//
you're reading...
Burma, Burmese, History, Uncategorized

ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် ၃

ဒို့ဗမာအစည်းအရုံးဝင်တွေကို အစမှာ လူတွေက ‘သခင်ပေါက်စ ထောင်ခြောက်လ’ လို့ လှောင်ကြတယ်။ သမီးရှင်တွေကလည်း မီးဒုတ် မီးဒုတ် ရှို့ ရှို့ အော်ပြီး ပုလိပ်နဲ့ နေရာတကာ လိုက်ရန်ဖြစ်သူတွေနဲ့ ICS ဖြစ်မဲ့လူ၊ အရေးပိုင် ဖြစ်မယ့်လူဆို ဒုတိယလူကိုပဲ သားမက်တော်ချင်ကြမှာပဲ။ (again ခြွင်းချက်တွေ ရှိနိုင်ပါတယ်။) ဗမာပြည်မှာ နိုင်ငံရေးလုပ်တယ်ဆိုတာ တော်တော့်ကိုကျေးဇူးတင်မခံရတဲ့ အလုပ်ပဲ။ ဘယ်သူကမှလည်း ကိုယ့်ကို အတင်းလုပ်ခိုင်းတာမဟုတ်၊ ကိုယ့်ဟာကိုယ် မနေနိုင်လို့လုပ်ကြတယ်၊ ပြီးတော့ ထောင်ကျ တန်းကျနဲ့ ကိုယ့်မိသားစုပေါ်လည်း တာဝန်ကျေချင်မှ ကျေနိုင်မယ်။ သံတိုင်တွေနောက်မှာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အများကြီး ပေးဆပ်ပြီး ကိုယ်မျှော်မှန်းတာတွေလည်း ဖြစ်ချင်မှဖြစ်လာမယ်။ စီးပွားတွက် တွက်တတ်တဲ့သူအတွက်က နိုင်ငံရေးဟာ ရှောင်ချင်စရာပဲ။ ကိုယ်ရလာမဲ့ reward အကျိုးအမြတ်နဲ့ ပေးဆပ်ရဖွယ်ရှိတဲ့ ဆင်းရဲဒုက္ခ risk တွေကို အချိုးချကြည့်လိုက်ရင် နိုင်ငံရေးကို ဘယ်လိုမှ လုပ်ချင်စရာ မကောင်းဘူး။ ဒါပေမယ့် ဒီလိုလူမိုက်တွေကြောင့်သာ မဟုတ်ရင် ကျနော်တို့ဟာ ကိုယ်ဆုံးရှုံးသွားတဲ့ အရာတခုကို၊ ကိုယ့်ဆီက လုယူသွားတဲ့ ကိုယ့်ရဲ့  ကိုယ်ပိုင်ပစ္စည်းကို ပြန်ရအောင် မတောင်းရဲတဲ့ အသုံးမကျတဲ့ ကိုယ်ရည် ကိုယ်သွေးညံ့တဲ့ လူမျိုးလို့ မှတ်တမ်းတင်ခံရမှာဘဲ။

အစောပိုင်းမှာ လူထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် မရှိပေမယ့် ပါလီမန်နိုင်ငံရေး တနည်းအားဖြင့် ဒေါက်တာဘမော်တို့၊ ဦးစောတို့ လုပ်နည်းလုပ်ဟန် နိုင်ငံရေးနဲ့ သူ့အရင် ဒိုင်အာခီ နိုင်ငံရေးကို စိတ်ကုန်သူတွေကြားမှာတော့ ဒို့ဗမာ အစည်းအရုံးကို ထောက်ခံသူ မရှားဘူး။ ကိုနုတို့၊ ကိုအောင်ဆန်းတို့ သခင်နု၊ သခင် အောင်ဆန်းဖြစ်လာသလို ကိုယ့်ကိုယ်ပိုင်လို သတ်မှတ်ထားတာကို သူများတကာက လုယူထားတာကို ဘယ်တော့မှ လက်မခံခဲ့တဲ့ မစ္စတာမောင်မှိုင်း အမည်ခံ ဆရာကြီးဦးလွန်းဟာ သခင်ကိုယ်တော်မှိုင်း ဖြစ်လာပြီး လူထုကြားမှာ ဒီအစည်းအရုံးဟာ ပိုဝင်ဆန့်လာတယ်။

နောက်ဒို့ဗမာအစည်းအရုံးနဲ့ ပတ်သက်ပြီး တွေ့ ရတာ နောက်တခုက ကနဦး အဖွဲ့ဝင်တွေထဲမှာ ဟစ်တလာကို အားကျတဲ့လူ၊ မူဆိုလီနီကို အားကျတဲ့လူ၊ ဂန္ဓီကို အားကျတဲ့လူ[1]၊ အမျိုးသား ဆိုရှယ်လစ် ၀ါဒကို အားကျတဲ့လူနဲ့ သူတို့အဖွဲ့ဘာဆိုတာကို ကောင်းကောင်းမှန်းလို့ မရဘူး။ ဥရောပမှာ နာဇီဝါဒ အားကောင်းလာချိန်နဲ့ ဒို့ဗမာ အစည်းအရုံး ထောင်တဲ့အချိန် တချိန်တည်းလို ဖြစ်နေတာ တိုက်ဆိုင်မှု သက်သက်တင် ဟုတ်ဟန် မတူဘူး။ ဒါဟာဆက်လေ့လာချင်စရာကောင်းတယ်။ နောက်ပိုင်းမှာ သခင်နုတို့၊ သခင်အောင်ဆန်းတို့၊ သခင်သန်းထွန်း၊ သခင်စိုးတို့လို မတ်ဝါဒကို သဘောကျတယ်လို့ ပြောတဲ့သူတွေ ၀င်လာတော့ ဒီအဖွဲ့ဟာ လက်ဝဲလား၊ လက်ယာလား ဆိုတာ တိတိကျကျ ပြောရပိုတောင် ခက်သေးတယ်။ မူဆိုလီနီကိုအားကျတဲ့လူရော၊ ဂန္ဓီကိုအားကျတဲ့လူရော၊ လီနင်ကို အားကျတဲ့လူရော၊ အနည်းဆုံး နှစ်ယောက်လောက်ကို တပြိုင်တည်း အားကျတဲ့လူရော စုံနေတာပဲ။[2] ဒါပေမယ့် ၁၉၃၈ ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲပြီး နောက်မှာ အများစု အဖြစ်နဲ့ကျန်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ အခြမ်းကတော့ အယူဝါဒပိုင်းမှာ ပိုပြီး ရှေ့ နောက်ညီတာ တွေ့ရတယ်။[3]

အစကတော့ ၉၁ ဌာနအုပ်ချုပ်ရေးဟာ ကျွန်သက်ရှည်စေမယ့်အုပ်ချုပ်ရေး ဖြစ်တယ်၊ ဘုရင်ခံက အရေးကြီးတဲ့ ဌာနတွေ အားလုံးကို ချုပ်ထားတာမို့ ဒီအုပ်ချုပ်ရေးကို လက်မခံဘူးလို့ပြော၊ ဒေါက်တာဘမော်တို့၊ ဦးစောတို့ရဲ့ ပါလီမန် လခစား နိုင်ငံရေးကို တိုက်မယ်လို့ပြောပြီး တဘက်မှာ ကိုယ်ကိုယ်တိုင်ကျတော့ ရွေးကောက်ပွဲ ၀င်ဖို့ဆုံးဖြတ်တဲ့  ဆုံးဖြတ်ချက်ကို နားလည်ရ ခက်တယ်။[4]ဒို့ဗမာ အစည်းအရုံးမူက ၉၁ ဌာနအုပ်ချုပ်ရေး အတွက် ရွေးကောက်ပွဲ မ၀င်ရေးဖြစ်ပေမယ့် ဒို့ဗမာအစည်းအရုံးရဲ့ လက်အောက်မှာ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ဆိုတဲ့ နံမယ်နဲ့ ၁၉၃၇မှာ ပေါ်လာမယ့် အစိုးရအတွက် ရွေးကောက်ပွဲဝင်ရာမှာ ၂၈ နေရာမှာ သုံးနေရာပဲ ရတယ်။ မဲပေးသူ ဘယ်လောက်ရှိလဲ ဆိုတာ ခုစာရေးနေချိန်မှာ မသိရပေမယ့် (အခွန်ဆောင်သူတိုင်းမဲပေးနိုင်တယ်လို့ ဇီဇ၀ါက ရှင်းပြတယ်) မဲပေးသူတွေကြားမှာတော့ ဒို့ဗမာအစည်းအရုံးဟာ ဒေါက်တာဘမော်တို့ ပါတီလောက်တောင် ထောက်ခံမှုမရခဲ့ဘူး။

လခစား နိုင်ငံရေးသမားကြီးတွေ တယောက်တလှည့် နန်းရင်ဝန်လုပ်တမ်း ကစားနေချိန်မှာ ဒို့ဗမာအစည်းအရုံးဝင်တွေရဲ့ နိုင်ငံရေးကလည်း ဆန္ဒပြ သပိတ်မှောက်အောင် လှုံ့ ဆော်တဲ့ နည်းကနေ သိပ်ပြီးများများစားစား ခရီးမရောက်လှသေးဘူး။ တဘက်မှာ ရေနံမြေ သပိတ်တို့၊ ထောင့်သုံးရာပြည့် အရေးတော်ပုံတို့ နောက် အတွင်းဝန်များရုံးကိုဝိုင်း အသေခံပြီး သပိတ်တိုက်ပွဲ ၀င်ခဲ့တာတွေတော့ ရှိခဲ့ပါတယ်။ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျသွားတာကိုကြည့်ရင် ဒီသပိတ်တိုက်ပွဲတွေကို မထူးပါဘူးဆိုပြီး ပြောတာ မှားတယ်။ တခုတော့ ရှိတာပေါ့လေ၊ ဒေါက်တာဘမော်ပြီးတက်လာတဲ့ နန်းရင်ဝန် များဟာလည်း သူ့အရင်လူတွေနဲ့ ထူးမခြားနားပါ။ လူပြောင်းသွားတာသာဖြစ်ပြီး ပုံစံကတော့ သပိတ်တိုက်ပွဲတွေ သက်သက်နဲ့ ဘယ်လိုမှ မပြောင်းခဲ့ဘူး။

အဲဒိအချိန်မှာ သခင်တွေရဲ့  လုပ်ကိုင်ပုံတွေကို လူထုက ဘယ်လိုသဘောထားလဲ၊ ဘယ်လောက်ထောက်ခံလဲဆိုတာ မေးစရာပဲ။ စာတွေထဲရေးထားတာတော့ ပြည်သူလူထုက ထောက်ခံတယ်လို့ ဆိုတယ်။ ဘယ်လောက်ထောက်ခံလဲ ဘာအထောက် အထားရှိလဲဆိုတာ ပြောရခက်တယ်။ မှန်းပြောလို့ရတာတွေတော့ ရှိနိုင်တယ်။ ဥပမာ မဟာဆွေရဲ့  သပိတ် ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ဇာတ်လိုက်လုပ်ရေးတဲ့ ဒို့မေမေတို့၊ သူပုန်ကြီးတို့၊ ထောင်နန်းစံတို့လို သွေးတိုး ၀ထ္ထုတွေဟာ မြို့ ကြီး ပြကြီးတွေမှာ အတော်လေး ရောင်းကောင်းခဲ့တော့ ဒါကိုကြည့်ပြီး သပိတ် တိုက်ပွဲတွေကို လူတွေက ထောက်ခံတယ်ပြောလို့ရတယ်လို့ ဇီဇ၀ါက ရှင်းပြတယ်။ ဒါလည်း စဉ်းစားစရာပဲ။ သမိုင်းဆရာတွေကြား ကျယ်ကျယ်ပြန့်ပြန့် သဘောတူကြတာကတော့ (consensus view) ကတော့ သခင် ကိုယ်တော်မှိုင်းလို လူလေးစားတဲ့ ဆရာကြီးတယောက်က ဦးဆောင်အခန်းက ပါလာတဲ့အခါမှာ လူထုထောက်ခံမှု သိသိသာသာ တက်လာတာပဲ ဖြစ်တယ်။ အဲဒိတုန်းက လူများစုဟာ အင်္ဂလိပ်အစိုးရက ကောက်ထားတဲ့ စစ်တမ်းတွေအရ (နောက်ပိုင်းမှာ ထပ်ပြောထားတယ်။) လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ လယ်သမားတွေ ဖြစ်တယ်။ သူတို့ဟာ ခုသခင်နိုင်ငံရေးတို့၊ သပိတ်တို့ ဘာတို့ကို ဘယ်လောက်သိမလဲ နားလည်မလဲဆိုတာ ခန့်မှန်းရခက်တယ်။ မောင်ထင်ရဲ့ ငဘလို လူမျိုးတွေ ဘယ်နှစ်ယောက်ရှိမလဲ။ အင်္ဂလိပ် အုပ်ချုပ်ချုပ်၊ ဓားမအုပ်ချုပ်ချုပ်၊ ဂဠုန် အုပ်ချုပ်ချုပ် သူတို့ဘ၀ဟာ ဘာမှ သိပ်ပြီး ထူးခြားပြောင်းလဲမှု ရှိမှာမဟုတ်တဲ့ လူတွေရော ဘယ်လောက်များမလဲ။ အဲဒိအတွက် အထောက်အထား ကောင်းကောင်း မတွေ့ရလို့ ကျနော်ကတော့ ဒို့ဗမာအစည်းအရုံးကို ထောက်ခံမှု ဘယ်လောက် ရှိလဲ ဆိုတဲ့ မေးခွန်းကို စိတ်တိုင်းကျလောက်အောင် မဖြေနိုင်ဘူး၊ ပြောခဲ့တဲ့ consensus view လောက်ကိုသာ ပြောနိုင်တယ်။ အထောက်အထား ကောင်းကောင်းနဲ့ ဖြေနိုင်မဲ့သူ ရှိရင် ကြားချင်ပါတယ်။ တဘက်မှာ ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ဦးဆောင်တဲ့ ဖဆပလကို ဘယ်လောက်ထောက်ခံလဲဆိုတဲ့ မေးခွန်းကိုတော့ ပြတ်ပြတ်သားသား ဖြေလို့ ရနိုင်တယ်။

ကျနော့် ကောက်ချက်ကတော့ ဒို့ဗမာအစည်းအရုံးဟာ ၉၁ ဌာန အုပ်ချုပ်ရေးပုံစံကို လူထုတိုက်ပွဲ သက်သက်နဲ့ အပြုတ်တိုက်နိုင်လောက်တဲ့ ထောက်ခံမှု ပြတ်ပြတ်သားသား မရှိခဲ့ဘူး။ ဒါပေမယ့် ရှိရှိသမျှ အတားအဆီးတွေကို အပြတ်ရှင်းပစ်မယ့် လေနီကြမ်းတွေက အဲ့ဒိအချိန်မှာ အရှေ့ အာရှကနေ ဗမာပြည်ဘက်ကို ရွေ့ လျားလာနေပြီ။ ဒီလေနီကြမ်းတွေဟာ ဗမာ့သမိုင်းလမ်းကြောင်းကို လုံးဝကို ပြောင်းလဲပစ်လိုက်ဖို့ ပြင်နေပြီ။

ဥရောပနဲ့ အရှေ့ အာရှမှာ စစ်ရိပ်စစ်ငွေ့တွေသန်းလာတာဟာ သူတို့ လက်အောက်ခံ ကိုလိုနီနိုင်ငံတွေ အတွက်တော့ မဟာအခွင့်အရေးကြီးပဲ။ အဲဒိအချိန်က  ဥရောပ နိုင်ငံတွေအတွက် အဓိက ရန်သူက ဖက်ဆစ်ဝါဒ၊ နာဇီဝါဒဖြစ်ပေမယ့် ကျန်တဲ့ ကမ္ဘာ့ဒေသတွေဖြစ်တဲ့ အာရှနိုင်ငံ အများစု၊ အာဖရိကနဲ့ အရှေ့ အလယ်ပိုင်းတ၀ိုက်က ဥရောပ နိုင်ငံတွေလက်အောက် ရောက်နေတဲ့ ကိုလိုနီနိုင်ငံတွေ အတွက်တော့ အဓိကရန်သူဟာ ကိုလိုနီနယ်ချဲ့ ဝါဒပဲ။ ဗမာပြည်က ဒို့ဗမာအစည်းအရုံးထဲမှာ အဲဒိအချိန်က ကွန်မြူနစ်အယူအဆကို ယုံကြည်လက်ခံသူရော၊ ဆိုရှယ်လစ်အယူအဆကို လက်ခံယုံကြည်သူဆိုပြီး အဓိကနှစ်ခုဖြစ်လာတယ်။[5]ဆိုရှယ်လစ် အယူအဆကို လက်ခံယုံကြည်သူတွေကို ပြည့်သူ့အရေးတော်ပုံပါတီနဲ့တွဲသိတယ်။ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက သခင်မြ၊ သခင်ချစ်၊[6] ကိုဗဆွေ၊ ကိုကျော်ငြိမ်းတို့ဖြစ်ပြီး ကွန်မြူနစ် ဘက်မှာတော့ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်သိန်းဖေတို့က ထင်ရှားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက နှစ်ဖွဲ့လုံးကို စထောင်တဲ့လူတွေထဲမှာပါတယ်။ ဒါပေမယ့် တကယ်တမ်း စစ်ပြီးလို့ ပါတီဆိုင်းဘုတ်ထောင်ပြီး ပါတီနံမယ်နဲ့ နိုင်ငံရေး လုပ်ကြတဲ့အခါမှတော့ သူဟာ ဘယ်ပါတီမှာမှ မပါဘူး။

ပြောခဲ့သလို ကိုလိုနီအစိုးရတွေ အကျပ်ရိုက်နေတာကို ဘယ်လိုအသုံးချမလဲဆိုတာ ဆွေးနွေးဖို့ သခင်အောင်ဆန်းက ဓားမပါတီ(ဆင်းရဲသားပါတီ)ခေါင်းဆောင် ဒေါက်တာ ဘမော်နဲ့တွေ့တယ်။ ဒီနေရာမှာ အရေးကြီးတယ်ထင်လို့ ပြောချင်တာက သခင် အောင်ဆန်းဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဘယ်ဆုံးဖြတ်ချက်ကိုမဆို သူ့တယောက်ထဲ သဘောနဲ့လုပ်တာ မဟုတ်ဖူးဆိုတာပဲ။ ၁၉၃၉ – ၄၀ တ၀ိုက်က သခင်အောင်ဆန်းရဲ့  လုပ်ပိုင်ခွင့်၊ ကိုယ့်အဖွဲ့အစည်းတွင်း ထောက်ခံမှု၊ လူထုထောက်ခံမှုတွေဟာ ၁၉၄၆ ၄၇ တ၀ိုက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ပိုင်ခွင့်၊ ထောက်ခံမှု ရရှိပုံတွေနဲ့ ဘာမှမဆိုင်ဘူး။ သခင်အောင်ဆန်းဟာ ဒေါက်တာဘမော်နဲ့သွားတွေ့တာ သူတဦးထဲ သဘောဆိုတာထက် ဒို့ဗမာအစည်းအရုံးရဲ့ အများသဘောတူ ဆန္ဒနဲ့လုပ်တယ်လို့ ပြောတာက ပိုမှန်တယ်။ ဦးစောနဲ့ မတွေ့ဘဲ ဘာ့ကြောင့်ဒေါက်တာ ဘမော်နဲ့တွေ့လဲ။ ဒါလည်း စဉ်းစားစရာပဲ။ ဖြစ်နိုင်တာက လူပုဂ္ဂိုလ်ရေးအရကြည့်မယ်ဆိုရင် ဒေါက်တာဘမော်ဟာ ဦးစောထက်တော့ အလုပ်တွဲလုပ်လို့ရနိုင်မဲ့လူလို့ မြင်ရင် မှားစရာမရှိဘူး။[7]နောက်တခါ သခင်ပါတီနဲ့ ၀ါးရင်းဒုတ်တပ်တွေရဲ့  ပဋိပက္ခက ဒေါက်တာဘမော်နဲ့ ပဋိပက္ခထက် ပိုကြီးတယ်။

ဒီလိုနဲ့ ဒေါက်တာဘမော်နဲ့သခင်အောင်ဆန်းတို့တွေ့ပြီးတဲ့အခါမှာ ဗမာ့ထွက်ရပ်ဂိုဏ်း[8] ဆိုပြီး ပေါ်လာတယ်။ သူတို့ ရည်ရွယ်ချက်က အင်္ဂလိပ် အခက်ကြုံချိန်မှာ အခွင့်အရေး ယူပြီး လွတ်လပ်ရေးကို ရအောင်ယူဖို့ဆိုတာပဲ။ လက်တွေ့ထုတ်ပြောပုံကတော့ ဗြိတိသျှက လွတ်လပ်ရေးပေးမယ် ကျေညာရင် ဗြိတိသျှကိုကူညီမယ်၊ မကျေညာရင်ဆန့်ကျင်မယ် ဆိုပြီး နယ်လှည့်တရားဟောတယ်။ ဒီတော့ ဗိုလ်ချုပ်တို့ဟာ ဗြိတိသျှနဲ့ပေါင်းရေး၊ ဂျပန်နဲ့ပေါင်းရေး ဆိုတာတွေက သာမညဖြစ်ပြီး ပေါင်းတယ်ဆိုတဲ့နေရာမှာ condition ခြွင်းချက် ကြီးကြီးမားမားထားပြီး ပေါင်းတာပဲ။ ဒီခြွင်းချက်ကလည်း တခြားမဟုတ်ဖူး။ ဗမာ့လွတ်လပ်ရေးပဲ။ ဒီတော့ ဗိုလ်ချုပ်တို့ဟာ မူမရှိသလို ဟိုလူနဲ့ ပေါင်း ဒီလူနဲ့ပေါင်းဆိုပြီး ပြောတာဟာ ပေါ့ပေါ့ဆဆပြောတဲ့ အပြောပဲ။

ဗမာ့ထွက်ရပ်ဂိုဏ်းဘာပြောပြော ကိုလိုနီ အစိုးရက အရေးမစိုက်ပါဘူး။ ဗမာ့ထွက်ရပ်ဂိုဏ်း ကလည်း သူတို့အရေးစိုက်လောက်အောင် စိန်ခေါ်နိုင်စွမ်း မရှိဘူး။ ကြာတော့ မျက်စိစပါးမွှေးစူးပြီး ရှုပ်တယ် ဒီကောင်တွေ ထောင်ထဲထဲ့ကွာဆိုပြီး လုပ်လာတာပဲ။ သခင်ခေါင်းဆောင်အတော်များများအပါအ၀င် ဒေါက်တာဘမော်ကိုယ်တိုင် အဖမ်းခံရပြီး ဗိုလ်ချုပ်ကိုလည်း ဖမ်းဝရမ်းထုတ်တယ်။ အဲဒိမှာဗိုလ်ချုပ်တို့က ပြည်ပထွက်အကူအညီရှာဖို့ အကြောင်းဖန်လာတယ်။ သူ့အရင်ကတည်းကလည်း ဒါကို စဉ်းစားကောင်း စဉ်းစားနေနိုင်ပါတယ်။ ဒါပေမယ့် အဖမ်းခံရချိန်မှာ ဒါကပိုပြီး အရေးတကြီးဖြစ်လာတယ်။

ပြည်ပအကူအညီရှာဖို့လုပ်ကြတော့ ဒို့ဗမာအစည်းအရုံးက အများသဘောတူ ဆုံးဖြတ်ချက် နဲ့ တရုတ်ပြည်သွား အကူအညီရှာဖို့ဆုံးဖြတ်ပြီး[9] ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ သခင်အောင်ဆန်း ကိုယ်တိုင် ရဲဘော်တယောက်နဲ့ တရုတ်ပြည်ကို ထွက်ဖို့လုပ်ကြတယ်။ ဖမ်းဝရမ်းအောက်မှာ ရတဲ့ သင်္ဘောပတ်နဲ့လိုက်ရတာဆိုတော့ ဟိုင်လီသင်္ဘောဟာ သူတို့သွားချင်တဲ့ မော်စီတုန်းကွန်မြူနစ်တွေ အားကောင်းရာ ယင်အန်းကို မရောက်နိုင်ဘဲ ဂျပန် အားကောင်းတဲ့ အမွိုင်မှာ သောင်တင်နေတယ်။ အဲဒိမှာ သခင်အောင်ဆန်းနဲ့ သခင် လှမြိုင်တို့နှစ်ယောက် နေရေးစားရေးအတွက် ဗမာပြည်မှာ ရံပုံငွေကြိတ်ရှာရာမှာ ဒို့ဗမာ အစည်းအရုံးထဲက ဂျပန်လိုလားတဲ့ ဒေါက်တာသိန်းမောင်တို့ဆီလည်း သွားအလှုခံမိတယ်။ သခင်အောင်ဆန်း ပျောက်သွားတာ သူတို့လည်းသိတယ်။ နောက်ဒို့ဗမာအစည်းအရုံးက ထွန်းအုပ်-ဗစိန်ဂိုဏ်းကလည်း ဂျပန်နဲ့ဆက်ဖို့ သူ့အစီအစဉ်နဲ့သူလုပ်နေတယ်။ ဦးစောကလည်း လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ဖြစ်နေတယ်။ တကယ်တမ်း ဂျပန်နဲ့ပေါင်းမိပြီး ဂျပန်စစ်ယူနီဖောင်းဝတ်ဖြစ်သွားတာက သခင်အောင်ဆန်းဆိုပေမယ့် ဦးစောတို့၊ သခင်ဗစိန်တို့၊ သခင်ထွန်းအုပ်တို့က ဂျပန်ကို ပိုလိုလားသလို သူတို့လုပ်နည်း လုပ်ဟန်တွေ အားကျအတုယူသူတွေကိုကြည့်ပြီး ဒီလူတွေဟာ ဖက်ဆစ်ပေါ်တိမ်းညွတ်မှု ပိုရှိသူတွေ ဖက်ဆစ်နဲ့ပိုနီးစပ်နိုင်သူတွေ ဖြစ်တယ်။

အဲဒိအချိန်မှာ တရုတ်ဗမာလမ်းမကြီးကို အကြောင်းပြုပြီး ဗမာပြည်တွင်းက အမျိုးသားရေး လှုပ်ရှားမှု အခြေအနေတွေကို စောင့်ကြည့်ထောက်လှမ်းနေတဲ့ ဗိုလ်မှုးကြီး ဆူဇီကီးက ဒေါက်တာသိန်းမောင်တို့က တဆင့် အမွိုင်က ဗိုလ်ချုပ်တို့ တည်းခိုရာကို သိသွားပြီး တိုကျိုကို ခေါ်သွားတာဖြစ်တယ်။

ဆက်ရေးစရာတွေ ပိုပိုပေါ်လာတယ်။ ဒါပေမယ့် ခဏနားဦးမယ်။

ဝတုတ်


[1] သခင်ဗစိန်က ဂန္ဓီအားကျလို့ ခေါင်းတုံးတုံးပြီး သူ့ကိုယ်သူ ဂန္ဓီစိန်လို့ ပြောတယ်။ သခင်ဗစိန်က နောက်ပိုင်းမှာ ဆီုဗီယက်ရုသျှကို သရော်ထားတဲ့ George Orwell ရဲ့ Animal Farm ကိုလည်း ဘာသာပြန်တယ်။ နောက်အစောပိုင်း သခင်တွေထဲမှာ ဟစ်တလာရဲ့  ‘mein kempf’ ကို ဘာသာပြန်တယ်လို့လည်း ကြားတယ်။ အတိအကျ သိရရင် ထပ်ဖြည့်ပြောမယ်။ သခင်ဗစိန်က အကြမ်းမဖက်တဲ့နည်း ကိုင်စွဲတဲ့ ဂန္ဓီကို အားကျတယ်လို့ ပြောပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို လူမိုက်ငှား ရိုက်ခိုင်းတယ်။

[2] ဗမာပြည်မှာ အဲဒိအချိန်က လုပ်ကြံရေးဂိုဏ်းဆိုပြီး ပေါ်လိုက်သေးတယ်လို့ သိမှီသူတွေက ပြောပြတယ်။ သခင်အသင်းမှာ လုပ်ကြံရေးဂိုဏ်းထဲက ပုဂ္ဂိုလ်တွေလည်းပါတယ်။

[3] သခင်ကိုယ်တော်မှိုင်း အဖွဲ့မှာ ထင်ရှားတဲ့လူတွေက သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်သိန်းဖေ၊ သခင်စိုး၊ သခင်လှဖေ (နောင်ဗိုလ်လက်ျာ)၊ သခင်ဗဟိန်း၊ သခင်နု၊ သခင်ဗိုလ်၊ သခင်လှမြိုင် စတဲ့သူတွေ ဖြစ်တယ်။ အားလုံးက လက်ဝဲ တိမ်းညွတ်မှုရှိသူတွေချည်းဖြစ်တယ်။ သခင်စိုးက ‘ဆိုရှယ်လစ်ဝါဒ’၊ သခင်ဗိုလ်က Karl Marx အကြောင်း၊ သခင်သန်းထွန်းက လီနင့်အကြောင်းဖြစ်တဲ့ ‘ကျမချစ်လင်’၊ သခင်ဗဟိန်းက ‘ဓနရှင်လောက’ ၊ သခင်သိန်းဖေက ‘ဘုံဝါဒနဲ့ ဒို့ဗမာ’၊ သခင်နုက ဘော်ရှီဗစ် တော်လှန်ရေး အကြောင်းဖြစ်တဲ့ ‘လူမွဲတို့ရဲ့ ထွက်ရပ်လမ်း’ စတဲ့ စာအုပ်တွေကို ဘာသာပြန်ဆိုကြ၊ ရေးကြတယ်လို့ ၀င်းတင့်ထွန်းရဲ့ အမှောင်ကြားက ဗမာပြည် စာ ၁၇ မှာရေးထားတယ်။

[4] သခင်မြလည်း ဒို့ဗမာအစည်းအရုံးကနေ ရွေးကောက်ပွဲဝင်တဲ့ထဲမှာ ပါတယ်။ ဒါပေမယ့် ထောင့်သုံးရာပြည့် အရေးတော်ပုံမှာ အစိုးရရဲ့ ကိုင်တွယ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ အရေးတော်ပုံကာလ (၁၉၃၈ ဒီဇင်ဘာ)မှာ သခင်အံ့ကြီးနဲ့အတူ အမတ်အဖြစ်ကနေ နှုတ်ထွက်တယ်လို့ တို့ဗမာ အစည်းအရုံး သမိုင်းမှာ ရေးထားတယ်။ စာ ၃၅၈

[5] အစောပိုင်းကတော့ ပြောခဲ့သလို အုတ်အရောရော ကျောက်အရောရော အနေအထားကနေ နည်းနည်းပိုပြီး ရှင်းရှင်းလင်းလင်း ပိုရှိလာခဲ့တယ်။

[6] နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီဘက် ရောက်လာ

[7] ဦးစောဟာ လက်နက်အားကိုးပြီး အကြမ်းပတမ်းနဲ့ ကိုယ်လိုချင်တဲ့ ရအောင်ယူမဲ့လူစားမျိုး။ သူဟာ ဟစ်တလာအားကျပြီး ၀ါးရင်းဒုတ်တပ်ဖွဲ့ တယ်။ နောက်ဆရာစံသူပုန်တွေကို ရှေ့ နေလိုက်ပေးခဲ့တာလည်း သူ့ကိုယ်ကျိုးစီးပွားကို အဓိကကြည့် လိုက်ပေးခဲ့ပုံရတယ်လို့ တချို့ ကသုံးသပ်တယ်။

[8] ဒီတပ်ပေါင်းစုကို သခင်ပါတီနဲ့ ဆင်းရဲသားပါတီနှစ်ပါတီပေါင်းဖွဲ့ တာဖြစ်ပြီး ကရင်ခေါင်းဆောင် စောဖေသာလည်း တခြားတသီးပုဂ္ဂလနှစ်ယောက်နဲ့အတူ တဦးချင်းဝင်တယ်လို့ တာတေစနေသား စာ၉၉ မှာဆိုတယ်။ ဗမာ့ထွက်ရပ်ဂိုဏ်းဆိုတာ အင်္ဂလိပ်လို Freedom Bloc ဆိုပြီးပေးတဲ့ နံမယ်ကို ဗမာလိုပြောထားတာ။ ဘာ့ကြောင့် ထွက်ရပ်ဂိုဏ်းဆိုတဲ့ နံမယ်ကို ပေးသလဲဆိုတာ သီးခြားလေ့လာချင်စရာကောင်းတဲ့ အကြောင်းအရာတခုပဲ။ Anthropology စိတ်ဝင်စားသူတွေ လေ့လာထားကြတာရှိတယ်တော့ ကြားဖူးတယ်။

[9] ဒီဆုံးဖြတ်ချက်ကို သခင်ပါတီထဲက ပြည်သူ့အရေးတော်ပုံပါတီရော၊ ကွန်မြူနစ်တွေပါ သဘောတူပုံရတယ်။ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကတော့ သခင်ချစ်၊ ကျောင်းဆရာ ဦးထွန်းရှိန်၊ သခင်နု၊ သခင်စိုးစတဲ့ ပုဂ္ဂိုလ်တွေလို့ ယေဘုယျပြောရင် မမှားဘူး။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: