//
you're reading...
Burma, Burma referendum

Jim Webb’s trip (recycled)

ဝီကီလိ ၀က်ဆိုက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်သံရုံး ကေဘယ်တွေ ထပ်ထွက်လာတယ်။ ခုနောက်ဆုံးတွေ့ရတဲ့ ကေဘယ်က စိတ်ဝင်စားဖို့ သိပ်ကောင်းတယ်။ ဂျင်ဝက် ခရီးစဉ်မှာ ယန်းကီးတွေရဲ့  ကုလားဖန်ထိုးကွက်လေးတွေကို ရှုးစားနိုင်အောင် ဒီကေဘယ် လင့်ကို ပေးလိုက်ပါတယ်။ အမေရိကန်ကို မျက်စိမှိတ်ထောက်ခံပြီး confirmation bias ၀င် နေသူတွေ ကျိန်ဆဲနိုင်အောင် ဂျင်ဝက်ကြီး လာတုန်းက ရေးထားတဲ့ ပို့စလေးတခုပါ တင်ပေးလိုက်တယ်။ ဖတ်ပြီးရင် ကျုပ်ကို အားရပါးရဆဲပေတော့..😀

http://213.251.145.96/cable/2009/08/09RANGOON539.html

Jim Webb’s trip

မြန်မာနိုင်ငံထဲ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီနဲ့ မညီတဲ့ လုပ်ရပ်တွေကို အနည်းဆုံး ပါးစပ်ကပြောဖော်ရနေသေးတဲ့ အမေရိကန်လိုနိုင်ငံက နအဖဆီကို လူလွှတ်တာဟာ စိုးရိမ်မယ်ဆို စိုးရိမ်စရာပဲ။ အမေရိကန်က ပေါ်လစီပြောင်းလာပြီလို့ နအဖကတွက်ပြီး ပြည်တွင်းထဲမှာ ဖိနှိမ်မှုတွေပိုလုပ်လာ မလားလို့တွေးတာ သဘာဝကျတယ် ထင်ပါတယ်။ 

အဲ့ဒိအတွက်ကြောင့်ပဲ အစပိုင်းမှာ စိတ်မသက်မသာ ဖြစ်မိတာပါ။ ဒါပေမဲ့ တကယ်တမ်းမှာ ခုလွှတ်တော်အမတ် ခရီးကို အကောင်းဘက်က မြင်လို့ ရတာတွေလည်း ရှိနိုင်တယ်လို့ တွက်မယ် ဆိုလည်း တွက်လို့ ရနိုင်တဲ့ အကြောင်းတွေ ရှိနေတယ်။ 

တကယ်တော့ အမေရိကန်လို့ ပြောတာထက် အနောက်အုပ်စု လို့ပြောတာပိုကောင်းမယ် ထင်တယ်။ အဲ့ဒီအနောက်အုပ်စုနဲ့ မြန်မာဆက်ဆံ ရေးကို ကြည့်မယ်ဆိုရင် အနောက်အုပ်စုဟာ မြန်မာနိုင်ငံက စစ်အစိုးရအဆက်ဆက်ကို ထောက်ခံခဲ့တာ တွေ့ ရမယ်။

ဒီလိုပြောလို့ တချို့ အတော်လေး မျက်စိလည်သွားမယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ပြည်တွင်းစစ်မှာ တိုင်းရင်းသားသူပုန်တွေ၊ ကွန်မြူနစ်သူပုန်တွေကို စစ်တပ်က အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ခဲ့တဲ့အဖြစ်အပျက်တွေမှာ အင်္ဂလိပ်ဆီက ၀ယ်လို့ ရတဲ့ စစ်လက်နက် ပစ္စည်းတွေရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးပါတယ်။ နောက်ဗိုလ်နေ၀င်း တက်လာပြီးနောက်ပိုင်းမှာ အနောက်အုပ်စုဟာ ဗိုလ်နေ၀င်းကို နောက်ကွယ်ကနေ အများကြီးထောက်ခံခဲ့တယ်။ 

ဆိုရှယ်လစ်အမည်ခံထားပေမဲ့ ဗိုလ်နေ၀င်းရဲ့ စစ်တပ်ဟာ ဆိုရှယ်လစ်နဲ့ တူတာဆိုလို့ ဈေးကွက်စီးပွားရေးစနစ်မရှိတာတခုပဲရှိတယ်။ ဆိုရှယ်လစ်လုပ်ရပ်လို့ နာမည်ခံပြီး ပြည်သူပိုင်သိမ်း၊သူတို့ စစ်အုပ်စုထဲက အချင်းချင်း ဝေစားမျှစားလုပ်ခဲ့ကြတာ လူတိုင်းသိတယ်။ 

တနည်းအားဖြင့် ဗိုလ်နေ၀င်းဟာ ဆိုရှယ်လစ်နာမည်သာယူထားတာ။ တကယ်တမ်းမှာ အယူအဆပိုင်းမှာ အင်္ဂလိပ် အမေရိကန်တို့  အကြိုက်မတွေ့မယ့် အယူအဆမျိုး လုံးဝမတွေ့  ရဘူး။ ဗိုလ်နေ၀င်းသွားလည်တဲ့နိုင်ငံတွေကိုကြည့်။ တရုတ်ပြည်ကလွဲလို့ သူအများဆုံးသွားတဲ့ နိုင်ငံတွေဟာ အင်္ဂလန်၊ အနောက်ဂျာမနီ၊ ဆွစ်ဇာလန်၊ သြစတြီးယားစတဲ့ အနောက်အုပ်စုထဲက နိုင်ငံတွေချည်းပဲ။ 

တရုတ်ပြည်ကို သွားတယ်ဆိုတာကလည်း အလည်အပတ်ထက် မသွားမဖြစ်လို့  သွားရတဲ့ခရီးတွေ။ နောက်မဆလခေတ် တခေတ်လုံးမှာ မြန်မာနိုင်ငံကို စစ်လက်နက် အများဆုံး တင်ပို့ တဲ့ နိုင်ငံတွေဟာ စောစောကပြောခဲ့တဲ့ အနောက်ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန် စတဲ့ နိုင်ငံတွေဖြစ်တယ်။ 

မှတ်မိကြမယ် ထင်ပါတယ်။ အရေးအခင်းတုန်းက အော်ခဲ့တဲ့ ကြွေးကြော်သံတခုကို။ငါတို့  တောင်းတော့ ဒီမိုကရေစီ၊ သူတို့ ပေးတော့ ဂျီသရီး၊ ဂျီဖိုး။ အဲ့ဒိဂျီသရီးတို့ ဂျီဖိုးတို့ ဆိုတာ အနောက်ဂျာမနီလုပ် သေနတ်တွေပဲ။ 

တရုတ်က ဗိုလ်နေ၀င်းဟာ အနောက်အုပ်စုလူဆိုတာ သိတယ်။ အဲ့ဒီအတွက်ကြောင့်ပဲ အရှေ့မြောက်ဒေသမှာ ဗကပကို အကြီးအကျယ်ထောက်ပံ့ခဲ့တာပဲ။ စစ်အေးတိုက်ပွဲကာလ အရှေ့ တောင်အာရှမှာ အမေရိကန် တရုတ် စစ်တုရင်ထိုးရာမှာ ဗိုလ်နေ၀င်းက အနောက်အုပ်စုလူ၊ ဗကပက တရုတ်လူ။ မြင်ကြမယ်ထင်ပါတယ်။ 

၈၈ အရေးအခင်းအပြီးမှာ ဗိုလ်နေ၀င်းကို တကယ်တမ်းစိန်ခေါ်နိုင်သူပေါ်လာတယ်။ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်စုဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို တကယ်ကို နှစ်နှစ်ကာကာ ရထားတဲ့ ခေါင်းဆောင်ဖြစ်သလို သူဟာ အနောက်နိုင်ငံမှာကြီးတဲ့လူ ဖြစ်တယ်။ ဒီတော့ ဗိုလ်နေ၀င်းကို ဖိလစ်ပိုင်က မားကို့ စ်လို အမေရိကန်တို့ က တနေရာရာမှာ သူတို့ နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ဥရောပမှာပဲဖြစ်ဖြစ် အေးအေးလူလူနဲ့ နိုင်ငံရေးစင်မြင့်ပေါ်က ဆင်းသွားတာ မြင်ချင်ကြတယ်။ တဖက်မှာ ဒေါ်စုကို သူတို့ ရဲ့ သြဇာအာဏာ ဖြန့် ဖို့ရာ ကြားခံနယ်အဖြစ် ဆက်အသုံးချသွားချင်တယ်။ 

ဖြစ်ချင်တော့ ဗိုလ်နေ၀င်းကလည်း ဖယ်မပေးဘူး။ ဒေါ်စုကလည်း ပြည်သူလူထုကို ရဲဘော်ရဲဘက် အချင်းချင်း ဘယ်တော့မှ သစ္စာဖောက်မယ့် ခေါင်းဆောင်မဟုတ်ဘူး။ ပြည်သူလူထုကို ကျော်လုပ်မယ့် ခေါင်းဆောင်မဟုတ်ဘူး။ ပြည်သူလူထုက ဗိုလ်နေ၀င်း စစ်အာဏာရှင်စနစ်ကို ဘယ်တော့မှ မမြင်ချင်ဘူးဆိုရင်သူဟာ အဲ့ဒီအတွက် ဘယ်တော့မှ စေ့စပ်အပေးအယူလုပ်မယ့် ခေါင်းဆောင်မဟုတ်ဘူး။ (ဒေါ်အောင်ဆန်းစုကြည်ကို တချို့ က ဘနာဇီယာဘူတိုနဲ့ ယှဉ်ပြီး ဟိုတယောက်က အာဏာရအောင် လုပ်နိုင်တယ်၊ ဒေါ်စုက မလုပ်နိုင်ဘူး၊ ဘူတိုက နိုင်ငံတကာ နိုင်ငံရေးအင်ဆိုက် ပိုရှိတယ်၊ ပိုနပ်တယ်လို့ ဝေဖန်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘူတိုလို လုပ်မယ်ဆိုလည်း ဖြစ်နိုင်မှာဘဲ။ ၉၃ မှာ အမျိုးသား ညီလာခံတက်၊ စစ်အုပ်စုနဲ့ ဝေစားမျှစား လုပ်မယ်ဆိုလည်း လုပ်လို့ ရနိုင်တာပဲ။ ဒါပေမယ့် သူက သစ္စာရှိတယ်။ တခြားဟာတွေမှာ သူ့ကို အထင်မကြီးနိုင်ရင်တောင် အဲ့ဒိရဲဘော်ရဲဘက်ချင်း သစ္စာရှိမှု၊ ကိုယ့်ယုံကြည်ချက်ပေါ် သစ္စာရှိမှုမှာတော့ သိပ်ကို လေးစားကြည်ညိုစရာပါ။)

ဒီကြားထဲမှာ အမေရိကန်ကအမတ်တွေ မြန်မာနိုင်ငံကို လာပြီး ဒေါ်စုနဲ့ တွေ့ခဲ့တာပဲ။ ဘီလရစ်ချက်ဆန်လာတယ်။ ဂျွန်ကယ်ရီလာတယ်။ သူတို့ လာတုန်းက ဘာတွေ ပြောသလဲဆိုတာ နောက်တော့ သိရမှာဘဲ။ ဒါပေမဲ့ ဒီလူတွေလာပြီး ဘာမှ ဖြစ်မလာတာ ထောက်ရင် ဒေါ်စုဆီက ဗိုလ်နေ၀င်းစစ်အာဏာရှင် အစိုးရနဲ့  ပတ်သက်တဲ့ သဘောထား ပြောင်းမသွားတာကို မှန်းကြည့်လို့  ရတယ်။ (အဲ ခုတော့ ၀ီကီလိ ကျေးဇူးနဲ့ ဘာတွေပြောခဲ့သလဲ ဆိုတာ သိနိုင်ဖို့ တစတစ ပေါ်လာပါပြီ။) အဲ့သလိုနဲ့ ဗမာပြည်နိုင်ငံရေးဟာ သောင်မတင် ရေမကျဖြစ်နေရာမှာ ၂၀၀၃ ခုနှစ်မှာ ဗမာ့နိုင်ငံရေးမှာ အင်မတန်အရေးကြီးတဲ့ အလှည့်အပြာင်းကို ရောက်လာတယ်။ 

ဗိုလ်နေ၀င်းကို ဗိုလ်သန်းရွှေက ဖယ်ရှားလိုက်တယ်။ ခုဆို ဗိုလ်နေ၀င်းနာမည်ကို စာအုပ်တွေ ထဲတောင် ထည့်ရေးလို့ မရတော့ဘူး။ အဲ့ဒီတော့ တောက်လျှောက် အနောက်အုပ်စုရဲ့ လူဖြစ်ခဲ့တဲ့ ဗိုလ်နေ၀င်းမရှိတော့တဲ့နောက်မှာ အနောက်အုပ်စုရဲ့ မြန်မာနိုင်ငံပေါ် သြဇာသက်ရောက်နိုင်မှု လုံးဝပျောက်သွားတယ်။ (ဒီနေရာမှာ အလျဉ်းသင့်လို့ political hedging ဆိုတဲ့ ဝေါဟာရလေးနဲ့ မိတ်ဆက်ပေးချင်တယ်။ hedge လုပ်တယ်ဆိုတာ အလောင်းအစားနဲ့ finance မှာ သုံးတဲ့ ဝေါဟာရ။ မြင်းတကောင်ထဲ၊ ဒါမှမဟုတ် စတော့ တခုထဲကို ပုံအောလောင်းမိပြီး ကိုယ့်တွက်ကိန်းမှားနေရင် လောင်းထားတဲ့ ပိုက်ဆံကို တနည်းတဖုံ ပြန်ကာမိအောင် နောက်ထပ်မြင်းတကောင်ကိုလည်း အာမခံအနေနဲ့ လောင်းထားတာမျိုးပဲ။ အမေရိကန်က ဗိုလ်နေ၀င်းကို အပြည့်အ၀ မယုံပါဘူး။ ဒါ့ကြောင့်ည်း ကေအင်ယူကို hedge အနေနဲ့ ထားတယ်၊ အမျိုးမျိုးသော အိပ်ဇိုင်းအုပ်စုတွေ၊ အထူးသဖြင့် လက်ျာဂိုဏ်းလို့ သိတဲ့ ထိုင်းအခြေစိုက် အုပ်စုတွေကို ဗိုလ်နေ၀င်းကို hedge လုပ်တဲ့အနေနဲ့ မွေးထားတယ်။ ထိုင်းတနိုင်ငံလုံးကို သူကြိုက်သလို လုပ်လို့ရတာဆိုတော့ ဒါမျိုး လုပ်လို့ရတာပေါ့။ မိုးသီးဇွန်ကို ထိုင်းပုလိပ်က ဖမ်းမယ်တကဲကဲ လုပ်တော့ အန်ကယ်ဆမ်ပဲ လာကယ်ရတာမဟုတ်လား။)

ပြန်ဆက်ရရင် ဗိုလ်နေ၀င်း တယောက် ဖြစ်သလို မသာချလိုက်ရတဲ့ အဖြစ်အပျက်အပြီးမှာ အမေရိကန်တွေ အတွက်ပိုစိုးရိမ်စရာက ဗိုလ်သန်းရွှေစစ်အုပ်စုဟာ တရုတ်နဲ့  ပိုပို နီးစပ်လာတာပဲ။ တကယ်တော့ ဗိုလ်သန်းရွှေတို့ ဟာ တရုတ်ကိုချစ်လို့ ထက် မပေါင်းမဖြစ်လို့  ပေါင်းနေရတဲ့ အနေအထားပဲ။ (ခုဝီကီလိ ကေဘယ်အရ ဗိုလ်သန်းရွှေ စစ်အုပ်စုဟာ အမေရိကန်နဲ့ ပလဲနံပ သင့်မဲ့အရေးကို စိတ်ကူး ဖဲရိုက်နေတာ တွေ့ရမှာဘဲ။)

ခြုံပြောရရင် အနောက်အုပ်စုဟာ မြန်မာနိုင်ငံမှာ အပွင့်လင်းဆုံးပြောရရင် လူပြန်မွေးရမယ်။ ဒီနောက်ခံတွေနောက်မှာ ဟီလာရီကလင်တန်က နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို လက်ဆွဲနှုတ်ဆက်တယ်။ ဂျင်ဝက်မြန်မာပြည်ကိုလာတယ်။ ဂျင်ဝက်နဲ့  အတူ မြန်မာနိုင်ငံက ကူးသန်းရောင်းဝယ်ရေးနဲ့ လုပ်ငန်းရှင်တွေအသင်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ ဖို့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ လည်းပါလာတယ်လို့ ပြည်တွင်းထဲက စီးပွားရေးလုပ်ငန်းရှင်တချို့ က ပြောတယ်။ ယက်တောကို လာခေါ်တယ်ဆိုတာဟန်ပြ။ သူထောင်မကျခင်ကတည်းက ခရီးစဉ်က စီစဉ်ပြီးသား။ (တကယ်က ဂျင်ဝက်က ဒေါ်စုနဲ့ တွေ့ဖို့ အစီအစဉ်တောင် မရှိဘူး။ ၀ီ ကီလိက သံရုံး ကေဘယ်မှာ တွေ့ရတာက … To our knowledge, Senator Webb did not insist on an ASSK meeting prior to the visit, rather the regime previewed the
possibility, asking if the Senator would be interested. End note. နအဖ နိုင်ငံခြားရေး ၀န် ကြီး ဦးဥာဏ်ဝင်းကို ဒီစီက မြန်မာသံရုံးကို သွားနိုင်အောင် ဗီဇာစီစဉ်ပေးဖို့ ရန်ကုန်က ကန်သံရုံးက အကြံပေးပုံပဲ။ အမေရိကန် အစိုးရရဲ့  ဗီဇာဆန်ရှင်အရ ဦးဥာဏ်ဝင်းဟာ ကုလသမဂ္ဂ အစည်းအဝေးတက်ဖို့ NYC ပဲ သွားနိုင်တယ်လို့ သိရတယ်။)

ဒါတွေကြည့်မယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေး အလားအလာဟာ စိတ်ပျက်စရာကြီးးပဲ။ ဒါပေမဲ့လည်း အကောင်းမြင်လို့ ရတာတွေလည်း ရှိနေတယ်လို့ ထင်တယ်။ ပထမ တချက်အနေနဲ့ အမေရိကန်ဟာ နအဖကို ပစ်ထောက်ခံလို့ မရဘူး။ သူနာမည်သိပ်ပျက် သွားမယ်။ ဒေါ်စုဟာ မြန်မာနိုင်ငံမှာတင်မဟုတ်ဘူး။ တကမ္ဘာလုံးမှာ ကြည်ညိုခံရတဲ့လူ ဖြစ်တယ်။ သူ့ ကိုမတရားလုပ်တဲ့ စစ်အစိုးရကို ရုတ်တရက်ကြီးပေါ်လစီ ၁၈၀ ဒီဂရီပြောင်းပြီး ထောက်ခံတာကို အမေရိကန် လုပ်ရဲမှာမဟုတ်ဘူး။ (၀ီကီလိမှာ ဒါကို တခါ ထပ် ကွန်ဖန်း လုပ်ထားတာ တွေ့ရတယ်။ (Advocate for Dialogue between Regime and ASSK ဆိုတဲ့ ခေါင်းစဉ် အောက်က စာကိုကြည့်။)

တခါ ဂျင်ဝက်ဟာ အိုဘားမားနဲ့ရင်းနှီးမှုရှိတဲ့လူလို့ သိကြတယ်။ ဒါပေမယ့် သူဟာ အစိုးရရဲ့ အမှာစကားတွေ သယ်မသွားဘူးလို့ အိမ်ဖြူတော်က အတိအလင်း ကြေငြာတယ်။ အဲဒီတော့ ဒီခရီးစဉ်ဟာ အစိုးရအနေနဲ့ တက်သာ ဆုတ်သာရှိအောင် သေချာဆွဲထားတဲ့ ခရီးစဉ်လို့ မြင်လို့ရတယ်။  

တနင်္ဂနွေနေ့ ညက ဘီဘီစီမှာ ဒေးဗစ်စတိုင်းဘတ်ပြောသွားတဲ့အထဲမှာ ဒီအချက်ကို အထင်အရှားတွေ့ နိုင်တယ်။ နအဖဘက်က ပေါ်လစီ မပြောင်းသရွေ့ အမေရိကန်ကလည်း ပြောင်းမှာ မဟုတ်ဘူးတဲ့။ ဒါအရေးကြီးတယ်။ 

နအဖဟာ အမေရိကန်နဲ့ ပြန်ဆက်ချင်ရင် အနည်းဆုံး ပြည်တွင်းထဲမှာ အတိုက်အခံတွေကို အရမ်းဖိနှိပ်လို့ မရဘူး။ ကံကောင်းရင် မကြာခင်က ထောင်ဒဏ်နှစ်ရှည်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာနိုင်တယ်။ ချက်ချင်းတော့ ဖြစ်ချင်မှဖြစ်မယ်။ 

ဒီအချက်တွေဟာ အကောင်းဘက်ကမြင်ကြည့်လို့ ရတဲ့ဖြစ်နိုင်ချေတွေပဲ။ သေချာတာကတော့ မြန်မာ့နိုင်ငံရေးဟာ ပြန်လှုပ်လှုပ်ရှားရှားဖြစ်လာတာပဲ။ နောက်အရေးကြီးတဲ့ မေးခွန်းတခု။ တရုတ်က ခုဖြစ်ပေါ်တိုးတက်မှုတွေပေါ် ဘယ်လို သဘောထား မလဲဆိုတာ။ စစ်အေးတိုက်ပွဲကာလတုံးက စဉ်းစားပုံနဲ့စဉ်းစားရင်တော့ တရုတ်က ဒါကို စိုးရိမ်စိတ်နဲ့ တုံ့ပြန်လာနိုင်စရာရှိတယ်လို့ တွေးလို့ရတယ်။ 

ဒါပေမယ့် သတိထားရမှာက တရုတ်နဲ့အမေရိကန်ဟာ စစ်အေးတိုက်ပွဲတုံးကလို ရန်သူတွေ မဟုတ်တော့ဘူး။ တရုတ်အမေရိကန် ဆက်ဆံရေးဟာ ရုရှအမေရိကန် ဆက်ဆံရေးလို မဟုတ်ဘူး။ ကျနော်ကြားဖူးတဲ့ စကားလေးတခွန်းရှိတယ်။ သိပ်ထိတယ်။ အဲ့ဒါကဘာလဲဆိုတော့ ဘစ်မက် (မက်ဒေါ်နယ်) ၀ယ်လို့ ရတဲ့ နိုင်ငံနှစ်နိုင်ငံဟာ ဘယ်တော့မှ စစ်မတိုက်ဘူးတဲ့။ 

နှစ်ယောက်စလုံးကဘယ်နေရာမှာမဆို အာဖရိကမှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်တွေ့တာထက် ဝေစားမျှစားလုပ်ဖို့ကိုပိုစိတ်ဝင်စားတယ်။ တရုတ်က မြန်မာနိုင်ငံထဲမှာ သူတို့လိုချင်တဲ့ သဘာဝဓာတ်ငွေ့တွေ၊ တွင်းထွက် ပစ္စည်းတွေရနေသရွေ့၊ နောက် အမေရိကန်ကမြန်မာပြည်ကို စီးပွားရေး သက်သက်အတွက်စိတ်ဝင်စားနေသရွေ့ တရုတ်က ခုဖြစ်ပေါ်တိုးတက်မှုတွေကို ကြိုဆိုမယ့်အနေအထားမှာတောင် ရှိမယ်လို့  ယူဆရတယ်။

ဗမာပြည်ရဲ့လက်ရှိအနေအထားထက် ပိုပြီးကောင်းတဲ့အခြေအနေရောက်ရင် (rule of law) ရှိလာရင် သူ့အတွက်လဲ ပိုအကျိုးရှိမယ်လို့ ယူဆရင်တော့ အမေရိကန်က အဲဒီအခြေအနေ ရောက်အောင် ကူညီနိုင်ရင် သူက ကြိုဆိုမယ်လို့ ထင်တယ်။ ဗမာပြည်မှာ တခုခုဖြစ်တိုင်း သူခေါင်းခံနေရမှာနဲ့စာရင် အမေရိကန်လဲလာလုပ်။ ပြီးရင်အပြစ်တင်ခံစရာရှိရင်လဲ မျှခံလို့ ယူဆနိုင်စရာလဲ ရှိပါတယ်။

(နောက်ဆက်တွဲ မှတ်ချက်၊

နိုင်ငံရေးဆိုတာ ခြေလေးချောင်းကောင်းတယ်၊ ခြေနှစ်ချောင်း မကောင်းဘူးဆိုတဲ့ ခပ်အအ အမြင်မျိုးနဲ့ ချဉ်းကပ်လို့ မရဘူး။ တနေ့ထိုးကျွေးခံရတဲ့လူတွေဟာ ဒီလို လူမျိုးတွေချည်းပဲ။ ငါ့ကို ထောက်ခံသူကောင်းတယ်၊ ငါ့ကို မထောက်ခံသူ မကောင်းဘူးဆိုပြီး ပြောတာဟာ မနူးမနပ် အပြောပဲ။ ကိုယ့်ကို ဘာ့ကြောင့်ထောက်ခံတာလဲ ဆိုတာကိုပါ ဆက်စဉ်းစား လေ့လာသင့်တယ်။ နောက် မီဒီယာတွေပြောတာနဲ့ ပတ်သက်လို့ သတင်းလွတ်လပ်ခွင့် ရှိတယ်ဆိုတဲ့ နိုင်ငံတွေက မီဒီယာတွေပြောတယ်ဆိုတာနဲ့ ဒီသတင်းဟာ ယုံကြည်စိတ်ချလို့ မရဘူး။ အနောက် နိုင်ငံတွေမှာက မီဒီယာ အတတ်တို့၊ မားကက်တင်း အတတ်တို့က တဘက်ကမ်းခပ်နေတော့ လူတွေကို ဗြောင်လိမ်စရာ မလိုတဲ့ ၀ါဒဖြန့်နည်းတွေကို အရည်ကျိုသောက်ထားတဲ့ လူတွေချည်းပဲ။ သူတို့တီဗီတွေ၊ ရေဒီယိုတွေမှာ ပြနေတာတွေကို မချင့်ချိန် မစဉ်းစားဘဲ တန်းယုံတာမျိုးလုပ်ရင် ကိုယ်ပဲဒုက္ခရောက်မှာဘဲ။)

ဝတုတ်

Discussion

12 thoughts on “Jim Webb’s trip (recycled)

  1. I bet with my life General won’t change any policies and there would be nothing different for the next 5 years.

    p.s thanks for noddles and prwan.🙂 Hope to see you again.

    Posted by mike | 19/12/2010, 12:07
  2. တကယ့်ကို ရှုပ်ထွေးဆန်းပြားတဲ့ အကွက်ရွေ့ချက်တွေပဲ။
    ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုလား ကြားဖူးတယ် ။
    ပါးစပ်အဟောင်းသားနဲ့ မှတ်သွားပါတယ်။
    ကျေးဇူးတင်တယ် ကိုဝတုတ်ရေ ။

    Posted by zaw zaw | 19/12/2010, 14:23
    • well i could be wrong too. i’m no expert. these are just my opinions. and what could be better than prepare oneself by keeping well-informed? ignorance never helps. i hope i don’t sound patronizing..

      Posted by zizawa | 19/12/2010, 15:23
  3. Have a look at John Pilger’s doc. Highly recommend it.

    Posted by zizawa | 19/12/2010, 16:43
  4. Your interesting political analysis shed the light on the fact that , in the realm of realpolitik , self-interest comes first before empathy to others. Admittedly, your post and wiki-leak facts pose as a strong dose for confirmation-biased people, including me. Even though, I, since the beginning felt Jim webb, Gambari and (Nambia?) are second-class diplomats. Is Henry Kissinger good at diplomacy or just assigned for the right task at right time? I am just wondering personality vs. policy on effectiveness of diplomatic work. Keep on sharing. Wish the best for your exam.

    Posted by မိုးစက်ပွင့် | 20/12/2010, 10:31
    • I think Kissinger is an indisputable war criminal, Ma Moe. More bombs (well I’m talking in tonnage) were dropped on Vietnam during his and Nixon’s reign than the entire WW2. Just imagine that. I recommend all of you to watch John Pilger’s documentary.
      Yes.. Self-interest always, with no exception, comes first. Let me quiz you this. Who said this?: ‘It is not from the benevolence of the butcher, the brewer, or the baker that we expect our dinner, but from their regard to their own interest.’
      Who else?🙂 It’s Mr Adam Smith. But sadly a lot of us are ignorant (sometimes willfully). We should be asking ourselves why Machiavelli or Hobbes is still being read in universities? It’s because we can still learn so many great things about human nature, our nature and, as you correctly point out, how realpolitik is actually played out in the world.
      Now let me supply another relevant and (one of my favorites) quote here. It’s by an English historian R H Tawney. He said, ‘… the rulers of mankind . . . maintain side by side two standards of social ethics, without the risk of their colliding. Keeping one set of values for use, and another for display, they combine, without conscious insincerity, the moral satisfaction of idealistic principles with the material advantages of realistic practice’.
      How extraordinary!!! How brilliant!!! What you are most likely to learn at universities in the west is the social ethics that is used for display, like humanitarian intervention, right to protect, human rights and all these mouth-watering stuff. But what is actually working is the other one which is a lot more subtle yet well hidden. You need to go further and perhaps the whole nine yards in order to find out the most elusive truth.

      Posted by zizawa | 20/12/2010, 13:38
  5. ကိုဝတုတ်… Just my 2cents… တရုတ်က ဗကပကို ထောက်ပံ့တာ ကူမင်တန်ကိစ္စ တရုတ်ဗမာ အရေးအခင်း ကိစ္စတွေက အငြှိုးလည်း ဖြစ်နိုင်သလားပဲ။ နောက် ကျွန်တော်ထင်တယ် အနောက်က စစ်လက်နက်တွေကို ကြိုက်လို့ ၀ယ်တာ ဦးနေ၀င်းမှ မဟုတ်ဘူး။ ချုပ်ချုပ်ကြီးလည်း ၀ယ်လို့ရ ၀ယ်ဦးမှာပဲ။ စစ်လက်နက် ၀ယ်လို့မရလည်း တခြား စစ်သုံး နည်းပညာတွေကို (ဥပမာ သြစတြေးလျက ဆက်သွယ်ရေး နည်းပညာတွေ) ရရင်ရသလို ၀ယ်နေသေးတာပဲ။ အခုတောင် အမေရိကားက မဂဇင်းတွေ မှာဖတ်ဆိုပဲ။ တရုတ်က ၀ယ်လည်း အရိုးအရင်းပဲ ရမှာလေ။ လေယာဉ်အစုတ်နဲ့ မောင်းကျိုးသေနတ်။ ဦးနေ၀င်းအနောက်ကို ပိုကြိုက်တယ်ဆိုတာတော့ မငြင်းပါဘူး။ အဲဒီတုန်းကလည်း တရုတ်က ရုန်းကန်ဆဲ ဆိုဗီယက်ကလည်း သူ့ဘာသူ ပါဝါသာကြီးနေတာ မြန်မာကို (ကျူးဘားတို့ အာဖဂန်တို့ ကိုရီးယားတို့လောက်) အရေးလုပ်တာမဟုတ်ဆိုတော့။

    Posted by Andy Myint | 20/12/2010, 12:22
    • အများကြီး ဖြစ်နိုင်တာပေါ့ ကိုအင်ဒီ။ ဒီအကြောင်းတွေ သေချာထပ်လိုက်ရင် ထပ်ထွက်လာမှာဘဲ။ ဘာပဲဖြစ်ဖြစ် ၀ီကီလိကို ကျေးဇူးတင်ရမယ်။ ကိုအင်ဒီရော ဂျူလီယန်အာဆန့်လို ပျားအုံတုတ်နဲ့ မထိုးချင်ဘူးလား။ နည်းနည်းလောက် လိုက် ဟက် ကြည့်ပါလားလို့..😀

      Posted by zizawa | 20/12/2010, 13:43
      • ကိုဝတုတ်၊
        ကိုအန်ဒီကို အချွန်နဲ့မပေးတာလားဗျ၊
        တော်ကြာ ချစ်ကောင်းဆိုသလို “ကိုယ့်အသည်း ပျားတုပ်နေ” ဖြစ်နေမှ ဟုတ်ပေ့ဖြစ်နေဦးမယ် …🙂

        လက်နက်ဝယ်တာနဲ့ ငွေခဝါချတာကတော့ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတို့ ကိုယ်ကျိုးစီးပွား တွက်ချက်နေသမျှ ကာလပတ်လုံး ပြဿနာ သိပ်မရှိလှပါဘူးဗျာ။ ထိုင်းနိုင်ငံမှာထိုင်ပြီး သင့်တင့်တဲ့ အဆက်အသွယ်ရှိရင် ဒါတွေက မမြင်ချင် မသိချင်မှအဆုံးပါ။ ဘာပဲဖြစ်ဖြစ် ကိုအန်ဒီပြောတာတွေ ပါသလို ဒီထက်ကျယ်ပြန့်တဲ့ တွက်ချက်မှုတွေ ပါတယ်လို့ သဘောရမိတယ်။

        အပေါ်က ကိုဝတုတ်ရဲ့ပို့စ်ကို ပြန်ကောက်ရရင် ကိုတင့်ဦးကျနော့်ကို လာမြှောက်ပေးသလို တိုးတက်လာပြီလို့ပဲ ပြောရမလား၊ မဟုတ်ရင်လည်း ပညာမပြချင်လို့ အခုမှနည်းနည်းလေး ထုတ်ပြတာပါလို့ ပြောရမလားပဲ ..🙂

        ဘယ်လိုဖြစ်ဖြစ် တဆင့်မြှင့်ပြီး ခြုံငုံသုံးသပ်ပြတာ အတော်ကောင်းပါတယ်ဗျာ။ အဲဒီလောက်တွေအထိ မသိ တွေးလို့မမှီတာမို့ လာရောက်ဖတ်ရှု ထောက်ခံ အားပေးသွားကြောင်းပါဗျာ …

        Posted by မန်းကိုကို | 25/12/2010, 22:19
  6. မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါဗျာ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေဖို့ ဆန္ဒပြုပါတယ်။🙂

    Posted by မန်းကိုကို | 01/01/2011, 16:16
  7. ကို ၀ တုတ် ရဲ့  စာ အရေးအသား က ဗကပ က ရဲဘော် ဖိုးသံချောင်း တို့  ရဲဘော် စိုး ချစ် တို့  ရဲ့  စာရေး ဟန် , လေ ယူ လေ သိမ်း နဲ့  ဆင် သလို ပဲ နော်…ပြီးတော့  စကား မစပ် ဗကပ ရဲ့  စာရေး ဟန် က ဘယ် သူ ရေး ရေး ဘာ လို့  တလေသံ တည်း ထွက် နေ ရ တာ လည်း မသိ ဘူး…တစ်ယောက် ထဲ က ရေး ပြီး ကလောင် နာ မည် အမျိုး မျိုး တပ် ထား သလို ပဲ….

    Posted by သူရ | 04/01/2011, 04:40
    • မနှိုင်းကောင်း နှိုင်းကောင်း။ သူတို့ကြားရင် ကိုယ့်ဟာကိုယ် သတ်သေနေပါအုံးမယ်..😀

      Posted by zizawa | 04/01/2011, 13:38

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: