//
you're reading...
Philosophy

စာ၊ ဗမာစာနဲ့ ဖီလော်ဆော်ဖီ

ဖီလော်ဆော်ဖီဆိုတာ တွေးတာခေါ်တာလို့ ယေဘုယျ နားလည်ကြတော့ တွေးတယ်၊ ခေါ်တယ်ဆိုတာ ဘာလုပ်တာကို ခေါ်တာလဲ။ ဒီမှာတင် ဂွကျဖို့ ဖြစ်လာပြီ။ စိတ်မရှည်တဲ့လူဆို ဒီကနေ လှည့်ပြန်ပြီ။ တွေးတယ်၊ ခေါ်တယ် ဆိုတာဘာကို ပြောတာလဲ။ ဖီလော်ဆော်ဖီရဲ့ အရေးကြီးတဲ့ ဖန်ရှင် (အလုပ်ပဲ ဆိုပါစို့) က (တချို့ ကလည်း ဖီလော်ဆော်ဖီရဲ့ unique ဖြစ်တဲ့ ဖန်ရှင်လို့ ဆိုတယ်၊) မရှင်းမလင်းဖြစ်နေတဲ့ သဘောတရားတွေ concepts တွေ (ဥပမာ God ဒါမှမဟုတ် ငရဲ)၊ အမူအကျင့်၊ စိတ်နေစိတ်ထား လုပ်ရပ်တွေကို (ဥပမာ အားနာမှု) တတ်နိုင်သမျှ ရှင်းအောင်လုပ် ကြည့်ဖို့ ဖြစ်တာမို့ အရင်ဆုံး ပြောခဲ့တဲ့ တွေးတယ်၊ ခေါ်တယ်ဆိုတဲ့ ဝေါဟာရနဲ့ စကြည့်ရအောင်။

တွေးတယ်၊ ခေါ်တယ်လို့ ပြောတဲ့အခါ ကျနော်တို့ ဘာလုပ်လဲ။ တွေးတယ်၊ ခေါ်တယ်ဆိုတာ ဦးနှောက်နဲ့ အလုပ်လုပ်တာလို့ အလွယ်ဖြေကြမယ်။ ဒါမမှားပါဘူး။ ဒါပေမယ့် ဦးနှောက်က စေခိုင်း အလုပ်လုပ်တဲ့ အရာတွေက နည်းမှ မနည်းဘဲ၊ နှလုံးခုန်ခိုင်းတာ၊ စိတ်လှုပ်ရှားရင် adrenalin တွေ ပိုထုတ်ခိုင်းတာတွေဟာလည်း ဦးနှောက်က စေခိုင်း အလုပ် လုပ်တာတွေပဲ မဟုတ်လား။ ဒီတော့ တွေးတယ်၊ ခေါ်တယ် ဆိုတာ ဦးနှောက်သုံးလုပ်ရတဲ့ ပြောခဲ့တဲ့ အလုပ်တွေနဲ့ ဘာကွာလဲ။

အလွယ်ပြောရရင်တော့ တွေးတယ် ခေါ်တယ်ဆိုတာ အဆိုတွေ မှားလား၊ မှန်လား ချင့်ချိန်တဲ့ အလုပ်ပဲ ဖြစ်တယ်။ So when we say we are thinking, what we are doing is we are considering a proposition. And proposition is capable of being either true or false.

အနီးဆုံး ကားမှတ်တိုင်ကို ဒီလမ်းကသွားရင် ရောက်လိမ့်မယ်၊

လိမ်ပြောတာ မကောင်းဘူး။

အိမ်ထောင်ဖက် ရွေးတဲ့အခါ ပိုက်ဆံချမ်းသာသူကို ယူရင် စိတ်ချမ်းသာတယ်။

အပေါ်က ၀ါကျတွေ အားလုံးဟာ အဆိုတွေ proposition တွေချည်းပဲ။ ဒီအဆိုတွေ မှန်လား (အမြဲမှန်လား၊ ဘယ်အခါမှ မှန်လဲ) မှားလားကို ချင့်ချိန်တဲ့ အလုပ်ဟာ တွေးတာ၊ ခေါ်တာပဲ။ ဖီလော်ဆော်ဖီ ဘာဆိုတာကို တိုတိုနဲ့ လိုရင်း ရှင်းပြစမ်းကွာဆိုရင် အပေါ်က ခုပြောခဲ့တဲ့ အတိုင်း ပြောရဖို့ရှိတယ်။

ဒီတော့ တွေးတယ်၊ ခေါ်တယ် ဆိုတာ ဦးနှောက် ခါးတောင်းကျိုက်တာ သက်သက်တင် (အဟဲ အမျိုးသမီးများ ခွင့်လွှတ်ပါလေ) မဟုတ်တော့ဘူး။ အတွေးဆိုတဲ့ ဒြပ်မဲ့အရာတခုကို အမှန်အမှား အဖြေတခု ပေးနိုင်တဲ့ ဒြပ်ရှိဝါကျဖြစ်အောင် ပြောင်းလဲမှုဟာ ဖီလော်ဆော်ဖီနဲ့ ဆိုင်တဲ့ အလုပ်ပဲ ဖြစ်တယ်။ ဒီတော့ ချရေးနိုင်တဲ့ တနည်း မှတ်တမ်းတင်ထားနိုင်တဲ့ (အက္ခရာနဲ့ ဖြစ်ဖြစ်၊ သင်္ကေတနဲ့ ဖြစ်ဖြစ်) စာဟာ ဖီလော်ဆော်ဖီအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်။ စာမရှိဘဲ ဖီလော်ဆော်ဖီဆိုတာ ရှိကို မရှိနိုင်ဘူး။ ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး ဆိုင်ရာ ပညာရှင်လောကမှာ သြဇာရှိတဲ့ စာတမ်းတစောင် ရှိတယ်။ စိတ်ဝင်စားသူများ ဒီမှာကြည့်ပါ။ www.jstor.org/pss/177651 (စကားချပ်၊ စကား (spoken words) တွေကို ပုံသဏ္ဍာန် အတည်တကျ ရှိတဲ့ စာတွေ အဖြစ် ပြောင်းလဲပြီးမှသာ ဝေဖန်ဆန်းစစ်တာ၊ စစ်ကြောတာတို့ လုပ်နိုင်မယ်။ ဥပမာ မိုးကြိုးပစ်တဲ့ အဖြစ်အပျက်ကိုကြည့်။ ချရေးနိုင်တဲ့ စာမရှိခင်ကဆိုရင် မိုးကြိုးပစ်တာကို ဘယ်လို ဖော်ပြကြမလဲ။ ဖော်ပြပုံ၊ ဖော်ပြနည်းတော့ ရှိကြမှာဘဲ။ ဒါပေမယ့် ကောင်းကင်းမှာ သစ်ပင် အမြစ်တွေပုံစံ လင်းကနဲ ဖြစ်ပြီး နောက်ဆက်တွဲ ကျယ်လောင်တဲ့ အသံကြီး ပေါ်ထွက်လာတဲ့ ဖြစ်ရပ်တိုင်းကို မိုးကြိုးပစ်မှု ဆိုပြီး ပုံသဏ္ဍာန် အတည်တကျရှိတဲ့ စာအဖြစ် အနှစ်ထုတ်ယူပြီးမှသာ (abstraction လုပ်ပီးတဲ့အခါမှသာ) လျှပ်စီးလက်မှုတိုင်း၊ မိုးကြိုးပစ်မှုတိုင်းကို နောက်အလား သဏ္ဍာန်တူ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်မယ်၊ ဝေဖန်စစ်ကြောနိုင်မယ်၊ အဓိပ္ပါယ်တခုခု သတ်မှတ်ပေးနိုင်မယ်။ တနည်း ဖီလော်ဆော်ဖီ ဘောင်ထဲ ထည့်နိုင်မယ်။)

ဒီတော့ ဗမာစာမှာ ဖီလော်ဆော်ဖီကို ကျကျနန လေ့လာဆည်းပူးရာမှာ မရှိမဖြစ် လိုအပ်တဲ့ စကားလုံးတွေ ရှိရဲ့ လား၊ သဒ္ဒါတွေ ပြည့်စုံရဲ့ လား။ ဒီမေးခွန်းကို ကိုယ့်ဟာကိုယ် ထုတ်ပြီး ကိုယ့်ဟာကိုယ် အဖြေပေးဖို့ ကြိုးစားကြည့်တာ နည်းနည်းတောင်ကြာနေပြီ။ အဲဒိအဖြေကို ခု ကြိုးစားဖြေကြည့်မယ်။

ပြောခဲ့သလို ဖီလော်ဆော်ဖီဆိုတာ အဆိုတွေကို မှန်လား၊ မှားလား ချင့်ချိန်တာ၊ အကဲဖြစ်တာ ဆိုရင် အမှန်၊ အမှားဆိုတဲ့ ဝေါဟာရ နှစ်ခုရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းအောင် လုပ်ဖို့ အရေးကြီးတယ်၊ အဆိုတွေကို အကဲဖြတ်မဲ့ evaluate လုပ်မဲ့ စကားလုံးကိုက ဝေေ၀၀ါးဝါးဆို ဒီအဆိုတွေကို အကဲဖြတ်တဲ့အခါ အဓိပ္ပါယ် တခုခုထွက်အောင် လုပ်တဲ့အခါ ဝေေ၀၀ါးဝါးတွေ ဖြစ်ကုန်မှာဘဲ။ ဒါဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ေ၀၀ါးနေတာတွေကို ရှင်းလင်အောင် လုပ်ခြင်းဆိုပြီး အဓိပ္ပါယ်ဖွင့်ခဲ့တဲ့ ဖီလော်ဆော်ဖီ အလုပ်ကို လုပ်လို့ရမှာ မဟုတ်တော့ဖူး။

ဖီလော်ဆော်ဖီမှာသုံးတဲ့ အမှန်နဲ့ အမှားအတွက် ဗမာစာမှာ ရှိနေတဲ့ ဝေါဟာရတွေကို ကြည့်ရအောင်။ အင်္ဂလိပ်လို truth / false ကို ဗမာလို မှန်/မှား လို့ ပြောကြတယ်။ ဒါပေမယ့် အင်္ဂလိပ်လို right / wrong အတွက် ဗမာစာမှာ မှန်/မှား အပြင် သီးခြားဝေါဟာရမရှိဘူး။ အင်္ဂလိပ်က correct / incorrect ဆိုတဲ့ technical ဝေါဟာရ နောက်တစုံတောင် ရှိသေးတယ်။ အင်္ဂလိပ်မှာ true / false ဟာ facts အချက်အလက်ကို ဖော်ပြတဲ့ ဝေါဟာရတွေ ဖြစ်ပြီး right / wrong ကတော့ ထင်မြင်ယူဆချက် opinion / judgment ကို ဖော်ပြတဲ့ ဝေါဟာရ ဖြစ်တယ်။ ဗမာမှာ right / wrong opinion ကို ဖော်ပြတဲ့ ၀ါကျတွေအတွက် ဝေါဟာရ သီးသန့် မရှိတာဟာ ဗမာစာဟာ အချက်အလက် facts နဲ့ ထင်မြင်ယူဆချက် opinion ခွဲခြားမှုရဲ့ အရေးကြီးပုံကို အသိအမှတ် မပြုတာ ပြနေတယ်။ ဖီလော်ဆော်ဖီ အတွက် အခြေခံ အကျဆုံး လိုအပ်ချက်တခု ကင်းမဲ့နေတာဟာ ဒို့ဘာသာစကားဟာ အဆင့်မြင့် ဘာသာရပ်တွေကို လေ့လာဆည်းပူးနိုင်ဖို့ မပြည့်စုံသေးတာကို ပြနေတယ်လို့ ယူဆတယ်။

အင်္ဂလိပ်က true / false ကိုအရင် ကြည့်ရအောင်။ အင်္ဂလိပ်မှာ ၀ါကျတခု true လား၊ false လားဆိုတာ ရှင်းတယ်။ empirically စစ်ကြည့်လို့ရတယ်။ ၁၉၃၉ မှာ ဒုတိယ ကမ္ဘာစစ် ဖြစ်တယ်၊ သာမန် လေထုဖိအားမှာ ရေခဲမှတ်ဟာ သုညဒီဂရီ ဖြစ်တယ်၊ ဘောလုံးပွဲ တပွဲမှာ ဂိုးမရပဲ အနိုင်ရနိုင်တယ် စတဲ့ ၀ါကျတွေ အားလုံးဟာ true statement ဒါမှမဟုတ် false statement တွေဖြစ်တယ်။ ဒီဝါကျတွေရဲ့ truth value ကို ဖော်ပြဖို့ ဗမာစာမှာ မှန် မှား ဆိုတဲ့ စကားလုံးတွေ ရှိတယ်။ ပထမအဆိုနှစ်ခုဟာ မှန်တယ်၊ တတိယအဆိုက မှားတယ်။ ဒါပေမယ့် ဟောဒီ ၀ါကျတွေကိုကြည့်။ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့၊ ပျော်သလိုသာနေ၊ ရဲဆိုတာ (သတင်းထောက်ဆိုတာ) ငိုစား ရီစားချည်းပဲ ဆိုတဲ့ ၀ါကျတွေကို evaluate လုပ်တဲ့အခါ ချင့်ချိန်တဲ့အခါ အင်္ဂလိပ်စာမှာ right / wrong ဆိုတဲ့ ဝေါဟာရတွေ ရှိတယ်။ အဲ right / wrong ပဲသုံးရတယ်။ true / false သုံးလို့မရဘူး၊ ဒါပေမယ့် ဗမာစာမှာ right / wrong အတွက် ဝေါဟာရ သီးသန့်မရှိဘူး။ ဒီတော့ opinion ကိုဖော်ပြရမဲ့ ၀ါကျတွေအတွက် စကားလုံးတွေ မရှိတဲ့အခါ ဘာဖြစ်လဲ။ ပထမဆုံးတချက် အနေနဲ့ သဘောထားကွဲလွဲတာကို အသိအမှတ်ပြုဖို့ ခက်သွားတာပေါ့။ ဥပမာ ကိုယ့်အတွက်ပဲ ကိုယ်လုပ်၊ ပျော်သလိုသာနေ ဆိုတဲ့ ၀ါကျတွေကို သဘောမတူတဲ့လူက ဒါမှားတယ်လို့ ပြောမှာဘဲ။ သဘောကျတဲ့လူကတော့ ဒါမှန်တယ်လို့ ပြောမယ်။ ဒါပေမယ့် သဘောကျသူနဲ့ မကျသူ ပြောတဲ့ အမှန် အမှားဆိုတာ true / false လား၊ right / wrong လားဆိုတာ ဒို့စာမှာ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်တဲ့ စကားလုံး မရှိဘူး။

နောက်တခါ အချက်အလက် facts နဲ့ ထင်မြင်ယူဆချက် ဒါမှမဟုတ် သဘောထား opinion ကွဲအောင် ပြောနိုင်တဲ့ စကားစုတွေ မရှိတာဟာ ပို့စမော်ဒန် ယောင်ယောင်အိုးတွေ တွင်ကျယ်စေနိုင်တဲ့ အခြေအနေမျိုးကို ဖြစ်စေတယ်။ အမှန်ရဲ့ ဆန့်ကျင်ဘက်က မမှန်တာဆိုပီး ပြောတာ ကြားဖူးမှာပေါ့။ တကယ်က အမှန်ရဲ့ ဆန့်ကျင်ဘက်က အမှားလား၊ မမှန်တာလားဆိုတာ အမှန်ဆိုတာ အချက်အလက် facts ကိုပြောတဲ့ truth လား၊ ထင်မြင်ယူဆချက် opinion ကိုပြောတဲ့ right လားဆိုတာကို သေချာ မသဲကွဲလို့ အဲ့သလို ကဘောက်တိ ကဘောက်ချာ ပြန်မေးကြတာလို့ ယူဆမိတယ်။ လူကြီးတွေက ခလေးတွေကို အမှန်အမှား ခွဲခြားနိုင်ပါစေဆိုပီး ဆုံးမတဲ့အခါ အဲဒိ အမှန်အမှားဆိုတာ right and wrong တနည်းအားဖြင့် judgment/opinion ကိုပြောတာ။ judgment ကောင်းများ ချနိုင်တဲ့ တနည်းအားဖြင့် စဉ်းစားချင့်ချိန် နိုင်သူများ ဖြစ်ပါစေလို့ ဆုံးမတာ ဖြစ်တယ်။ Letting people die (or prostitution, human sacrifices etc) is right / wrong, ဆိုတဲ့ ၀ါကျနဲ့ It is true to say that if we have unlimited rights over ourselves, allowing us to treat ourselves in a way we see fit is recognizing such rights ဆိုတဲ့ ဝေါဟာရ နှစ်ခုကို ဗမာလိုပြန်ကြည့်၊ လူတယောက်ကို ပေးသေတာဟာ မှန်တယ်ဆိုပြီး ထွက်တယ်။ ဒုတိယ ၀ါကျကိုပြန်ကြည့်မယ်။ ကိုယ့်ကိုယ်ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကို ကိုယ်ကြိုက်သလို အသုံးချတာဟာ ဒီလုပ်ပိုင်ခွင့်တွေကို အသိအမှတ် ပြုခြင်းလို့ ပြောတာဟာ မှန်တယ်။ ပထမ အမှန်က right / wrong အမှန်၊ ဒုတိယ အမှန်က true / false  အမှန်။ ဒီမှာတင် ဗမာစာ ဘယ်လောက် ဂွကျလဲ၊ ရေလိုက်လွဲစေလဲဆိုတာ သတိပြုမိကြမယ် ထင်တယ်။

ဖီလော်ဆော်ဖီမှာ အရေးကြီးဆုံး အဆိုက true proposition is not false တဲ့။ ဒါကို မှန်သော အဆိုသည် မမှားလို့ ဘာသာပြန်တဲ့အခါ တချို့ က ဒါအဓိပ္ပါယ် မရှိဘူး၊ မမှန်ရင် မှားဆိုတဲ့ လောဂျစ်ဟာ ခေတ်မရှိတော့ဘူးလို့ ပြောတတ်ကြတယ်။ တကယ်က ခေတ်မရှိတော့တာ မဟုတ်ဘဲ သူတို့နားလည်နေတဲ့ အမှန် အမှားက true / false က အမှန်လား right / wrong က အမှန်လားဆိုတာ ကိုယ့်ဟာကိုယ်တောင် သဘော မပေါက်လို့ အဲ့သလို အူကြောင်ကြောင် ပြန်မေးကြတာ ဖြစ်တယ်။

ဒီတော့ အမှန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အချက်အလက်မှန်လား၊ သဘောထား ထင်မြင်ယူဆချက်မှန်လား ရှင်းရှင်းလင်းလင်း မရှိတဲ့အခါ ရှေ့ ဆက်ဖို့ ခက်ရောပေါ့။  ဖီလော်ဆော်ဖီမှာ truth ကို တခါ နှစ်ခါထပ်ခွဲတယ်။ ဗမာလို ဘယ်လိုခေါ်လဲတော့ မသိဘူး။ အင်္ဂလိပ်လိုတော့ necessary truth (or logical truth) နဲ့ contingent truth ဆိုပြီး ရှိပြန်တယ်။ necessary truth ဆိုတာ ဘယ်လိုမှ မမှားနိုင်တာ၊ အဆိုတခုရဲ့  ဆန့်ကျင်ဘက်ဟာ contradiction ဖြစ်သွားတဲ့အခါ အဲဒိအဆိုကို necessarily true statement လို့ ပြောကြတယ်။ necessary truth တွေ ဥပမာပေးချင်ရင် သင်္ချာမှာကြည့်။ နှစ်နဲ့နှစ်ပေါင်းရင် လေးရတယ်။ ဒါဟာ necessary truth ဘာလို့ဆို ဒီအဆိုရဲ့  ဆန့်ကျင်ဘက် (နှစ်နဲ့ နှစ်ပေါင်းရင် လေးမရဘူး) က contradiction. (စကားချပ်။ contradiction ဆိုတာ technical ဆန်တဲ့ ဝေါဟာရ၊ contradict ဖြစ်တယ်ဆိုရင် ဘာနဲ့ contradict ဖြစ်သလဲလို့ မေးစရာ ရှိတယ်။ သင်္ချာမှာတော့ သင်္ချာကို ဖွဲ့စည်းထားတဲ့ စည်းမျဉ်း ဥပဒေသတွေနဲ့ အလွယ်ပြောရရင် သင်္ချာရဲ့ rule of the game ကို contradict ဖြစ်တယ်။) နောက်တခါ ဟောဒီဝါကျတခုကို ဖတ်ကြည့်။ ကိုယ့်ကိုယ်ကို ချစ်တဲ့လူ တယောက်ကို မချစ်ဖူးဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကို မချစ်ဖူး။ ဒီဝါကျဟာလည်း necessary truth ပဲ။ ဒီ necessary truth ကို မြင်ဖို့ အဲဒိ ၀ါကျကို နားလည်အောင် ဖတ်ကြည့်ဖို့ပဲ လိုတယ်။ (အပိုင်းနှစ်ပိုင်းပါတယ်၊ ပထမပိုင်းက အင်္ဂလိပ်လို conditional ခေါ်တယ်။ အဲဒိအပိုင်းမှန်ရင် တနည်း ‘ကိုယ့်ကိုယ်ကို ချစ်တဲ့လူ တယောက်ကို မချစ်ဖူး’ ဆိုတာ မှန်ရင် နောက်ကအပိုင်း ‘သင်ဟာ ကိုယ့်ကိုယ်ကို မချစ်ဖူး။’ ဆိုတဲ့ အပိုင်းဟာ မမှန်လို့ မရဘူး။ မမှန်ရင် ဒီ conditional အဆိုဟာ contradict ဖြစ်ပြီ။)

တဘက်မှာcontingent truth ဆိုတာ မှန်တော့ မှန်တယ်၊ ဒါပေမယ့် မှားနိုင်ချေရှိတဲ့ အမှန်မျိုး။ ဥပမာ ဘောလုံးပွဲနဲ့ ဥပမာ ပေးကြည့်မယ်။ ဘောလုံးပွဲမှာ နိုင်ရင် သုံးမှတ်၊ သရေ တမှတ်၊ ရှုံးရင် တမှတ်မှ မရဘူး၊ ဟုတ်တယ်နော်။ အသင်းတသင်းဟာ သုံးပွဲ ကစားပြီးချိန်မှာ သုံးမှတ်ရထားတယ် ဆိုပါစို့။ ဒီအသင်းဟာ တပွဲနိုင် နှစ်ပွဲရှုံးထားတယ် ဆိုတဲ့ အဆိုဟာ contingent truth သာ ဖြစ်တယ်။ မှားနိုင်တဲ့ အမှန်မျိုး။ မမှန်လို့ကို မရတဲ့ အဆိုမျိုး မဟုတ်ဖူး။ ဒီအသင်းဟာ တပွဲနိုင် နှစ်ပွဲရှုံးထားတာ ဖြစ်နိုင်သလို သုံးပွဲလုံး သရေကျထားတဲ့ အသင်းရော မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့။ ဒါ့ကြောင့် ခုအခြေအနေမှာ ဒီအသင်းဟာ တပွဲနိုင် နှစ်ပွဲရှုံးထားတယ် ဆိုတဲ့ အဆိုရော၊ သုံးပွဲလုံး သရေကျထားတယ် ဆိုတဲ့ အဆို နှစ်ခုလုံးဟာ contingent truth တွေဖြစ်တယ်။

နောက်တခါ အမှန်အမှားအပြင် ဖီလော်ဆော်ဖီမှာ အရေးကြီးတဲ့ စကားလုံးတွေ သဒ္ဒါဖွဲ့စည်းပုံတွေ ကျန်သေးတယ်။ ဥပမာ အင်္ဂလိပ်လို determiner / article ဆိုတာ ဗမာမှာ ရှိလား။ လက်တင်မှာတော့ မရှိတဲ့အတွက် လက်တင်နဲ့ ရေးတဲ့ ဖီလော်ဆော်ဖီ စာအုပ်တွေဟာ အငြင်းပွားစရာ ဖြစ်တဲ့ သာဓကတွေရှိတယ်လို့ ဖတ်ရဖူးတယ်။ articles ဟာ ဖီလော်ဆော်ဖီမှာ ဘာ့ကြောင့် အရေးကြီးတာလဲ။ abstraction ဒါမှမဟုတ် universals နဲ့ particulars ကို ယေဘုယျ နဲ့ သီးခြားဖြစ်မှုကို articles မသုံးဘဲ ဘယ်လို ခွဲခြားမှုပြုနိုင်မလဲ။ ကျောက်ခဲဟာ မာတယ်၊ ကွန်ကရစ်ဟာ မာတယ်။ အဲဒိ သီးခြားမာကျောမှုတွေကနေ ယေဘုယျဖြစ်မှု (မာကျောမှု) ဆိုတဲ့ သဘောကို abstraction လုပ်တဲ့အခါ၊ ထုတ်ယူတဲ့အခါ၊ နောက် မာကျောမှုတွေကို နှိုင်းယှဉ်တဲ့အခါ article သဘောတရား မရှိဘဲ မဖြစ်နိုင်ဘူလို့ ထင်တယ်။ ဗမာ ကျောင်းသူ ကျောင်းသားတွေကို အင်္ဂလိပ်စာသင်တဲ့အခါ article ဘယ်နေရာမှာ သုံးရလဲ၊ မသုံးရဘူးလဲ၊ ဘယ် article သုံးရသလဲဆိုတဲ့ အပိုင်းဟာ ခေါင်းအစားဆုံးပဲ။ မယုံရင် အင်္ဂလိပ်စာဆရာတွေ မေးကြည့်။ ဘာလို့ဆို article သုံးပုံသဒ္ဒါကို နားလည်ဖို့ဟာ plural noun နောက်က verb ကို s မထည့်ရဘူးဆိုတဲ့ သဒ္ဒါ နားလည်ပုံလောက်နဲ့ မရဘူး။ ဗမာစာမှာ ဖီလော်ဆော်ဖီမှာ သုံးတဲ့ article ကို နားလည်နိုင်တဲ့ အခြေခံရှိတယ်။ ဒါပေမယ့် တကယ်သင်ကြားမှုအပိုင်းမှာ ဒါကို ဦးစားပေးကြတာ သိပ်သတိမပြုမိကြဘူး။ Watote builds house(s). ဆိုတာ တနည်းအားဖြင့် ၀တုတ် ဘာအလုပ်လုပ်လဲဆိုတာကို ပြောတာ။ တဘက်မှာ Watote builds a house ဆိုတာ ၀တုတ် ဘာအလုပ်လုပ်လဲ၊ တနည်း သူ့ရဲ့ သက်မွေးဝမ်းကျောင်းမှု ကို ပြောတာ မဟုတ်တော့ဘူး။ ဒါပေမယ့် ဗမာလို ဘာသာပြန်ကြည့်၊ ၀တုတ် အိမ်(တွေ) ဆောက်တယ်၊ ၀တုတ် အိမ်ဆောက်တယ် ဆိုတာနဲ့ ၀တုတ် အိမ်တလုံး ဆောက်တယ် ဆိုတဲ့ ၀ါကျနှစ်ခုကို ခွဲခြားဖို့ အရေးကြီးပုံကို ဗမာစာမှာ အသိအမှတ် ပြုမထားပြန်ဘူး။

ပြန်ကောက်ရရင် ဗမာစာမှာ အဆင့်မြင့်ပညာ၊ အသိတွေကို လေ့လာဆည်းပူးဖို့ ပြုပြင်စရာ၊ ဖြည့်စွက်စရာတွေ အများကြီး ရှိသေးတယ်။ လက်ရှိ အနေအထားနဲ့ ဘယ်လိုမှ မလုံလောက်ဖူး။ ဒီလိုပြောလို့ အတော်များများက ကြိုက်ချင်မှ ကြိုက်မယ်။ ကိုယ်လဲ ဗမာပြည်ကြီးလာတဲ့ ဗမာတယောက်ပဲ။ ကိုယ့်လူမျိုး အကြောင်း ကောင်းကောင်း သိတာပေါ့။ အတော်များများက ဗမာစာဟာ ပထမတန်းစားစာ၊ ဘာမှ ဖြည့်စွက် ပြုပြင်စရာ မလိုတဲ့စာ ဆိုပြီး ၀ါးလုံးခေါင်းထဲ လသာနေသူတွေများတယ်။ စာဟာ အသိဘဏ္ဍာတိုက်ကို တိုးပွားအောင်လုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဆူးစောက် ကိရိယာပဲ။ အဲဒိစာ အဆင့်မမြင့်ရင် အဲဒိစာကို အသုံးပြုသူတွေရဲ့ အသိဘဏ္ဍာတိုက်ဟာလည်း ဟောင်းလောင်းဖြစ်နေဖို့ များတယ်။

ဝတုတ်

Discussion

One thought on “စာ၊ ဗမာစာနဲ့ ဖီလော်ဆော်ဖီ

  1. The correct link should be here: http://www.jstor.org/pss/177651

    Posted by watote | 30/04/2011, 13:06

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: