//
you're reading...
Philosophy

Reflections on Descartes 6

Meditation တတိယ အခန်းမှာ Descartes က ဘုရားသခင်ရှိတာကို သက်သေထူဖို့ ကြိုးစားတယ်။ ဒီအပိုင်းဟာ Descartes ရဲ့ ဖီလော်ဆော်ဖီမှာ သူ့လက်ထက်က ပညာရှင်တွေရော၊ နောက်ပိုင်း ပညာရှင်တွေကြားမှာပါ အငြင်းအခုံ အဖြစ်စေဆုံး အပိုင်းဖြစ်တယ်။ ဘာ့ကြောင့် အငြင်းပွားစရာ ဖြစ်ရသလဲဆိုတာ သိရအောင် ခုအခန်းမှာ ဒီအပိုင်းကို ဖတ်ကြည့်မယ်။

အဲ မဖတ်ခင် အရင်ဆုံး ရှင်းထားသင့်တယ်လို့ ထင်တဲ့ စကားလုံးကတော့ God ဘုရားသခင်ဆိုတဲ့ စကားလုံးပဲ။ ကနေ့ခေတ်မှာ ဘုရားသခင်လို့ ဆိုလိုက်ရင် အရာခပ်သိမ်းကို ဖန်ဆင်းသူဆိုပြီး တန်းနားလည်မိကြတယ်။ တချို့ ကလည်း ဘုရားသခင်မှာ corporeal nature ရှိတယ်၊ ဆိုလိုတာက အကောင်အထည်ရှိတဲ့ အရာတခုလို့ နားလည်မိကြတယ်။ ဗာတီကန်နန်းတော်က ခန်းမတွေရဲ့ နံရံပေါ်က ပန်းချီကားတွေမှာဆိုရင် ဒါမှမဟုတ် အနုပညာလက်ရာတွေနဲ့ မွမ်းမံထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တချို့  မှာဆိုရင်လည်း ဘုရားသခင်ကို လူသတ္တ၀ါအသွင် ရေးချယ်ထားတာကို သတိပြုမိကြမယ်။ (တချို့  ပန်းချီကားတွေမှာဆို ဘုရားသခင်ကို ပါးသိုင်းမွှေးတွေ ဘာတွေတောင် တပ်ပေးထားသေးတယ် :D) ဒါပေမယ့် Descartes တို့၊ Leibniz တို့ပြောတဲ့ God က အဲဒိ အကောင်အထည်ရှိတဲ့ ဘုရားသခင်ကို ဆိုလိုတာမဟုတ်ဖူး။ ဘုရားသခင်ဟာ သူတို့ရဲ့  ဖီလော်ဆော်ဖီစနစ်မှာ မရှိမဖြစ် လိုအပ်တဲ့အရာတခု necessary being အဖြစ်နဲ့ တည်ဆောက်ယူထားတဲ့ metaphysical entity တခုလို့ ကျွန်တော်က သဘောရတယ်။ ဘုရားသခင်မှာ ရုပ်မရှိဘဲ စိတ်ကြီးပဲရှိချင်ရှိမယ်၊ ဒါမှမဟုတ် ဒြပ်အကောင်အထည် ရှိချင်လည်းရှိမယ်၊ (Descartes က ဘုရားသခင်ဟာ corporeal nature မရှိဘူးလို့ အတိအလင်း မဆိုပေမဲ့ Leibniz က အတိအလင်းဆိုရုံမက ဘုရားသခင်ကို corporeal nature ရှိတယ် (အင်း… ဗမာလို ခန္ဓာဝန်ဆောင်ထားတဲ့ သက်ရှိအရာတခုလို့ ပြောရလေမလား။ ထားပါတော့၊ အင်္ဂလိပ်လို corporeal being လို့သုံးတာပဲ ကောင်းပါတယ်။) ဆိုတဲ့ interpretation မှန်သမျှကို အပြတ်တိုက်ခိုက်တာ တွေ့ရတယ်။ သူတို့အတွက်က ဘုရားသခင်ဆိုတဲ့ entity ဟာ အရာခပ်သိမ်းရဲ့ cause ပင်မအကြောင်းရင်းခံဖြစ်တယ်၊ (အရာခပ်သိမ်းဆိုတဲ့အတွက် သူတို့ကိုယ်တိုင်လည်း ပါသွားပြီပေါ့။) မိမိမှအပ တခြားပြင်ပ အရာဝထ္ထုတွေအားလုံး တည်ရှိတာကို ရှင်းပြနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတခုပဲဖြစ်တယ်။ အဲဒိအရာကို Descartes က God လို့ နံမယ်ပေးထားတယ်လို့ နားလည်မိတယ်။ တနည်းအားဖြင့် ပလေတိုတို့၊ Aristotle တို့ကတည်းက စခဲ့တဲ့ ဘုရားသခင်ဟာ First Cause, Prime Mover, Ultimate Cause ဆိုတဲ့ သဘောတရားကို Descartes မှာ တခါတွေ့ရပြန်တယ်။ ကနေ့ခေတ် အမျိုးမျိုးသော ကိုးကွယ် ယုံကြည်မှုတွေမှာ တွေ့ရတဲ့ ဘုရားသခင်ဆိုတဲ့ သဘောတရားနဲ့ ထပ်တူထပ်မျှ တူချင်မှတော့တူမယ်။

ကဲဒီတော့ အရာခပ်သိမ်းရဲ့ မူလအကြောင်းရင်းခံလို့ ပြောကြတဲ့God ဆိုတာ ရှိသလား။ Descartes အတွက်တော့ ရှိရုံမက God ရှိမှသာ သူ့ရဲ့ ဖီလော်ဆော်ဖီက ရှေ့ ဆက်နိုင်မှာ ဖြစ်တယ်။ သူ့အတွက်က လောကမှာ သူအပြင် တခြားအရာတွေ ရှိပါသေးလား ဆိုတာကို သက်သေထူဖို့ အတွက် အရင်ဆုံး ဘုရားသခင်ရှိတယ်ဆိုတာ သက်သေ ထူရမယ်။ ဒါ့ကြောင့် meditation အပိုင်းသုံးကို သူက The Existence of God ဆိုပြီး ခေါင်းစဉ် တပ်ထားတယ်။ ပထမအခန်းတွေမှာ သူဟာ thinking thing ဖြစ်တယ်၊ သူ့ရဲ့ ရုပ်ထက် (အဲ တခြားအရာ အားလုံထက်) သူ့စိတ်ကို ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်မယ်ဆိုတာ method of doubt ကိုသုံးပြီး ကျိုးကြောင်းပြခဲ့တယ်။ အဲဒိကနေ God ရှိတယ်ဆိုတာကို သက်သေထူဖို့ ကြိုးစားရာမှာလည်း ဒီနည်းနဲ့ပဲ ဆက်သွားတယ်။

ဒီတော့ ပထမအခန်းတွေမှာလိုပဲ Descartes က မီးဖိုဘေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး meditate လုပ်တယ်။ မျက်စိပိတ်၊ နားပိတ်၊ နှာခေါင်း ပိတ်ပြီး အာရုံတွေ ၀င်မလာနိုင်အောင် သူတားနိုင်ပေမဲ့ စိတ်ထဲဝင်လာတဲ့ အာရုံတွေတော့ သူဘယ်တားလို့ ရမလဲ။ (အဟဲ သူတင်မကဘူး၊ ဘယ်သူမှ တားလို့မရဘူးလေ၊ ဟုတ်တယ် မလား။) ဒီတော့ စိတ်ထဲဝင်လာတဲ့ အာရုံတွေဟာလည်း ထမင်းသိုးဟင်းသိုးတွေ၊ အင်တွေလို့ သဘောထားပေါ့၊ ဟုတ်လား။ အပြင်မှာ သစ်ပင်ရှိတယ်၊ လူတွေရှိတယ်၊ ဒါပေမယ့် ဒီအရာတွေဟာ ပထမအခန်းတွေမှာ တွေ့ခဲ့တဲ့ လှည့်ဖျားနိုင်လွန်းတဲ့ နတ်ဆိုးက ဖန်းဆင်း ထားတာတွေ၊ တကယ်မရှိတဲ့ အရာတွေလို့ သံသယ၀င်နိုင်ရင်တောင်၊ အင်တွေလို့ သဘောထားနိုင်ရင်တောင် ကိုယ့်စိတ်ထဲမှာ ဒီအရာတွေ ပေါ်နေတာကတော့ သံသယ ဖြစ်လို့မရဘူး။ ဒီလို ကိုယ့်စိတ်ထဲ အရာတခုခုပေါ်လာတာကို (ဆိုပါစို့ သစ်ပင်ဆိုတာကို စိတ်ထဲမြင်ကြည့်လိုက်၊ စကားမစပ် စိတ်ထဲ ‘မြင်ကြည့်’ ဆိုတဲ့စကားမှာကိုက ဒါဟာ ကြိယာပုဒ်ဆိုတာ ထင်ရှားနေပြီ။) Descartes က mode of thought ဆိုတဲ့ စကားစုကို သုံးတယ်။ အင်မတန့် အင်မတန် အရေးကြီးတဲ့စကားလုံးပါပဲ။ နောက်ပိုင်း Spinoza, Leibniz နဲ့ philosophy of mind လေ့လာကြတဲ့အခါ ထပ်ကာတလဲလဲ တွေ့ရမဲ့ စကားလုံးပါ။ ကိုယ့်စိတ်ထဲမှာmode of thought ရှိနေတာဟာ ကိုယ်ရှိနေတာကို ပြောတာနဲ့ အတူတူပဲ။ ငါတွေးနေတယ်၊ ငါရှိတယ်၊ ဟုတ်တယ်နော်။ ဒီတော့ ခုတွေးနေတဲ့ ငါအပြင်မှာ ‘ငါ’ ဆိုတဲ့ အရာထဲမှာ တခြား ဘာအရာရှိနေသေးလဲ။ Meditation အပိုင်းသုံး 35 မှာ ဘယ်လိုရေးလဲဆိုတော့

Now I will cast around more carefully to see whether there may be other things within me which I have not yet noticed. I am certain that I am a thinking thing. Do I not therefore also know what is required for my being certain about anything?

သူပြောချင်တာက သူကိုယ့်သူ thinking thing ဖြစ်တယ်လို့ သေသေချာချာ သိရတာ၊ သိနိုင်တာဟာ တခြားအရာတခုခုရဲ့ စေ့ဆော်မှုကြောင့် သေသေချာချာ သိရတာ၊ သိနိုင်တာ မဟုတ်ဖူးလားလို့ Descartes ကမေးတာဖြစ်တယ်။ (အင်… not so sure, Monsieur Descartes ဒါပေမယ့် ဆက်ပြောပါဦးလေ။)

ကိုယ်တွေးနေတာကို သတိရှိနေတဲ့ လူတယောက်ဟာ လောကမှာ တခြားဘာကိုမှ မသိနိုင်ရင်တောင် သူရှိတယ်ဆိုတာကိုတော့ သိရတယ်၊ ဒါဟာ ပထမဆုံးပေါ်လာတဲ့ အမှန်တရားလို့ Descartes ကဆိုတယ်။ ကောင်းပြီ၊ ဒါဆိုရင် ဒီအချက်ကို ဘာ့ကြောင့် အမှန်တရားလို့ ပြောနိုင်ရတာလဲ။ well စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ပေါ်လာတာဟာ မှားနေတယ်ဆိုရင် ငါရှိနေတယ်ဆိုတာကို အမှန်အနေနဲ့ယူဖို့ ဖြစ်နိုင်ပါ့ဦးမလားလို့ Descartes က စောဒကတက်တယ်။ သူပြောတာကို ၀ါကျတွေ ခွဲရေးကြည့်ရင် နည်းနည်းပိုရှင်းမလား မသိဘူး။ ဒီတော့ ရေးကြည့်မယ်။

ငါရှိတာ သေချာတယ်၊ ဘာလို့ဆို စိတ်ထဲမှာ ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသားမြင်ရလို့။

ငါရှိတာ အမှန်တရား ဖြစ်တယ်၊ ဘာလို့ဆို စိတ်ထဲမှာ ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား မြင်ရတာ မမှားနိုင်လို့။

ဒါဆို နည်းနည်းပိုရှင်းမယ်ထင်တယ်။ ဟုတ်ပြီ၊ ဒီတော့ ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား မြင်ရတဲ့ အရာတခုဟာ ဘာလို့ မမှားနိုင်တာလဲ။ (မှားနိုင်တယ်ဆိုရင်တော့ လုံးဝသွားပြီ၊The existence of himself သူရှိနေတယ်ဆိုတာဟာလည်း မသေချာတော့ဘူး။ ရှေ့ ဆက်လို့ မရတော့ဘူး၊ မြင်ကြမယ်ထင်တယ်။) အဲဒိမှာ သူက God ဆိုတဲ့ အယူအဆကို ဆွဲခေါ်ချလာတယ်။

Descartes ရဲ့ God ရှိတယ်ဆိုတာကို သက်သေပြပုံကို လောလောဆယ်မှာ အတိုချုံးပြီး အကြမ်း (တကဲ့အကြမ်းစား) ပြောရယင် သေချာမှုကို God က ဖန်တီးပေးတဲ့အတွက် (တနည်းအားဖြင့် သေချာမှုရဲ့  အကြောင်းရင်းခံဟာ God ဖြစ်တဲ့အတွက်) သူရှိနေတယ် ဆိုတဲ့ အမှန်တရားဟာ သေချာတာ၊ မမှားနိုင်တာ ဖြစ်တယ်လို့ ဆိုတယ်။ God မရှိဘဲ သူရှိတယ်ဆိုတဲ့ အမှန်တရားဟာ ဘယ်လိုမှ မမှန်နိုင်တော့ဘူးလို့ Descartes က ကျိုးကြောင်းပြတယ်။ သူတင်မက ပြင်ပအရာတွေရဲ့ တည်ရှိမှုကိုလည်း God တည်ရှိမှုပေါ်မှာ Descartes က ထောက်မှီထားတယ်။ ဒါ့ကြောင့် အပေါ်တနေရာမှာ ပြောခဲ့သလို Descartes ရဲ့ ဖီလော်ဆော်ဖီစနစ်ကြီး တခုလုံးဟာ God ဆိုတဲ့ သဘောတရားပေါ် တည်နေတဲ့အတွက် နောက်ပိုင်း God ပေါ် ယုံကြည်မှု အားနည်းလာတာနဲ့ Descartes တို့၊ Leibniz တို့ရဲ့ rationalist အုပ်စုသြဇာ မှေးမှိန်လာတာ နှစ်ခုဟာ ဆက်စပ်မှု ကြီးကြီးမားမား ရှိနိုင်တယ်။

အပေါ်က စာပိုဒ်မှာ God ရှိတာကို Descartes ဘယ်လိုဘယ်ပုံ စဉ်းစားသလဲဆိုတာ အဖြစ်ပြောပြခဲ့တယ်။ တကယ်တမ်းမှာ သူ့ရဲ့ သက်သေထူပုံက အဲ့သလောက် ဘယ်တိုမလဲ၊ ဒိထက် အများကြီး အသေးစိတ်သလို အင်မတန်လည်း လက်ဝင်တယ်။ ဦးနှောက်လည်း အင်မတန်စား၊ အင်မတန်ပန်းတယ်။ ဒါပေမယ့် ပျော်စရာကောင်းမယ် ဆိုတာတော့ အာမခံတယ်။ မယုံရင် ဆက်ဖတ်ကြည့်။

တခါတခါ စဉ်းစားမိတယ်။ လောကကြီးမှာ ဘာကိုမှ ဦးနှောက်ခြောက်ခံစရာမလိုဘဲ တယောက်ယောက်ကပြောတဲ့ (ဂေါတမဗုဒ္ဓဖြစ်ဖြစ်၊ ယေရှုဖြစ်ဖြစ်၊ မဟာဝီရဖြစ်ဖြစ်၊ မိုဟာမက်ဖြစ်ဖြစ်) အယူအဆကို အမှန်လို့ စောဒကမတက်ဘဲ လက်ခံရဲတဲ့၊ လိုလိုချင်ချင် လက်ခံချင်တဲ့ စိတ်မျိုး လူတိုင်းမှာရှိယင် မကောင်းဘူးလားလို့ စိတ်အချဉ်ပေါက်ပြီး စဉ်းစားမိတယ်။ အဲဒိအခါမှာ ဖီလော်ဆော်ဖီဆိုတာလည်း လောကမှာ ရှိမှာ မဟုတ်တော့ဘူး။ တချို့ ကလည်း ဘာတဲ့ တရားစစ်၊ တရားမှန်များ ထွန်းကားပါစေတဲ့။ အဟဲ တရားစစ်၊ တရားမှန်ဆိုတာလည်း တခြား မဟုတ်ဖူး။ ကိုယ် ကိုးကွယ်ယုံကြည် လက်ခံထားတဲ့တရားကို ပြောတာ။ အဲဒါကို လူများတွေလည်း လက်ခံစေချင်တာ။ ဗုဒ္ဓဘာသာချင်းတူယင်တောင် မဟာယာနက ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ တို့ ထေရ၀ါဒကမှ မှန်တာ။ ခရစ်ယာန်ဆိုလည်း အို. ကက်သလစ်ဆိုတာ အရုပ်တွေ၊ ပုံတွေ ကိုးကွယ်တဲ့လူတွေ၊ တို့အင်ဂလီကန်ကမှ ပညတ်တော်ဆယ်ပါးကို အတိအကျ၊ တသွေမတိမ်း လိုက်နာတာ။

အင်း.. ကိုးကွယ်ယုံကြည်မှုသာရှိပြီး ဦးနှောက် အလုပ်မပေးတဲ့လူတွေသာ ကြီးစိုးခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေရဲ့ အသိပညာဟာ ဒီလောက်ထိ တိုးတက်နိုင်စရာမရှိဘူး။ ဦးနှောက်ကို အလုပ်မပေးနဲ့၊ ခန္ဓာကိုယ်ပေါ်က ဖြစ်ပျက်ပဲ ရှုနေ၊ ဒါဆိုရင် သံသရာ တလျှောက်လုံးမှာ အကြိမ်ကြိမ်သေရတဲ့ အဖြစ်ကလွတ်မယ်တဲ့။ အင်း… ဟုတ်ချင်လည်း ဟုတ်မှာပါ။ ဒါပေမယ့် စက္ကန့်မလပ် ဖြစ်ပျက်ကိုချည်း ရှုနေယင် Gravitation ဆိုတဲ့ ဒြပ်ဆွဲငင်မှု သဘောတရားရဲ့  နက်နဲ ဆန်းကျယ်ပုံကို ရင်သပ်ရှုမောဖြစ်မှုက ပေးတဲ့ ရသကိုလည်း ခံစားရမှာမဟုတ်ဖူး။ Karl Marx ဟာ Hegel ရဲ့ ဖီလော်ဆော်ဖီ အခွံကိုယူ၊ အစာသွတ်ပြီး သူ့ကိုယ်ပိုင် ဖီလော်ဆော်ဖီ အဖြစ် ဖော်ထုတ် ပြောင်းလဲလိုက်ပုံကို လက်ခနဲ မြင်လိုက်ရတဲ့အခါမှပေးတဲ့ ရသကိုလည်း ခံစားနိုင်မှာ မဟုတ်ဖူး။ ဒါတွေဟာ တရားစစ်၊ တရားမှန်တွေ မဟုတ်ဖူး၊ ဒါတွေသိလို့လည်း သံသရာက လွတ်မြောက်ရာမှာ အထောက်အကူမဖြစ်ဖူး၊ အကောင်းဆုံးက ဘုရားသခင် ရှိတယ်ဆိုတာကို လက်ခံလိုက်။ ဘ၀ဟာ ပြီးပြည့်စုံသွားမယ်တဲ့။ ဒီလိုဆိုရင်တော့ ကန်တော့ဆွမ်းပါဘဲ။ တချို့ အတွက်တော့ အတွေးအခေါ်တခု တည်ဆောက်ထားပုံကို သေချာလေ့လာ ဆန်းစစ်ကြည့်ရတာထက် နှစ်သက်စရာကောင်းတာ မရှိဘူး။ အဲ့သလို လူမျိုးတွေ နည်းလာရင် အမှောင်ခေတ်ကို ပြန်ရောက်မှာ ဗေဒင်မေးစရာကို မလိုဘူး။ ထားပါတော့၊ ခုတော့ Descartes သက်သေပြပုံကို အကျယ်ကြည့်ရအောင်။

နောက်တပတ်မှ..

😀

Discussion

7 thoughts on “Reflections on Descartes 6

  1. အပိုင်း(၅)နဲ့ (၆)က တော်တော်ကျဲတယ်နော်။ အပိုင်း(၇)ကတော့ သိပ်မကြာခင် ဖတ်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်……

    Posted by မိုးစက်ပွင့် | 10/12/2010, 15:23
  2. ကိုဝတုတ်ရဲ့ ဒီပို့စ်ကတော့ တိုလို့လားမသိဖူး ရှင်းသလိုပဲ။
    ဖီလိုနောက်ခံမရှိဘဲ နည်းနည်းလောက်မြင်တာတွေ ပြောကြည့်မယ်နော်။

    – ငါရှိနေတယ် ဆိုတဲ့အထိက ပြဿနာမရှိလှဖူးဗျ၊ ဘုရားကို ဆွဲသွင်းလာတဲ့ အခါမှာတော့ အတော်အကျယ်တဝင့် ရှင်းဖို့လိုမယ်ထင်တယ်။ မဟုတ်ရင် စစချင်းမှာတင် တစ်နေဖို့များတယ်ထင်တာပဲ။ အထူးသဖြင့် ဘုရားကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာပေါ့။ (အဲ .. ဆက်ရေးမလို့က ဘုရားနဲ့ပတ်သက်တဲ့ အမေးတွေမထုတ်ရဲလို့ ဒီလောက်ပဲ ဆိုပါစို့ဗျာ၊ ဆရာ့လက်ထဲပဲ အပ်ပါတယ် 🙂 )

    – ဘာသာအယူဝါဒတစ်ခုကို စောဒကမတက်ပဲ လက်ခံတဲ့လူတွေချည်းတော့ စိတ်အချဉ်ပေါက်လို့ဖြစ်ဖြစ် မဖြစ်စေချင်ပါနဲ့ဗျာ။ ကျနော်တို့အားလုံး ဘောင်ကျဉ်းကျဉ်းလေးထဲက စက်ရုပ်တွေဖြစ်ကုန်ပါ့မယ်။ မတော်များ ခုလိုအပြန်အလှန်ပြောနိုင်ကြသူတွေ အနေနဲ့တောင် ဖြစ်လာချင်မှ ဖြစ်လာအုံးမှာ။

    – နောက်ဆုံးတစ်ခုတွေးမိတာက အထူးသဖြင့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ခရစ်ယာန်ဘာသာတွေဟာ လောကကြီးမှာ အမှန်တကယ် ဖြစ်ပေါ်တည်ရှိလာနေခဲ့ကြတာတွေကို တစ်ပိုင်းစီမြင် သို့မဟုတ် အမြင်တစ်မျိုးစီနဲ့ကြည့် သို့မဟုတ် သိနားလည်ကြတာလားလို့ပါ။ ဒီ ဖြစ်လာပြီး တည်ရှိနေတာနဲ့ process အားလုံးကို နားလည်တဲ့အပြင် အခြားသာမန်လူတွေ နားလည်အောင်ရှင်းပြနိုင်ဖို့ဟာ ဥာဏ်ရည်အမြင့်ဆုံး လူသားတစ်ယောက်အတွက်တောင် ဖြစ်နိုင်ပါ့မလားဆိုတာလည်း သံသယရှိမိတယ်။

    ချုပ်ပြောရရင် ကိုဝတုတ်ပြောသလိုပဲ (သင်ယူ) လေ့လာ ဆန်းစစ်ကြည့်ရတာဟာ ကျနော်တို့ တစ်ကိုယ်စာအတွက်တော့ ရသာယနတစ်ခုပါပဲဗျာ။

    Posted by မန်းကိုကို | 11/12/2010, 02:46
  3. I should have quoted Descartes’s own words in this part. I avoided becuse doing so involves introducing another important concept in Cartesian philosophy which needs to be explained at some lenght; namely ‘substance’.

    By the word ‘God’ I understand a substance that is infinite, independent, supremely intelligent, supremely powerful, and which created both myself and everything else (if anything else there be) that exists. (Third Meditation 45)

    Posted by zizawa | 11/12/2010, 10:23
  4. ကိုယ့်စာ ကိုယ်မလုပ်တဲ့အတွက် စာမေးပွဲ အမှတ်မကောင်းယင် အပြစ်တင်စရာ အနည်းဆုံး နှစ်ယောက် (မမိုးစက်နဲ့ ကိုမန်းကို) တော့ ရနေပြီ။

    Posted by zizawa | 11/12/2010, 14:10
    • ကျွန်တော်မျိုး သေသင့်ပါတယ် 🙂

      သိဖူးလေ ဆရာရယ်၊ ပြောပြောကစောရင် အနည်းဆုံးတော့ ဝိုင်းဆုတောင်းပေးမှာပေါ့ဗျာ။

      Posted by မန်းကိုကို | 11/12/2010, 15:09
      • ဖြစ်နိုင်ယင် original တွေကို ဖတ်စေချင်တယ်။ ကျွန်တော့ interpretation အပါအ၀င် တခြား ရာထောင်ချီတဲ့ commentator တွေရဲ့ interpretation တွေလောက်နဲ့က ဖီလော်ဆော်ဖီ အရသာကို သိမှာ မဟုတ်ဖူး။ original texts တွေကို ကိုယ်တိုင်ဖတ်ပြီး ကိုယ့်ဟာကိုယ် နားလည်အောင် interpret လုပ်တာကို ဘာနဲ့မှ အစားမထိုးသင့်ဘူး။ အဲ့သလို original texts ဖတ်ပီး ကျွန်တော့ interpretation နဲ့ သဘောမတူတာမျိုး၊ လွဲနေတာ ထောက်ပြတာမျိုး လုပ်ပါမှ နှစ်ဦးနှစ်ဖက် ပညာတိုးမယ်ထင်ပါတယ်။ original တွေဖတ်ပါမှ သမိုင်းမှာ greats တွေနဲ့ တိုက်ရိုက်သိခွင့်ရမှာ ဖြစ်တယ်။ secondary reading တွေအများစုက ကျနော်ရေးနေတာတွေ အပါအ၀င် တန်ဖိုးမရှိလှပါဘူး။ ဒါပေမဲ့ secondary reading တွေကနေ original texts တွေ ဖတ်ဖြစ်ဖို့၊ ဒါမှမဟုတ် နားလည်အောင် အားထုတ်ရာမှာ တစုံတရာ အကျိုးရှိစေတယ်ဆိုရင်တော့ ရေးအားရှိတာပေါ့။ တဆင့်စကားက ကိုယ်တိုင်ကြားရတာကို မနှိုင်းယှဉ်နိုင်ပါဘူး။

        Posted by zizawa | 11/12/2010, 16:05
  5. အရင်တခါ ကျနော်ပြောသလိုပဲ ကိုဝတုတ်ကျွမ်းကျင်ရာကဏ္ဍမှာ လူနည်းတော့ ကျနော်တို့လို lecture လာခံယူရင်း မရှင်းတာထမေးတတ်တဲ့ ကျောင်းသားတွေအများစုဖြစ်ဖို့ များတယ်ထင်ပါတယ်ဗျာ 🙂

    ပြီးတော့ ကိုဝတုတ်တို့ရေးသလို secondary reading တွေဟာလည်း တန်ဖိုးရှိပါတယ်၊ သိပ်လည်းမနှိမ့်ချနေပါနဲ့အုံး။ မြန်မာပြည်ကလာသူတွေ အများစုကတော့ ဒီလိုတွေကပဲ တဆင့်တဆင့် တက်လှမ်းကြရတာပါပဲ။ ခူးပြီးခပ်ပြီးတွေ စားပြီးမှ ကိုယ့်ဘာသာရှာဖွေကြရတာ သဘာဝပါ။ ဥပမာ အစက globalisation ဆိုတာကို သိချင်နေတာ၊ ကျောင်းမှာသင်ရတဲ့ ဘာသာရပ်နဲ့ကွက်တိသွားဖြစ်တော့ ဆရာက text တွေ ထုတ်နှုတ်ယူလာပြီး ရှင်းပြပေးလိုက်တော့လည်း အလွယ်သား။ ဆရာမပြ နည်းမကျဆိုတာ လက်တွေ့ပဲ။ ကိုယ့်ဘာသာဆို ယောင်ဝါးဝါးနဲ့ ဘယ်လောက်ကြာအုံးမလဲ မပြောတတ်ဖူး။

    စာအုပ်တွေတော့ စပြီးဝယ်စုနေတာပါပဲ။ စုံစုံလင်လင်ရဖို့၊ နောက်တစ်ဆင့်ဖတ်ဖို့နဲ့ နားလည်ဖို့၊ ဒါတွေပြည့်စုံမှဆိုရင် နှစ်ပေါင်းအများကြီးကြာဦးမှာမို့ ဆရာ့နဲ့ဆွေးနွေးဖို့ မတတ်နိုင်သေးတာ သည်းခံပေးပါဗျာ။

    Posted by မန်းကိုကို | 12/12/2010, 05:37

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: