//
you're reading...
History, Philosophy

Reflections on Descartes 2

ကော်ပါးနီးကပ်ပုံစံကို တဖြည်းဖြည်းနဲ့ လူလက်ခံလာမှုရဲ့  အကျိုးဆက်တခုကတော့ ဖီလော်ဆော်ဖီတခုဟာ နှစ်ထောင်ပေါင်းများစွာကြာ အခိုင်အမာတည်ရှိလာနေတာတောင် အဲဒိအချက်တခုထဲနဲ့တင် ဒီဖီလော်ဆော်ဖီဟာ ခိုင်လုံပြီလို့ စိတ်ချလို့ မရဘူးဆိုတဲ့ အသိပဲ ဖြစ်တယ်။ ဒီအသိဟာ Descartes တို့မျိုးဆက် ဖီလော်ဆော်ဖာတွေခေါင်းထဲ သံမှိုစွဲသလို စွဲသွားစေခဲ့ပုံရတယ်။ နောက်အကျိုးဆက်တခုကတော့ သင်္ချာဟာ အသိပညာရပ် အားလုံးမှာ (အထူးသဖြင့် အသိသစ်ကို ရှာတဲ့အခါမှာ) အတုယူထိုက်တဲ့ အတတ်ပညာဆိုတဲ့ ယုံကြည်မှု ဖြစ်တယ်။

Descartes ဟာ ဖီလော်ဆော်ဖီတင်မက သင်္ချာမှာလည်း အများကြီး အကျိုးပြုခဲ့တယ်။ အလယ်တန်း သင်္ချာမှာ တွေ့ရတဲ့ ပြင်ညီတခု၊ ဒါမှမဟုတ် သုံးဘက်တိုင်း ဟင်းလင်းပြင်တခုမှာ အစက်တခု၊ အမှုန်တခုရဲ့  တည်နေရာကို ကိုသြဒိနိတ်တွေသုံး သတ်မှတ်တဲ့နည်းကို Descartes ကို အစွဲပြုပြီး Cartesian co-ordinates, Cartesian plane, space စသဖြင့် ခေါ်ဝေါ်ကြတယ်။ (ပြောမယ်ဆိုရင် သူ့နံမယ်နဲ့ တွဲသိနေတဲ့ ဝေါဟာရတွေ အထိုက်အလျောက်ရှိတယ်။ Cartesian plane အပြင်၊ Cartesian method, Cartesian doubt, Cartesian circle စသဖြင့်) သင်္ချာကို အထင်ကြီးတဲ့ Descartes ရဲ့  အရေးအသားတွေကို သူ့စာအုပ်တွေထဲ ခဏခဏ တွေ့ရတယ်။

ပထမအပိုင်းမှာ Descartes စာအုပ်တွေထဲက Discourses on Methods နဲ့ Meditations နှစ်အုပ်ကို Google book မှာဖတ်လို့ရတာတွေ့လို့ လင့်ပေးခဲ့တယ်။ ခုတခါ Descartes နဲ့ ပတ်သက်ရင် နောက်ဖတ်သင့်တဲ့ စာအုပ်တအုပ်ကိုလည်း Google book မှာ ထပ်တွေ့ရတယ်။

http://books.google.co.uk/books?id=T5cSfRS4m5QC&pg=PA7&dq=descartes+rules+for+the+direction+of+mind&hl=en&ei=x67bTKGjGYOWhQePq6z_Dw&sa=X&oi=book_result&ct=result&resnum=2&ved=0CDUQ6AEwAQ#v=onepage&q=descartes%20rules%20for%20the%20direction%20of%20mind&f=false

(အင်္ဂလိပ်လို Rules for the Direction of the Mind လို့ခေါ်တယ်။ Cottingham ဘာသာပြန်တာဖြစ်ပြီး ဒေါ်လာသုံးဆယ်လောက်ပေးရနိုင်တဲ့ စာအုပ်ကို google book မှာ အလကားဖတ်ခွင့်ရထားတာ သိပ်ကံကောင်းတယ်။ Thank u, Google!!! နောက်တအုပ် Principles of Philosophy ကတော့ Cottingham ဘာသာပြန်တာ မဟုတ်ဖူး။ ဒါပေမယ့် အလကား ဖတ်လို့ရတာ တွေ့ရပြန်တယ်။ ဒီစာအုပ်ကိုလည်း Descartes နဲ့ ပတ်သက်ရင် ဖတ်ဖို့ ညွှန်းတတ်ကြတယ်။) http://books.google.co.uk/books?id=tIOe0mLvCLsC&printsec=frontcover&dq=descartes+principles+of+philosophy&hl=en&ei=tLbbTIO7Fo2JhQfBqdXHDQ&sa=X&oi=book_result&ct=result&resnum=1&ved=0CCwQ6AEwAA#v=onepage&q&f=false

Rule Two 365 (အရင်က စာအုပ်တွေရဲ့ reference ပုံစံကို သဘောပေါက်ကြမယ် ယူဆပါတယ်။ ခုခေတ်မှာ အကိုးအကားအဖြစ် ပြချင်ရင် edition ဒါမှမဟုတ် ပုံနှိပ်တဲ့ ခုနှစ်သက္ကရာဇ်ရယ်၊ စာမျက်နှာရယ်ကို footnote ဒါမှမဟုတ် endnote မှာဖော်ပြပေမဲ့ ဟိုးအရင်က စာအုပ်တွေမှာတော့ အကြောင်းအရာတခုကို ကိုးကားနိုင်အောင် စာပိုဒ်ဘေးမှာ အမှတ်စဉ်ထိုးဖော်ပြလေ့ရှိတယ်။ ဥပမာ 365 ဆိုရင် စာမျက်နှာကိုပြောတာ မဟုတ်ဘဲ အဲဒိအပိုင်းကိုရှာချင်ရင် စာပိုဒ်ဘေးက နံပါတ်တွေကို ကြည့်ပြီးသွားရတယ်။)မှာဘယ်လိုရေးလဲဆိုတော့

Of all the sciences so far discovered, arithmetic and geometry alone are … free from any taint of falsity or uncertainty. လို့ဆိုတယ်။

နောက်တခါ Methods မှာလည်း (Method One, 8) 

Most of all was I delighted with mathematics because of the certainty of its demonstrations and the evidence of its reasoning; လို့ဆိုတယ်။ တကယ်တော့ ဒီနှစ်နေရာတင်မကဘူး။ သင်္ချာကို သူအထင်ကြီးကြောင်းပြောတာ သူ့စာအုပ်တွေမှာ အကြိမ်ကြိမ်တွေ့ရတယ်။

မေးစရာက သူဘာ့ကြောင့် သင်္ချာကို အထင်ကြီးတာလဲ။ Aristotle ရဲ့  စကြာဝဠာပုံစံကို စစိန်ခေါ်သူဟာ သင်္ချာကိုနိုင်နင်းတဲ့ ကော်ပါးနီးကပ် ဖြစ်နေတာက အကြောင်းရင်းတခု ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါဒီလောက်ကြီးတဲ့အကြောင်းရင်းတခု ဟုတ်ချင်မှဟုတ်မယ်။ ပိုပြီး စိတ် ၀င်စားဖို့ကောင်းတဲ့ အကြောင်းရင်းတခုက Descartes အမြင်မှာ သင်္ချာဟာ အသိသစ်တွေကို ရှာတဲ့နေရာမှာ Aristotle ရဲ့  လောဂျစ်လိုမဟုတ်ဘဲ အင်မတန်မှ ထိရောက်တဲ့နည်းတွေကို စုထားတဲ့ ပညာရပ်လို့ ယူဆတာပဲဖြစ်တယ်။ အဲဒါကိုနည်းနည်း အသေးစိတ်ပြောကြည့်မယ်။

ပထမအခန်းမှာ Descartes တို့မျိုးဆက်ဟာ (ဘေကွန်၊ နောက်သူ့ထက်ကြီးတဲ့ ဂယ်လီလီယို၊ သူနဲ့ မတိမ်းမယိမ်း Thomas Hobbes) Aristotle ကို အမဲဖျက်သလို ဖျက်ဖို့ အင်မတန်မှ အာသိသ ပြင်းပြနေတာ အနည်းအကျဉ်းပြောသွားခဲ့တယ်။ ခုတော့ Aristotle ကိုကြည့်မရကြသူတွေထဲက Descartes နဲ့ဆိုင်တဲ့အပိုင်းကို နည်းနည်းအသေးစိတ် လေ့လာကြည့်ရအောင်။

Scholasticism ဒါမှမဟုတ် Scholastic philosophy မှာ Descartes အဓိက စိတ်တိုင်းမကျတာက Scholastic လောဂျစ်ဟာ အသိသစ်ရှာတဲ့နေရာမှာထက် သိပြီးသား အကြောင်းအရာတွေကို ရှင်းပြတာ၊ တရားထူထောင်တာလောက်ပဲ အသုံးဝင်တယ်လို့ ယူဆတယ်။ Methods Two 17 မှာ သူက ဘယ်လိုရေးလဲဆိုတော့

I observed in respect to logic that the syllogisms and the greater part of the other teaching served better in explaining to others those things that one knows than in learning what is new. တဲ့။ ဥပမာ တခုပေးကြည့်မယ်။ ကျွန်တော်ဟာ The Economist မဂ္ဂဇင်းကို အလကားပေးတောင် မဖတ်ဖူး။

Watote never read what he considers soul-less writings. (Major premise)

Watote considers The Economist magazine so full of soul-less writings. (Minor premise)

Therefore, Watote never read The Economist. (Conclusion)

ဒီ syllogism မှာ ထောက်ပြချင်စရာတွေ အများကြီးပဲ။ ပထမတချက်က ဒီ syllogism ဟာ အသိသစ်ကို မပေးဘူး။ ကျွန်တော်ဘာ့ကြောင့် The Economist မဂ္ဂဇင်းကို မဖတ်သလဲ ဆိုတာကိုပဲ ရှင်းပြထားတာဖြစ်တယ်။ အဲဒိထက်ပိုပြီး ဘာမှမသိရဘူး။ နောက်တခါ The Economist မဂ္ဂဇင်းကို တခါမှ မဖတ်ဖူးဘဲ ဒီမဂ္ဂဇင်းဟာ အနှစ်မရှိတဲ့ မဂ္ဂဇင်းဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ။

Scholastic လောဂျစ်ဟာ ပြောခဲ့သလို အသိသစ်မပေးဘူး။ တဘက်မှာ ယူကလစ် သင်္ချာကိုကြည့်။ ယူကလစ်သင်္ချာဟာ axioms လေးငါးခုလောက်နဲ့စတယ်။ ဥပမာ whole is bigger than its parts and equal to the sum of all its parts စသဖြင့်ရှိမယ်။ နောက်တခါ မျဉ်းဆိုတာဘာ၊ ဒေါင့်ဆိုတာဘာ စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေရှိမယ်။ အဲသလို သေးသေးမွှားမွှားလေးတွေလောက်ကနေ စလိုက်တာမှာ တဖြည်းဖြည်းနဲ့ မျဉ်းပြိုင်တွေကို မျဉ်းတကြောင်းကဖြတ်ယင် ဖြစ်လာတဲ့ ထောင့်တွေနဲ့ဆိုင်တဲ့ ဂုဏ်သတ္တိတွေ၊ နောက် ပိုက်သာဂိုရသီအိုရမ်တွေ၊ စက်ဝိုင်းနဲ့ဆိုင်တဲ့ ဂုဏ်သတ္တိတွေ တခုပြီးတခု အဆင့်ဆင့် ပေါ်လာတယ်။ ခြုံပြောရရင် Descartes ပြောတဲ့ သင်္ချာဟာ necessary truths ဘယ်လိုမှ မမှားနိုင်တဲ့ axioms တွေနဲ့ စတယ်။ အဲဒိကနေ deductive reasoning ထုတ်ယူဆင်ခြင်နည်းနဲ့ တဆင့်ချင်းနဲ့ ဖြေးဖြေးချင်းသွား၊ ပြီးတော့ ဘယ်လိုမှ မငြင်းနိုင်တဲ့ အဆိုတခုကိုရောက်ရော။ အဲဒိကနေ နည်းနည်းနောနော မဟုတ်တဲ့ အသိသစ်တွေကို ရတယ်။ ဒီတော့ သင်္ချာလိုပဲ တခြားအသိပညာ၊ အတတ်ပညာ တွေမှာလည်း အဲ့သလိုပဲ necessary truth တွေကို ရှာနိုင်ရင် မဆိုးဘူးလို့ သူကအကြံဖြစ်တယ်။

နောက်တခါ Scholastic philosophy မှာ အားနည်းချက်တခုက အဲဒိ ဖီလော်ဆော်ဖီမှာ ပါတဲ့ ဝေါ ဟာရတွေကို သူ့အရင် ဆရာ့ဆရာတွေဟာ သေချာနားလည်အောင်ကြိုးစားခဲ့ပုံ မရဘူးလို့ Descartes ကထင်တယ်။ တကယ်တော့ ဒီအပိုင်းကတော့ Descartes တင်မကဘူး၊ ဂယ်လီလီယိုတို့ရော၊ နောက်အဲဒိခေတ်က Aristotle ကို စိတ်တိုင်းမကျသူ အတော်များများရဲ့  ယေဘုယျအမြင်ဖြစ်တယ်။ ဥပမာ ဆိုပါစို့၊ ကျောက်ခဲတလုံးကို ရေထဲချလိုက်ရင် မြုတ်သွားတယ်။ တဘက်မှာ သစ်ကိုင်းချောက်လေးကို ရေထဲပစ်ချရင် ရေပေါ် ပေါ်နေတယ်။ Aristotle ကဒါကို ရှင်းပြဖို့ gravity နဲ့ levity ဆိုတဲ့ ဝေါဟာရ နှစ်ခုကို သုံးတယ်။ အလွယ်ပြောရရင် လေးတာနဲ့ ပေါ့တာပေါ့။ ဒီတော့ ကျောက်ခဲရေထဲမြုတ်ရတာ လေးလို့ဖြစ်ပြီး သစ်ကိုင်းရေထဲပေါ်တာကတော့ ပေါ့လို့လို့ Aristotle ကရှင်းပြတယ်။ ကနေ့ခေတ်မှာ Newton ရဲ့  ဒြပ်ဆွဲငင်အားနိယာမကို သိကြတဲ့လူတွေအတွက်ကတော့ ကျောက်ခဲဘာ့ကြောင့် ရေထဲမြုတ်သလဲဆိုတာကို နည်းနည်းလေးပိုပြီး စိတ်တိုင်းကျအောင် ရှင်းပြနိုင်မယ် (လုံးဝတော့ မဟုတ်ပါ။ ကနေ့ထိ gravity ဘာဆိုတာ ရူပဗေဒသမားတွေဆီက စိတ်တိုင်းကျဖွယ် အဖြေထွက်မလာသေးပါ။) ဒါပေမယ့် Aristotle ကို လေးတယ်ဆိုတာ ဘာကိုပြောတာလဲ။ ပေါ့တယ်ဆိုတာ ဘာကိုပြောတာလဲလို့ သွားမေးရင် လေးတယ်ဆိုတာ လေးတဲ့သတ္တိရှိတဲ့ပစ္စည်းပါလို့ဟေ့၊ လေးတဲ့ပစ္စည်းဆိုတာ သူ့သဘာဝနေရာက စကြာဝဠာအလယ်ဗဟိုမှာရှိတယ်။ ဒီတော့ သူ့ကို လွှတ်ချလိုက်ရင် သူ့မူလသဘာဝနေရာကို ပြန်သွားမှာဘဲ ဟုတ်ပလားလို့ Aristotle ကပြန်ဖြေဖွယ်ရှိတယ်။ Aristotle ရဲ့  ရှင်းပြပုံဟာ ဂျာအေးမုန့်လုံးစက္ကူကပ်သလိုပဲ လည်နေတယ်။ ဒါကို ကိုယ့်ဟာကိုယ် လက်ဆော့ထားတဲ့ dialogue လေးတခုနဲ့ ပြရရင် 

Descartes: ကျောက်ခဲဘာ့ကြောင့်လေးလဲ။

Aristotle: သူ့သဘာဝနေရာက ကမ္ဘာ့ဗဟိုမှာမို့ အဲဒိနေရာကို ပြန်သွားချင်တဲ့ဆန္ဒကို လေးလံမှုအဖြစ် ဖော်ပြတာကွ။ အဲဒိ tendency ဆန္ဒကို ငါက gravity လို့ခေါ်တယ်။

Descartes: သူ့သဘာဝနေရာက ဘာလို့ ကမ္ဘာ့ဗဟိုမှာ ရှိရတာလဲ။

Aristotle: ဟ လေးလို့ပေါ့ကွ။ လေးတဲ့အရာတွေဟာ ကမ္ဘာ့ဗဟိုမှာ သွားစုတာ သဘာဝပဲ။

Descartes: ဟင် ခင်ဗျားဟာက လည်နေတယ်။ ကျောက်ခဲဘာလို့လေးလဲဆိုတော့ သူ့သဘာဝနေရာကို ပြန်သွားချင်လို့တဲ့။ ဘာ့ကြောင့် ပြန်သွားချင်သလဲဆိုတော့ လေးလို့တဲ့။ မဟုတ်သေးပါဘူး။ တော်ပြီ။ ခင်ဗျားပြောတာ ကျွန်တော်လက်မခံဘူး။ ကျွန်တော့ဘာသာ ကျွန်တော် နည်းလမ်းအသစ်ရှာတော့မယ်။

အဲသလိုနဲ့ Descartes ဟာ Aristotle ကနေ လမ်းခွဲထွက်ဖို့လုပ်ပြီး ဖီလော်ဆော်ဖီသစ် တခုကို သူ့ဟာသူစစဉ်းစားတယ်။ ပြီးတော့ ဒီဖီလော်ဆော်ဖီကို new philosophy လို့ နံမယ်ပေးတယ်။ (ကနေ့ခေတ် တက္ကသိုလ်တွေက ဖီလော်ဆော်ဖီဌာန တွေမှာတော့ Descartes ကစလို့ နောက်ပိုင်း ဖီလော်ဆော်ဖီတွေကို modern philosophy ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်ကြား ပို့ချကြတယ်။) အဲဒိ new philosophy မှာသုံးတဲ့ method ကိုလည်း Descartes ကို အစွဲပြုပြီး Cartesian method လို့ခေါ်တယ်။

Descartes ရဲ့  method ကို သူရေးခဲ့တဲ့ စာအုပ်တွေမှာ နေရာအနှံ့ တွေ့ နိုင်တယ်။ Rules for the Direction of the Mind မှာလည်း တွေ့နိုင်သလို အထူးသဖြင့် Discourses on Method မှာလည်း တွေ့နိုင်တယ်။ အကုန်လုံး မဖတ်နိုင်ရင်တောင် Rules One ကနေ Thirteen လောက်ထိကို ပထမဆုံးစာကြောင်းလေးတွေလောက် ဖတ်နိုင်ရင် မဆိုးဘူး။ နောက်တခါ Methods မှာလည်း အကုန်မဖတ်နိုင်တောင် Method Four ရယ်၊ နောက် One နဲ့Two ရယ်ကို ဖတ်သင့်တယ်လို့ထင်ပါတယ်။ Descartes ရေးသားပုံဟာ Thomas Hobbes တို့၊ Locke တို့လောက် ဖတ်ရမခက်ဖူး၊ ပျင်းဖို့မကောင်းဖူး။ Method Four 32 မှာ သူ့ရဲ့  နံမယ်အကြီးဆုံး စာပိုဒ်ကို ကိုယ်တိုင်တွေ့ကြရမယ်။ တယောက်နဲ့တယောက် ဘာသာပြန်တာမတူဘူး။ ကျွန်တော်ကတော့ Cottingham ရဲ့ ဘာသာပြန်ကိုပဲ ယူထားတယ်။ (ဘယ်ဘာသာပြန်ဖြစ်ဖြစ် Method Four 32 မှာတွေ့နိုင်ပါတယ်။) သူ့ဘာသာပြန်က Google book မှာမရှိတဲ့အတွက် အောက်မှာ ရေးပေးလိုက်တယ်။ Descartes ရဲ့ နံမယ်အကြီးဆုံးလို့ပြောနိုင်တဲ့ စာပိုဒ်ပဲ။ 

Since I now wished to devote myself solely to the search for truth, I thought it necessary to … reject as if absolutely false everything in which I could imagine the least doubt, in order to see if I was left believing anything that was entirely indubitable. Thus because our senses sometimes deceive us, I decided to suppose that nothing was such as they led us to imagine. And since there are men who make mistakes in reasoning, commiting logical fallacies concerning the simplest questions in geometry, and because I judged that I was as prone to error as anyone else, I rejected as unsound all the arguments I had previously taken as demonstrative proofs. Lastly, considering that the very thoughts we have while awake may also occur while we sleep without any of them being at that time true, I resolved to pretend that all the things that had ever entered my mind were no more true than the illusions of my dreams. But immediately I noticed that while I was trying thus to think everything false, it was necessary that I, who was thinking this, was something. And observing that this truth ‘I am thinking, therefore I exist’ was so firm and sure that all the most extravagant suppositions of the sceptics were incapable of shaking it, I decided that I could accept it without scruple as the first principle of the philosophy I was seeking.

ဖတ်တဲ့သူတွေတော့ မသိဘူး။ ဒီစာပိုဒ်ကို ရိုက်နေရင်း ဖတ်ရတာကိုက ရင်ထဲမှာတလှပ်လှပ်ပဲ။ ဒီစာပိုဒ်ကနေ ဆက်ပြီး မေးခွန်းထုတ်ချင်စရာကောင်းတာတွေ အများကြီးပဲ။ ထပ်ပြီးစောဒကတက်စရာမလိုဘဲ လက်ခံနိုင်တဲ့ သူ့အခေါ် first principle of the philosophy တွေက ပြောခဲ့သလို ငါရှိတယ်ဆိုတာအပြင်၊ ဘုရားသခင် ရှိတယ်ဆိုတာဟာလည်း scruple လုပ်စရာမလို၊ ထပ်စောဒကတက်စရာ မလိုဘဲ လက်ခံနိုင်တယ်တဲ့။ နောက်တခါ ငါရှိတယ်၊ ဘုရားသခင်ရှိတယ်၊ ပြင်ပအရာဝထ္ထုတွေ ရှိတယ်၊ နောက်တခါ စိတ် mind ဟာ body ရုပ်ထက် ပိုပြီးပဓာနကျတယ်ဆိုတဲ့ အချက်လေးချက်ကို သူ့ရဲ့ Meditations မှာအပိုင်းခြောက်ပိုင်းခွဲပြီး ရှင်းပြခဲ့တယ်။ ဒါတွေကို နောက်ပိုင်းအခန်းတွေမှာ ဆက်ရေးသွားမယ်။ ခုလာမဲ့ အခန်းမှာတော့ Cartesian method ဆိုပြီး နံမယ်ကြီးလှတဲ့ Descartes ရဲ့  method ဟာဘာလဲဆိုတာ ရေးသွားမယ်။ အဲဒိအတွက် ပြောခဲ့တဲ့ Method Four, One and Two နဲ့ Rules တွေကို တိုက်ရိုက်ဖတ်ကြည့်မယ်။

အလျဉ်းသင့်လို့ ပြောချင်တာက ဝေါဟာရတွေဟာ ကာလရွေ့ လျောလာတဲ့အလျောက် မူလ အဓိပ္ပါယ်ကနေ တခြားအဓိပ္ပါယ်တခုခုကို အသွင်ပြောင်းသွားတယ်။ ဥပမာ အင်ဂျင်နီယာဆိုရင် အရင်က ရေးနွေးငွေ့စက်ကို မီးထိုးပေးရတဲ့လူကို ခေါ်တာ။ ဒီတော့ အရင်က အင်ဂျင်နီယာဆိုရင် ညစ်တီးညစ်ပတ်နဲ့ စက်ချေးတွေမျက်နှာမှာပေနေတဲ့ အလုပ်သမားတယောက်ကို မျက်စိထဲပြေးမြင်မိမှာဘဲ။ (ခုလည်း သိပ်တော့ မထူးပါဘူး။ :D) ဒါပေမယ့် ခုတော့ အင်ဂျင်နီယာဆိုတဲ့ စကားလုံးက အများကြီးပိုကျယ်ပြန့်သွားပြီ။ အလားတူပဲ Science ဆိုရင် ကနေ့ခေတ်မှာ သိပ္ပံ၊ သိပ္ပံနည်းစသဖြင့် သိကြတယ်။ သူ့မူလက လက်တင်စကား scientia ကလာတာ။ အဓိပ္ပါယ်က အသိလို့ အဓိပ္ပါယ်ထွက်တယ်၊ တနည်းအားဖြင့် အသိမှန်သမျှကို science လို့ခေါ်တယ်။ အဲဒိထဲမှာ ကနေ့ခေတ် ဖီလော်ဆော်ဖီရဲ့  ဘာသာရပ်တွေအဖြစ် သိကြတဲ့ metaphysics တို့၊ epistemology တို့ အကုန်ပါတယ်။ အဲ ကနေ့ခေတ်မှာ သိပ္ပံလို့ကျွန်တော်တို့ နားလည်နေတဲ့ ရူပဗေဒကိုတော့ အဲဒိခေတ်မှာ philosophia အထူးသဖြင့် natural philosophy (philosophia naturalis) လို့ ခေါ်တယ်။ ဥပမာ Newton ရဲ့ စာအုပ်ကို Principles of Mathematics for Natural Philosophy လို့ ခေါ်တယ်။ Scientia တို့၊ Philosophia စတဲ့ စကားလုံးတွေကို Descartes ကပြောခဲ့တဲ့ အဓိပ္ပါယ်ယူထားတယ်။ ခြွင်းချက်အနေနဲ့ Principles of Philosophy ဆိုတဲ့ စာအုပ်မှာတော့ philosophy ဆိုတာကို ကနေ့ခေတ်မှာ နားလည်နေတဲ့ အဓိပ္ပါယ်အတိုင်းသုံးထားတာတွေ့ရတယ်။ 

ဆက်ပါဦးမယ်…

watote

Discussion

7 thoughts on “Reflections on Descartes 2

  1. စောင့်ဖတ်နေပါတယ် ကိုဝတုတ်…။ တန်ဖိုးရှိတဲ့ ပို့စ်ပါပဲ..။🙂

    Posted by Arkar Kyaw | 11/11/2010, 14:51
  2. Descartes & Aristotle တို့ရဲ့ dialogue ကိုလည်း သဘောကျမိပါတယ် …
    ငြိမ်းစိုးဦး
    nyeinsoeoo.multiply.com

    Posted by nyeinsoeoo | 13/11/2010, 04:08
  3. ပြန်ဖတ်ကြည့်ပြီး သိပ်စိတ်တိုင်းမကျတာနဲ့ နည်းနည်းထပ်ဖြည့်စွက်လိုက်ပါတယ်။

    Descartes: ကျောက်ခဲဘာ့ကြောင့်လေးလဲ။

    Aristotle: ကျောက်ခဲမှာ မြေဓာတ် (earth element) ကအများစုပါတယ်။ မြေဓာတ်ရဲ့  သဘာဝနေရာက ကမ္ဘာ့ဗဟိုမှာမို့ အဲဒိနေရာကို ပြန်သွားချင်တဲ့ဆန္ဒကို လေးလံမှုအဖြစ် ဖော်ပြတာကွ။ အဲဒိ tendency ဆန္ဒကို ငါက gravity လို့ခေါ်တယ်။

    Descartes: မြေဓာတ်ရဲ့ သဘာဝနေရာက ဘာလို့ ကမ္ဘာ့ဗဟိုမှာ ရှိရတာလဲ။

    Aristotle: ဟ လေးလို့ပေါ့ကွ။ လေးတဲ့အရာတွေဟာ ကမ္ဘာ့ဗဟိုမှာ သွားစုတာ သဘာဝပဲ။

    Descartes: ဟင် ခင်ဗျားဟာက လည်နေတယ်။ ကျောက်ခဲဘာလို့လေးလဲဆိုတော့ သူ့သဘာဝနေရာကို ပြန်သွားချင်လို့တဲ့။ ဘာ့ကြောင့် ပြန်သွားချင်သလဲဆိုတော့ လေးလို့တဲ့။ မဟုတ်သေးပါဘူး။ တော်ပြီ။ ခင်ဗျားပြောတာ ကျွန်တော်လက်မခံဘူး။ ကျွန်တော့ဘာသာ ကျွန်တော် နည်းလမ်းအသစ်ရှာတော့မယ်။

    Posted by watote | 13/11/2010, 09:45
  4. ချာလပတ် Dialogue လေး။😀

    Posted by တေဇာ (လရောင်လမ်း) | 17/11/2010, 12:33
    • ခုတော့ Aristotle ကို နောက်လို့ ကောင်းတာပေါ့ဗျာ။😀 အရင်ကတော့ သူမှသူ။ ခေါ်တာကိုက the Philosopher တဲ့။ အလယ်ခေတ်က Aristotle ကို အဲ့သလို ညွှန်းကြတယ်။ ခုချိန်မှာ သူ့ရဲ့ တချို့ အတွေးအခေါ်တွေက (ဥပမာ Physics) ဆိုရင် မြောင်းထဲရောက်သွားပီ။ ဒါပေမယ့်လည်း metaphysics နဲ့ ethic ကတော့ မရောက်သေးဘူး။ ဖတ်နေကြတုန်းပဲ။

      Posted by zizawa | 17/11/2010, 13:18
  5. မအားတာနဲ့ မဖတ်ဖြစ်ပဲကျန်နေတဲ့ အကြွေးတွေများလိုက်တာ။ အခုမှပြန်ဖတ်ဖြစ်တယ်။ ဒါပေမယ့် Descartes 1 ကိုပြန်ရှာမရတာနဲ့ အဲဒီတုံးက ဘာတွေရေးထားသလဲ ပြန်နွှေးချင်တာ အဆင်မပြေဘူး။ ဒါနဲ့ ကြားဖြတ်ကပဲ စလိုက်တယ်ဆိုပါတော့။
    Gravity နဲ့ပတ်သက်တာကိုကျနော်သိနားလည်သလောက် က ရှင်းလင်းနေတယ်လို့ ထင်လို့ နဲနဲဖြည့်ပြောပါရစေ။ နယူတန်ရဲ့ laws of motions အရ inertia ရဲ့သဘောတရားက အားလုံးနားလည်လက်ခံထားတဲ့ သဘောတရားဖြစ်ပါတယ်။ အရာဝတ္ထုတွေဟာ သူတို့တည်မှီရာ substance ရဲ့ relative motion အရ အဲဒီအရာဝတ္ထုတွေရဲ့ ဒြပ်ဝတ္ထု (mass) အပေါ်သက်ရောက်မှုအား ကွာခြားသွားတယ်ဆိုတယ်။ မြန်မာဝေါဟာရ ရွေးချယ်မှုအဆင်မပြေလို့ အတတ်နိုင်ဆုံး ဥပမာတွေပေးကြည့်ပြီး ဆက်ကြိုးစားရှင်းကြည့်ပါမယ်။
    ဆိုပါတော့ အရာဝတ္ထုတစ်ခု (ခဲ) ကို ကြိုးနဲ့ချည်ပြီး လက်နဲ့ ဝှေ့ယမ်းကြည့်မယ်။ တကယ်လို့ ဝှေ့ယမ်းနေတဲ့ လက်ရဲ့ လွှဲအား( တနည်းအားဖြင့် အရာဝတ္ထုရဲ့ Mass ရဲ့ ဗဟိုချက်ကို သက်ရောက်နေတဲ့အား) ဟာ ကြိုးပြတ်သွားလောက်အောင် ( သို့) ကြိုးနဲ့ချည်နှောင်ထားခံရတဲ့ အရာဝတ္ထု distort ဖြစ်သွားလောက်တဲ့အထိ မပြင်းထန်ရင်၊ ကြိုးကနေတဆင့် အရာဝတ္ထုအပေါ်သက်ရောက်နေတဲ့ အားနဲ့ အရာဝတ္ထုရဲ့ လည်ပတ်နေမှုကနေ သူ့ရဲ့ ဒြပ်ထု (mass) ကနေ တန်ပြန်သက်ရောက်နေတဲ့ အား (F=ma) , where F = force exerted on the object, m = mass and a= acceleration, ဟာ တစ်စုံတရာ တည်ငြိမ်နေတဲ့ အခြေအနေမှာရှိတယ်လို့ ယူဆရပါတယ်။ အရာဝတ္ထုတစ်ခုဟာ inertial သဘောတရားအရ ဆက်လက်လည်ပတ်လိုတဲ့ tendency ရှိတယ်ဆိုရင် အဲဒီအားရဲ့ ဗဟိုချက်မဟာ အရာဝတ္ထုရဲ့ Mass ရဲ့ ဗဟိုမှာ ဖြစ်တည်နေပါတယ်။ ကျုပ်တို့ ဒီကမ္ဘာကြီးဟာ 23 1/2 degree axis အပေါ်မှာ လက်ယာရစ် လည်ပတ်နေတယ်မဟုတ်လား။ အဲဒီတော့ သူ့ရဲ့ Mass ဟာ သူ့ရဲ့ ၀န်ရိုးမှာ ဗဟိုတည်နေတယ်။ ဒိတော့ကာ အဲဒီလည်ပတ်နေတဲ့ စက်လုံးကြီးပေါ်က အရာအားလုံးရဲ့ အပေါ်သက်ရောက်နေတဲ့ အားဟာလဲ စက်လုံးကြီးရဲ့ ၀န်ရိုးပေါ်မှာပဲရှိတယ်။ အကျိုးဆက်အားဖြင့် အဲဒီလည်နေတဲ့ အလုံးကြီးပေါ်က အရာဝတ္ထုတွေမှာ potential energy ရှိနေတယ်။ အဲဒီ potential energy ဟာ အရာဝတ္ထုရဲ့ တည်နေရာ အမြင့်၊ location ကို နဲနဲလေးရွေ့သွားအောင် အင်အားထုတ်လိုက်တာနဲ့ မူလ အတိုင်းတည်ရှိနေလိုတဲ့ inertial သဘောတရား အရ တန်ပြန်အားကိုသက်ရောက်စေပါတယ်။ အရာဝတ္ထုအပေါ် သက်ရောက်တဲ့အားဟာ တန်ပြန်အားထက်ကြီးရင် အရာဝတ္ထုဟာ မူလနေရာကနေ ရွေ့သွားမယ်၊ မဟုတ်ရင် မူလတည်မြဲနေရာမှာပဲ ဆက်လက်တည်ရှိနေမယ်။ အဲဒီ phenomenon မှာ မူလအတိုင်း တည်ရှိနေအောင် တန်ပြန်သက်ရောက်တဲ့ အားကို ဒီစက်လုံးနဲ့ တူတဲ့ကမ္ဘာကြီးရဲ့ ၀န်ရိုးကနေ ကမ္ဘာကြီးအချင်းကို distance အဖြစ်သတ်မှတ်ပြီး Fg = m1 m2/R^2, Gravitational force (Fg) လို့ သတ်မှတ်ကြတယ်လို့ မှတ်သားလေ့လာဖူးပါတယ်။ where, (say m1= mass of object 1 , m2=mass of object 2 and R = distance between m1 and m2, ဒီဥပမာမှာဆိုရင် အရာဝတ္ထုကိုချည်နောင်ထားတဲ့ ကြိုးအရှည်)
    ဘာသာစကား အခက်အခဲနဲ့ အရေးအသားအပြောအဆို မညက်ညောမှုကြောင့် ရှင်းခါမှပိုရှုပ်သွားရင်တော့ ကျတော့ အပြစ်ပါပဲ။ အောက်မှာ ကျနောပြောချင်တဲ့ အကြောင်းအရာနဲ့ နီးစပ်တဲ့ ဆွေးနွေးမှုပါတဲ့ လင့်ကို ထပ်ညွှန်းပါရစေ။
    http://physics.about.com/od/classicalmechanics/a/earthgravity.htm

    ဒီမှာလေရှည်နေတာနဲ့ နောက်အခန်းတွေဆက်ဖတ်ဖို့ အချိန်တောင် မရှိတော့ပြန်ဘူး။

    Posted by Nanda | 18/12/2010, 18:21
    • မှတ်ချက်တွေ အတွက် အားလုံးကို ကျေးဇူးပါ။ ကိုနန္ဒပြောတာကို နားလည်တယ်လို့ ထင်ပါတယ်။ ဒါပေမယ် ကျနော်ပြောချင်တာက သိပ္ပံသမားတွေကို gravity ဘာဆိုတာ၊ inertia ဆိုတာဘာလဲ လို့ မေးလာရင် ကိုနန္ဒခု ရှင်းပြသလို description တခုခုပဲ ပြောနိုင်တယ်။ mathematical description ဖြစ်ချင်ဖြစ်မှာပေါ့လေ။ ဒါပေမယ့် ၀ထ္ထုတွေမှာ ဘာ့ကြောင့် ဆွဲငင်နိုင်တဲ့ သတ္တိရှိရတာလဲ၊ intertia သတ္တိ ဘာ့ကြောင့် ရှိရတာလဲဆိုတဲ့ မေးခွန်းကို စိတ်တိုင်းကျအောင် မဖြေနိုင်သေးဘူးလို့ ထင်ပါတယ်။

      Posted by zizawa | 18/12/2010, 18:45

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: