဖင်ယားမှု အာမခံမရဘူး၊ ဖင်သွား(လာ)မယားနဲ့  စသဖြင့် တချိန်မဟုတ် တချိန် ပြောတတ်ကြတယ်။ ခုတွေ့ ခဲ့ရတဲ့ အသုံးအနှုံးတွေအပြင် တခြား မသိသေးတဲ့ အသုံးအနှုံးတွေလည်း ရှိနိုင်ပါတယ်။ တခါတလေ ကိုယ်နဲ့ အတိုင်းအတာတခုထိ ရင်းနှီးသူတွေနဲ့ စကားပြောနေတုန်း ပြောနေတဲ့ အကြောင်းအရာထဲက လူတယောက်ယောက်ရဲ့ လုပ်ရပ်ကို ဖင်ယားတယ်ဆိုတဲ့ ဝေါဟာရနဲ့ ရည်ညွှန်းပုံဖော်တဲ့အခါ ဘာကိုဆိုလိုသလဲဆိုတာ ကောင်းကောင်းသိတယ်။ တချို့ ဝေါဟာရ တွေဟာ (ဥပမာ အမျိုးသားရေး လက္ခဏာ ဆိုတဲ့ စကားစု) ပြောသူရော၊ နားထောင်သူပါ နားလည်တယ် အမှတ်နဲ့ သုံးနေပေမဲ့ တကယ်တမ်း ဒီဝေါဟာရရဲ့  အဓိပ္ပါယ်ကို တိတိကျကျ သတ်မှတ်နိုင်အောင် ကြိုးစားကြည့်ရင် ဂွကျတော့တာပဲ။ ကျွန်တော့အထင်တော့ ‘ဖင်ယားတယ်’ ဆိုတာ အဲ့သလို ဝေါဟာရမျိုးပဲ။
တကယ်တော့ ဒီဝေါဟာရအကြောင်း စ စဉ်းစားမိတာ တနှစ်နီးနီးလောက် ရှိသွားပြီ။What kinds of actions or practices constitute ‘ဖင်ယားတယ်’? ဆိုပြီး ကိုယ့်ဟာကို မေးခွန်းထုတ်ဖူးတယ်။ ‘ဖင်ယားတယ်’ ဆိုတာ လုပ်ရပ်၊ အကျင့်၊ အပြုအမူ၊ စိတ်ထားပုံ စတဲ့ ကံတွေကို ရည်ညွှန်းတာကို သတိပြုမိကြမယ်။ ဒီဝေါဟာရဟာ လူတယောက် ဒါမှမဟုတ် လူတစုရဲ့ ကံ ဒါမှမဟုတ် လုပ်ရပ်ကို ရည်ညွှန်းတာဆိုရင် ဒီဝေါဟာရကနေ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတွေကို စဉ်းစားနိုင်စရာ ရှိနိုင်မလား။ ဖင်ယားတယ်ဆိုတဲ့ ဝေါဟာရကို လုပ်ရပ်တခုကို မနှစ်မြို့ တဲ့အခါ၊ သဘောမကျတဲ့အခါ၊ ကြည့်မရတဲ့အခါမှာ သုံးလေ့ရှိတာမို့ အဲဒိ သဘောမကျစရာ၊ အမြင်ကပ်စရာ ကောင်းတဲ့လုပ်ရပ်တွေကို ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရ အောက်မှာ ကန့်သတ်လိုက်ရင် ကျွန်တော်တို့ဟာ ဒီစကားလုံးကို သုံးနေသူတွေ၊ ပြောချင်တာက ဗမာစကား ပြောနေသူတွေဟာ ဘယ်လုပ်ရပ်တွေကို လက်ခံဖွယ်ရှိတဲ့ လုပ်ရပ်၊ လက်ခံဖွယ်မရှိတဲ့ လုပ်ရပ်အဖြစ် သဘောထားသလဲဆိုတာ သိနိုင်မယ်ထင်တယ်။ တနည်းအားဖြင့် ဗမာစကား ပြောသူတွေ သတ်မှတ်တဲ့ moral actions ဒါမှမဟုတ် immoral actions ဘာဆိုတာကို ဒီဝေါဟာရကို လေ့လာရာကနေ တနည်းတဖုံသိနိုင်မယ်လို့ ယူဆတယ်။ အဲဒိအတွက် ဒီဝေါဟာရဟာ ‘အားနာတယ်’ ဆိုတဲ့ စကားလုံးလိုပဲ သေချာ လေ့လာသင့်တယ်လို့ ကျွန်တော်ကတော့ အဆိုပြုချင်တယ်။
——————————-
ပထမဆုံးတချက် စိတ်ဝင်စားဖို့ ကောင်းတာက ဒီစကားဟာ ပေါ်လာတာ သိပ်ကြာသေးပုံမရဘူး။ ကျနော်တို့  မိဘအရွယ်ပုဂ္ဂိုလ်တွေဆီကနေ အဲ့ဒိဝေါဟာရ မကြားဖူးဘူး။ ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရနဲ့ ဆင်ဆင်တူတဲ့ အသုံးအနှုံးတွေကတော့ ခပ်စောစောထဲက ရှိတယ်။ ဥပမာ ဖော်လံဖားတာတို့၊ အနားပြာလုပ်တာတို့ စတဲ့ စကားတွေဟာလည်း သဘောမကျစရာလုပ်ရပ်ကို ဖော်ပြတဲ့ action verbs တွေပဲ။ (ဖော်လံဖားတယ်ဆိုတာ သူ့မူရင်းက တရုတ်ပြည်ဖူကျင့်စကားလို့ တိုက်စိုးက ‘စာကိုးစကားကိုး’ မှာဆိုတယ်။ အဓိပ္ပါယ်က ဘော ‘မ’ တာတဲ့။ ဒီတော့ ဗမာလို ဘော ‘မ’ တယ်ဆိုတဲ့ စကားနဲ့ ဖော်လံဖားဆိုတဲ့ စကားနဲ့က လုပ်ရပ်တခုထဲကို ရည်ညွှန်းတာပေါ့။) ဒါပေမဲ့ ကျနော်တို့ ထက် ဆယ်နှစ်ဝန်းကျင်လောက်ကြီးတဲ့ အရွယ်တွေဆီကပဲ ဒီအပြောမျိုးကို ကြားဖူးတယ်။ ဒါ့ကြောင့် ဒီစကားဟာ ပေါ်တာ သိပ်မကြာသေးလောက်ဘူးလို့ တွက်တာ။ ဖားတာတို့၊ မျက်နှာချိုသွေးတာတို့၊ အနားပြာလုပ်တာတို့ဟာ ‘ဖင်ယားတယ်’ ဆိုတဲ့ စကားထက် နားထဲမှာခံသာတယ်။ လူရှေ့ သူရှေ့ သုံးလို့ရတဲ့ စကား။ ဒါပေမယ့် ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရက တချို့ လုပ်ရပ်တွေမှာ သူကလွဲပြီး တခြားစကားလုံးက လိုချင်တဲ့ အဓိပ္ပါယ်ကို တိတိကျကျ မပေးဘူးလို့ ထင်တယ်။ ဘာလို့ ဒီဝေါဟာရဟာ ဒီလောက်တောင် ပျစ်ပျစ်နှစ်နှစ်ရှိရတာလဲဆိုတာ စိတ်ဝင်စားစရာဘဲ။ (ကျွန်တော့အထင်မှာ ဒီအချက်ဟာ ဒီဝေါဟာရကို မွေးထုတ်ပေးလိုက်တဲ့ အချိန်ကာလက ဗမာလူ့အဖွဲ့အစည်းရဲ့ စိတ်ကို ဖော်ပြနေတယ်လို့ ထင်တယ်။ ဖိနှိပ်ချိုးနှိမ်ထားရတာတွေကို ရုန်းကန်ဖောက်ခွဲပစ်တဲ့အခါ ပက်ပက်စက်စက် ပြောမိဖို့ ဖြစ်လာစေပုံရတယ်။ ဒါကတော့ ဆိုက်ခေါ်လောဂျစ်တွေ ပိုသိမယ်ထင်တယ်။)
၁၉၈၅-၈၆ လောက်မှာ မူလတန်းကနေ အလယ်တန်းကျောင်းကို ရောက်ချိန်လောက်မှာ ဒီစကားကို စကြားဖူး၊ စသုံးဖူးမယ်လို့ ရေးတေးတေးလေး မှတ်မိသလိုလိုရှိတယ်။ ကျောင်းသစ် သူငယ်ချင်းသစ် လောကသစ်ကိုရောက်လာချိန် အတတ်ဆန်းတွေ အပြောအဆိုဆန်းတွေ ကျနော်တို့ ရဲ့  ဝေါဟာရဘဏ်ထဲ ရောက်လာချိန်မှာ ဒီ ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရလည်း တဒေါင့်တနေရာကနေ မသိမသာ ရောပါလာခဲ့ ပုံရတယ်။ ဆိုတော့ကာ ဒီဝေါဟာရဟာ ပေါ်လာတာ သိပ်မကြာသေးတဲ့ ငွေရတုတောင် ပြည့်ချင်မှပြည့်အုံးမဲ့ စကားမျိုးလို့  ယူဆမိတယ်။
နောက် ဒီစကားဟာ ဖင်ပါနေတဲ့အတွက်ကြောင့်ထင်တယ်၊ လူကြီးသူမရှေ့  သုံးကောင်းတဲ့ စကားလုံးတော့ မဟုတ်ဖူး။ ဒါပေမဲ့ မိမနိုင်ဖမနိုင်လေးတွေ တခါတခါ ကိုယ့်မိဘရှေ့ မှာ ဒေါသနဲ့ သုံးတာမျိုးတွေတော့ ကြားဖူးပါရဲ့ ။ နောက်တခါ ဒီဝေါဟာရဟာ ဆဲတာမဟုတ်ပေမဲ့ လိမ်တူသူတွေကြားပဲသုံးလို့ ကောင်းတဲ့စကား။ သူငယ်ချင်းတွေ စုမိပြီး အရည်မရ အဖတ် မရပြောတဲ့အခါ ပါလာတတ်တဲ့စကား။ မိန်းခလေးတွေ အချင်းချင်းကြားလည်း သုံးချင်သုံးမှာပါ။ ဆန့်ကျင်ဘက်လိင်ရှေ့ မှာသုံးတယ်ဆိုရင်လည်း ကိုယ်နဲ့ရင်းနှီးတဲ့ ပြောမနာဆိုမနာ သူငယ်ချင်းတွေနဲ့ ကျမှသာ သုံးကောင်းတဲ့ ဝေါဟာရမျိုးဖြစ်တယ်။ ခုကျမှသိတဲ့ ဆန့်  ကျင်ဘက်လိင်ရှေ့ မှာ ကောက်ကာငင်ကာသုံးလို့ ကောင်းတဲ့ စကားမျိုးမဟုတ်ဘူး။
ဒီတော့ အစပိုင်းမှာ မေးခဲ့တဲ့မေးခွန်းကို ပြန်မေးကြည့်မယ်။ ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရ အောက်မှာ ဘယ်လိုလုပ်ရပ်တွေ၊ အမူအကျင့်တွေပါလဲ။ ဖီလော်ဆော်ဖီဟာ တကယ်တော့ ပျင်းရိခြောက်သွေ့ဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကိုပဲ အရည်မရ အဖတ်မရ စဉ်းစားနေတဲ့ ဘာသာရပ်မဟုတ်ဖူး။ ခုလိုမျိုး မထင်မှတ်ဘဲ မေးခွန်းထုတ်စရာ မလိုဘူးလို့ ယူဆထားတဲ့ ဝေါဟာရလေးတခုခုကို ကိုယ်သိထားသလောက်ကနေ စစဉ်းစားကြည့်ပြီး အဲဒိကနေ တဖြည်းဖြည်း စိတ်ရှည်လက်ရှည်နဲ့ ချဲ့ ချဲ့ သွားရင် တခါတခါ အင်မတန်မှ အံ့အားသင့်စရာကောင်းပြီး စိတ်ပျော်ရွှင်မှုကိုပေးတဲ့ ရလာဒ်မျိုးတွေကို ရောက်လာတတ်တယ်။ ဟုတ်မဟုတ် ဒီဝေါဟာရနဲ့ လက်တွေ့စမ်းကြည့်ကြတာပေါ့။
(ဆက်လက်ဖော်ပြပါမည်။)
w
တခါက ပွဲခင်းတခုမှာ ပွဲကနေတုန်း စင်ပေါ်ကို ပရိတ်သတ်ထဲကနေပြီး ပြောင်းဖူးရိုးနဲ့ လှမ်းလှမ်းပစ်သတဲ့ ။ခုခေတ်ဆို ရေသန့်ဘူးပေါ့။ နှစ်ခါသုံးခါလောက်ပစ်တော့ စင်ပေါ်ကလူ(မင်းသား ဆိုပါတော့) သွားမှန်တယ်။ အောင်မငေးဗျပေါ့ ။ ရုတ်ရုတ်သဲသဲဖြစ်တော့တာပေါ့။ ပွဲခင်းကလည်း ခပ်မှောင်မှောင်နဲ့ ပွဲအာရုံစိုက်တဲ့သူက စိုက် ၊ ငိုက်တဲ့သူက ငိုက်ဆိုတော့ ဘယ်ကောင်ဆော်လိုက်မှန်းလည်း မသိဘူး။ ဒါနဲ့ ပွဲခင်းစောင့် ကြွက်တွေက ဘယ်ကောင်လဲကွ ပြောင်းဖူးရိုးနဲ့ ပစ်တာ ။ ဟေ့ ဘယ်ကောင်လဲ ဆိုပြီး လက်နှိပ်ဓာတ်မီးနဲ့ ဟိုးထိုးဒီထိုးပြီး ငေါက်လား ငမ်းလားနဲ့ ရှာတော့တာပေါ့။ စခန်းမှူးကြီးကလည်း စင်ပေါ်တက် မိုက်ခွက်ကြီးကိုင်ပြီး အာလေး လျှာလေးနဲ့ ဘယ်ကောင်ပစ်တာလဲကွ နဲ့လုပ်တော့ ပရိတ်သတ်ကလည်း ငြိမ်ကုတ်ပြီး ဟိုလူနိုးနိုး ဒီလူနိုးနိုးနဲ့ ဘေးဘယ်ညာ အသာဝေ့ကြည့်နေကြတာပေါ့ ။ အဲ့ဒီမယ် ပွဲခင်းထဲက မအူမလည် ငနဲတယောက်၊ သူထိုင်နေတဲ့ ဖြာကြမ်းကြားက ကြမ်းပိုးကိုက်လို့ ဖင်ယားတာနဲ့ ကုတ်မယ်ဆိုပြီး ဒူးထောင်ကာ ဖင်ကို အကြွ ကုန်းပြီး ခေါင်ထောင်ထသလို အဖြစ်နဲ့ လက်နှိပ်ဓာတ်မီး အထိုး သွားတိုးပြီးသကာလ ဟေ့ မင်းလားကွ ပြောင်းဖူးရိုးနဲ့ ပစ်တာ လာစမ်းဆိုပြီး ဂုတ်က ဆွဲခေါ်တော့ မဟုတ်ဘူးခင်ဗျ။ မဟုတ်ပါဘူး ကျုပ်ဘာ့သာ ဖင်ယားလို့ ကုတ်မလို့ ဆိုကာရှိသေး ။ အေး..ဖင်ယားတယ်ဆိုလည်း ဖင်ယားမှုပေါ့ကွာ။ ဖင်ယားမှု အာမခံမရဘူး ဆိုပြီး ဆွဲသွားပါလေရောတဲ့။ ပွဲခင်းထဲက အမယ်ကြီးတွေက အော် ဒီကောင်လေးနှယ့် အရေးထဲမှ ဖင်ယားရတယ်လို့ တော် ဆိုပြီး ရီကြသတဲ့။
ဟုတ်မဟုတ်တော့ မသိဘူးဗျ။ အဲ့ဒီလိုတော့ ကြားဖူးနားဝ ရှိတာပဲ။
ကိုယ်နဲ့ တိုက်ရိုက် မဆိုင်တဲ့ကိစ္စ တို့ ။ ကိုယ် ဂ,န သေချာ နားမလည်တဲ့ ကိစ္စတို့မှာ ဘုမသိ ဘမသိ ရောယောင် ဝင်ပါတဲ့အခါမျိုးမှာ ဖင်မယားနဲ့။ အေးဆေးနေ ဆိုတာမျိုး ပြောတတ်ကြပြီး ဝင်ပါလို့ တခုခုအလွဲဖြစ်တဲ့အခါမျိုးမှာလည်း ဖင်ယားတာကိုး နည်းတောင် နည်းသေးတယ်လို့လည်း ပြောကြတယ်။ လုပ်ရိုးလုပ်စဉ်လုပ်ရင် လွယ်ကူအဆင်ပြေမဲ့ ကိစ္စကို အဆန်းထွင်လို့ အလွဲဖြစ်ရင်လည်း ဖင်ယားတဲ့ကောင်လို့ ပြောကြပြန်တယ်။
အခု ကျနော်ဝင်ပြောတာကိုလည်း ဖင်ယားတယ်လို့ ပြောနိုင်တာပဲပေါ့။
အဟဲ =)
အင်းရှာရှာ ကြံကြံ စွန့် စွန့်  စားစား ဖေါ်ထုပ်ဖို့ လုပ်နေတာပဲ။
ဖတ်ကောင်းပါမှ ဆက်လက်ဖေါ်ပြပါမည်ဆိုတော့ ….
အင်းဆက်လက်မျှော်ရတော့ မှာပေါ့ လေ။
ဒါနဲ့ ….
နောက်လာမှာ ကိုဖတ်လို့ ရအောင် သွားနေကျ ထဲမှာ ထည့် ထားလိုက်ပြီ။
နောက် သုံးတဲ့စကားတခုက အားအားယားယားတဲ့။ ဖင်ယားတယ်လို့ ပြောရင် ကျနော်တို့ကို အမေက ရိုက်တယ်။ ရိုင်းတဲ့စကားဆိုပြီး ဟန့်တယ်။ အားအားယားယားလို့ သုံးရင်တော့ ဘာမှမပြောဘူး။ တချို့တွေက ဖီလော်ဆော်ဖီကို ကြောင်ရေးချိုးတဲ့အလုပ် ဘာညာနဲ့ ဝေဖန်ကြပါတယ်။ ကျနော်ကတော့ လက်မခံပါဘူး။ စိတ်ဝင်စားတယ်။ နောက်ပီး အတွေးအခေါ်အသစ်၊ အယူအဆအသစ်တခုကို ချပြပြန်ရင်လဲ အသားသေနေတဲ့ ၀န်းကျင်မှာ ရုတ်တရက် လက်မခံကြတာ၊ ရန်ရှာကြတာ၊ ဟုတ်နေသည့်တိုင် ပြည်ဖုံးကားချထားတာတွေကို ထိုးဖောက်ပီး ချပြကြတာတွေကို အရမ်းစိတ်ဝင်စားပါတယ်
ကိုဝတုတ်ရေ၊
ဖင်ယားတယ်တော့ သဘောမထားနဲ့နော၊ ဆွေးနွေးကြည့်မလို့ပါ 🙂
ဒီစာလုံးကို ဘယ်တုံးကပေါ်သလည်း မသိပေမယ့် သေချာတာကတော့ ၁၉၈၀ လွန်နှစ်တွေ (သိတတ်လာတဲ့အရွယ်မှာ) စကြားဖူးခဲ့ပါတယ်။ နောက်တစ်ခုသေချာတာကတော့ ဒီစကားမျိုးဟာ ကျနော်တို့ လမ်းသရဲခေတ်လို့ခေါ်တဲ့ ၁၉၇၀ နှစ်တွေရဲ့ နောက်ပိုင်းမှပေါ်တယ်လို့ ယုံကြည်ပါတယ်။ အဲဒီလောက်ကျမှပဲ အခုခေတ်နဲ့ နီးစပ်တဲ့ ဘန်းစကားတွေ စသုံးလာတယ်လို့ နားလည်မိလို့ပါ။
သူ့နဲ့ ဆင်တူမယ့်၊ ပိုယဉ်မယ့်စကားလုံးကတော့ “ရှည်ကိုရှည်တယ်” ဆိုတဲ့စကား ဖြစ်မယ်ထင်ပါတယ်။
ကိုဝတုတ်က စကားလုံးတစ်လုံးစီကို အဓိပ္ပါယ်ဖွင့်ဖို့ ကျိုးစားလို့ ကိုယ့်တွေ့ကြုံခဲ့တာတွေနဲ့ နီးစပ်တာနဲ့ ပြောကြည့်တာပါ။ ငယ်စဉ်က သူငယ်ချင်းတစ်ယောက်ကို မင်းကတော့မြွေပဲ လို့ သုံးနေကျအတိုင်း ပြောလိုက်တာ သူကနားလည်ပေမယ့် မြွေပဲဆိုတဲ့အဓိပ္ပါယ်ကို မင်းကနားလည်လို့ ပြောတာလားလို့ ဆရာပြန်လုပ်လိုက်တာ ချာလပတ်လည်သွားဖူးတယ်။ နောက်ပိုင်းကျတော့ ဥပမာ ဘော်လုံးပွဲမှာ “မဲနောက်” လို့သုံးတာမျိုးတွေပေါ့။ စဉ်းစားလိုက်ရတာဗျာ၊ အေး မဲနယ် ဆိုတာနဲ့များ ဘယ်လိုဆွေမျိုးတော်စပ်ပါလိမ့် ဆိုတာမျိုးပေါ့။ ကြီးလာတော့မှ အော်..man out ဆိုပြီး ဖြစ်ပါလိမ့်မယ်လို့ ဆက်စပ်တွေးခဲ့ရတယ်။ ကိုယ့်ကို ရှင်းပြနိုင်လောက်တဲ့သူ၊ စေတနာရှိပြီး အသိဝမ်းစာပြည့်သူတွေနဲ့ မကြုံခဲ့ရတာလည်း ပါမှာပေါ့ဗျာ။
ခုကျပြန်တော့လည်း စကားလုံးတွေရဲ့ ဖြစ်နိုင်ခြေအဓိပ္ပါယ်တွေကို ရှောက်မွှေတဲ့ semiotics ဆိုတာလေးတွေပါ မြည်းစမ်းဖူးလာတော့ စကားလုံးတိုင်းကို မစဉ်းစားဖြစ်ပေမယ့် ပိုစိတ်ဝင်စားလာအောင် နှိုးဆွပေးနေ သလိုပါပဲ။ ဒါပေမယ့် ပုံသေကားချပ် အဘိဓါန်တွေနဲ့ ချိန်ထိုးတာမျိုးတော့လည်း မဟုတ်ပြန်ဖူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုဝတုတ်ရဲ့ ဖီလိုနောက်ခံနဲ့ အဖြေထုတ်လာမှာတွေကိုတော့ စိတ်ဝင်စားပါတယ်။ ဆက်လုပ်ပါအုံး။
It is because of homosexuality legal acts we inherited from
British colonial masters. Literal translation from Burmese,
although quite crude, will be as follows “Passive homosexuals
who feel itchiness in their rectums will get penetrated by a
phallus to satisfy their carnal lust, that will lead to prison.”
” ‘ဖင်ယားမှု’ ကို သရုပ်ခွဲကြည့်ခြင်း ” ကို က … ‘ဖင်ယားမှု’ … 🙂 ..sake soe net naw 🙂
ဓားခုတ်ရာ လက်ဝင်လျှိုတယ် ဆိုတဲ့စကားနဲ့ တူတယ်ထင်တယ်ဗျ။ဖင်ယားတယ် လို့ သုံးနှုန်းရတာကတော့ ပိုပြီ ပြစ်ပြစ်နှစ်နှစ်ရှိသပေါ့ဗျာ…။ဒီထက်ပိုပြစ်ပြစ်နှစ်နှစ်သုံးကြတာ
က – ကိုရှည်တယ်…တဲ့ဗျ…ဟား ဟား…။ ကျွန်တော်လည်း ဝင် ဖင်ယားကြည့်တာ…:)